← Chapters

အပိုင်း (၂၃၆)

Vol. 16 Ch. 236

အပိုင်း (၂၃၆)

Vol. 16 Ch. 236

လုချန်းဂီသည် တိကျသည့် ဆုံးဖြတ်ချက် တစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်၏။ ခုနှစ်ဆယ်၊ ရှစ်ဆယ် ရာခိုင်နှုန်း အားအင်များ တည်ရှိနေသည် ဆိုခြင်းမှာ ဘာမှ မရှိခြင်းထက် ပို၍ ကောင်း၏။ ၎င်းတို့ အနေနှင့် ပြည့်စုံသည့် အင်ပါရီယာလက်နက်နှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင်မှ ပြန်လည်တိုက်ခိုက်နိုင်ရန် တိုက်ခိုက်ရေး စွမ်းအင်တော့ ပိုင်ဆိုင်နေသေး၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းနှင့် ရင်ဆိုင်ရန်အတွက် ပိုမိုကာ ယုံကြည်ချက် ရှိလာပေလိမ့်မည်။ အလုံးစုံ သုတ်သင်ရှင်းလင်းခံရရန် ကြောက်လန့်မှုမျိုးတော့ မရှိနိုင်တော့ချေ။

“ကောင်းပြီ”

လီယွင်သည် ခေါင်းညိတ်ကာဖြင့် စနစ်ကို မေးမြန်းလိုက်၏။ “စနစ်... အင်မော်တယ် တိုက်ခိုက်ရေး တည်နေရာကို ရောက်ရှိဖို့အတွက် လုံခြုံတဲ့ လမ်းကြောင်းတစ်ခုကို စစ်ဆေးပေးအုံး။ ကောင်းကင်လျှို့ဝှက်အမှတ် ဘယ်လောက်ကုန်မလဲ”

[ဒင်.. အင်မော်တယ်တိုက်ပွဲနယ်မြေ၏ လုံခြုံသည့် လမ်းကြောင်းအတွက် ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်း ကိုးသောင်း လိုအပ်မည်]

“ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကိုးသောင်း ဟုတ်လား” လီယွင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ ထင်မှတ်ထားသကဲ့သို့ပင် ဤအင်မော်တယ် တိုက်ခိုက်ရေး တည်နေရာကြီးသည် မရိုးရှင်းလှချေ။

ရောင်စဉ်အလင်းနတ်နယ်မြေ၏ အင်ပါယာအဆင့် အစီအရင်ကို ချိုးဖြတ်ရန် အတွက် လုံခြုံသည့် လမ်းကြောင်းသည် ကောင်းကင်လျှို့ဝှက်အမှတ် လေးသိန်းခွဲသာလျှင် ကုန်ကျ၏။

ယခု အခြေအနေတွင် သေသေချာချာ နှိုင်းယှဉ်ကြည့်မည် ဆိုပါက ကုန်ကျစရိတ်သည် သိပ်ပြီးတော့ ကွာခြားလှသည် မဟုတ်ချေ။ ဆိုလိုသည်မှာ အင်မော်တယ်တိုက်ပွဲ တည်နေရာထဲတွင် အင်ပါရီယာအဆင့် အစီအရင်တစ်ခု တည်ရှိနေလေသည်လား။

ရောင်စဉ်အလင်း နတ်နယ်မြေ၏ သတင်းအချက်အလက်များကို စိတ်ထဲမှ ပြန်လည်ကာ စဉ်းစားလိုက်ပြီးသည့်နောက် ဤတိုက်ပွဲတည်နေရာကြီး၏ တန်ကြေးသည် ပိုမိုကာ များပြားလှသည်ဖြစ်ကြောင်း သူက နားလည်လိုက်မိ၏။

"အင်း… ဖြစ်နိုင်တာက ဒီတိုက်ပွဲတည်နေရာကြီး တစ်ခုလုံးက သန့်ရှင်းပြီးသား ဖြစ်မှာပေါ့"

တိုက်ပွဲတည်နေရာ တစ်ခုလုံးကို ရှင်းလင်းခံထားရခြင်းဆိုလျှင် အဘယ်သို့ ထိခိုက်ထားသည့် အင်ပါရီယာ လက်နက်က ရှိနေမည်နည်း။ သေသေချာချာ စဉ်းစားပြီး အဖြေရှာ၍ မရနိုင်သည့် အဆုံးမှာတော့ လီယွင် သည် ဆက်လက်စဉ်းစားခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "စနစ်… အင်မော်တယ်တိုက်ပွဲတည်နေရာရဲ့ လုံခြုံတဲ့လမ်းကြောင်းကို စုံစမ်းပေး"

[ဒင်… ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကိုးသောင်းကို နုတ်ယူလိုက်သည်။ အောင်မြင်စွာ စုံစမ်းစစ်ဆေးနိုင်၏။ အင်မော်တယ်တိုက်ပွဲ တည်နေရာထဲသို့ ဝင်ရောက်ရန် လုံခြုံသည့်လမ်းကြောင်း အသေးစိတ်ကို စနစ်၏ တည်နေရာဆီသို့ ပို့ဆောင်လိုက်၏]

"သုံးသိန်းကိုးသောင်း"

လီယွင်၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။ ပြီးသည့်နောက် သူ၏လက်ထဲတွင် ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာသည်။ သူသည် ထိုအရာကို လုချန်းဂီဆီသို့ လှမ်းကာပစ်ပေးရင်း ပြောလိုက်သည်။ "ဒါက လုံခြုံတဲ့လမ်းစဉ်ပဲ။ ဒီလမ်းအတိုင်း လိုက်သွားလိုက်၊ ခင်ဗျားရဲ့ လုံခြုံရေးကို ကျုပ် အာမခံတယ်"

"ကျေးဇူးပါပဲ စီနီယာ"

လုချန်းဂီသည် ကျောက်စိမ်းပြားကို ရရှိပြီးသည့်နောက် နတ်ဘုရားအသိအမြင်ကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်၏။ တစ်ချက် ကြည့်ရှုပြီးသည့်နောက် သူ၏ မျက်နှာပေါ်တွင် နဝေတိမ်တောင် အမူအရာများ ပေါ်ပေါက်လာ၏။

"ရှုပ်ထွေးကြယ်ပင်လယ် ဟုတ်လား"

ဤနေရာ၏ ဂုဏ်သိက္ခာတရားသည် အမှန်ပင် ကြီးမားလွန်းလှ၏။ ရေတွက်လို့ မရအောင် များပြားသည့် ကွာစီအင်ပါယာများ၊ အင်ပါယာများသည် နှစ်ပေါင်းများစွာအတွင်း ထိုအထဲသို့ ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ အနည်းငယ်သာ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ကြသည်။

အဓိက ဂိုဏ်းအသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ရှုပ်ထွေးကြယ်ပင်လယ်ဆိုသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည် ဖြစ်ကြောင်းကို နားလည်ထားခဲ့ကြ၏။ ရှုပ်ထွေးကြယ်ပင်လယ်ထဲမှ ပြန်ထွက်လာနိုင်သည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှု စွမ်းရည်ကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု သုံးသပ်ရနိုင်၏။

လုချန်းဂီသည် စီနီယာ ညွှန်ပြသည့် အခွင့်အရေး ဆိုသည်မှာ ထိုကဲ့သို့သော တည်နေရာမျိုးတွင် တည်ရှိ လိမ့်မည်ဖြစ်ကြောင်း မထင်မှတ်ခဲ့ချေ။ ဆိုလိုသည်မှာ သူ့အား အသွားသာရှိသည့် ခရီးစဉ်တစ်ခုကို စေလွှတ် လိုက်လေသည်လား။

"စိတ်မပူနဲ့"

လီယွင်သည် လုချန်းဂီကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ "ခင်ဗျား အနေနဲ့ ရှုပ်ထွေးကြယ်ပင်လယ်ထဲကို ဝင်သွားတာနဲ့ တပြိုင်နက် ဘာမှ စိတ်ပူစရာ မလိုဘူး။ ခင်ဗျားရဲ့ လုံခြုံရေးကို ကျုပ် အာမခံတယ်"

"စီနီယာရဲ့ စကားကို ဂျူနီယာက အကြွင်းမဲ့ ယုံကြည်ပါတယ်" လုချန်းဂီသည် အသာဦးညွတ်လိုက်မိ၏။ ကျောက်စိမ်းပြားကို ထပ်မံကာ စစ်ဆေးပြီးသည့်နောက် ရှုပ်ထွေးကြယ်ပင်လယ်၏ လမ်းစဉ်တိုင်းကို အတည်ပြုလိုက်မိ၏။ လုချန်းဂီ အနေနှင့် စိတ်သက်တောင့်သက်သာ ဖြစ်သွားသလိုပင် ခံစားလိုက်မိ၏။

ရှုပ်ထွေးကြယ်ပင်လယ် ဆိုလျှင်တောင်မှ ဤဆန်းကြယ်လှသော စီနီယာ ဖန်တီးပေးလိုက်သည့် လမ်းစဉ်အတိုင်း လိုက်ပါသွားမည်ဆိုလျှင် ကျိန်းသေပေါက် သူသည် ကျော်ဖြတ်သွားနိုင်မှာ သေချာ၏။ ထို့ကြောင့် များပြားလှသည့် အင်ပါယာများ အထဲသို့ ဝင်ရောက်ပြီး ပြန်ထွက်မလာနိုင်စွမ်းရှိသည့် တည်နေရာ ဖြစ်သည်ဆိုသော်လည်း သူ့အနေနှင့် ပြန်လည် ထွက်ခွာလာနိုင်မည်ဟု ယုံကြည်လျက် ရှိနေ၏။ ထို့အပြင် လင်းရှောင်ပင်လျှင် အပြင်ဘက်သို့ ပြန်ထွက်လာနိုင်သည် မဟုတ်ပါလား။

လင်းရှောင်သည် ရှုပ်ထွေးကြယ်ပင်လယ်ထဲမှ ပြန်လည် ထွက်ခွာလာပြီးသည့်နောက် ပိုမို အားကောင်းလာ ခဲ့၏။ ရောင်စဉ်အလင်း နတ်နယ်မြေ ပျက်စီးခြင်းအတွက် ကလဲ့စား လိုက်ချေလျက်ပင် ရှိနေလေ၏။

"စီနီယာ"

လုချန်းဂီသည် မတ်တပ် ထရပ်ကာဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။ "ရှုပ်ထွေးကြယ်ပင်လယ်ကို သွားရမယ့် ခရီးက အရမ်းကို ရှည်တယ်လေ။ ဂျူနီယာ နှောင့်နှေးနေလို့ မဖြစ်ဘူး။ သွားလိုက်ပါအုံးမယ်"

"အင်း… နှုတ်ဆက်နေစရာ မလိုဘူး" လီယွင်က ခေါင်းညိတ်လိုက်၏။

………..

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ ထွက်ခွာလာခဲ့ပြီးသည့်နောက် လုချန်းဂီ မပြောရသေးခင်မှာဘဲ ရမ်ချင်းတုသည် မေးလိုက်မိသည်။ "ဘိုးဘေး… ရှုပ်ထွေးကြယ်ပင်လယ်ကို တကယ်ပဲ သွားမှာလား"

တော်ဝင်ဓားဂိုဏ်းအနေနှင့် တော်ဝင်သူတော်စင် နှစ်ယောက်ကိုသာ ပြုစုပျိုးထောင်နိုင်၏။ ယခု တစ်ယောက်သည် ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့၏။ အခြေအနေသည် ဘာဖြစ်မည်ဆိုသည်မှာ မသေချာလှချေ။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတင်းအချက်အလက်သည် မှားယွင်းလိမ့်မည်ဟု သူက မထင်ချေ။ သို့ပေမဲ့ ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် ရှိနေသည့် အန္တရာယ်မှာတော့ အလွန်တရာ ကြီးမားလွန်းလှ၏။ တချို့သော အန္တရာယ်များသည် သူတို့ သွားရောက်ကာ ဖြေရှင်းနိုင်သည့် အရာမျိုး မဟုတ်ခဲ့ချေ။ အမှတ်မထင် ကိစ္စရပ်မျိုး ဖြစ်ပွားခဲ့ပြီး လမ်းကြောင်းပျောက်သွားမည်ဆိုပါက လုချန်းဂီ အနေနှင့် ပြန်လာနိုင်တော့မည် မဟုတ်ချေ။

ရှုပ်ထွေးကြယ်ပင်လယ်သည် နတ်ဘုရားအာရုံများ ဖြန့်ကျက်ကာ ကြည့်ရှု၍ မရနိုင်သလို အရာ အားလုံးသည် မဲမှောင်လျက် ရှိနေသောကြောင့် အင်ပါယာများပင်လျှင် အထဲ၌ လမ်းပျောက်တတ်၏။

တော်ဝင် သူတော်စင်တစ်ယောက် အနေနှင့် ဘာလုပ်နိုင်မည်နည်း။

"တော်ဝင်ဓားဂိုဏ်းရဲ့ အနာဂတ်အတွက် ဒီလောင်းကစားပွဲက ရှောင်လွှဲလို့ မရနိုင်တဲ့ အရာပဲ"

လုချန်းဂီ သည် သက်ပြင်းချလိုက်မိ၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "အင်ပါရီယာလက်နက်ရဲ့ ကာကွယ်ပေးမှုသာ မရှိဘူးဆိုရင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက မကောင်းတဲ့ ရည်မှန်းချက်တွေ ရှိလာပြီဆိုတာနဲ့ သူတို့က ကျုပ်တို့ရဲ့ တောင်ကာကွယ်ခြင်း အစီအရင်ကို မချိုးဖြတ်နိုင်ဘူးဆိုရင်တောင်မှ ကျုပ်တို့က သူတို့ကို တားဆီးနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ အင်ပါရီယာလက်နက်တစ်ခု ရှိလာပြီဆိုရင် တော်ဝင်ဓားဂိုဏ်းရဲ့ အနာဂတ် ကံကြမ္မာက ကျုပ်တို့ လက်ထဲမှာပဲ ရှိလိမ့်မယ်"

ပြောပြီးသည့်နောက်မှာတော့ လုချန်းဂီသည် ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိ၏။ ဤကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် သတင်းအချက်အလက်များသည် သူပိုင်ဆိုင်သမျှ အရင်းအမြစ်များ အားလုံးကို ပေးအပ်ခဲ့ရသည့် အရာများပင်ဖြစ်၏။

တော်ဝင်ဓားဂိုဏ်း၏ ကျဆုံးခြင်း သို့မဟုတ် မြင့်တက်ခြင်း အရာအားလုံးတို့သည် ဤကျောက်စိမ်းပြားပေါ်တွင် ရှိနေသည့် သတင်းအချက်အလက်များ၌ မူတည်လျက် ရှိနေလေသည်။

All Chapters