အပိုင်း (၂၃၅)
Vol. 16 Ch. 235
“တော်ဝင်သူတော်စင်အဆင့်ပစ္စည်း ဟုတ်လား” လုချန်းဂီသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် မည်မျှပေးအပ်ခဲ့ရကြောင်း သိချင်ခြင်းသာဖြစ်၏။ သို့ပေမဲ့ စိတ်ဝင်စားရုံ သက်သက်ဖြင့် ဤမျှ တန်ဖိုးကြီးမားလှသော အရာများကို ပေးအပ်ရတော့မည်လား။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူတင်မကသေးချေ။ ရမ်ချမ်းတုသည်လည်း ဘေးတစ်ဖက်တွင် နှလုံးတုန်၊ ရင်ခုန်လျက်ပင် ရှိလို့နေ၏။ စိတ်ဝင်စားမှု တစ်ခုအတွက်နှင့် များပြားလှသည့် တန်ကြေးကို ပေးအပ်ရမည်ဆိုလျှင် မတန်လှချေ။
ချက်ချင်းဆိုသလိုပဲ လုချန်းဂီသည် သူ၏ စပ်စုလိုစိတ်များ အားလုံးကို ပယ်ချလိုက်၏။ တိကျသည့် သတင်း အချက်အလက် မဟုတ်ဘူးဆိုလျှင်တောင်မှ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနှင့် ကြီးကြီးမားမား ဆုံးရှုံးခဲ့သည်ဟု သူက ခန့်မှန်းမိ၏။ ဖြစ်နိုင်သည်မှာ ကွာစီအင်ပါယာအဆင့် ပစ္စည်းတော်တော်များများကို ပေးအပ်ခဲ့ရသည်လည်း ဖြစ်နိုင်၏။ နှစ်ခု သို့မဟုတ် သုံးခုထက်ပင် ပိုနေနိုင်၏။
“အင်း... ဒီလောက် ကြီးမားတဲ့ တန်ဖိုးကို ပေးအပ်တဲ့အတွက် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ရောင်စဉ်အလင်း နတ်နယ်မြေမှာရှိတဲ့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့တဲ့ ပစ္စည်းတွေကို ရယူနိုင်ခဲ့တာပေါ့။ အရင်က သူတို့ ဆုံးရှုံးခဲ့တဲ့ အရာအားလုံးကို အစားထိုး ရရှိခဲ့တယ်။ ရောင်စဉ်အလင်း နတ်နယ်မြေရဲ့ အင်ပါရီယာ လက်နက် တစ်ခုကိုတောင် ယူဆောင်သွားခဲ့သေးတယ်။ ကျုပ် သိချင်တာ ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းအနေနဲ့ အင်ပါရီယာ လက်နက်နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်ကို ဝယ်ယူချင်တယ်ဆိုရင် ဘယ်လိုတန်ကြေးမျိုး ပေးအပ်ရမလဲ ဆိုတာပါပဲ” လုချန်းဂီသည် စိတ်အားတက်ကြွစွာဖြင့် ပြောဆိုလျက်ရှိ၏။
သို့ပေမဲ့ သူ၏စိတ်ထဲတွင်တော့ စိုးရွံ့လျက် ရှိနေသေးသည်။ အင်ပါရီယာ လက်နက်တစ်ခု မည်သည့်နေရာတွင် ရှိသည့်ဆိုသည့် သတင်းအချက်အလက်အား ဝယ်ယူရန်မှာ သူ၏ ရည်မှန်းချက်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ လက်နက်တိုက်ထဲတွင် အင်ပါရီယာ လက်နက် မရှိသောကြောင့်ပင်။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် အလွန်တရာ အားကောင်းလွန်းလှ၏။ ကွာစီအင်ပါယာအဆင့် ဘိုးဘေးကြီး သည် အသက်ရှင်လျက် ရှိနေသေးပြီး အင်ပါရီယာ လက်နက်တစ်ခုကိုလည်း ရယူထားသေး၏။ ထို့ကြောင့် ၎င်းတို့၏ အားအင်အဆင့်သည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။ မုန့်ရှင်းကျီ အနေနှင့် သူ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသည်နှင့်တပြိုင်နက် မည်မျှ ဆိုးရွားလှသည့် ရည်မှန်းချက်များ ရှိနေမည် ဆိုသည်ကို မည်သူမှ ကောင်းကောင်း မသိနိုင်ချေ။
ထို့အပြင် ၎င်းတို့ ဂိုဏ်းနှစ်ခုသည် တစောင်းစေးနှင့် မျက်ချေး ဖြစ်တည်ခဲ့၏။ တော်ဝင်ဓားဂိုဏ်း အနေနှင့် အစပိုင်းတွင် ၎င်းတို့ကို ဖိနှိပ်ထားနိုင်ခဲ့၏။ သို့ပေမဲ့ အင်ပါရီယာလက်နက် လက်ထဲတွင် မရှိသည်ဆိုပါက ယုံကြည်ချက် မရှိဘဲ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ရင်ဆိုင်ရသလို ဖြစ်ပေလိမ့်မည်။
လုချန်းဂီ အနေနှင့် သူ၏ သိုလှောင်လက်စွပ်ကို အသာပွတ်သပ်ပြီးသည့်နောက် မေးမြန်းလိုက်၏။ “စီနီယာ... တခြားဂိုဏ်းတွေကို ရန်မပြုချင်ပါဘူး။ အပြင်ဘက်မှာရှိတဲ့ အင်ပါရီယာလက်နက် တစ်ခုခု ရှိနေသေးလား”
“သိပ်ရှိတာပေါ့” လီယွင်က အသာပြောလိုက်၏။ နှစ်ပေါင်းများစွာ ရှာဖွေပြီးသည့်နောက် တော်ဝင်အင်ပါယာ မည်မျှ ဖြစ်တည် မွေးဖွားခဲ့သည် ဖြစ်ကြောင်းကို မည်သူမှ မသိရှိချေ။ တချို့သော အင်ပါရီယာ လက်နက်များသည် တော်ဝင်အင်ပါယာများ တိုက်ပွဲကြားတွင် ထိခိုက်ပျက်စီးခဲ့၏။ တချို့သည် များပြားလှသည့် အဓိက နတ်နယ်မြေ များနှင့် မျိုးနွယ်စုများ၏ အမွေအနှစ်များအဖြစ် လက်ဆင့်ကမ်း ရယူခဲ့သည်။
တချို့သော တော်ဝင်အင်ပါယာများမှာမူ ၎င်းတို့၏ သက်တမ်းတလျှောက် အဆုံးမဲ့သော အားအင်အဆင့် ပိုင်ဆိုင်ရာ လမ်းစဉ်ကို ရူးရူးမူးမူး လိုက်ပါခဲ့ကြသည်။ ၎င်းတို့၏ သက်တမ်းများ ကြီးရင့်လာပြီး သေဆုံးကာနီး အချိန်မှာတော့ ၎င်းတို့၏ ပစ္စည်းများအားလုံးကို သင်္ချိုင်းဂူများ ဆောက်လုပ်ပြီးသည့်နောက် အမွေဆက်ခံနိုင်သူများ အတွက် ထားရစ်ခဲ့၏။
တော်ဝင်အင်ပါယာများ၏ သင်္ချိုင်းဂူဆိုသည်မှာ အမွေအနှစ်များ ထားသိုရာ တည်နေရာဖြစ်သည်ဟုလည်း သတ်မှတ်၍ရ၏။ တချို့သောဂိုဏ်းများဆိုလျှင် တော်ဝင်အင်ပါယာတစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ်များ အားလုံးကို ရယူပြီးသည့်နောက် ဖြစ်တည်လာခဲ့သည့် ဂိုဏ်းများပင်။ သို့ပေမဲ့ တော်ဝင်အင်ပါယာများ၏ စမ်းသပ်မှုများကို ကျော်ဖြတ်ရန် လိုအပ်နေ၏။ စမ်းသပ်မှုကို မအောင်မြင်သည် ဆိုပါက သေခြင်းတရားက စောင့်မျှော်နေမှာ သေချာသည်။
“အရမ်းကောင်းတာပဲ”
လုချန်းဂီသည် တွန့်ဆုတ်မနေတော့ချေ။ သူ၏ သိုလှောင်လက်စွပ်ကို ချွတ်ပြီးသည့်နောက် လီယွင်ဆီသို့ ကမ်းပေးလိုက်သည်။ ပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်၏။ “စီနီယာ... တော်ဝင်ဓားဂိုဏ်း အတွက် တိကျရှင်းလင်းတဲ့ လမ်းစဉ်တစ်ခုကို လမ်းညွှန်ပြသပေးနိုင်မလား။
လီယွင်သည် လက်စွပ်ကို လှမ်းယူပြီးသည့်နောက် အထဲတွင် ရှိနေသည့် အရာများကို ကြည့်ရှုလိုက်၏။ ကွာစီ အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်တစ်ခု၊ ကွာစီအင်ပါယာအဆင့် နည်းစနစ်၊ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် သုံးခု၊ တော်ဝင်သူတော်စင်အဆင့် နည်းစနစ် နှစ်ခု၊ တော်ဝင်သူတော်စင်အဆင့် နတ်ဘုရား အတတ် သုံးခုပင်။
..................
ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခု၊ တော်ဝင်သူတော်စင်အဆင့် ပစ္စည်းရှစ်ခု - ဤအရာသည် တော်ဝင်ဓားဂိုဏ်း အတွက် တကယ့်ကို တန်ဖိုးကြီးမားလှသည့်အရာ ဖြစ်လို့နေ၏။ သို့ပေမဲ့ ၎င်းတို့သည် တစ်ဖက်လူကို ကမ်းပေးခဲ့၏။ ဤပစ္စည်းများ အားလုံးသည် သူတို့အတွက် တန်ဖိုးကြီးမားလှသည့် အရာမျိုးပင်။ သို့ပေမဲ့ လီယွင်အတွက် တန်ဖိုးချင်း နှိုင်းယှဉ်ရမည်ဆိုလျှင် အနည်းငယ်တော့ လိုအပ်ချက် ရှိသလို ခံစားနေမိ၏။
ထို့အပြင် တော်ဝင်ဓားဂိုဏ်း၏ တောင်းဆိုမှုသည် တခြားသော ဂိုဏ်းများနှင့် ခြားနားလို့ နေခဲ့၏။ တော်ဝင်ဓား ဂိုဏ်းအနေနှင့် တခြားသော ဂိုဏ်းအသီးသီးတို့နှင့် ပြဿနာ ဖြစ်ပွားခြင်းကို ရှောင်ကျဉ်ချင်၏။ တစ်ဖက်လူများ၏ ဂိုဏ်းအကာအကွယ် အစီအရင်ကို ချိုးဖြတ်နိုင်သည့် နည်းလမ်းကို လိုချင်နေခြင်း မဟုတ်ပေ။
အဓိကအားဖြင့် တော်ဝင်ဓားဂိုဏ်းသည် အားအင်အဆင့်အရာ၌ အားမကောင်းလှချေ။ ထို့ကြောင့် တိကျ သေချာသည့် လမ်းစဉ်ကိုသာ လျှောက်လှမ်းချင်ခြင်း ဖြစ်၏။ ၎င်းတို့သည် တခြားသော ဂိုဏ်းအသီးသီးတို့နှင့် သွေးခင်းသည့် တိုက်ပွဲကို မတိုက်ခိုက်ချင်ပေ။ ၎င်းတို့သည် တခြားသောသူများကို ထိခိုက်ဒဏ်ရာရအောင် မပြုလုပ်ဘဲ အင်ပါရီယာ လက်နက်တစ်ခုကို အလကားသက်သက်နီးပါး ရရှိရန် စီစဉ်ဆောင်ရွက်နေခြင်းပင် ဖြစ်တော့၏။ သို့ပေမဲ့ ဤမျှ ကောင်းမွန်လှသည့် အရာဆိုသည်မှာ လောကတွင် ရှိနေရဲ့လား။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၌ အင်ပါရီယာ လက်နက်တစ်ခုကို ပိုင်ဆိုင်လျှင် ပိုင်ဆိုင်ပေတော့မည်။ သို့ပေမဲ့ မုန့်ရှင်းကျီသည် သူ၏အသက်ကို စတေးပြီး ထိုအရာများကို ရယူခဲ့ခြင်းသာဖြစ်၏။ အင်ပါရီယာလက်နက် တစ်ခုကို ရရှိရန်အတွက် လင်းရှောင်၏ လက်စားချေမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပေလိမ့်မည်။ များပြားလှသည့် ပေးအပ်မှုကို ပေးဆပ်ပြီးမှသာလျှင် အင်ပါရီယာ လက်နက်တစ်ခုကို ရရှိပေမည်။
တော်ဝင်ဓားဂိုဏ်း ပေးအပ်ခဲ့သည့် ပစ္စည်း၏ တန်ဖိုးများနှင့် မုန့်ရှင်းကျီ ပေးအပ်ခဲ့သည့် အရာများကို စဉ်းစား ဆုံးဖြတ်မည်ဆိုလျှင် ကွာခြားလို့ နေခဲ့၏။
“ဒီပစ္စည်းတွေက အင်ပါရီယာလက်နက် တစ်ခုနဲ့ လဲလှယ်လို့ မရနိုင်ဘူး” လီယွင်သည် ခေါင်းကို အသာခါယမ်း လိုက်သည်။
“မလုံလောက်ဘူး ဟုတ်လား” လုချန်းဂီက ကြောင်အသွား၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် နားမလည်သလို ဖြစ်မိနေ၏။ များပြားလှသည့် ပစ္စည်းများကို ပေးအပ်ခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားလောက် အောင်ပဲ အင်ပါရီယာလက်နက်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရန် မလုံလောက်ခဲ့ချေ။ မုန့်ရှင်းကျီ တစ်ယောက် မည်မျှ ပေးအပ်ခဲ့သနည်း။
“တော်ဝင်ဓားဂိုဏ်းအနေနှင့် အကန့်အသတ်ကို ရောက်ရှိနေပြီဆိုတာ လီက နားလည်ပါတယ်။ ခင်ဗျားတို့ ပေးနိုင်တာက အကန့်အသတ် တစ်ခုကို ရောက်ရှိနေပြီပဲ” လီယွင်သည် ဖြည်းညှင်းစွာ ပြောလိုက်၏။
သူ့အနေနှင့် တန်ဖိုးကို မြှင့်တင်ချင်သည် ဆိုလျှင်တောင်မှ တော်ဝင်ဓားဂိုဏ်းသည် လိုက်ပါနိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ မရှိတော့သောကြောင့်ပင်။
“အင်း... စီနီယာ .... တခြားရွေးချယ်ခွင့် ရှိနေသေးလား” လုချန်းဂီသည် စိတ်နှလုံး ချုံးချုံးကျလျက် ရှိ၏။
သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် ရမ်ချင်းတုသည် နားစွင့်ကာ ထောင်ထား၏။ ၎င်းသည် လီယွင်အား မျက်တောင် မခတ်ဘဲ စူးစိုက်ကာ ကြည့်ရှုနေမိသည်။
“အမှန်ပဲ”
လီယွင်သည် ခေါင်းညိတ်ကာဖြင့် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ဆက်ပြောလိုက်၏။ “ပြည့်စုံတဲ့ အင်ပါရီယာလက်နက် တစ်ခုရဲ့ သတင်းအချက်အလက်ကို ရရှိဖို့တော့ မလုံလောက်ဘူးပေါ့။ ဒါပေမဲ့ ထိခိုက်ထားတဲ့ အင်ပါရီယာလက်နက်တစ်ခုဆိုရင် လုံလောက်ပါပြီ”
“ထိခိုက်ထားတာ ဟုတ်လား”
လုချန်းဂီသည် နှလုံးသားထဲတွင် အေးကနဲ ဖြစ်သွားမိ၏။ မျှော်လင့်ချက် ရောင်ခြည်ကို သူသည် ဆုပ်ကိုင်လိုက်မိ၏။ ထို့ကြောင့် တီးတိုးမေးမြန်းလိုက်သည်။ “စီနီယာကို မေးချင်ပါတယ်။ ဘယ်လောက်များများ ထိခိုက်ထားတာလဲ”
အင်ပါရီယာ လက်နက်တစ်ခု၏ စိတ်ဆန္ဒသည် အကန့်အသတ် ကင်းမဲ့လွန်းလှ၏။ ထိခိုက်ထားသည် ဆိုလျှင်တောင်မှ အင်ပါရီယာလက်နက် တစ်ခုတော့ ဖြစ်နေသေး၏။ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားမည် ဆိုလျှင်တောင် ရေတွက်လို့ မရအောင် များပြားလှသည့် လူများအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည့် စိတ်ဆန္ဒကို ပိုင်ဆိုင်နေ၏။
“အင်း... သူ့စွမ်းအင်ရဲ့ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တာမျိုးပေါ့” လီယွင်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ သူ၏ရှေ့တွင်တော့ အပြာရောင်မြင်ကွင်းတစ်ခုက ဖြစ်တည်လျက် ရှိ၏။ ထိုနေရာတွင် သတင်း အချက်အလက်များ ပေါ်ပေါက်လျက်ရှိ၏။
[အင်မော်တယ် တိုက်ပွဲနယ်မြေ - တိကျသည့် သတင်းအချက်အလက်များကို သိရှိရန် ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သိန်း ကုန်ကျမည်]
ထိုစကားစုကို မြင်ရသည့်အချိန်မှာတော့ သူသည် အစောကြီးကတည်းက နားလည်သွားခဲ့ပြီဖြစ်၏။ ဤနေရာတွင် တော်ဝင်အင်ပါယာနှစ်ယောက် အပြင်းအထန် တိုက်ခိုက်ခဲ့သည့် တည်နေရာသာလျှင် ဖြစ်မည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် သေဆုံးသွားခဲ့၏။ အင်ပါရီယာ လက်နက်ပင်လျှင် ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့သည်။
“ခုနှစ်ဆယ်နဲ့ ရှစ်ဆယ် ရာခိုင်နှုန်း ဟုတ်လား”
လုချန်းဂီသည် ခဏလောက် စဉ်းစားလိုက်မိ၏။ ပြီးသည့်နောက် သူ၏ မျက်နှာပေါ်တွင် စိတ်ဆုံးဖြတ်ထားသည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ ပြီးနောက် တီးတိုး ပြောလိုက် တော့၏။ “စီနီယာ ဒီလိုပြောတယ်ဆိုမှတော့ ကျုပ်တို့ တော်ဝင်ဓားဂိုဏ်းက အဲဒီသတင်းအချက်အလက်ကို ဝယ်ပါ့မယ်”