အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း (၆၃၄)
"ဆေးညွှန်းအပြည့်အစုံကို ဘယ်သူမှ မဖြည့်ဆည်းနိုင်ဘူးလား "
လျှိုခွင်း၏ စကားကို ကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အလိုအလျှောက် ကွေးညွှတ်သွားခဲ့သည်။
အဆတစ်ရာစနစ် ရှိနေသည့် သူ့အတွက်မူ ဆေးညွှန်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်းသည် ကိတ်မုန့်ကို ဖဲ့သလောက်ပင် မခက်ခဲပေ။
"သတ္တမအဆင့် အဆင့်မြှင့်ဆေးညွှန်းကို သတ္တမအဆင့် ဖြစ်တဲ့ ဘုရင်အဆင့် အဂ္ဂိရတ်သခင်တောင် ပြီးပြည့်စုံအောင်လုပ်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်"
လျှိုလင်ကျူးက ချစ်စရာကောင်းသည့် လျှာလေးကို တစ်လစ်ထုတ်ကာ ပြောလိုက်၏။
"သခင်လေးကျန်း ဆိုင်းဘုတ်ကို ကြည့်မနေနဲ့တော့.. အထဲ၀င်ကြရအောင် "
"ကောင်းပြီလေ"
ကျန်းချန်က ခေါင်းငြိမ့်လိုက်သည်။
သူသည် စိတ်ဝိညာဥ်ကောင်းကင် ဆေးလုံး၏ ပြီးပြည့်စုံသောဆေးညွှန်းကို နားလည်သွားပြီ ဖြစ်၍ ဆိုင်းဘုတ်ပေါ်မှ မပြည့်စုံသော ဆေးညွှန်းကို ကြည့်နေစရာ မလိုအပ်တော့ပေ။
"ဧည့်သည်တော်တို့ ကြွကြပါ.. ယွင်ဟိုင်မျှော်စင်က ကြိုဆိုပါတယ် "
သူတို့ ၄ ဦး ယွင်ဟိုင်မျှော်စင် တံခါး၀ကနေ လျှောက်၀င်သွားသည်နှင့် အစေခံမလေး တစ်ယောက်က ပြုံး၍ ကြိုဆိုလိုက်သည်။
လျှိုလင်ကျူးက အလယ်အလတ် မှော်စွမ်းအင် ကျောက်တုံးတစ်တုံးကို အစေခံမလေးအား မုန့်ဖိုးအဖြစ် ပေးလိုက်ပြီး
"ငါတို့ကို သီးသန့် အခန်းတစ်ခန်း စီစဥ်ပေးပါ"ဟု ပြောလိုက်သည်။
"ဧည့်သည်တော်တို့ အရမ်းကံကောင်းတယ်.. ကျွန်မတို့ ယွင်ဟိုင်မျှော်စင်မှာ သီးသန့်အခန်းက တစ်ခန်းပဲ ကျန်တော့တယ်.. ကျွန်မ နောက်ကနေ လိုက်ခဲ့ပေးကြပါ "
အစေခံမလေးက ကျန်းချန်တို့ ၄ ယောက်ကို ပျူငှာစွာ ပြောလိုက်သည်။
အလယ်အလတ်အဆင့် မှော်စွမ်းအင် ကျောက်တုံးကို အလွယ်တကူ မုန့်ဖိုးအဖြစ် ပေးနိုင်သူသည် သာမာန်လူ မဟုတ်မှန်း သူမ ကောင်းစွာသိသည်။
လေးယောက်သား အစေခံမလေး နောက်ကနေ လှေကားထစ်ကိုတက်လာပြီးနောက် သန့်ရှင်းသပ်ရပ်သည့် အခန်းတစ်ခု ထဲသို့ ရောက်လာခဲ့သည်။
"မင်းတို့ရဲ့နာမည်ကျော် ဟင်းလျာဖြစ်တဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါး ရှိသေးလား"
အခန်းထဲတွင် ထိုင်ပြီးသည်နှင့် လျှိုလင်ကျူးသည် အစေခံမလေးကို မအောင့်အီးနိုင်ဘဲ မေးလိုက်၏။
သူမ၏ စကားကိုကြားလျှင် အစေခံမလေးက ချက်ချင်းဆိုသလို အားတုံ့အားနာ အမူအရာဖြင့် ပြန်ဖြေလိုက်၏။
"စိတ်မကောင်းပါဘူး သခင်မလေး.. ဒီနေ့ရောင်းချမဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါး ၃ ပွဲလုံးကို ကြိုတင်မှာယူပြီးသား ဖြစ်သွားလို့ပါ "
ဖန်းဟိုင်သိဒ္ဓိနှင်းငါး ကုန်သွားပြီ ဟူသော စကားကိုကြားလျှင် လျှိုလင်ကျူး၏ စိတ်၀င်စားမှုသည် ရုတ်တရက် လျော့သွားခဲ့သည်။
"ဖန်းဟိုင်သိဒ္ဓိနှင်းငါး မရှိဘူး ဆိုမှတော့လဲ တခြား နာမည်ကြီးဟင်းလျာ တစ်ချို့ကိုပဲ စားကြတာပေါ့ "
"ကျွန်မတို့ ယွင်ဟိုင်မျှော်စင်မှာ ဖန်းဟိုင်သိဒ္ဓိနှင်းငါး အပြင် တိမ်ပင်လယ်ထဲက ရတနာရှစ်ပါး ဟင်းလျာကလဲ အရမ်းကို နာမည်ကြီးပါတယ်.. လူကြီးမင်းတို့ နှစ်သက်မလားတော့ မသိဘူး "
"အားလုံးထွက်သွားကြစမ်း..ဒီသီးသန့်အခန်းက ငါ့ရဲ့အခန်းပဲ"
အစေခံမလေး၏ စကားသံ ဆုံးသွားသော အချိန်တွင် အခန်းတံခါးက ရုတ်တရက် ကန်ဖွင့်ခံလိုက်ရသည်။
ထို့နောက်တွင် ခန္ဓာကိုယ်တောင့်တင်းပြီး ဆံပင်နီနှင့် လူငယ်လေး တစ်ယောက်သည် အခန်းထဲသို့ တိုက်ရိုက် လျှောက်၀င်လာခဲ့၏။
"သခင်လေးဖူ..သခင်လေးက ညမှလာမယ်လို့ ပြောထားတာ မဟုတ်လား...ဘာလို့ အခု ရောက်လာရတာလဲ"
ဆံပင်နီနှင့် လူငယ်လေးကို မြင်လျှင် အစေခံမလေး၏ လှပသော မျက်နှာလေးသည် ဖြူဖျော့သွားခဲ့၏။
သူမရှေ့မှ ဆံပင်နီနှင့် လူငယ်သည် ယွင်ဟိုင်မျှော်စင်၏ ဖန်းဟန်သိဒ္ဓိနှင်းငါးကို ကြိုတင်မှာယူထားသည့် အထူးဧည့်သည်များထဲမှ တစ်ယောက် ဖြစ်၏။
သခင်လေးဖူက ယွင်ဟိုင်မျှော်စင်တွင် ညစာစားမည်ဟု ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။
ထို့ကြောင့် မွန်းတည့်ချိန်သာ ရှိသေးသော အချိန်တွင် သူမသည် ဤသီးသန့်အခန်းကို ကျန်းချန်တို့ ၄ ယောက်အား ပေးလိုက်ရခြင်းပင်။
သို့သော်လည်း သူမက ကျန်းချန်တို့ ၄ ယောက်ကို သီးသန့်အခန်းထဲသို့ ခေါ်သွားပြီးနောက်တွင် သခင်လေးဖူသည် ရုတ်တရက် ရောက်ချလာခဲ့သည်။
သခင်လေးဖူက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ငါဘယ်ချိန်ရောက်လာမယ် ဆိုတာ မင်းကို အသိပေးရဦးမှာလား "
"မဟုတ်.. အဲဒီလို မဟုတ်ပါဘူး "
အစေခံမလေးက စိတ်ရင်းထဲကနေ ကြောက်ရွံ့တုန်လှုပ်စွာပြောလိုက်၏။
"သခင်လေးဖူ ခဏလောက် စောင့်ပေးလို့ရမလား "
"ဘာလို့ စောင့်ပေးရမှာလဲ.. ငါက မင်းတို့ ယွင်ဟိုင်မျှော်စင်က ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ကြိုတင်မှာယူထားတဲ့ အထူးဧည့်သည်တစ်ယောက်ပဲ.. မင်းက ငါ့ကို စောင့်ခိုင်းရဲတယ် ဆိုတော့ အသက်မရှင်ချင်တော့ဘူး ထင်တယ် "
ဆံပင်နီနှင့် လူငယ်က ရုတ်တရက် အစေခံမလေးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အစေခံမလေးသည် ကြမ်းပြင်ပေါ်တွင် ပုံကျသွားခဲ့သည်။
ထို့နောက်တွင် သူ၏ စူးရှသောအကြည့်သည် ကျန်းချန်တို့ လေးယောက်ဆီသို့ ကျရောက်လာခဲ့၏။
"မင်းတို့ လေးယောက် အခြေအနေနားလည်ရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားကြစမ်း "
ဆံပင်နီနှင့် လူငယ်၏ မောက်မာသော အမူအရာကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဖျပ်ခနဲပေါ်လာခဲ့သည်။
သူက သူ့နေရာမှာပင် ငြိမ်သက်စွာ ဆက်လက် ထိုင်နေခဲ့သည်။
သူ၏ အေးစက်စက် အသံသည် အခန်းထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"ငါတို့က အခြေအနေကို နားမလည်ဘူး ဆိုရင်ရော မင်းဘာလုပ်နိုင်မှာလဲ"
အခန်း(၆၃၄)ပြီး၏။
အခန်း(၆၃၅)
"ကောင်လေး.. မင်း ကျားသစ်အသည်းနဲ့ ဝက်ဝံအသည်းကို စားထားလို့ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတာလား"
ဆံပင်နီနှင့် လူငယ်က ကျန်းချန်ကို သတ်ဖြတ်လိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းအခုနေ ထွက်မသွားရင် မကြာခင်မှာ အသေထွက်သွားရလိမ့်မယ်လို့ ငါကတိပေးတယ်"
"ဒီက သခင်လေးက ဖူမိသားစုက ဖြစ်မယ်ထင်တယ်.. ငါတို့က ချင်းလွမ်ရဲ့ လျှိုမိသားစုကပါ.. မင်းတို့က ညအတွက် ဒီနေရာကို ကြိုတင်မှာယူထားပေမဲ့ မွန်းတည့်ချိန်မှာ ရောက်ချလာပြီး ငါတို့ကို နှင်ထုတ်ဖို့ ကြိုးစားနေတာက အနည်းငယ် မသင့်တော်ဘူးလို့ မထင်ဘူးလား"
လျှိုခွင်းက ဆံပင်နီနှင့် လူငယ်ကို မကျေမနပ် အမူအရာဖြင့် ပြောလိုက်သည်။
ဖူဟူနယ်မြေသည် စန်းဟိုင်ကျွန်း၏ နယ်မြေလေးခုထဲတွင် အားအကောင်းဆုံး နယ်မြေ ဖြစ်သည်။
တခြားသော နယ်မြေသုံးခုနှင့် မတူသောအချက်မှာ ဖူဟူနယ်မြေတွင် ဖူမိသားစုသည် နယ်မြေတစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ်ထားသည့် အရှင်သခင် ဖြစ်သည်။
စန်းဟိုင်ကျွန်း တစ်ခုလုံးမှာပင် ဖူမိသားစုသည် နံပါတ်တစ်မိသားစု ဆိုလည်းမမှားပေ။
"ချင်းလွမ်ရဲ့ လျှိုမိသားစုက အမှိုက်လေးတွေကိုး.. ငါ့ဘာသာစောစော ရောက်လာတာ မင်းသောက်ပူဘာပါလဲ.. မင်းရဲ့အဆင့်အတန်းလောက်ကို မပြောနဲ့.. မင်းတို့ ချင်းလွမ်ရဲ့ နံပါတ်တစ် ပါရမီရှင် တင်းဟုန်ကိုယ်တိုင် ဒီမှာ ရှိနေရင်တောင် ငါဖူလေ့က သူ့ကို မောင်းထုတ်ဦးမှာပဲ.. နောက်ဆုံးအနေနဲ့ မင်းတို့ကို အခွင့်အရေးပေးမယ်.. ငါဘာမှ မလုပ်ခင် အခုချက်ချင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားလိုက်.."
ဖူလေ့က လျှိုခွင်းကို မထီတရီကြည့်၍ ပြောလိုက်သည်။
လျှိုမိသားစုသည် ချင်းလွမ်၏ နံပါတ်တစ် မိသားစု ဖြစ်သော်လည်း နယ်မြေလေးခုကို ဦးဆောင်နေသော မိသားစု အားလုံးထဲတွင် လျှိုမိသားစု၏ အင်အားသည် အောက်ဆုံး အဆင့်တွင်သာ ရှိသည်။
ထို့ကြောင့် သူက ချင်းလွမ်၏ နံပါတ်တစ်မိသားစု ဖြစ်သော လျှိုမိသားစုကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
"မင်းတို့က ဖူမိသားစုရဲ့ နှစ်ဆပါရမီရှင်ကို စမ်းချင်နေတာလား.."
ဖူလေ့၏ စကားကိုကြားလျှင် လျှိုခွင်းနှင့် တခြားသူများ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဖူမိသားစု၏ နှစ်ဆပါရမီရှင်များသည် စန်းဟိုင်ကျွန်းတွင် အလွန်ပါရမီရှိသော ပါရမီရှင်များ ဖြစ်ကြသည်။
လွန်ခဲ့သည့်နှစ်က စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုတွင် ဖူမိသားစု၏ နှစ်ဆပါရမီရှင်များသည် ငွေရောင်တပည့် စစ်ဆေးမှုကို စိန်ခေါ်ခဲ့ပြီး စန်းလန် အဖွဲ့အစည်း၏ ငွေရောင်တပည့် ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။
ဤနှစ်တွင် ဖူမိသားစု၏ နှစ်ဆပါရမီရှင်များသည် ဆယ်နှစ်အတွင်း စန်းဟိုင်ကျွန်း၌ မည်သူမှ မအောင်မြင်ခဲ့သည့် စန်းလန်အဖွဲ့အစည်း၏ ငွေရောင်တပည့် စစ်ဆေးမှုကို အောင်မြင်ရန် အလားအလာ အလွန်များနေခဲ့၏။
"လင်ကျူး သီးသန့်အခန်းကို သူ့ဆီ ပေးလိုက်ရအောင်"
လျှိုခွင်းက လျှိုလင်ကျူးကို တီးတိုးပြောလိုက်သည်။
ဖူမိသားစု၏ နှစ်ဆပါရမီရှင်များသည် အလွန်ပင် အင်အားကြီးမားရုံသာမက အမြဲတစေ မောက်မာတတ်ကြသည်။
အကယ်၍ ဖူလေ့နဲ့သာ ပြဿနာတတ်ခဲ့လျှင် သူတို့သည် ယနေ့တွင် အမှန်တကယ် ဒုက္ခရောက်လိမ့်မည် ဖြစ်၏။
လျှိုလင်ကျူးက လျှိုခွင်း၏စကားကို လျစ်လျူရှုခဲ့ပြီး သူမ နံဘေးရှိ ကျန်းချန်ကို မေးလိုက်သည်။
"သခင်လေးကျန်း.. ဘယ်လိုလုပ်ရင်ကောင်းမလဲ"
"ဟားဟား..ဒီသီးသန့်အခန်းက ငါတို့ရဲ့အခန်းပဲ.. ဒီကောင်ကဘာမို့လို့ ငါတို့ကို ထွက်သွားခိုင်းဖို့ အရည်အချင်းရှိလို့လဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ဒီနေ့ မွန်းတည့်ချိန်မှာ ငါက ဒီအခန်းထဲမှာပဲ စားသောက်ဖို့အတွက် ဆုံးဖြတ်ထားတယ်"
"မင်းက ဝိုင်ကောင်းကို အေးအေးဆေးဆေး မသောက်ချင်ဘူးကိုး"
ကျန်းချန်၏ စကားကိုကြားလျှင် ဖူလေ့၏ မျက်နှာသည် အေးစက်သွားခဲ့သည်။
သူက လက်သီးကို ရုတ်တရက်ဆုပ်လိုက်ပြီး အနီရောင်မှိန်ဖျော့ဖျော့အလင်းများ ထွက်နေသည့် လက်သီးချက်ဖြင့် ကျန်းချန်ကို လျှပ်တပြက် ထိုးလိုက်သည်။
ကျန်းချန်က သူ့ဆီသို့ လာနေသည့် လက်သီးကို တည်ငြိမ်စွာပင် ကြည့်နေခဲ့၏။
ဖူလေ့၏ လက်သီးက သူနှင့်သုံးပေအကွာသို့ အရောက်တွင် ကျန်းချန်သည် လက်သီးတစ်လုံးကို ဖူလေ့၏ လက်သီးဆီသို့ ပစ်သွင်းလိုက်သည်။
"ဝုန်း.."
ရုပ်ပိုင်းဆိုင်ရာ အင်အားကိုသာ အားပြုထားသည့် လက်သီးနှစ်လုံးသည် လေထဲတွင် ထိပ်တိုက် ရင်ဆိုင်မိခဲ့ကြသည်။
ဖူလေ့၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလို ခုနှစ်လှမ်းရှစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။
သူက နေရာမှာပင် ငြိမ်သက်စွာ ထိုင်နေသည့် ကျန်းချန်ကိုကြည့်ကာ အဆုံးသတ်၌ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူ၏ရှေ့မှလူငယ် အသာအယာ ထိုးလိုက်သော လက်သီးချက်သည် သူ့ကို နောက်ဆုတ်သွားစေခဲ့သည် မဟုတ်ပါလော။
ထိုအချိန်တွင် ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်သံသည် အခန်းထဲတွင် ဖြည်းညှင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ဟားဟား..မင်းတို့ ဖူမိသားစုက နှစ်ဆပါရမီရှင်ရဲ့ အစွမ်းက ဒီလောက်ပဲလား.. ဒီလောက် အစွမ်းလေးနဲ့ နှစ်ဆပါရမီရှင်လို့ခေါ်ရဲသေးတယ်.. ငါ့မျက်စိထဲမှာတော့ မင်းတို့ နှစ်ဆပါရမီရှင်တွေက အမှိုက်တွေပဲ"
အခန်း ( ၆၃၅ ) ပြီး၏။
အခန်း(၆၃၆ )
"ဖူမိသားစုရဲ့ အမှိုက်ဟုတ်လား.. ဒီနှစ်အတွင်းထဲမှာ ငါတို့ညီနောင်တွေကို အမှိုက်လို့ ခေါ်ရဲတာ မင်းပထမဆုံးပဲ"
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် တံခါးဝကနေ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အသံလာရာဆီသို့ကြည့်လိုက်ရာ ဖူလေ့နှင့် အနည်းငယ် ဆင်တူသည့် လူငယ်တစ်ယောက်နှင့် အတူ နောက်ထပ် လူ၂ ယောက်က အထဲသို့ လျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဦးဆောင်လာသည့် လူငယ်သည် ဖူမိသားစုမှ နှစ်ဆပါရမီရှင်များ၏ ခေါင်းဆောင် ဖူယန် ဖြစ်၏။
ဖူယန်က ကျန်းချန်တို့ ၄ယောက်ကို စူးစိုက်၍ ကြည့်လိုက်ပြီးနောက်တွင် နံဘေးရှိ ဖူလေ့ကို မျက်မှောင်ကျုံ့ကာ မေးခွန်းထုတ်လိုက်၏။
"ဖူလေ့ ဘာတွေဖြစ်နေတာလဲ"
"အကို.. လျှိုမိသားစုရဲ့ လူတွေက ကျွန်တော်တို့ရဲ့ သီးသန့်အခန်းကို သိမ်းပိုက်ထားတယ် "
ဖူလေ့က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်၍ ပြောလိုက်၏။
"မင်းက လျှိုမိသားစုရဲ့ လူတစ်ချို့ကိုတောင် မကိုင်တွယ်နိုင်ဘူးလား.. သူမင်းကို အမှိုက်လို့ခေါ်တာလဲ မဆန်းပါဘူး "
ဖူယန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်၏။
ထိုခဏတွင် ကျန်းချန်တို့ လေးယောက်ကို ကြည့်နေသည့် သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင် တစ်ချို့ ဖျပ်ခနဲ ပေါ်လာခဲ့သည်။
"ငါတစ်ခွန်းပဲပြောမယ်.. မင်းတို့တွေအားလုံး ဒီအခန်းထဲကနေ ချက်ချင်း ထွက်သွားကြစမ်း...ငါ ဖူယန် ကြိုတင်ယူထားတဲ့ သီးသန့်အခန်းက မင်းတို့လို ကြောင်တွေ ခွေးတွေ အတွက် မဟုတ်ဘူး "
ထိုစကားကိုကြားလျှင် ကျန်းချန်က ဖူယန်ကို စေ့စေ့ကြည့်ကာ တုံ့ပြန် ပြောဆိုလိုက်သည်။
"မင်းက ညအတွက် ကြိုတင်အခန်းယူထားတာ ဖြစ်ပြီး ငါတို့က မွန်းတည့်ချိန်မှာ ဒီအခန်းကိုယူခဲ့တယ်.. အချိန် အချက်အလက်အရ ဆိုရင်တော့ ဒီနေရာကနေ ထွက်သွားသင်တဲ့သူက မင်းပဲ "
"ဟားဟား.. မွန်းတည့်ချိန်ရောက်တော့လဲ ဘာဖြစ်လဲ "
ဖူယန်က မောက်မာသော လေသံဖြင့် ပြောလိုက်သည်။
"ငါ ဒီမှာရှိနေသရွေ့ ကောင်းကင်ဘုံရဲ့ ဘုရင်တောင် ငါ့အတွက် သီးသန့်အခန်းကို ပေးရလိမ့်မယ် "
"ဟားဟား မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ.. ကောင်းကင်ဘုံဘုရင် မပြောနဲ့.. ငါ့လို သာမာန်လူကတောင် မင်းအတွက် ဒီသီးသန့်အခန်းကို ပေးမှာမဟုတ်ဘူး "
ကျန်းချန်က မထီတရီ ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
ထို့နောက် သူက လက်နှစ်ချောင်းကို ထောင်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"မင်းမှာအခု ရွေးချယ်စရာ နှစ်ခုပဲရှိတယ်...ပထမတစ်ချက်က အခန်းလွတ် တစ်ခုကို ရှာဖွေလိုက်ပါ.. ဒုတိယတစ်ချက်က ညရောက်တဲ့အထိ စောင့်ဆိုင်းပါ "
"ကောင်လေး ငါ့ရှေ့မှာ မောက်မာဖို့မစဥ်းစားနဲ့.. ငါတို့က ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ကြိုတင်မှာယူထားတဲ့ သူတွေပဲ.. မင်းက ငါတို့ကို သာမန်အခန်းတစ်ခန်းကို ယူပြီး ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို စားခိုင်းတယ်လား "
"အကို ဖူယန်.. သူတို့နဲ့.အခြေအတင် စကားများနေမယ့်အစား နှင်ထုတ်လိုက်ပါလား "
" ........"
ကျန်းချန်၏ မောက်မာသော အမူအရာကို မြင်လျှင် ဖူယန်၏ နောက်မှ အစေအပါး နှစ်ယောက်သည် မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
"စိတ်၀င်စားစရာပဲ"
ဖူယန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူက ရန်လိုသော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ငါက တတိယရွေးချယ်မှုကို လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ "
ထိုစကားကိုကြားလျှင် ကျန်းချန်က လေသံအေးအေးဖြင့်ပင် တုံ့ပြန်လိုက်သည်။
"ဒါဆိုရင်တော့ မင်းအနေနဲ့ သီးသန့်ခန်းမမှာ နေခွင့်မရမဲ့အပြင် မင်းကြိုတင်မှာယူထားတဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကိုတောင် စားနိုင်တော့မှာ မဟုတ်ဘူး "
"ဟားဟား ငါများနားကြားမှာနေတာလား.. ဒီကောင်လေးက ငါတို့ကို ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို မစားစေချင်ဘူးဆိုပဲ.. ရယ်စရာ ကောင်းလိုက်တာ.. ငါတို့က ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ကြိုတင်မှာယူထားပြီးသားပဲ.. ဒီကောင်က ယွင်ဟိုင်မျှော်စင်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်နိုင်မယ်လို့ သူ့ကိုယ်သူ ထင်နေတာလား မသိဘူး"
"ယွင်ဟိုင်မျှော်စင်က ဘယ်လိုနေရာမျိုးလဲဆိုတာ ဒီကောင်သိပုံမရဘူး.. စန်းဟိုင်ကျွန်းရဲ့ အရှင်သခင်တောင် ယွင်ဟိုင်မျှော်စင်ရဲ့ ဆုံးဖြတ်ချက်ကို သွားမရှုပ်ရဲဘူး.. ဒီကောင်က ဘာကောင်မို့လို့လဲ "
"............."
ကျန်းချန်၏ စကားကိုကြားလျှင် ဖူယန်တို့လူစုသည် မထီမဲ့မြင် ပြုကာ လှောင်ရယ်ခဲ့ကြသည်။
ကျန်းချန်က ဖူယန်တို့အဖွဲ့ကို လျစ်လျူရှုကာ မျက်နှာဖြူဖျော့နေသည့် အစေခံမလေးကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်းအခုပဲ မင်းတို့ ယွင်ဟိုင်မျှော်စင်ရဲ့ သူဌေးကို ငါတို့ဆီ လာခိုင်းလိုက်ပါ...ယွင်ဟိုင်မျှော်စင်မှာ အထူးဧည့်သည် တစ်ယောက် ရောက်နေတယ်လို့ သူ့ကိုပြောလိုက်.. ငါ့အနေနဲ့ ဖူမိသားစုက လူတွေ ကြိုတင်မှာထားတဲ့ သီးသန့်အခန်းနဲ့ သူတို့မှာထားတဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကိုလည်း အလိုရှိတယ်"
အခန်း(၆၃၆)ပြီး၏။