အပိုင်း (၂၃၇)
Vol. 16 Ch. 237
"လုချန်းဂီ ထွက်လာပြီပဲ"
တော်ဝင်သဲကန္တာရမြို့ထဲတွင် များပြားလှသည့် လူများသည် လုချန်းဂီ တစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းမှ ထွက်လာသည့် မြင်ကွင်းကို မြင်ရပြီးသည့်နောက် စိတ်ဝင်တစားဖြင့် လှမ်းကာ ကြည့်ရှုလိုက်မိကြ၏။
တော်ဝင်ဓားဂိုဏ်းအနေဖြင့် မည်သည့် သတင်းအချက် အလက်များကို ဝယ်ယူခဲ့သည်ဖြစ်ကြောင်းကို အားလုံးက သိချင်နေမိသည်။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့ ထဲ၌ မည်သူမှသည် အနားသို့ ချဉ်းကပ်ကာ မေးမြန်းစုံစမ်းရန် မဝံ့ရဲကြချေ။
"တော်ဝင်ဓားဂိုဏ်းက အစီအစဉ်တွေတောင် စပြီး ဆွဲနေပြီလား" တော်ဝင်သူတော်စင် တော်တော်များများ သည် စဉ်းစားလိုက်မိကြ၏။ တော်ဝင်ဓားဂိုဏ်း၏ အားအင်အဆင့်ကို ကြည့်ရမည်ဆိုလျှင် သာမန် အခွင့်အရေးကို ဝယ်ယူချင်သည်ဆိုပါက ကျိန်းသေပေါက် လုချန်းဂီ လာရောက်လိမ့်မည် မဟုတ်ချေ။
လုချန်းဂီ လာရောက်ခဲ့သည် ဆိုခြင်းကြောင့် တော်ဝင်ဓားဂိုဏ်း အနေနှင့် တကယ့်ကို ကြီးမားလှသည့် အခွင့်အရေး တစ်ခုကို လာရောက်ဝယ်ယူခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ၎င်းတို့အနေနှင့် ထိုက်တန်လှသည့် ပမာဏကို ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သာမန်ထက်ပိုသည့် သတင်းအချက်အလက်သာ ဖြစ်မှာသေချာ၏။
"လုချန်းဂီက တော်ဝင်သဲကန္တာရမြို့ထဲက ထွက်သွားပြီဆိုရင် သူ့ရဲ့ တည်နေရာကို ငါတို့ သုံးသပ်လို့ ရပြီလေ။ တော်ဝင်ဓားဂိုဏ်းကို မပြန်ဘူးဆိုရင် တခြား တစ်နေရာရာကို သွားမှာပေါ့။ လိုက်ပြီး ကြည့်ချင်ကြလား" လူတစ်ယောက်က အကြံပြုလိုက်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားရောက်ကာ သတင်းအချက်အလက် ဝယ်ယူခြင်းဆိုသည်မှာ တကယ့်ကို အကုန်အကျ များလွန်းလှ၏။ တချို့သော ဂိုဏ်းအသီးသီးတို့သည် ၎င်းတို့၏ လူများကို ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ စေလွှတ်ခဲ့ဖူး၏။ သို့ပေမဲ့ ပေးရမည့် ပမာဏကို မတတ်နိုင်ကြချေ။
ပိုက်ဆံများကို အသုံးပြု၍ တချို့သော အရာများကို ဝယ်ယူခြင်းထက် အခွင့်အရေးများကို သွားရောက်ကာ လုယက်လိုက်ခြင်းက အကောင်းဆုံး ဖြစ်မည်ဟု တချို့က တွေးထင်ကြ၏။ ၎င်းတို့အနေနှင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ဆီက သွားလု၍လည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သောကြောင့် ဤကဲ့သို့သော လှုပ်ရှားမှုမျိုးကို ကန့်သတ်ထားမှာ သေချာ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ သတင်းအချက်အလက်များ အကြောင်းကို စဉ်းစားကြည့်မည်ဆိုလျှင် တစ်စုံတစ်ယောက်သည် သတင်းအချက်အလက်များကို ရယူနိုင်ရန် မိမိကိုယ်တိုင် ဝယ်ယူရန် လိုအပ်ကြောင်း သိရှိသင့်သည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်သည်ဆိုသော်လည်း ဂိုဏ်းအချင်းချင်းအကြားတွင် ဖြစ်တည်သည့် ပဋိပက္ခများအကြားတွင် ဝင်ရောက်ရှုပ်ထွေးလိမ့်မည် မဟုတ်ချေ။
"ဒါက"
တချို့သောသူများက နှောင့်နှေးလျက် ရှိနေကြ၏။ သို့ပေမဲ့ တချို့သောသူများက ဘာစကားမှ မပြောကြချေ။ ၎င်းတို့၏ အော်ရာများကို ဖိနှိပ်ကာဖြင့် ခပ်ဝေးဝေး တည်နေရာမှသည် လုချန်းဂီ ထွက်ခွာ သွားသည့် တည်နေရာဆီသို့ လိုက်ပါသွားခဲ့ကြလေ၏။ လုချန်းဂီ အနေနှင့် ဖုံးကွယ်ထားသည့် ရတနာတချို့ကို အစစ်အမှန် ရရှိခဲ့သည်ဆိုပါက ၎င်းတို့သည် ကျိန်းသေပေါက် လှုပ်ရှားချင် လှုပ်ရှားပေလိမ့်မည်။
ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် ဖြစ်တည်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ကာ သုံးသပ်ရမည်ဆိုလျှင် အင်ပါရီယာမိသားစုဖြစ်သော ရီကလန်ပင်လျှင် ရတနာများကို မောင်ပိုင်မစီးနိုင်ခဲ့ချေ။ တော်ဝင်ဓားဂိုဏ်း အနေနှင့် တိတ်တဆိတ်ကြိတ်ကာ တစ်ယောက်တည်း မောင်ပိုင်စီး၍ ဘယ်ဖြစ်နိုင်မည်နည်း။
"အင်း… ဒီလူတွေက တကယ့်ကို မျက်ကန်းတွေပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက သတင်း အချက်အလက်တွေကို ဝယ်ယူပြီးသွားပြီဆိုရင် ဒါတွေကို လွယ်လွယ်ကူကူနဲ့ လုယူလို့ ဘယ်တုန်းက ရဖူးလို့လဲ။ ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ပြီးသူကသာ အဲအရာကို ကျိန်းသေပေါက် ရမယ့်အရာမျိုးဆိုတာ သူတို့ နားမလည်သေးပါလား" တော်ဝင်သူတော်စင်တစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။
လုချန်းဂီ၏ အားအင်အဆင့်ကို ခဏဖယ်ထားဦး။ တစ်ဖက်လူ ဘာလုပ်မည်ဆိုသည်ကိုပင် သူတို့ သေသေချာချာ မသိချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတင်းအချက်အလက်များကို အမှီအခိုပြုပြီး သည့်နောက် လုချန်းဂီသည် အားလုံးသောသူတို့ သေဆုံးသွားသည့် အခြေအနေမျိုးတွင်တောင်မှ ထောင်ထောင် ထောင်ထောင်နှင့် ရတနာကို သွားရောက်ယူငင်နိုင်စွမ်း ရှိပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုကို ခံရသည့်လူများသည် မည်သည့် ဘေးဒုက္ခတစ်ခုကိုမှ မခံစားရသောကြောင့်ပင်။
"ဟမ်"
သူတို့အနေနှင့် များပြားလှသော အတွေးများကို တွေးတောလျက် ရှိနေတုန်းမှာပဲ တော်ဝင်သဲကန္တာရ မြို့၏ အပြင်ဘက်တွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လှမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ ၎င်း၏ ခြေလှမ်းများသည် နှေးကွေးလွန်းလှ၏။ သို့ပေမဲ့ ၎င်းသည် ချက်ချင်းဆိုသလိုပဲ အရှေ့ဆီသို့ ရောက်ရှိလာ၏။
တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေပြီး ခန္ဓာကိုယ်ဆီမှ အားကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒ များကိုလည်း ထုတ်ဖော်နေ၏။ လူတော်တော်များများသည် ထိုသူ့ကို မြင်ရသည့် အချိန်မှာတော့ ချက်ချင်းပဲ နောက်ကို ဆုတ်ခွာလိုက်မိကြသည်။
"လင်းရှောင်"
တချို့သော တော်ဝင်သူတော်စင်များသည် ထိုနာမည်ကို ရေရွတ်ရင်း အံ့အားသင့်လျက် ရှိနေ၏။ ကောင်းကင်နတ်ဆိုးနန်းတော်ကို သုတ်သင်ရှင်းလင်းပစ်သည့် ကွာစီ အင်ပါယာတစ်ယောက် သည် တော်ဝင်သဲကန္တာရမြို့ထဲသို့ ဘာလာလုပ်သနည်း။ ပြောရမည်ဆိုလျှင် ထိုသူသည် ဒဏ်ရာရှိနေရင်း တန်းလန်းနှင့်တောင်မှ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ သွားရောက်ကာ တိုက်ခိုက်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်မဟုတ်ပါလား။
ကောင်းကင်နတ်ဆိုးနန်းတော်ထဲတွင် ဖြစ်တည်ခဲ့သည့် တိုက်ပွဲအကြောင်းကို ပြန်လည်စဉ်းစားပြီးသည့် နောက် လင်းရှောင်သည် ဘာတစ်ခုမှ မရဟု ပြောပါက မည်သူမှ မယုံကြချေ။ လက်ရှိ အခြေအနေမှာတော့ လင်းရှောင်သည် လက်ထဲတွင် ကောင်းကင်နတ်ဆိုးနန်းတော်၏ ရှိရှိသမျှ အရင်းအမြစ်များ အားလုံးကို ကိုင်ဆွဲလာခဲ့၏။ ၎င်းအနေနှင့် အလျင်စလို မပြုလုပ်ဘဲ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တောင်ကာကွယ်ခြင်း အစီအရင်ကို ချိုးဖြတ်နိုင်သည့် နည်းလမ်းများကို….
တော်ဝင်သဲကန္တာရမြို့၏အတွင်း ကြည့်ကောင်းလွန်းလှသည့် ခြံဝန်းတစ်ခုအတွင်းမှာတော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးကြီးတစ်ယောက်၏ မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာ၏။ သူသည် နတ်ဘုရားအသိအမြင်များကို ဖြန့်ကျက်ပြီးသည့်နောက် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့သည်။ ၎င်းသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှဖြစ်၏။
လင်းရှောင်ကို ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် သူသည် တကယ်ပင် မကောင်းသည့် ခံစားချက်များ ရရှိလာခဲ့၏။ သူတို့ဂိုဏ်း၏ ဘိုးဘေးကြီးသည် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်အောင် အားမွေးလျက် ရှိနေတုန်းပင်။ သို့ပေမဲ့ လင်းရှောင်သည် ဒဏ်ရာရရှိထားနိုင်သည်ဆိုသော်လည်း မုန့်ရှင်းကျီ ခံစားထား သည်ထက် ပိုမိုကာ အားကောင်းလျက်ရှိပြီး ပေါ့ပေါ့ပါးပါး ရှိနေသည်ကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ တစ်ဖက်လူသည်သာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ပစ်မှတ်ထားသည်ဆိုပါက ကျိန်းသေပေါက် ခုခံနိုင် လိမ့်မည် မဟုတ်ချေ။
"ဘာလုပ်ကြမလဲ"
ထိုအဘိုးအို၏ နဖူးစပ်တွင် ချွေးစေးများပင် ပျံလာမိ၏။ သူသည် လင်းရှောင်ကိုသာ ကြည့်နေရ၏။ လင်းရှောင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းသို့ တစ်လှမ်းချင်း လှမ်းဝင်သွား၏။
……..
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်
လီယွင်သည် လုချန်းဂီ ထွက်ခွာသွားခဲ့ပြီး မကြာခင်မှာပဲ လင်းရှောင် ဝင်လာသည်ကို မြင်လိုက်၏။ လီယွင်၏ မျက်လုံး တစ်ခုလုံးသည် တောက်ပသွားခဲ့၏။ ဤအတောအတွင်း ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စီးပွားရေးသည် အနည်းငယ် တိုးတက်လာသည်မှာ ထင်ရှားလွန်းလှ၏။ ယခင်တုန်းကဆိုလျှင် ဖောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြား ရောက်ရှိလာမှုသည် အချိန်အနည်းငယ် ကြာမြင့်သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလို့နေ၏။
လီယွင်သည် တကယ့်ကို ကြီးမားသည့် အကျိုးအမြတ်များ ရရှိနေသည်ဟု သတ်မှတ်ရပေမည်။ လက်ရှိ အခြေအနေမှာတော့ ဖောက်သည်များသည် နေ့စဉ်နေ့တိုင်း ရောက်ရှိလာခဲ့ပြီး ထိုဖောက်သည်များ အားလုံး သည်လည်း ကြီးကြီးမားမား သုံးစွဲသည့်လူများ ဖြစ်လို့နေခဲ့၏။ တစ်ဖက်လူများသည် တကယ့်ကို ရက်ရောလှ ချေသည်။
"အင်း… ငါ ဈေးလျော့ပြီး များများရောင်းရင် ကောင်းမလား" လီယွင်က စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ ထိုအတွေးကို သူတစ်ခါတည်း ပယ်ချလိုက်၏။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်မှာ သာမန် ပစ္စည်းများကို ရောင်းချသည့်အရာ မဟုတ်ပေ။ ဂိုဏ်းတစ်ခု၏ သေခြင်းရှင်ခြင်း၊ လူတစ်ယောက်၏ သေခြင်း ရှင်ခြင်း အကြောင်းအရာများကို ရောင်းချသည့်အရာဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ဈေးလျော့ပေး၍ မဖြစ်နိုင်ချေ။ တခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် ဈေးကြီးလေ လူများသည် ပိုမိုကာ တန်ဖိုးထားလေ ဖြစ်၏။
"လင်းရှောင်က စီနီယာကို ဂါရဝပြုပါတယ်" ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်းသို့ လှမ်းဝင်လာပြီးသည့် နောက် လင်းရှောင်သည် လေးလေးစားစားဖြင့် ဦးညွတ်လိုက်သည်။
"အင်း"
လီယွင်သည် ခေါင်းညိတ်ကာဖြင့် ပြောဆိုလိုက်၏။ "အင်ပါယာဖြစ်ဖို့ အခွင့်အလမ်းအတွက် ရောက်ရှိ လာတာလား"
လင်းရှောင် ကောင်းကင်နတ်ဆိုးနန်းတော်သို့ မထွက်ခွာခင်က လီယွင်သည် ထိုအကြောင်းကို သေသေချာချာ ပြောခဲ့၏။ မထင်မှတ်ထားလောက်အောင်ပဲ လင်းရှောင်သည် ထိုအကြောင်းကို မှတ်မှတ်သားသား ထားရှိပြီး ကောင်းကင်နတ်ဆိုးနန်းတော်ကို သုတ်သင်ရှင်းလင်းပြီးသည့်နောက် အလျင်အမြန်ဖြင့် ပြန်လာခဲ့သည်။
လင်းရှောင်၏ ကိုယ်ရေးအကျဉ်းကို တစ်ချက်ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ၎င်း၏ ဒဏ်ရာများသည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီး လမ်းတလျှောက်လုံး ဖိနှိပ်ထားခဲ့ရကြောင်း သူက သိရှိလိုက်၏။
ပထမဦးဆုံး လင်းရှောင်သည် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေကို သွားရောက်ကာ တိုက်ခိုက်ခဲ့၏။ ပြီးနောက် မုန့်ရှင်းကျီနှင့် တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ ရိုက်နှက်မှုကို ခံခဲ့ရ၏။ ထို့အပြင် ယခု ကောင်းကင်နတ်ဆိုးနန်းတော်ဆီသို့ သွားရောက်ပြီး တိုက်ခိုက်ခဲ့သေးသည်။ ဤကဲ့သို့ များပြားလှသည့် လုပ်ရပ်မျိုးကို ပြုလုပ်နိုင်ဖို့ဆိုသည်မှာ သာမန် ကွာစီအင်ပါယာတစ်ယောက် လုပ်နိုင်မည့် အရာမျိုး မဟုတ်ချေ။
"အမှန်ပါပဲ"
လင်းရှောင်က ခေါင်းညိတ်လိုက်၏။ သူ၏ မျက်နှာအမူအရာ တစ်ခုလုံးသည် အေးဆေးလျက် ရှိ၏။ သူက မေးမြန်းလိုက်သည်။ "စီနီယာ အရင်တုန်းက ပြောထားခဲ့ဖူးပါတယ်။ အဲအခွင့်အရေးက ရှိနေသေးလား"
"လီက ကတိပေးထားတဲ့ အရာတစ်ခုကို အမြဲတမ်း ပြုလုပ်တယ်။ ဘယ်သူ့ကိုမှ လိမ်ညာလှည့်ဖျားနေမှာ မဟုတ်ဘူး"
လီယွင်က အသာဖြတ်ကာ ပြောလိုက်၏။ လင်းရှောင် အနေဖြင့် အင်ပါယာအဆင့်ကို တက်လှမ်း သွားသည်ကို သူတကယ်ပင် မြင်ချင်လှ၏။ ထို့အပြင် သူ၏လက်ထဲတွင် တကယ်ကို အသုံးဝင်လှသည့် စစ်တုရင်အရုပ်တစ်ခု ဖြစ်တည်လာမည် မဟုတ်ပါလား။
"အင်း… တက်နိုင်တဲ့ဈေးကို ပေးမယ်ဆိုရင်ပေါ့" လီယွင်က ထပ်ပြောလိုက်သည်။