အပိုင်း (၂၂၈)
Vol. 16 Ch. 228
တော်ဝင်သဲကန္တာရမြို့အတွင်းမှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အင်ပါယာတစ်ယောက် ဖြစ်သည်ဟူသော သတင်း ပျံ့နှံ့သွားခဲ့၏။ တကယ်တမ်းမှာတော့ တကူးတက သတင်းဖြန့်စရာပင် မလိုချေ။ လူပေါင်းများစွာတို့သည် ထိုအရာကို မြင်ခဲ့ရပြီး ဖြစ်၏။
အင်ပါရီယန် ရီကလန်။
ကွာစီအင်ပါယာ တစ်ယောက်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လျှောက်လာခဲ့၏။ ပြီးနောက် သူသည် အင်ပါရီယန်ကလန်၏ ကျမ်းစာတိုက်ထဲသို့ ဝင်ရောက်ခဲ့၏။ လက်ကို ဝေ့ယမ်းပြီးနောက် သူ၏ လက်ထဲသို့ ရှေးစာအုပ်တစ်အုပ် ရောက်ရှိလာခဲ့သည်။ ထိုစာအုပ်သည် အလွန်လေးလံလှပြီး သမိုင်းမှတ်တမ်းများနှင့် ပြည့်နှက်လျက် ရှိနေသည့် စာအုပ်တစ်အုပ်မျိုးပင်။ ရှေးစာအုပ်ကို ဖတ်ရှုပြီးနောက် သူသည် မျက်မှောင်ကုတ်လိုက်၏။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျက် ရှိနေသည်။
"မပါဘူးလား"
နှစ်ပေါင်းများစွာအတွင်း အင်ပါရီယန်ရီကလန်သည် အင်ပါယာတစ်ယောက်ချင်းစီတိုင်းကို မှတ်တမ်းတင်ထား၏။ ရှေးကျလှသည့် အင်ပါယာတစ်ချို့မှလွဲ၍ သူတို့မှတ်တမ်းထဲတွင် မပါသည့် အင်ပါယာဆိုသည်မှာ မရှိချေ။ သို့ပေမဲ့ ရှေးစာအုပ်ကြီးကို သေသေချာချာ ဖတ်ရှုပြီးနောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နှင့် လိုက်ဖက်ညီသည့်သူကို ရှာမတွေ့ခဲ့ချေ။
"ကောင်းကင်ရဲ့လျို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်းရှိတဲ့ အင်ပါယာ ….. ဘယ်အင်ပါယာလဲ"
ကွာစီအင်ပါယာသည် သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ကာဖြင့် ရှေးစာအုပ်ကို ဖတ်ရှုလျက် ရှိနေ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ မည်သည့် သတင်းအချက်အလက်မှ မရခဲ့ချေ။
ဤစီနီယာ ခန်းမဆောင်သခင်သည် ဆန်းကြယ်လွန်းလှ၏။ အင်ပါယာအဆင့် အားအင်ကို ထုတ်ဖော်ပြသခဲ့သည် ဆိုလျှင်တောင်မှ ၎င်း မည်သူဖြစ်သည်ကို အားလုံးသောသူများက မသိရှိချေ။ ကျိန်းသေပေါက် သမိုင်းမှတ်တမ်းထဲမှ အင်ပါယာတစ်ယောက် ဖြစ်မှာကျိန်းသေ၏။ ၎င်း၏ နာမည်ဂုဏ်ပုဒ်သည် ပြောင်းလဲသွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ မူလနာမည်ကို ပြောင်းလဲကာဖြင့် အခြားသောလူတစ်ယောက်အဖြစ် သေမျိုးလောကထဲတွင် နေထိုင်သွားရန် စီစဉ်ထားပုံပင်။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ရှေးခေတ်တုန်းက အင်ပါယာတစ်ယောက်များလား" ရီကလန်၏ ကွာစီအင်ပါယာက တွက်ချက်လိုက်၏။ ဖြစ်နိုင်ဖွယ်ရာ ရှိသည် ဆိုသော်လည်း မဟုတ်နိုင်သေးချေ။ ရှေးခေတ်ဆိုသည်မှာ အလွန်ပင် ဝေးကွာလွန်းလှ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်အနေဖြင့် လက်ရှိအချိန်အထိ အသက်ရှင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခဲ့သည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ လက်ရှိအားအင်အဆင့်သည် ၎င်း၏ အားအင်အစစ်အမှန် မဟုတ်နိုင်ချေ။ အားအင်အဆင့်သည် ပိုမိုကာပင် မြင့်မားနိုင်၏။
"အင်း …. အင်ပါယာအသစ် တစ်ယောက် တိတ်တဆိတ် ပေါ်လာတာ မဖြစ်နိုင်ဘူး။ သမိုင်းမှတ်တမ်းထဲမှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ လိုက်ဖက်ညီတဲ့ အင်ပါယာ တစ်ယောက်မှ မရှိသေးဘူး။ အနည်းဆုံး တူညီတဲ့အရာတွေ တစ်ချက်ကလေးမှ မတွေ့ရဘူး။ ဒါပေမဲ့ ဘယ်လိုပဲ မယုံကြည်နိုင်စရာ ကိစ္စတွေပဲဖြစ်ဖြစ် ဒါကအစစ်အမှန်တရားပဲ။ အနှစ်ချုပ်ရမယ်ဆိုရင် စီနီယာနန်းဆောင်သခင်က ရှေးခေတ်ကနေ လက်ရှိအချိန်အထိ အသက်ရှင်နေတဲ့ အင်ပါယာတစ်ယောက်ဖြစ်မှာတော့ ကျိန်းသေပဲ။" ရီကလန်၏ ကွာစီအင်ပါယာမျက်လုံးထဲတွင် တုန်လှုပ်မှုများ ဖြစ်တည်လာခဲ့သည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းမှာတော့ လီယွင်သည် သူ၏လက်ကို အသာရုတ်သိမ်းပြီးနောက် လင်းရှောင်အား မြေပေါ်သို့ ပစ်ချလိုက်၏။ သူ၏ တိုက်ကွက်သည် လင်းရှောင်အား သတ်ဖြတ်ရန် လုံလောက်ခဲ့၏။ သို့ပေမဲ့ သူသည် လင်းရှောင်ကို ဤနေရာသို့ ဖမ်းဆီးလာခဲ့၏။ ရန်သူကို သတ်ဖြတ်ရန်မှာ လွယ်ကူလှ၏။ သို့ပေမဲ့ သူ၏ကောင်းကင်အမှတ် သုံးသိန်းကျော်သည် အလကား ကုန်ဆုံးသွားပေလိမ့်မည်။ ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးကို လက်သင်ခံ၍ မဖြစ်နိုင်ချေ။
"စီနီယာ"
ရမ်ချင်းတုသည် မြေပေါ်တွင် အသက်မဲ့သလို လဲလျောင်းလျက် ရှိနေသည့် လင်းရှောင်ကို ကြည့်ရှုပြီး တံတွေးများပင် နင်လျက်ရှိသည်။ ရှေ့၌ ရှိနေသော လင်းရှောင်ကို ကြည့်ရင်း သူသည် အမှန်ပင် အံ့အားသင့် တုန်လှုပ်နေမိသည်။
သူသည် လီယွင်ကို ထပ်ကြည့်လိုက်သည်။ စီနီယာသည် တကယ်ပင် အင်ပါယာတစ်ယောက် ဖြစ်လို့နေခဲ့၏။ ထို့အပြင် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေသူမှာတော့ ကွာစီအင်ပါယာ တစ်ယောက်ပင်။
ကောင်းကင်လျို့ဝှက် နန်းဆောင်သို့ ပထမဆုံး ရောက်ရှိလာစဉ်က မောက်မာမိသည့် အကြောင်းများကို ပြန်စဉ်းစားမိသည့် အချိန်မှာတော့ ရမ်ချင်းတု၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့၏။ ကံကောင်းစွာဖြင့် စီနီယာသည် သူ့အား အပြစ်မတင်ခဲ့ချေ။ မဟုတ်ပါက အစောကြီးကတည်းက သေဆုံးမှာ သေချာ၏။
"ခင်ဗျားအခု ပြန်လို့ရပြီ" လီယွင်သည် လက်ကို အသာယမ်းခါလိုက်သည်။
"ကောင်းပါပြီ"
ရမ်ချင်းတုသည် နောက်သို့ အသာလှမ်းဆုတ်ပြီးသည့်နောက် မေးမြန်းချင်သည်များကို မြိုသိပ်ကာဖြင့် ထွက်ခွာသွားခဲ့၏။
ရမ်ချင်းတု ထွက်ခွာသွားပြီးသည့်နောက် လီယွင်သည် လင်းရှောင်ကို အသာကြည့်လိုက်၏။ လက်တစ်ဖက်ကို အသာမြောက်ပြီးသည့်နောက် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။ သူ၏မျက်လုံးထဲတွင် လင်းရှောင်သည် ကွာစီအင်ပါယာသက်သက် မဟုတ်ချေ။ သူ၏ကုန်ဆုံးသွားခဲ့သည့် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကျော်ကို ပြန်လည်ရယူရမည့် အရာလည်း ဖြစ်နေခဲ့၏။ လင်းရှောင်ဆီမှ ထိုအရာများကို ပြန်လည်မရယူနိုင်ပါက သူသည် အချိန်အတော်ကြာ နောင်တရ၊ နှမျောနေမိနေမှာ သေချာသည်။
"စနစ် …. လင်းရှောင်ကို ဘယ်နေရာမှာ သုံးလို့ရသေးလဲ" လီယွင်သည် စုံစမ်းစစ်ဆေးလိုက်၏။ လက်ရှိအချိန်တွင် သူ့၌ ရွေးချယ်စရာ နှစ်ခုရှိနေ၏။ လင်းရှောင်ကို သတ်ဖြတ်မလား။ ဒါမှမဟုတ် လက်လွတ်ပေးမလား ဆိုသည်ပင်။ လင်းရှောင်ကို သတ်ဖြတ်ရန်မှာ အတွေးတစ်ချက်နှင့်ပင် လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ လင်းရှောင်ကိုသာ အသုံးချနိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
[ လက်ခံသူ သူ့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်ပြီး ပြင်ဆင်လို့ ရနိုင်သည်]
"ဪ"
လီယွင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် စနစ်၏ တုံ့ပြန်မှုကို ကြားရသည့် အချိန်မှာတော့ ဤနည်းလမ်းသည် မဆိုးလှကြောင်း တွေးတောလိုက်မိသည်။ လင်းရှောင်ကို မသတ်ဖြတ်ရန် ရွေးချယ်ခဲ့သည် ဆိုလျှင်တောင်မှ မှတ်ဉာဏ်များကို အလွန်အမင်း ပြောင်းလဲ၍ မဖြစ်နိုင်ချေ။ အများကြီးပြောင်းလဲလိုက်ခြင်းဖြင့် မတူညီသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
အနာဂတ်တွင် အသိအကျွမ်း တစ်ယောက်ယောက်က သိရှိသွားပါက သတိပြုမိသွားနိုင်၏။ လင်းရှောင်၏ ပုံမှန်မဟုတ်သည့် ပြုမူ ဆက်ဆံပုံများသည် သတိပြုစရာ ဖြစ်နေပေလိမ့်မည်။
"စနစ် …. သူရှုပ်ထွေးကြယ်ပင်လယ်ကနေ ပြန်လာခဲ့တဲ့ မှတ်ညဏ်တွေကို ပြောင်းလဲလိုက်မယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ကို ရိုသေအလေးအမြတ် ထားရမယ်။ ငါ့ရဲ့ ကြင်နာမှုကို သူ နားလည်ရမယ်။ ပြီးတော့ နေအုံး။ ဒီလောကကြီး ထဲမှာ အတွေးတစ်ချက်နဲ့ ဝိညာဉ်ကို ဖျက်ဆီးနိုင်တဲ့ ဝိညာဉ်ထိန်းချုပ်ခြင်း နည်းလမ်းရှိလား။ ရှိရင် အဲတာ သုံးမယ်”
စနစ် [….....]
ခဏလောက် ကြာပြီးသည့်နောက် စနစ်ဆီမှ အသံထွက်ပေါ်လာခဲ့သည်။
[ဒင် …. လက်ခံသူ၏ တောင်းဆိုမှုအတိုင်း လင်းရှောင်ကို အောင်မြင်စွာ ပြောင်းလဲလိုက်ပါပြီ ]
"အဲလောက်မြန်တာလား"
လီယွင်သည် လင်းရှောင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သု့အနေဖြင့် မည်သည့် ကွာခြားချက်ကိုမှ သတိမပြုမိချေ။ အသာလှည့်ကာ ထိုင်ခုံပေါ်သို့ ထိုင်ပြီးသည့်နောက် ပြောလိုက်၏။ "လင်းရှောင်ကို နိုးလိုက်တော့"
မကြာခင်မှာပဲ တဝူးဝူး အသံသည် ထွက်ပေါ်လာခဲ့သည်။
လင်းရှောင်သည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီးသည့်နောက် နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာ တည်နေရာတစ်ခုလုံးကို ကြည့်ရှုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ၏ကျင့်ကြံခြင်းအဆင့်များ မရှိတော့ကြောင်း သတိပြုမိလိုက်၏။
"ဘာတွေဖြစ်နေတာလဲ" လင်းရှောင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူ၏ ရှေးဆန်ပြီး ရိုးရှင်းလှသည့် မျက်နှာတစ်ခုလုံးသည် မတည်ငြိမ်နိုင်တော့ချေ။
"ခင်ဗျားနိုးလာပြီလား"
လီယွင်သည် သာမန်ကာလျှံကာ မေးမြန်းလိုက်သည်။
“ဟမ် ….”
အသံကိုကြားတော့ လင်းရှောင်က လှည့်ကြည့်လိုက်၏။ သူသည် လီယွင်ကို မြင်လိုက်ရသည်။ သူ၏ မျက်စိသူငယ်အိမ်များသည် ကြုံ့ဝင်သွား၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ "စီနီယာ ခန်းဆောင်သခင် … ခင်ဗျားကျုပ်ကို မသတ်ဘူးလား"