အပိုင်း (၂၂၇)
Vol. 16 Ch. 227
"စီနီယာ …. တစ်စုံတစ်ခု ကြီးမားတဲ့ ကိစ္စကြီးတော့ ဖြစ်ပြီပဲ။ လင်းရှောင် ဒီကိုရောက်လာပြီ"
ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းမှာတော့ ရမ်ချင်းတု၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ သူသည် တံခါးဝတွင် မတ်မတ်ရပ်လျက် ရှိနေပြီး နောက်သို့လှည့်ကာ အော်ဟစ်လိုက်မိ၏။
အော်နေတုန်းမှာပဲ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ကောင်းကင်တွင် တိမ်များ စုစည်းလာခဲ့ပြီး ဆန်းကြယ်လှသည့် အမဲရောင်တိမ်များ စုဝေးလာ၏။ ထိုတိမ်များသည် ကောင်းကင်၌ ကြီးမားသည့် လက်ဝါးကြီးအဖြစ် ဖြစ်တည်လာသည်။ ထိုလက်ဝါးကြီး၌ ကွာစီအင်ပါယာတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော အော်ရာများ ပါဝင်နေ၏။ လက်ဝါးရိုက်ချက်ကြီး ကျဆင်းမလာသေးလျှင်တောင်မှ အောက်၌ရှိသော လူပေါင်းများစွာတို့သည် သွေးပွက်ပွက် အန်လျက်ရှိနေပြီး တစ်ချို့ဆိုလျှင် သတိလစ်မေ့မျောသွားခဲ့ကြသည်။
အစစ်အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ ကွာစီအင်ပါယာတစ်ယောက်၏ လက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရသည့် အခါမှာတော့ ၎င်းတို့သည် ခုခံရန် အတွေးဟူ၍ပင် မရှိသေးချေ။
ကွာစီအင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒကပင် အရာအားလုံးကို ထိုးခွင်းကာ ဝင်ရောက်နိုင်စွမ်း ရှိနေတော့၏။ အတွေးတစ်ချက်တည်းနှင့် အရာအားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ သူ့အနေဖြင့် ထိုကဲ့သို့ မလုပ်ရသေးသည့် အဓိကအကြောင်းအရင်း သည် ကောင်းကင်လျှို့ဝှက်် နန်းဆောင်သခင်၏ ကျင့်ကြံခြင်းအဆင့်ကို စမ်းသပ်ချင်သောကြောင့် ဖြစ်၏။
"ကျုပ်သိတယ်"
လီယွင်သည် ရုတ်တရပ် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ တံခါးဆီသို့ လှမ်းလျှောက်သွားခဲ့ပြီး ကောင်းကင်၌ ရှိနေသည့် လက်ဝါးကြီးကို ကြည့်ရှုလိုက်၏။ သူသည် သက်ပြင်းချလိုက်၏။ ကောင်းကင်လျှို့ဝှက် အမှတ် သုံးသိန်း အကြောင်း စဉ်းစားမိပြီးနောက် နှမျောတသကြီးစွာဖြင့် သက်ပြင်းပင် ချလိုက်မိသည်။
ပြီးနောက် အတွေးတစ်ချက်နှင့် …..
ဘုန်း ….။
တော်ဝင်သဲကန္တာရမြို့၌ သွေးစွမ်းအင်များသည် ကောင်ကင်ယံထက်သို့ပင် ရောက်ရှိနေခဲ့၏။ ဤလောကထဲတွင် ရှိနေကြသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် အလန့်တကြား ဖြစ်သွားခဲ့ကြ၏။
အားလုံးသောသူတို့သည် တည်နေရာတစ်ခုဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ ဘယ်လောက်ပင် ဝေးသည်ဖြစ်ဖြစ် အားလုံးသော သူတို့သည် ရွှေရောင်အလင်းတန်း၏ စူးရှမှုကို မြင်လိုက်ကြရ၏။
ကျယ်ပြောလှသော တည်နေရာကြီးထဲရှိ ကောင်းကင်နှင့်မြေကြီး၏ အလယ်တွင် လူတစ်ယောက်သည် ကြီးမားလှသည့် အရှိန်အဝါနှင့်အတူ မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်း၏ခန္ဓာကိုယ်ဆီမှ အရှိန်အဝါများသည် မီးတောက်ကြီး တစ်ခု ပေါက်ကွဲသွား သကဲ့သို့ပင် အရှိန်အဟုန် ကြီးကြီးနှင့် ထွက်ပေါ်နေသည်။
သို့ပေမဲ့ ထိုသူ ဖန်တီးထားသည့် လက်ဝါးရိုက်ချက်ကြီးသည် မည်သည့်အခါကမှ မရှိခဲ့သလိုပင် ပျောက်ကွယ်သွားခဲ့သည်။
အားလုံးသောသူများသည် ဒူးထောက်ကာဖြင့် ကြောက်လန့်တကြား တုန်ယင်လျက် ရှိနေကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ စွမ်းရည်ကို ယခင်က မေးခွန်းထုတ်ဖူးသူများတို့သည် ချက်ချင်းပဲ သံသယစိတ်များ ကင်းစင်သွားခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သံသယရှိစရာ မလိုအောင်ပင် သက်ရှိ တော်ဝင် အင်ပါယာ တစ်ယောက် ဖြစ်လို့နေခဲ့၏။ ထို့အပြင် အင်ပါယာများကြား၌ တကယ်ပင် ပြိုင်စံရှား၏။
လောကကြီးကို လွှမ်းမိုးနိုင်သည့်အော်ရာ၊ သက်ရှိသတ္တဝါများ အားလုံးကို ဖိနှိပ်နိုင်သည့် အော်ရာများ သည် အံ့ဩစရာပင်။ မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လွန်းသည့် တိုက်ခိုက်၏ အသံကြီးသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် အသက်နှစ်ဆယ်နီးပါးခန့် ရှိသော လူငယ်တစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ အမဲရောင်ဆံနွယ်များသည် လေနှင့်အတူ လွင့်မြောလျက် ရှိနေသည်။ ၎င်းသည် ပြန်လည်မွေးဖွားလာသော ကောင်းကင်ဘုံ အင်ပါယာတစ်ပါး ကဲ့သို့ပင်။
"ဒါ… ဒါ…. စီနီယာနန်းဆောင်သခင်ပဲ"
တော်ဝင်သဲကန္တာရမြို့ကို ဗဟိုပြုပြီးသည့်နောက် မိုင် သန်းနှင့်ချီသော မုန်တိုင်းကြီးတစ်ခုသည် ဖြစ်တည်လာခဲ့၏။ လူပေါင်းများစွာတို့သည် အားတက်သရောဖြင့် စီနီယာနန်းဆောင်သခင်ဟူသော ဂုဏ်ပုဒ်ကို အော်ဟစ်လျက် ရှိနေ၏။ ၎င်းတို့သည် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။
ယခင်တုန်းက ကြက်သွေးရောင် မီးတောက်အင်ပါယာ၏ ရှေးစိတ်ဆန္ဒဆင်းသက်လာစဉ်က အင်ပါယာတစ်ယောက် မည်မျှအားကောင်းလှသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၏။ ယနေ့အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်် နန်းဆောင်၏ သခင်သည် သူ မည်သို့သော ကျင့်ကြံသူဖြစ်ကြောင်း ထုတ်ဖော် ပြသခဲ့ပြီ ဖြစ်သည်။ လူပေါင်းများစွာတို့သည် ကောင်းကင်မူလ လောကကြီး၏ သက်ရှိ တော်ဝင်အင်ပါယာကို မိမိ၏ မျက်လုံးဖြင့် မြင်နိုင်ကြပြီ ဖြစ်သည်။
"စီနီယာ နန်းဆောင်သခင်က တကယ့်ကို အင်ပါယာတစ်ယောက်ပဲ" လင်းရှောင်သည် တုန်လှုပ်သွားမိ၏။ သူသည် အဝေးတစ်နေရာသို့ လှမ်းကြည့်ပြီးနောက် တိုက်ခိုက်လိုခြင်းဆန္ဒ လုံးဝမရှိတော့ချေ။ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒ အမျှင်တစ်ခုသာ ဖြစ်ပါက သူ့အနေဖြင့် တိုက်ခိုက်ကောင်း တိုက်ခိုက်ပေလိမ့်မည်။ သိုပေမဲ့ သက်ရှိအင်ပါယာတစ်ယောက်ကို ရင်ဆိုင်ရန်အတွက်တော့ သူ့၌ သွေးမရှိချေ။ အင်ပါယာဆိုသည်မှာ သာမန်လူများ မဟုတ်ကြချေ။ ၎င်းတို့၏ ပြိုင်ဖက်ကင်းများကြားထဲမှ ပြိုင်ဖက်ကင်း တည်ရှိမှုများဖြစ်ကြ၏။ အဆင့်နိမ့်ကျင့်ကြံသူအနေဖြင့် သွားရောက်၍ စိန်ခေါ်ရနိုင်သည့် လူမျိုး မဟုတ်ကြချေ။
"ထွက်ပြေးရမယ်"
လင်းရှောင်သည် တွန့်ဆုတ်မနေခဲ့ချေ။ အသာလှည့်ပြေးပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်၏။
"လွတ်မယ်ထင်လို့လား"
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး လူပေါင်းများစွာတို့၏ သွေးစွမ်းအင်များသည် တုန်ခါသွားခဲ့ကြသည်။
ဘုန်း …..။
လေဟာနယ်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ကောင်းကင်မှ ရွှေရောင်လက်ဝါးကြီးတစ်ခု ကျဆင်းလာခဲ့၏။ ထိုအရာသည် ပြိုင်ဖက်ကင်းစိတ်ဆန္ဒကို ပိုင်ဆိုင်လျက် ရှိနေပြီး အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိနေ၏။ ထိုလက်ကြီး၏ အောက်တွင်တော့ ဥက္ကာခဲများပင်လျှင် အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်ကြ၏။ ကောင်းကင်ယံသည်လည်း တုန်ခါနေပြီး အဝေးမှ ကြည့်ရှုမည်ဆိုပါက ရွှေရောင်ဥက္ကာခဲကြီး ကျဆင်းလာသကဲ့သို့ပင်။ အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။
"မဟုတ်ဘူး" လင်းရှောင်က အော်ဟစ်လိုက်၏။ သူ့အနေဖြင့် ခန့်မှန်း၍မရသော အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ။ ကောင်းကင်လျှို့ဝှက််နန်းဆောင်သခင်၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ သမိုင်းမှတ်တမ်းထဲမှ အင်ပါယာများကြားတွင် နည်းနည်းလေးမှ အားနည်းမည့်သူမျိုး မဟုတ်ပုံပင်။
ဘုန်း ….။
မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ လှိုင်းများ အထပ်ထပ် ဖြစ်တည်လျက် ရှိနေပြီး တောင်များအားလုံးသည် ယိမ်းခါလျက် ရှိနေ၏။ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဖက် မိုင်တစ်သောင်းပတ်လည်တွင် ရှိနေသည့် အရာအားလုံးတို့သည် အကုန်ပျက်စီးသွားခဲ့ပြီး သဲကန္တာရကြီးကဲ့သို့ပင် ပြောင်းလဲသွား၏။ မြက်ပင်များပင် မကျန်ခဲ့ချေ။
ခဏလောက် ကြာပြီးသည့်နောက် ရွှေရောင်အလင်းတန်းများသည် ပျောက်ကွယ်သွားခဲ့ကြ၏။ တော်ဝင်သဲကန္တာရမြို့သည် ယခင်ကအတိုင်း တည်ငြိမ်အေးချမ်းစွာဖြင့် တည်ရှိနေ၏။ လီယွင်၏ ကာကွယ်ပေးမှုအောက်တွင် မည်သည်မှသည် ဒုက္ခတရားကို မခံစားခဲ့ရချေ။
ထို့အတူ မြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ အကြည့်သည် ပြောင်းလဲသွားခဲ့ကြသည်။
တော်ဝင်အင်ပါယာ။ သက်ရှိတော်ဝင်အင်ပါယာ။
မဝေးတော့သော အချိန်ကာလ တစ်ခုတွင် နန်းဆောင်သခင်ကို မြင်ရခြင်းကပင် သူတို့အတွက် အထူးအခွင့်အရေးဖြစ်လာ ပေလိမ့်မည်။ သမိုင်းမှတ်တမ်းထဲတွင် အင်ပါယာများ တည်ရှိခဲ့သည် ဆိုသော်လည် အင်ပါယာတစ်ယောက်ကို လူဘယ်လောက်များများ အနီးကပ် မြင်ဖူးကြသနည်း။
အင်ပါယာဆိုသည်မှာ ကြောက်မက်ဖွယ်ရာ အဆင့်နှင့် ကျင့်ကြံသူပင်။ လက်ရှိ သူတို့၏ ကောင်းကင်မူလ လောကကြီးတွင် အင်ပါယာတစ်ယောက် သက်ရှိထင်ရှား ရှိကြောင်း သိရှိပြီးနောက် အားလုံးတို့သည် လုံခြုံမှုကို ခံစားလိုက်ကြရသည်။