← Chapters

အပိုင်း (၂၃၂)

Vol. 16 Ch. 232

အပိုင်း (၂၃၂)

Vol. 16 Ch. 232

"နန်းတော်သခင် …. ကျွန်မ ပါရမီရှင်တွေကို ခေါ်ပြီးတော့ နတ်ဆိုးချောက်ကမ်းပါးဆီ စေလွှတ်လိုက်မယ်။ အရာအားလုံး စီစဉ်ပြီးလို့ သင့်တော်တဲ့ အချိန်ရောက်ရင် လူတစ်ယောက်ကို ကြက်သွေးရောင် မီးတောက်နယ်မြေဆီကို သူလျှိုအဖြစ် ဝင်ရောက်ဖို့ စေလွှတ်လိုက်ပါမယ်"

နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ နန်းတော်သခင်၏ စကားများကို ကြားပြီးသည့်အခါမှာတော့ ကောင်းကင်နတ်ဆိုးနန်းတော်သည် ကြက်သွေးရောင် မီးတောက်နယ်မြေကို ဝါးမျို သိမ်းပိုက်နိုင်လိမ့်မည်ဟု သူမ က ယုံကြည်လိုက်မိသည်။

"ကောင်းပြီ။ လုပ်တော့"

အဘိုးအိုသည် လက်ကို ယမ်းကာ ပြောလိုက်၏။ ပြီးနောက် သူ၏မျက်နှာတွင် အေးစက်သည့် အပြုံးတစ်ခုက ပေါ်ပေါက်လာ၏။ ဤလောကကြီးတွင် ရှိနေသည့် သူများသည် ကောင်းကင်နတ်ဆိုးနန်းတော်ကို အထင်အမြင်သေးခဲ့၏။ အချိန်ကို ကြည့်ရမည်ဆိုလျှင် ကောင်းကင်နတ်ဆိုးနန်းတော်သည် လောကသုံးပါးလုံးတွင် ပြည့်စုံသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရပေလိမ့်မည်။ လူပေါင်းများစွာတို့သည် သူ၏ နာမည်ကို ကြားရသည်နှင့် အလေးအမြတ်ထားကာ ဦးညွှတ်ရပေမည်။

အမျိုးသမီးသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ပျံသန်း ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ ခပ်ဝေးဝေးသို့ပင် မသွားလိုက်ရချေ။ အမျိုးသမီးသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွား၏။

"ဘာဖြစ်သွားတာလဲ"

အဘိုးအို၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူသည် ခပ်ဝေးဝေးတည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ဤနေရာသည် ကောင်းကင်နတ်ဆိုးနန်းတော်ဂိုဏ်း၏တည်နေရာ တစ်ခုဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့၏ အကြီးအကဲကို အဘယ့်ကြောင့် လာရောက်တိုက်ခိုက်ရသနည်း။

"ရောင်စဉ်အလင်းနတ်နယ်မြေ ဖျက်ဆီးခံရတာ ဒီလိုများလား"

အေးစက်စက် အသံတစ်ခုသည် ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့၏။ လောကကြီးတစ်ခုလုံး တုန်ခါလျက် ရှိနေပြီ လောကကြီး တစ်ခုလုံးပင်လျှင် လှုပ်ခါလျက် ရှိနေ၏။ များပြားလှသည့် ဖုန်များ၊အခိုးအငွေ့များ ကြားတွင်တော့ သက်လတ်ပိုင်း လူတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေ၏။

၎င်းသည် တည်ငြိမ်အေးဆေးစွာဖြင့် လမ်းလျှောက်ထွက်လာခဲ့၏။ ၎င်းသည် အရပ်လည်း မရှည်လွန်းချေ။ သို့ပေမဲ့ ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်နေသည့် ပုံပင်။ ၎င်း၏ပုံစံသည် သံမဏိကဲ့သို့ တောက်ပလျက် ရှိနေပြီး စွမ်းအားပြင်းထန်လှသည့် အော်ရာများကို ထုတ်ဖော်နေ၏။

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်၌ ရေတွက်၍ရမအောင် များပြားလှသော နတ်ဘုရားအလင်းတန်း များ ထွန်းတောက်နေခဲ့၏။ ၎င်းသည် ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်များကဲ့သို့ပင် ထင်ရှားလေသည်။

အဆုံးမဲ့သော ကြယ်အလင်းတန်းများ ကျဆင်းလာသည့် အခါမှာတော့ ကောင်းကင်နတ်ဆိုးနန်းတော် တစ်ခုလုံးတွင် ရောင်စဉ် အလင်းတန်းများ ပြည့်နှက်သွားခဲ့တော့၏။ သူဖြတ်သန်းခဲ့သည့် နေရာများ အားလုံးတို့၏ လေဟာနယ်များသည် ကွဲကြေလျက် ရှိနေပြီး နတ်ဘုရား တောင်ထွတ်များပင် ကွဲကြေကုန်၏။ သစ်ပင်များ အားလုံးသည် ကျိုးကြေကုန်ပြီး အကိုင်းအခက် အားလုံးတို့သည် မြေပေါ်သို့ ပြုတ်ကြကုန်၏။

မည်သူမှ တားဆီးနိုင်ခြင်း မရှိသော ဖျက်ဆီးခြင်းနတ်ဘုရား ပေါ်ပေါက်လာသည့် ပုံစံမျိုးပင်။ ရေတွက်၍ မရအောင် များပြားသော ကောင်းကင်နတ်ဆိုးနန်းတော်မှ တပည့်များသည် ဘာဖြစ်မှန်း မသိသေးခင်မှာဘဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံး ပျောက်ကွယ်ကုန်သည်။

ဘုတ် .. ဘုတ် …

အဘိုးအိုသည် မယုံကြည်နိုင်စွာပင် နောက်သို့ဆုတ်လိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် တုန်ယင်လို့ နေခဲ့၏။ အရောင်အဆင်းဟူ၍ပင် မရှိတော့ချေ။ သူသည် တဖြည်းဖြည်းချည်းကပ်လာသည့် ပုံရိပ်ကို လှမ်းကာကြည့်ရှုပြီး ပြောလိုက်မိ၏။

"လင်းရှောင်"

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ တစ်ဖက်လူသည် သေဆုံးသွားသည် မဟုတ်ပါလား။ အဘယ်ကြောင့် ကောင်းကင်နတ်ဆိုးနန်းတော်တွင် ရုတ်တရက် ပေါ်ပေါက်လာရသနည်း။ တောင်၏ အကာအကွယ် အစီအရင်သည် မည်ကဲ့သို့ ဖြစ်သွားသနည်း။ အဘယ့်ကြောင့် လှုပ်ရှားမှုလေး တစ်ခုတောင် မပေါ်ပေါက်လာရသနည်း။

"လင်းရှောင် မသေသေးဘူးပဲ"

ကောင်းကင်နတ်ဆိုးနန်းဆောင်အတွင်းမှာတော့ သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးက ပေါ်ပေါက်လာခဲ့၏။ သူမသည် လင်းရှောင်၏ မယုံကြည်နိုင်ဖွယ် ပုံရိပ်ကို ကြည့်ရှုရင်း တုန်လှုပ်နေမိ၏။

၎င်းတို့နှစ်ယောက်ကြား ကွာခြားချက်သည် ကြီးမားလွန်းလှ၏။ နတ်ဆိုးနန်းတော် တစ်ခုလုံးသည် ထိုသူ၏ လက်ထဲတွင် လှုပ်ခါလျက် ရှိနေ၏။ အကွာအဝေး တည်နေရာ တစ်ခုတွင် မတ်မတ်ရပ်နေသည်တောင်မှ ခန့်မှန်း၍မရအောင် အားကောင်းသော ဖိအားကြီးတစ်ခုသည် သူ၏ခန္ဓာကိုယ်ပေါ်ဆီသို့ ကျဆင်းလျက် ရှိနေတုန်းပင်။

"တကယ့်ကို လင်းရှောင်ပဲ။ ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန် ရောက်လာရတာလဲ။ ဘာ့ကြောင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က သူ့ရဲ့အသက်ကို ချမ်းသာပေးလိုက်တာလဲ။ သူတို့ကြားမှာ လျို့ဝှက်ချက်များ ရှိနေသလား။ "

လက်ရှိအချိန်၌ ကောင်းကင်နတ်ဆိုးနန်းတော်၏ တော်ဝင်သူတော်စင်များပင်လျှင် ပေါ်ပေါက်လာကြပြီ ဖြစ်၏။ အဘိုးအိုတစ်ယောက်သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ခန္ဓာကိုယ်ဆီမှ အေးစက်သည့် အော်ရာများကို ထုတ်ဖော်ပြလျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်၌ အော်ရာများ အရှိန်တငြီးငြီးနှင့် ဖြစ်တည်နေပြီး အနီးအနားတွင် ရှိနေသည့် လူများသည် ဒူးထောက်ချလိုက်မိကြသည်။

ကောင်းကင်နတ်ဆိုးနန်းတော်မှ အဘိုးအိုသည် တစ်စုံတစ်ခုကို နားလည်သွားပုံ ပေါ်၏။ သူ၏ မျက်လုံးများသည် စူးရှလျက် ရှိနေပြီး လင်းရှောင်ကို စူးစိုက်ကာ ကြည့်လိုက်၏။ ပြီးနောက် မနီးမဝေးတွင် ရှိနေသော တောင်၏ အစီအရင်ကိုပါ လှမ်းကာကြည့်ရှုလိုက်၏။ သူ၏ စိတ်နှလုံး တစ်ခုလုံးသည် ချုံးချုံးကျလျက် ရှိနေမိ၏။ လင်းရှောင်သည် ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်လျှင်တောင်မှ ကောင်းကင်နတ်ဆိုးနန်းတော်ထဲသို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဝင်မလာနိုင်ချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ လမ်းညွှန်မှုကြောင့်သာလျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

ရောင်စဉ်အလင်းနတ်နယ်မြေ ပျက်စီးသွားသည့် အကြောင်းကို စဉ်းစားပြီးသည့် အခါမှာတော့ သူသည် ရုတ်တရက် နားလည်သွားမိ၏။ ကွာစီအင်ပါယာတစ်ယောက် တိုက်ခိုက်ခြင်းကို မည်သူမျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အလွန်ပင် အားကောင်းလွန်းလှ၏။ သူတို့အား တစ်ချက်လေး တိုက်ခိုက်လိုက်ရုံနှင့်ပင် သေဆုံးသွားနိုင်၏။

"ရောင်စဉ်အလင်းနတ်နယ်မြေ နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်လေ။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးနန်းတော်ရဲ့ သူလျှိုတစ်ယောက်ကြောင့် တစ်ဂိုဏ်းလုံး ပျက်စီးသွားပြီ" လင်းရှောင်၏ အသံသည် ရေခဲကဲ့သို့ပင် အေးစက်လွန်းလှ၏။ ၎င်းသည် အားလုံးတို့၏ နှလုံးသားကို အေးခဲစေနိုင်သည့် ရေခဲတုံးကြီး ကဲ့သို့ပင် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ထိုစကားကို ကြားရသူများသည် ၎င်းတို့၏ သွေးကြောများ၌ အကြောက်တရားများပင် စိမ့်တက်လာမိကြသည်။

"ကောင်းကင်နတ်ဆိုးနန်းတော်က ရောင်စဉ်အလင်းနတ်နယ်မြေအတိုင်းပဲ ပျက်စီးရလိမ့်မယ်"

ဤကဲ့သို့သော စကားများ ပြောခဲ့ပြီးနောက် ကောင်းကင်နတ်ဆိုးနန်းတော်၏ ကံကြမ္မာကို သုံးသပ်ခဲ့ပြီး ဖြစ်လေသည်။ ၎င်းတို့သည် ကြက်သွေးရောင် မီးတောက်နယ်မြေ၊ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကဲ့သို့သော အားကောင်းလွန်းသည့် ဂိုဏ်းမျိုး မဟုတ်ချေ။ ကွာစီအင်ပါယာလည်း မရှိသလို၊ အင်ပါယာလက်နက်လည်း မရှိချေ။ လင်းရှောင်အား ရင်ဆိုင်ရသည့် အခါမှာတော့ ၎င်းတို့၏ ယုံကြည်ချက်များသည် ပျက်စီးနေပြီ ဖြစ်၏။ သူတို့၏ ဂိုဏ်းထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာခဲ့ပြီးနောက် သူတို့၏ ယုံကြည်ချက်များသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"စီနီယာ …. စီနီယာလင်းရှောင် နားလည်မှုလွဲတာနေပါလိမ့်မယ်"

ကောင်းကင်အထက်မှာတော့ ကောင်းကင်နတ်ဆိုးနန်းတော်၏ တော်ဝင်သူတော်စင်သည် အားတင်းကာဖြင့် ပြောလိုက်ရ၏။ ၎င်းသည် လင်းရှောင်ထက် အသက်ကြီးလှပုံ ပေါ်သော်လည်း ကျင့်ကြံခြင်းလောကတွင် အားအင်ကသာ စီနီယာအဆင့်ကို သတ်မှတ်၏။ ထို့ကြောင့် လင်းရှောင်အား စီနီယာဟု ခေါ်ဆိုသည်မှာ ထူးခြားသည့် အကြောင်းအရာ မဟုတ်ချေ။

"ရောင်စဉ် အလင်းနတ်နယ်မြေ ဖျက်စီးခံရတာက ကောင်းကင်နတ်ဆိုးနန်းတော်ကြောင့် မဟုတ်ပါဘူး။ ဒါက ကြက်သွေးရောင် မီးတောက်နတ်နယ်မြေနဲ့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုကြောင့် ဖြစ်တာပါ။ ဒီလောကထဲက လူတွေအကုန်လုံး သိတာပဲ။ စီနီယာ မယုံရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို သွားပြီးတော့ မေးမြန်းနိုင်ပါတယ်။”

“ဆိုရိုးစကား ရှိတယ်လေ။ ပြဿနာတစ်ခုချင်းစီတိုင်းမှာ ခေါင်းစဉ်ရှိတယ်တဲ့။ စီနီယာလင်းရှောင် … ပြီးခဲ့ပြီးသား ကိစ္စတွေ ပြီးပါစေတော့။ ကျုပ်တို့က သူတော်စင်နှစ်ယောက်ကို ဆုံးရှုံးခဲ့ပြီး ဘာမှလည်း မရခဲ့ပါဘူး။ ဒီလိုလုပ်ရအောင်….. ကောင်းကင်နတ်ဆိုးနန်းတော်အနေနဲ့ တော်ဝင်အင်ပါယာအဆင့် ပစ္စည်းတွေကို ပေးပါမယ်။ ဒီကိစ္စကို အဲလို ဖြေရှင်းလို့ ရနိုင်မလား "

ပြောနေရင်းမှာပဲ တော်ဝင်သူတော်စင်သည် ခရမ်းရောင် နတ်ဘုရားကျောက်တုံးကို ထုတ်ယူလိုက်၏။ ထိုအရာဆီမှ အေးစက်စက် နတ်ဘုရား အော်ရာများ ထွက်ပေါ်နေ၏။ ဆန်းကြယ်လှပြီး တန်ဖိုးကြီးလှသည့် မိုးကောင်းကင် ကျောက်တုံးကဲ့သို့ပင်။ ဤအရာသည် ကွာစီအင်ပါယာလက်နက်ကိုပင် ဖန်တီးနိုင်သည့် အရာဖြစ်သည်။

"မရဘူး"

လင်းရှောင်သည် ခေါင်းကို ခါယမ်းကာ အော်ဟစ်လိုက်၏။ ကြယ်၏ စွမ်းအင်များကို စုစည်းပြီးသည့် အခါမှာတော့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အော်ရာများအောက်၌ ကောင်းကင်နတ်ဆိုးနန်းတော်၏ သူတော်စင်ဘုရင်အဆင့်အောက် ကျင့်ကြံသူများသည် သွေးမြူများအဖြစ် ပြောင်းလဲကုန်ကြ၏။

အား ….။

များပြားလသော သူတော်စင်ဘုရင်များသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် တစ်စစီ ပျောက်ကွယ်သွားကြ၏။ လင်းရှောင်သည် ၎င်းတို့၏ ဝိညာဉ်များကိုပင် ဖျက်ဆီးခဲ့သည်။

"လင်းရှောင် ကျုပ်တို့ အကုန်လုံးကို သတ်ဖို့ စဉ်းစားထားတာလား"

ကောင်းကင်နတ်ဆိုးနန်းတော်ဆီမှ တော်ဝင်သူတော်စင်သည် ကွာစီအင်ပါယာအဆင့် နတ်ဘုရားပစ္စည်းကို ကိုင်ဆောင်ကာဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ၎င်း၏မျက်လုံးများသည် ဒေါသများဖြင့် တောက်ပလျက် ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင်လျက် ရှိနေ၏။

"တကယ်လို့ သတ်မယ်ဆိုရင် ဘာဖြစ်မှာလဲ"

လင်းရှောင်သည် ရှေးဆီသို့ လှမ်းတက်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အမြန်နှုန်းဖြင့် လက်သီးချက်ကို ထုတ်ဖော်လိုက်၏။ ကောင်းကင်နတ်ဆိုးနန်းတော်၌ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ရေတွက်၍မရအောင် များပြားလှသော အက်ကွဲကြောင်းများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွားခဲ့သည်။

"မဟုတ်ဘူး"

ကောင်းကင်နတ်ဆိုးနန်းတော်၏ တော်ဝင်သူတော်စင်သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ လင်းရှောင်၏ လက်သီးချက်အောက်တွင် သူ၏ နတ်ဘုရား ဝိညာဉ်တစ်ခုလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

အရေးကြီးသည့် တော်ဝင်သူတော်စင် သေဆုံးသွားခဲ့ပြီးသည့်နောက် ကျန်ရှိနေသေးသော ကောင်းကင်နတ်ဆိုး နန်းတော်မှ ကျင့်ကြံသူများသည် လင်းရှောင်၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်လေးများသာ ဖြစ်တော့၏။

All Chapters