← Chapters

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း (၆၃၁-၆၃၃)

Vol. 43 Ch. 631-633

အခန်း(၆၃၁ )

အပြာရောင် ဓားရှည်လက်ထဲသို့ ရောက်လာသည်နှင့် ကျန်းချန်၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ဒုတိယအဆင့် ဓားစိတ်ဆန္ဒ၏ ပြီးပြည့်စုံသော နယ်ပယ်ခွန်အားသည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲကနေ တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်က လက်ထဲမှ ဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ အချင်းတစ်ရာမီတာအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်ကို လှုံ့ဆော်လိုက်သလို ဖြစ်သွားခဲ့ပြီး အဆုံးသတ်တွင် အရှည်ဆယ်ပေရှိသည့်ဓား အဖြစ်သို့ စုစည်းသွားခဲ့သည်။

"ဓားဆန္ဒရဲ့ဒုတိယအဆင့် ပြီးပြည့်စုံခြင်းနယ်ပယ်နဲ့ ကောင်းကင်အဆင့်ဓားသိုင်းပါလား ဒါ..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

တင်းမိသားစု၏ ခေါင်းဆောင် တင်းယွမ်ပိုင်က မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို မှင်တက်စွာ ကြည့်နေခဲ့သည်။

ကျန်းချန်၏ ပြီးပြည့်စုံသော ဒုတိယအဆင့် ဓားစိတ်ဆန္ဒသည် တင်းဟုန်၏ မြေကြီးဆန္ဒ ဒုတိယအဆင့်ခွန်အားကို တိုက်ရိုက်ပင် ချေမှုန်းလိုက်သည်။

သိုင်းနည်းစနစ်၏ အဆင့်အတန်းအရလည်း တင်းဟုန်၏ ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့် ကျင့်စဉ်သည် တကယ့်ကောင်းကင်အဆင့် ကျင့်စဉ်ရှေ့တွင် စကားထဲ ထည့်ပြောစရာအဆင့်ပင် မရှိပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် တင်းဟုန်သည် ကျန်းချန်၏ နောက်ထပ် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုများကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။

"သွားပြီ.. ဒီတစ်ကြိမ် လျှိုမိသားစုနဲ့ လောင်းကြေးထပ်ထားတာ ငါတော့ လုံးဝရှုံးနိမ့်သွားပြီ "

တင်းယွမ်ပိုင်က စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် တိုက်ခိုက်ရေးကွင်းပြင်ရှိ ကျန်းချန်သည် တင်းဟုန်ကို စေ့စေ့ကြည့်ကာ ရုတ်တရက် အေးစက်စက်ရေရွတ်လိုက်သည်။

"ချိုးဖျက်စမ်း"

ချက်ချင်းဆိုသလိုပင် ဓားစိတ်ဆန္ဒ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်ခွန်အားနှင့် ပေါင်းစပ်ထားသောဓားသည် တင်းဟုန်ကို ခုတ်ချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်က တင်းဟုန်၏ ပတ်ပတ်လည်ရှိ အဝါဖျော့ဖျော့ အကာအကွယ်ပေါ်သို့ လျှပ်တပြက် ကျရောက်လာခဲ့သည်။

ကျန်းချန်၏ ဓားစွမ်းအင်က တင်းဟုန်၏ အဝါဖျော့ဖျော့အလင်း အကာအကွယ်ကို တို့ဖူးကို ခုတ်ဖြတ် သကဲ့သို့ အလွယ်တကူပင် ခုတ်ဖြတ်လိုက်၏။

"မင်း.. မင်း"

သူအားကိုးရသော အကာအကွယ်ကို ကျန်းချန်က ဓားတစ်ချက်တည်းဖြင့် ဖောက်ထွင်းလိုက်သည်ကို မြင်လျှင် တင်းဟုန်၏ မျက်လုံးထဲ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။

သူက စကားကိုဆုံးအောင် မပြောရသေးခင်မှာပင် ပြင်းထန်သော ဓားစွမ်းအင်၏ တိုက်ခိုက်မှုအောက်တွင် နာကျင်စွာအော်ဟစ်၍ လွင့်စင်သွားခဲ့ပြီး တင်းကျီ၏ ခြေရာနောက်သို့ တိုက်ရိုက်ပင် လိုက်သွားခဲ့ရသည်။

သူတို့ရှေ့မှ တုန်လှုပ်ခြောက်ခြားစရာကောင်းသော မြင်ကွင်းကို မြင်လျှင် ကွင်းပြင်ထဲရှိ လူများသည် အေးစက်သောလေထုကို ရှုရှိုက်မိလိုက်ကြသည်။

ချင်းလွမ်၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည့် တင်းဟုန်သည် အကြွင်းမဲ့ အကာအကွယ်ကို ပိုင်ဆိုင်ထားသော်လည်း ဓားတစ်ချက်တည်းဖြင့်ပင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။

"သခင်လေးကျန်းရဲ့ အင်အားက ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေတာလဲ.. ဒါ..ဒါက ဘုရင်အဆင့် ပါရမီရှင်ရဲ့ အင်အားလား"

လျှိုယင်က ကွင်းပြင်ပေါ်တွင် ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ နှလုံးသားကနေ အံ့သြတုန်လှုပ်နေခဲ့သည်။

နောက်ဆုံးအကြိမ်က တစ္ဆေလူသတ်သမားအဖွဲ့မှ လူသတ်သမားကို သတ်ဖြတ်ရာတွင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးနှင့် ကောင်းကင်အဆင့် ကျင့်စဉ်တစ်မျိုးကို ပြသခဲ့သည်။

ဤတစ်ခေါက်တွင်လည်း ဓားတစ်ချက်တည်းဖြင့် တင်းဟုန်ကိုသတ်ဖြတ်ရန် ပို၍ပင် အားကောင်းသည့် ဓားစိတ်ဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံသောခွန်အားကို ထုတ်ဖော်ရုံသာမက နောက်ထပ် ကောင်းကင်အဆင့်ကျင့်စဉ် တစ်ခုကိုပါ ထုတ်ဖော်ခဲ့သည်။

အသက်နှစ်ဆယ်အောက် လူငယ်လေးတစ်ဦးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် သုံးမျိုးနှင့် ကောင်းကင်အဆင့် ကျင့်စဉ်နှစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။

ဒဏ္ဍာရီလာ ဘုရင်အဆင့်ပါရမီရှင်သည် သာမန်အသိဖြင့် ဖော်ပြ၍ မရသည့် မွန်းစတားတစ်ကောင် ဆိုသည်မှာ အမှန်တကယ် ဖြစ်နိုင်လောက်၏။

"ဟားဟား..တင်းယွမ်ပိုင် ပြိုင်ပွဲစည်းကမ်းအရ မင်းတို့ တင်းမိသားစုအနေနဲ့ နောက်ထပ်တစ်ယောက် စေလွှတ်လို့ရသေးတယ်.. ဒါပေမဲ့ ဒီတစ်ယောက် ရှုံးရင်တော့ မင်းတို့ တင်းမိသားစုအနေနဲ့ ငါတို့လျှိုမိသားစုကနေ ချက်ချင်း ထွက်သွားရလိမ့်မယ်"

ကျန်းချန်က တင်းဟုန် အပါအဝင် တင်းမိသားစု၏ ပါရမီရှင်နှစ်ဦးကို အနိုင်ယူလိုက်သည်ကို မြင်လျှင် လျှိုရွှယ်ဖုန်းသည် စိတ်နှစ်လုံး ချမ်းမြေ့သွားခဲ့သည်။

သူ၏ အထက်စီးကနေ ဝင့်ကြွားစွာပြောဆိုလိုက်သော လေသံသည် ကွင်းပြင်တစ်ခုလုံးကို တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

ဤအချိန်တွင် တင်းယွမ်ပိုင်၏ မျက်နှာသည် အလွန်တစ်ရာမှောင်မိုက်နေခဲ့သည်။

လျှိုမိသားစု၏ အထူးဧည့်တပည့်သည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းနေ၏။

တင်းဟုန်ပင်လျှင် ပြိုင်ဘက်၏ဓားချက်ကို မတားဆီးနိုင်လျှင် ကျန်းချန်ကို တိုက်ခိုက်ရန် သူက မည်သူ့ကို စေလွှတ်ရပါမည်နည်း။

အကယ်၍ စေလွှတ်ခဲ့လျှင် သူတို့တင်းမိသားစု အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေသလိုသာ ဖြစ်နေလိမ့်မည် မဟုတ်ပါလော။

"လျှိုရွှယ်ဖုန်း.. ဒီအလောင်းအစားမှာ မင်းအနိုင်ရခဲ့ပြီ.. သွားကြစို့"

တင်းယွမ်ပိုင်က မှောင်မိုက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် တင်းမိသားစုဝင်များနှင့် အတူ လျှိုမိသားစုဆီမှ ထွက်ခွာသွားခဲ့သည်။

အခန်း(၆၃၁) ပြီး၏။

အခန်း(၆၃၂)

လျှိုမိသားစုနှင့် တင်းမိသားစုတို့ကြားရှိ အလောင်းအစား တိုက်ပွဲသည် လျှိုမိသားစု၏ အောင်ပွဲရမှုနှင့်အတူ အပြီးသတ်သွားခဲ့သည်။

အကြောင်းရင်းမှာ တင်းမိသားစုမှ ပါရမီရှင် ၂ ဦးကို လျှိုမိသားစု၏ ဧည့်တပည့်အသစ်ဖြစ်သည့် ကျန်းချန်က အနိုင်ယူလိုက်သောကြောင့် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ထိုသတင်းက ချင်းလွမ်နယ်မြေ၌ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာသည်နှင့် လျှိုမိသားစုကို သစ္စာဖောက်ရန် ကြံစည်နေသော အချို့မိသားစုများသည် အံ့သြတုန်လှုပ်သွားကြသည်။

သူတို့၏ အထင်တွင် ဤတိုက်ပွဲ၌ လျှိုမိသားစုသည် ချင်းလွမ်၏ နံပါတ်တစ် မိသားစုနေရာကို လွှဲပြောင်းသွားရနိုင်ချေ အလွန်များနေ၏။

ထို့ကြောင့် သူတို့သည် တင်းမိသားစုကို ခိုလှုံရန် ပြင်ဆင်နေခဲ့သည်။

သို့သော် လျှိုမိသားစုက ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ဝှက်ထားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ချင်းလွှမ်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် တင်းဟိုင်ပင် လျှိုမိသားစုမှ ဧည့်တပည့်ဖြစ်သူ ကျန်းချန်၏ ရှေ့တွင် အမှိုက်တစကဲ့သို့ ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

တစ်ခဏအတွင်းမှာပင် လျှိုမိသားစုကို သစ္စာဖောက်ရန် ကြံစည်နေသော အင်အားစုနီးပါး အားလုံးသည် ငြိမ်ကုပ်သွားခဲ့ကြသည်။

ဤအချိန်တွင် ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် မိသားစုမှာ လျှိုမိသားစုဖြစ်မှန်း သူတို့ပို၍ နားလည်လာခဲ့၏။

သို့သော်လည်း ၎င်းတို့၏ တုန်လှုပ်မှုနှင့် ပက်သက်၍ အဓိကပါဝင် ပတ်သက်နေသည့် ကျန်းချန်သည် တိုက်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် သူ၏ ခြံဝင်းကိုသာ ပြန်သွားခဲ့ပြီး ကျင့်ကြံမှုကိုသာ တစိုက်မတ်မတ် ကျင့်ကြံနေခဲ့သည်။

ဤသို့ဖြင့် လ၀က်ဟူသော အချိန်ကာလသည် လျှင်မြန်စွာပင် ကုန်လွန်သွားခဲ့၏။

လဝက်လောက် လေ့ကျင့်ပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းသည် နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်သွားခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်၏ အလယ်အလတ် အဆင့်ကို ရောက်ရှိသွားခဲ့သည်။

"သခင်လေးကျန်း.. စန်းလန် အဖွဲ့အစည်းက စစ်ဆေးမှုကို စတင်တော့မယ်.. ဒါ့ကြောင့်မို့လို့ အဖေက သခင်လေးကို လာဖို့ အကြောင်းကြားခိုင်းလိုက်တယ်.. ဒီနေ့ ကျွန်မတို့တွေ စန်းဟိုင်မြို့ကို ခရီးထွက်ကြမယ်"

ကျန်းချန်၏ ကျင့်ကြံမှု ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်ဘက်မှ လျှိုလင်ကျူး၏ အသံက ထွက်ပေါ်လာခဲ့သည်။

"စန်းလန်အဖွဲ့အစည်းရဲ့ စစ်ဆေးမှုက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့"

ကျန်းချန်က တီးတိုးရေရွတ်လိုက်ပြီး အခန်းအပြင်ဘက်သို့ ခြေလှမ်းကြဲကြီးဖြင့် လျှောက်ထွက်လာခဲ့သည်။

လျှိုလင်ကျူးနှင့်အတူ လျှိုအိမ်တော်၏ အဝင်ဝသို့ အရောက်လျှင် လျှိုရွှယ်ဖုန်းက သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

လျှိုရွှယ်ဖုန်း၏ ဘေးတွင် လျှိုမိသားစုမှ လူငယ်၂ယောက် ရှိနေခဲ့သည်။

ထို ၂ ယောက်ထဲမှ ၁ ယောက်မှာ သူနှင့် ရင်းနှီးသည့် လျှိုယင်ဖြစ်၏။

နောက်ထပ် ၁ ယောက်မှာမူ လျှိုမိသားစု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် လျှိုခွင်း ဖြစ်သည်။

သူနှင့် လျှိုလင်ကျူး အပါအဝင် သူတို့ ၄ ယောက်သည် လျှိုမိသားစုမှ စန်းလန်အဖွဲ့အစည်း စစ်ဆေးမှုတွင် ပါဝင်မည့် ကိုယ်စားလှယ်များ ဖြစ်ကြသည်။

"ညီနောင်ကျန်းချန် ရောက်လာပြီလား.. ငါတို့ ချင်းလွမ်မြို့က စန်းလန်အဖွဲ့အစည်း စစ်ဆေးမှုလုပ်မဲ့ နေရာဖြစ်တဲ့ စန်းဟိုင်မြို့နဲ့ အတော်ဝေးတဲ့ အတွက် နောက်ကျလို့မဖြစ်ဘူး.. အမြန်သွားရအောင် "

လျှိုရွှယ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပဥ္စမအဆင့်သားရဲ ဖြစ်သည့် ကြိုးကြာငှက်ကို ဆင့်ခေါ်လိုက်သည်။

ကြိုးကြာငှက်က အရွယ်အစား အလွန်ကြီးမားပြီး အတောင်ပံများသည် ငွေရောင်အမွေးများဖြင့် တောက်ပနေခဲ့သည်။

ကျန်းချန်တို့က လျှိုရွှယ်ဖုန်း ဆင့်ခေါ်လိုက်သည့် ကြိုးကြာငှက်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။

ထို့နောက် ကြိုးကြာငှက်သည် ငွေရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ဆီသို့ ပျံသန်းသွားခဲ့သည်။

စန်းလန်အဖွဲ့အစည်း စစ်ဆေးမည့်နေရာသည် စန်းဟိုင်မြို့ပေါ်တွင် နာမည်ကြီးသည့် စန်းဟိုင်မြို့ပင် ဖြစ်သည်။

စန်းဟိုင်မြို့သည် စန်းဟိုင်ကျွန်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး စန်းဟိုင်ကျွန်း၏ အစည်ကားဆုံးနေရာလည်း ဖြစ်သည်။

ဆိုရလျှင် စန်းဟိုင်မြို့သည် စန်းဟိုင်ကျွန်း၏ နယ်မြေ ၄ ခုထဲတွင် မည်သည့်နယ်မြေနှင့်မျှ မသက်ဆိုင်ပေ။

၎င်းကို ထိန်းချုပ်ထားသည်မှာ စန်းဟိုင်မြို့၏ တစ်ဦးတည်းသော အာဏာရှင် ဖြစ်သည့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ကျွန်းပိုင်ရှင် စန်းထျန်းခို့ ဖြစ်သည်။

စန်းထျန်းခို့သည် ကျွန်း၏အရှင်သခင် ဖြစ်ရုံသာမက စန်းလန်အဖွဲ့အစည်းတွင် ပြောရေးဆိုခွင့်ရှိသူလဲ ဖြစ်၏။

၎င်းက နှစ်စဥ်နှစ်တိုင်းတွင် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို ဦးဆောင်ကျင်းပလေ့ ရှိသည်။

၅ ရက်အကြာတွင် ကျန်းချန်တို့ စီးလာသည့် ကြိုးကြာငှက်သည် ချင်းလွမ်မြို့ထက် ပို၍ ကြီးကျယ်ခမ်းနားသည့် မြို့တစ်မြို့၌ ဆင်းသက်ခဲ့၏။

စန်းလန်အဖွဲ့အစည်း စစ်ဆေးမှုက နောက်တစ်နေ့မှ ကျင်းပမည်ဖြစ်ရာ ကျန်းချန်တို့သည် စန်းဟိုင်မြို့ထဲသို့ ဝင်ကာ တည်းခိုရန်အတွက် တည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့၏။

မြို့ထဲသို့ ရောက်ပြီးနောက်တွင် ဘာမှမယ်မယ်ရရ လုပ်စရာမရှိ၍ ကျန်းချန်တို့သည် စန်းဟိုင်မြို့ထဲသို့ အပျင်းပြေ လှည့်လည် သွားလာခဲ့သည်။

အခန်း(၆၃၂)ပြီး၏။

အခန်း(၆၃၃)

"သခင်လေးကျန်း..စန်းဟိုင်မြို့မှာ ယွင်ဟိုင် မျှော်စင်ရှိတယ်လို့ကြားမိတယ်.. သူတို့ရဲ့နာမည်ကျော် ဟင်းလျာဖြစ်တဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးက ဖုန်းမင်ရွှယ်ရဲ့ ကောင်းကင်သွေးဖီးနစ် တောင်ပံမွှေးထက် ပိုပြီး တန်ဖိုးကြီးတယ်လို့ ကြားတယ်.. ကျွန်မတို့တွေ သွားစားကြမလား"

စန်းဟိုင်မြို့ထဲတွင် ခဏလောက် လှည့်လည်သွားလာပြီးနောက် ပျင်းရိလာသည့် လျှိုလင်ကျူးက ရုတ်တရက် ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်သည် လျှိုလင်ကျူး ပြောသည့် ယွင်ဟိုင်မျှော်စင်ကို ရုတ်တရက် စိတ်ဝင်စားသွားခဲ့သည်။

"ဒါဆိုလည်း သွားကြတာပေါ့"

အလွန်ပင်ရှားပါးသည့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်သားရဲဖြစ်သည့် ဒဏ္ဍာရီလာ ဖန်းဟိုင်သိဒ္ဓိနှင်းငါး..

ထိုငါးသည် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်ရုံသာမက အလွန်မှော်ဆန်သော စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။

ထိုစွမ်းအားက ကျင့်ကြံသူကို ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားစေပြီး အလွန်ခက်ခဲသည့် သိုင်းပညာ တချို့ကိုပင် အလျင်အမြန် နားလည်စေသည်။

သို့သော် ဖန်းဟိုင်သိဒ္ဓိနှင်းငါးသည် ကီလိုမီတာ တော်တော်များများ နက်ရှိုင်းသည့် ပင်လယ်ရေအောက်တွင်သာ နေထိုင်ပြီး အနံ့ခံအာရုံ ထက်မြက်သည်။

ထို့အပြင် လျင်မြန်စွာ လှုပ်ရှားနိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိပြီး အရှိန်အဟုန်လည်း အလွန်မြန်ဆန်၏။

ထို့ကြောင့် ဖန်းဟိုင်သိဒ္ဓိနှင်းငါး တစ်ကောင်ကို ဖမ်းဖို့ ဆိုသည်မှာ ဆဌမအဆင့် သားရဲတစ်ကောင်ကို ဖမ်းသည်နှင့် မကွာပေ။

စန်းဟိုင်မြို့ရှိ ယွင်ဟိုင်မျှော်စင်တွင် ထိုကဲ့သို့ ငါးတစ်ကောင်ကို ဖမ်းဆီးနိုင်မည့် စွမ်းရည်မျိုး ရှိမည်ဟု‌ ကျန်းချန် မထင်ထားခဲ့ပေ။

၎င်းတို့က ဖန်းဟိုင်သိဒ္ဓိနှင်းငါးလို ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်သားရဲကိုပင် နာမည်ကျော် ဟင်းလျာအဖြစ် ပြောင်းလဲပစ်ခဲ့သည် မဟုတ်ပါလား။

"လင်ကျူး.. ငါ့စိတ်ထင် နင့်ရဲ့အတွေးတွေကို မေ့ပစ်လိုက်တာ ပိုကောင်းမယ်.. ငါသိသလောက်တော့ ယွင်ဟိုင်မျှော်စင်ရဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးက အရမ်းကို စျေးကြီးပြီး သူ့ရဲ့တန်ဖိုးက ဆဌမအဆင့် ဆေးလုံးတစ်လုံး တန်ဖိုးနဲ့တောင် မကွာခြားဘူး.. ဒါ့အပြင် ယွင်ဟိုင်မျှော်စင်မှာ နေ့စဉ်ရောင်းချတဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးရဲ့ အရေအတွက်က အရမ်းနည်းတယ်.. မင်းမှာပိုက်ဆံရှိရင်တောင်မှ ရချင်မှရလိမ့်မယ်"

လျှိုလင်ကျူးနှင့် ကျန်းချန်တို့က ယွင်ဟိုင်မျှော်စင်မှ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို သွားရောက်စားသုံးရန် စီစဉ်နေသည်ကို ကြားလျှင် နံဘေးရှိ လျှိုခွင်းသည် ပြုံး၍ ပြောလိုက်သည်။

"မစမ်းကြည့်ရင် ဘယ်လိုလုပ် သိနိုင်မှာလဲ.. ငါတို့ အဲဒီကိုသွားကြည့်ကြတာပေါ့"

လျှိုလင်ကျူးက ထိုစကားကို ပြောလိုက်ပြီးနောက် ကျန်းချန်နှင့်လျှိုယင်တို့ကို ယွင်ဟိုင်မျှော်စင်ဆီ ဆွဲခေါ်သွားခဲ့သည်။

လျှိုခွင်းသည်လည်း သူတို့နောက်သို့ လိုက်ပါသွားခဲ့ရသည်။

မကြာခင်မှာပင် သူတို့အဖွဲ့သည် ယွင်ဟိုင်မျှော်စင်သို့ ရောက်ရှိသွားခဲ့သည်။

ယွင်ဟိုင်မြို့၏ နာမည်အကျော်ကြားဆုံး စားသောက်ဆိုင်အနေဖြင့် ယွင်ဟိုင်မျှော်စင်သည် သဘာဝကျစွာပင် အလွန်ခမ်းနားကြီးကျယ်သည်။

အထူးသဖြင့် တံခါးဝအထက်မှ အရှည်သုံးပေရှိသည့် ဧရာမဆိုင်းဘုတ်ကြီးသည် အထူးပင် တောက်ပနေခဲ့သည်။

ထိုကြီးမားသော ဆိုင်းဘုတ်တွင် နဂါးနှင့်ဖီးနစ်ပုံစံဖြင့် ရေးထိုးထားသည့် ယွင်ဟိုင်မျှော်စင်ဆိုသည့် စာလုံးအပြင် ကျန်းချန်သည် ထိုစာလုံး၏အောက်၌ စာလုံးသေးသေးလေးများကိုလည်း တွေ့လိုက်ရသည်။

"ဒီယွင်ဟိုင်မျှော်စင်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ ဆိုင်းဘုတ်မှာတောင် မပြည့်စုံတဲ့ ဆေးညွှန်းတစ်ခုကို ရေးထိုးထားတယ်"

ကျန်းချန်က ဆိုင်းဘုတ်ကို စိတ်ဝင်တစားကြည့်ရင်း ရေရွတ်လိုက်သည်။

ဆိုင်းဘုတ်ပေါ်တွင် ရေးထားသော စာလုံးသေးသေးလေးများသည် သတ္တမအဆင့်ဆေးဝါးကို ဖော်စပ်ရာတွင် လိုအပ်သည့် ပါဝင်ပစ္စည်းတစ်ခုစီ၏ အမည်များဖြစ်သည်။

အားလုံးကို ခြုံငုံ၍ကြည့်လိုက်လျှင် ထိုအရာက မပြည့်စုံသည့်သတ္တမအဆင့် ဆေးညွှန်းမှန်း ထင်ရှားနေ၏။

"ဒင်.. မပြည့်စုံတဲ့ သတ္တမအဆင့်၊ အဆင့်မြင့် ဆေးညွှန်းကို ကြည့်ရှုခြင်းကနေ အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်..သင်က စိတ်ဝိညာဉ်ကောင်းကင်ဆေးလုံးကို နားလည်သွားပါပြီ"

"ဒါက စိတ်ဝိညာဉ်ကို ပြန်လည် ကောင်းမွန်လာစေတဲ့ သတ္တမအဆင့်၊ အဆင့်မြင့်ဆေးလုံး ဖြစ်နေတာကိုး"

သူ၏စိတ်ထဲမှ သတိပေးချက်အသံကို ကြားလျှင် ကျန်းချန်သည် အံ့သြတုန်လှုပ်သွားခဲ့သည်။

ဤယွင်ဟိုင်မျှော်စင်က အလွန်ပင် ထူးဆန်းသည်ဟုဆိုရမည်။

ဆိုင်းဘုတ်မှာပင် မပြည့်စုံသော သတ္တမအဆင့်အဆင့်မြင့်ဆေးညွှန်းတစ်ခုကို အမှန်တကယ် ထွင်းထုထားခဲ့သည် မဟုတ်ပါလော။

"ညီနောင်ကျန်းက ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တစ်ချက်ကြည့်လိုက်တာနဲ့ ယွင်ဟိုင်မျှော်စင်ရဲ့ ဆိုင်းဘုတ်ပေါ်က မပြည့်စုံတဲ့ ဆေးညွှန်းကို သတိထားမိသားပဲ"

ထိုအချိန်တွင် လျှိုခွင်း၏ အသံသည် ကျန်းချန်၏ နားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က လျှိုခွင်းကို လှည့်ကြည့်ကာ စိတ်ဝင်စားသော အမူအရာဖြင့် မေးလိုက်၏။

"မင်းလည်း ဆိုင်းဘုတ်ပေါ်မှာရှိတဲ့ ဆေးညွှန်းရဲ့ အကြောင်းကိုသိတယ်လား"

"ဒါက ပြီးပြည့်စုံမှုမရှိတဲ့ သတ္တမအဆင့်၊ အဆင့်မြင့် ဆေးညွှန်းတစ်ခုပါ.. ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်က ဒီမပြည့်စုံတဲ့ဆေးညွှန်းကို ပြီးပြည့်စုံစေချင်လို့ ဆိုင်းဘုတ်မှာ တမင်တကာ ထွင်းထုထားတာပါ.. ဒီဆေးလုံးကို ပြီးပြည့်စုံအောင်လုပ်နိုင်ရင် ယွင်ဟိုင်မျှော်စင်ရဲ့အထူးဧည့်သည် ဖြစ်မဲ့အပြင် ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်ကိုလည်း ဘယ်လို တောင်းဆိုချက် မဆို တောင်းဆိုနိုင်တယ်လို့ ဆိုကြတယ်"

လျှိုခွင်းက ခေါင်းကိုခါရမ်း၍ သက်ပြင်းချကာ ပြောလိုက်သည်။

"စန်းဟိုင်ကျွန်းမှာ သတ္တမအဆင့်ဖြစ်တဲ့ ဘုရင်အဆင့် အဂ္ဂိရတ်ဘုရင်မှ မရှိတာ...ဒီမပြည့်စုံတဲ့ အဆင့်မြင့် သတ္တမအဆင့် ဆေးညွှန်းကို ဘယ်သူက ဖြည့်ပေးနိုင်မှာလဲ"

အခန်း(၆၃၃) ပြီး၏။

All Chapters