အခန်း (၆၃၇-၆၃၉)
Vol. 43 Ch. 637-639
အခန်း(၆၃၇)
ကျန်းချန်၏ စကားကို ကြားလျှင် အစေခံမလေးတင် မကဘဲ လျှိုလင်ကျူးတို့ လူစုပင် တွေဝေသွားကြသည်။
ကျန်းချန်က စန်းဟိုင်မြို့ကို ယခုမှ ပထမဆုံး ရောက်လာခြင်းဖြစ်ပြီး ယွင်ဟိုင်မျှော်စင်ကိုလည်း ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သူက အဘယ်ကြောင့် ယွင်ဟိုင်မျှော်စင်၏ အထူးဧည့်သည် ဖြစ်နိုင်ပါသနည်း။
"ဟားဟား..ယွင်ဟိုင်မျှော်စင်မှာ အထူးဧည့်သည် ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး...မင်းက ဟန်ဆောင်တာ နည်းနည်းများသွားပြီ.. ငါတို့ရှေ့မှာ ယွင်ဟိုင်မျှော်စင်ရဲ့ အထူးဧည့်သည် တစ်ယောက်လို ဟန်ဆောင်နေတာက အရမ်းကိုရယ်စရာပဲ"
ထိုအချိန်တွင် ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ဖူယန်တို့လူစု၏ မထီမဲ့မြင် လှောင်ရယ်သံများသည် ပို၍ ကျယ်လောင်လာခဲ့သည်။
"အရင်က မရှိတာက နောက်ပိုင်းမှာ မရှိလာဘူးလို့ မဆိုလိုဘူး.. ဒီနေ့ကစပြီး ငါက ယွင်ဟိုင်မျှော်စင်ရဲ့ အထူးဧည့်သည်ပဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
သူက အစေခံမလေးကို ပြုံး၍ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဆိုင်းဘုတ်ပေါ်က ဆေးညွှန်းကို ပြီးပြည့်စုံအောင် ဖြည့်ပေးနိုင်ရင် ယွင်ဟိုင်မျှော်စင်ရဲ့ အထူးဧည့်သည်တော် ဖြစ်လာနိုင်တယ်လို့ ကြားတယ် အဲဒါဟုတ်လား.."
"ဟုတ်ပါတယ် သခင်လေး"
အစေခံမလေးက ခေါင်းညိမ့်လိုက်ပြီး ချက်ချင်းပင်တစ်စုံတစ်ခုကို စဉ်းစားမိကာ မယုံကြည်နိုင်သော အမူအရာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ဒါ.. ဒါဆို သခင်လေးက ဆေးညွှန်းကို ဖြည့်နိုင်သွားပြီလား"
ထိုမေးခွန်းကိုကြားလျှင် ကျန်းချန်က ပေါ့ပါးစွာ ရယ်မော၍ ပြောလိုက်သည်။
"မင်းတို့ ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်ကို ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်ကောင်းကင် ဆေးညွှန်း လိုချင်လို့ ရှိရင် ငါ့ဆီ လာခဲ့လို့သွားပြောလိုက်ပါ"
"......."
ကျန်းချန်၏ စကားကိုကြားလျှင် လျှိုလင်ကျူးနှင့် တခြားသူများသည် မယုံကြည်နိုင်သော အမူအရာဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြသည်။
ယွင်ဟိုင်မျှော်စင်၏ တံခါးဝပေါ်ရှိ သတ္တမအဆင့်၊အဆင့်မြင့် မပြည့်စုံသော ဆေးညွှန်းသည် သတ္တမအဆင့်ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရတ်သခင်အတွက်ပင် နားလည်ဖို့ မလွယ်ကူပေ။
ထို့အပြင် ကျန်းချန်သည် ယခုလေးတင် ဝင်လာစဉ်တွင် ဆိုင်းဘုတ်ကို တစ်ချက်လေးသာ လှမ်းကြည့်ခဲ့သည်။
ထိုမျှလောက်ဖြင့် မပြည့်စုံသည့် ဆေးညွှန်းကို နားလည်နိုင်သည် အံ့သြစရာပင် မဟုတ်ပါလော။
"သခင်လေး ခဏလောက် စောင့်ပေးပါ.. ကျွန်မ သခင်မလေးဆီ သွားအကြောင်းကြားလိုက်ပါမယ်"
အစေခံမလေးက ကျန်းချန်ကို ရိုရိုသေသေ ပြောလိုက်ပြီးနောက် အခန်းထဲကနေ အလျင်အမြန် ထွက်သွားခဲ့သည်။
တံခါးဝမှ ဆိုင်းဘုတ်ပေါ်ရှိ မပြည့်စုံသော ဆေးညွှန်းသည် ယွင်ဟိုင်မျှော်စင် အတွက် အလွန်ပင် အရေးကြီး၏။
သူတို့၏ သခင်မလေးက ဤဆေးညွှန်းကို ဖြည့်ပေးနိုင်သည့်မည်သူ့ကိုမဆို သူမကို အကြောင်းကြားရန် ထပ်ခါတလဲလဲတိုက်တွန်းထားသည်။
ယခုကျန်းချန်က ဆေးညွှန်းကို ဖြည့်စွက်ပေးနိုင်သည်ဟု ဆိုနေခဲ့ရာ သူမ အနေဖြင့် သခင်မလေးကို အကြောင်းကြားရတော့မည် မဟုတ်ပါလား။
"ဟေ့ကောင် မင်းစကားကြီး စကားကျယ် လျောက်ပြောနေတာ လျှာခေါက်သွားမှာ မကြောက်ဘူးလား.. ဒီကောင်က သူ့ကိုယ်သူ သတ္တမအဆင့် အဂ္ဂိရတ်ဘုရင်အဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့်၊ အင်ပါယာအဆင့် အဂ္ဂိရတ်သခင်များ ထင်နေတာလား မသိဘူး.. ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်လာရင် သူဘယ်လိုအဆုံးသတ်မလည်းဆိုတာ ငါတို့တွေ ကြည့်ရသေးတာပေါ့"
"............."
အစေခံမလေး ထွက်သွားပြီးနောက်တွင် ဖူယန်တို့ လူစုသည် ကျန်းချန်ကို နောက်တစ်ကြိမ် လှောင်ပြောင်ခဲ့ကြသည်။
ယွင်ဟိုင်မျှော်စင်၏ တံခါးဝရှိ ဆိုင်းဘုတ်ပေါ်မှ မပြည့်စုံသောဆေးညွှန်းနှင့် ပတ်သက်၍ သူတို့သည် သဘာဝကျစွာပင် အလွန် ရှင်းရှင်းလင်းလင်း သိထားကြသည်။
သူတို့ဖူမိသားစုမှ ဆဋ္ဌမအဆင့် အဆင့်မြင့် အဂ္ဂိရတ်သခင်ပင် ယွင်ဟိုင်မျှော်စင်ရှေ့တွင် တစ်ညလုံးရပ်၍ လေ့လာခဲ့သော်လည်း ဘာမှ မဖော်ထုတ်နိုင်ခဲ့ပေ။
သို့ဖြစ်ရာ သူ့ရှေ့မှ ကောင်လေးအနေဖြင့် ယွင်ဟိုင်မျှော်စင်၏ တံခါးဝရှိ ဆိုင်းဘုတ်ပေါ်မှ ဆေးညွှန်းကို ပြီးပြည့်စုံအောင်ဖြည့်စွက်ရန် ဆိုသည်မှာ အိပ်မက်ဆန်သော အတွေးတစ်ခုသာ ဖြစ်သည် မဟုတ်ပါလော။
"သခင်လေးကျန်း.. ရှင်တကယ်ပဲ ယွင်ဟိုင်မျှော်စင်ရဲ့ တံခါးဝမှာရှိတဲ့ ဆေးညွှန်းကို နားလည်ခဲ့တာလား"
လျှိုလင်ကျူးက မှင်တက်ရာကနေ သက်သာလာပြီးနောက်တွင် အဆုံးသတ်၌ သူမ နံဘေးရှိ ကျန်းချန်ကို တီးတိုးမေးခွန်းထုတ်လိုက်သည်။
ယွင်ဟိုင်မျှော်စင်သည် စန်းဟိုင်မြို့တွင် အလွန် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်ပြီး စန်းဟိုင်ကျွန်း၏ အရှင်သခင်ပင် ယွင်ဟိုင်မျှော်စင် ပိုင်ရှင်ကို ကြောက်ရွံ့ရ၏။
ကျန်းချန်သာ အမှန်တကယ် နားမလည်ဘဲ လျှောက်ပြောခဲ့လျှင် ယွင်ဟိုင်မျှော်စင်၏ပိုင်ရှင်နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ နောက်ဆက်တွဲ အကျိုးဆက်များမှာ မတွေးဝံ့စရာပင် မဟုတ်ပါလော။
"စိတ်မပူပါနဲ့.. ငါ့ရဲ့ဦးနှောက်မှာ ဘာပြသနာမှ မရှိပါဘူး.. ဟိတ်ဟန်ထုတ်ပြဖို့ အတွက်လောက်နဲ ကိုယ့်သေတွင်းကိုယ်တူးလောက်တဲ့အထိ ငါမအသေးဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ပျင်းရိလေးတွဲ့သော လေသံဖြင့် ပြောလိုက်သည်။
"ဘာလို့လည်းမသိဘူး.. ငါဝင်လာတုန်းက ဆိုင်းဘုတ်ကို တစ်ချက်လောက်ပဲ ကြည့်လိုက်ပေမဲ့ ဆေးညွှန်းကို မတော်တဆ နားလည်သွားခဲ့တယ်"
အခန်း(၆၃၇) ပြီး၏။
အခန်း(၆၃၈)
"တစ်ချက်ကြည့်လိုက်တာနဲ့ မတော်တဆ နားလည်သွားတာတဲ့လား "
ကျန်းချန်၏ စကားကိုကြားလျှင် အခန်းထဲရှိ လူတိုင်းသည် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။
ယွင်ဟိုင်မျှော်စင်၏ တံခါးဝရှိ ဆေးညွှန်းသည် မပြည့်စုံသော သတ္တမအဆင့်၊အဆင့်မြင့် ဆေးညွှန်းတစ်ခု ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့် မပြည့်စုံသော သတ္တမအဆင့်၊ အဆင့်မြင့်ဆေးညွှန်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ရန်မှာ သတ္တမ အဆင့် ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရတ်သခင်ကလွဲပြီး ထိုကဲ့သို့ စွမ်းရည်မျိုး မရှိနိုင်လောက်ပေ။
ထို့ကြောင့် သူတို့ရှေ့မှကောင်လေးသည် ဟိတ်ဟန်ထုတ်နေသည်မှာ သေချာသလောက်ပင် ဖြစ်၏။
"ကျန်းချန်.. မင်းရူးနေလား.. ဒီယွင်ဟိုင်မျှော်စင်က မင်းနောက်ပြောင်လို့ရတဲ့ နေရာမဟုတ်ဘူး.. ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင် ရောက်လာရင် မင်းတကယ်ပဲ သေသွားလိမ့်မယ်"
လျှိုခွင်း၏ မျက်နှာထက်တွင် ကျန်းချန်ကို အနည်းငယ် မနှစ်မြို့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က လျှိုခွင်းကို အသာအယာ လှမ်းကြည့်ကာ မေးလိုက်သည်။
"ငါနောက်ပြောင်နေတယ်လို့ မင်းကို ဘယ်တုန်းက ပြောခဲ့လို့လဲ"
"တစ်ချက်ကြည့်ရုံနဲ့ မပြည့်စုံတဲ့ သတ္တမအဆင့် အဆင့်မြင့်ဆေးညွှန်းကို နားလည်တယ်ဆိုတာက နောက်ပြောင်တာမဟုတ်လို့ ဘာများဖြစ်နိုင်လို့လဲ.. မင်းက တကယ်ပဲ ဒီမှာ ရှိတဲ့လူတိုင်းကို အရူးလို့များ ထင်နေလား.. မင်းသောက်ရူးထချင်တာက မင်းကိစ္စပဲ.. ငါတို့အားလုံးကိုပါ ဆွဲမထည့်နဲ့"
ထိုခဏတွင် လျှိုခွင်း၏ မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး ချက်ချင်းဆိုသလို လျှိုလင်ကျူးကို ပြောလိုက်သည်။
"လျှိုလင်ကျူး.. ငါတို့ဒီကနေ ထွက်သွားရအောင်.. ဒီအရူးကို ထားခဲ့လိုက်တော့ "
ကျန်းချန်က ကိုယ်ခံပညာနှင့် အဂ္ဂိရတ်ပညာရပ်တွင် ပါရမီ ထူးကဲလွန်း၍ လျှိုခွင်းသည် ကျန်းချန်ကို အလွန် ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့သည်။
သို့သော် ယွင်ဟိုင်မျှော်စင်သည် သာမန်နေရာ တစ်ခု မဟုတ်ပေ။
သူတို့ လျှိုမိသားစု၏ ခေါင်းဆောင် ဖြစ်သည့် လျှိုရွှယ်ဖုန်းပင် မလေးမခန့် မလုပ်ဝံ့သော နေရာ ဖြစ်သည်။
ကျန်းချန်က ယခုလို ဟိတ်ဟန်ထုတ်နေသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားပေ။
ထို့အတွက် လျှိုခွင်းသည် ကျန်းချန်နှင့် အတူ သေဖို့ ထိုင်မစောင့်ချင်ခဲ့ချေ။
သို့သော်လည်း လျှိုလင်ကျူးသည် လျှိုခွင်း၏ စကားကို ကြားသော်လည်း မလှုပ်ရှားခဲ့ပေ။
သူမက လျှိုခွင်းကို အသာအယာ လှမ်းကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"နင်တစ်ယောက်ထဲပဲ သွားတော့.. ငါသခင်လေးကျန်းကို ယုံတယ်"
"မင်းက ဘယ်အချိန်ထိ ဒီအရူးကို ယုံနေဦးမှာလဲ.. ကောင်းပြီလေ.. မင်းက ဒီကောင်နဲ့အတူ သေချင်နေရင်လည်း ဒီမှာပဲ နေခဲ့လိုက်တော့ "
လျှိုခွင်းက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ပြောလိုက်ပြီးနောက်တွင် ထရပ်ကာ အခန်းဝသို့ လျှောက်သွားခဲ့သည်။
သို့သော်လည်း သူတံခါးဝသို့ အရောက်တွင် ရုတ်တရက် ခြေသံများ ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသောမိန်းကလေး တစ်ယောက်သည် အခန်းအပြင်ဘက်ကနေ အထဲသို့ တိုက်ရိုက် လျှောက်ဝင်လာခဲ့၏။
ထိုမိန်းကလေးက အသက် ၂၅၊ ၂၆ လောက်သာ ရှိပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် လှပသော ခန္ဓာကိုယ် အချိုးအစား ရှိသည်။
သူမ၏မျက်ခုံးများက လခြမ်းကွေး ပုံသဏ္ဌာန်ရှိပြီး သူမ၏ အလှသည် နတ်သမီးတစ်ပါးနှင့်ပင် ဆင်တူ၏။
ထိုအမျိုးသမီး ပေါ်ထွက်လာသည်နှင့် အခန်းထဲမှ လူတိုင်းသည် သူမ၏ ဆွဲဆောင်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။
"သခင်မလေး ဒီကသခင်လေးက သခင်မလေးကို ဖိတ်ခိုင်းတဲ့သူပါ"
အစေခံမလေးက ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကျန်းချန်ကို လက်ညှိုးထိုးပြ၍ မိတ်ဆက်ပေးလိုက်၏။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အကြည့်သည် ရုတ်တရက် ကျန်းချန်းဆီသို့ ရောက်ရှိသွားပြီးနောက် သူမ၏ မျက်ဝန်းထက်တွင် အံ့သြအားသင့်သော အမူအရာ တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့၏။
"ဒီက သခင်လေး.. ကျွန်မက ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ယွင်ကျိယန်ပါ.. ဒီက သခင်လေး နာမည်က ဘယ်လိုခေါ်သလဲသိပါရစေ"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ သာယာနာပျော်ဖွယ်ကောင်းသော အသံသည် ကျန်းချန်၏ နားထဲကို ချက်ချင်း ပဲ့တင်ထွက်လာခဲ့၏။
"ယွင်ဟိုင်မျှော်စင်ရဲ့ ပိုင်ရှင်က ဒီခရမ်းရောင် ဝတ်စုံဝတ် မိန်းကလေးလား"
ခရမ်းရောင်ဝတ်စုံဝတ် မိန်းကလေး၏ စကားကိုကြားလျှင် အခန်းထဲရှိ လူတိုင်းသည် အံ့သြတုန်လှုပ်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
ယွင်ဟိုင်မျှော်စဥ်၏ ပိုင်ရှင်သည် အင်အားကြီးမားပြီး ခန့်မှန်းရခက်သည့်သူ ဖြစ်ကာ ၎င်း၏ မျက်နှာအစစ်အမှန်ကိုပင် မြင်ဖူးသူ နည်းပါး၏။
သို့သော်လည်း ယွင်ဟိုင်မျှော်စဥ်၏ ပိုင်ရှင်က အသက်၂၀ကျော်အရွယ် လှပသော မိန်းကလေး တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ခဲ့ထားပေ။
"ကျွန်တော့်နာမည်က ကျန်းချန်ပါ"
ကျန်းချန်းက သူ့ရှေ့မှ လှပသော အမျိုးသမီးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များစွာကို နားလည်ထား၍ ကျန်းချန်၏ အာရုံခံနိုင်စွမ်းသည် သာမန်လူများထက် အဆများစွာ သာလွန်၏။
ထိုမိန်းကလေးထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် မြောက်ပိုင်း တောရိုင်းဒေသမှ ထျန်းယွဲ့ ဂိုဏ်း၏ အကြီးအကဲမင်ယွဲ့ရှင်းထက် လုံးဝ မလျော့ပေ။
အခန်း(၆၃၈)ပြီး၏။
အခန်း(၆၃၉)
"အသက်နှစ်ဆယ်ကျော် အရွယ် မိန်းကလေးက သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေပါလား.."
ဤကဲ့သို့သော ကိုယ်ခံပညာပါရမီသည် အလွန်ပင် ကြောက်စရာကောင်းလွန်း၍ ကျန်းချန်သည် အတိုင်းအဆမရှိ တုန်လှုပ်သွားခဲ့သည်။
အဆတစ်ရာ စနစ်ကို ရရှိပြီးကတည်းက ကျန်းချန်သည် ပါရမီရှင် အများအပြားနှင့် တွေ့ဆုံခဲ့ရ၏။
သို့သော်လည်း သူ့ရှေ့မှလှပသော မိန်းကလေးလောက် သူ့ကိုအံ့အားသင့်စေနိုင်သည့် ပါရမီရှင်မျိုး တစ်ခါမှ မတွေ့ဖူးပေ။
သူတွေ့ဖူးသည့် ကိုယ်ခံပညာပါရမီရှင် အားလုံးသည် ယွင်ကျိယန်၏ ရှေ့တွင် အမှိုက်ဘဝသို့ ရောက်ရှိသွားရလိမ့်မည် ဖြစ်၏။
"သခင်လေးကျန်း ဖြစ်နေတာကိုး..ကောင်းပါပြီ.. သခင်လေးကျန်း နားလည်ထားတဲ့ ဆေးညွှန်းက ကျိယန်အတွက် အရမ်းကို အရေးကြီးတဲ့အတွက် သခင်လေးကျန်းက ဆေးညွှန်းကိုပေးမယ်လို့ မျှော်လင့်ပါတယ်.. ဒီအတွက် သခင်လေးကျန်း တောင်းဆိုချင်တာရှိရင် ကျိယန်ကို ပြောနိုင်ပါတယ်"
ယွင်ကျိယန်က အပိုစကားတွေ မပြောတော့ဘဲ ကျန်းချန်ကို တိုက်ရိုက်ပင် ကမ်းလှမ်းလိုက်သည်။
ကျန်းချန်က ဖူယန်တို့အဖွဲ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ငါ ဒီအခန်းကိုယူပြီး သူတို့မှာထားတဲ့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို မြည်းစမ်းချင်တယ်.. ဒါ့အပြင် သူတို့ကို ငါ့အတွက် ဒီကနေ နှင်ထုတ်ပေးပါ"
သူ၏တောင်းဆိုမှုကို ကြားသည်နှင့် ယွင်ကျိယန်သည်သူမ၏ လှပသောမျက်လုံးလေးများဖြင့် ဖူယန်တို့ လူစုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ရှင်တို့တွေ ယွင်ဟိုင်မျှော်စင်ကနေ ကိုယ့်ဘာသာကိုယ် ထွက်သွားမှာလား ဒါမှမဟုတ် ကျွန်မကိုယ်တိုင် အပြင်ကို ပို့ပေးရမလား"
ယွင်ကျိယန်က သူတို့ကို ယွင်ဟိုင်မျှော်စင်ကနေ နှင်ထုတ်နေသည်ကို သိလျှင် ဖူယန်တို့ လူတစ်စုသည် ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ် တောင့်တင်းသွားကြသည်။
"သခင်မလေးယွင် ဒီကောင်က ယွင်ဟိုင်မျှော်စင်ရဲ့ သတ္တမအဆင့်၊အဆင့်မြင့် ဆေးညွှန်းကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ.. မင်း သူ့ရဲ့ စကားကို မယုံစမ်းပါနဲ့"
ဖူယန်က ကျန်းချန်ကို မယုံကြည်ရန် ယွင်ကျိယန်ကို သတိပေးလိုက်သည်။
ယွင်ဟိုင်မျှော်စင်၏ မပြည့်စုံသော သတ္တမအဆင့်၊ ဆေးညွှန်းသည် စန်းဟိုင် တစ်ကျွန်းလုံးမှာပင် ဆဋ္ဌမအဆင့် အဂ္ဂိရက်သခင် အများအပြားကို အခက် တွေ့စေခဲ့သော ဆေးညွှန်း ဖြစ်သည်။
ဤဆေးညွှန်းကို ဤမျှ လွယ်လွယ်ကူကူ နားလည်နေလျှင် ဤဆေးညွှန်းသည် ယခုအချိန်ထိ မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။
သူရှေ့မှ အသက်နှစ်ဆယ်ပင် မပြည့်သေးတဲ့ ကောင်လေးက ယွင်ဟိုင်မျှော်စင်ရဲ့ မပြည့်စုံတဲ့ဆေးညွန်းကို နားလည်တယ်တဲ့လား။
သို့သော်လည်း ဖူယန် ဘယ်လိုမှ မထင်ထားသည်မှာ သူ၏ရှေ့မှ ယွင်ကျိယန်ဟု အမည်ရသည့် မိန်းကလေးသည် ကျန်းချန်၏ စကားကို လုံးဝ ယုံကြည်နေခြင်း ဖြစ်၏။
ထို့ကြောင့်ဤမိန်းကလေးက ဦးနှောက် ချို့ယွင်းနေလားဟုပင် ဖူယန်က သံသယ ဝင်လာခဲ့သည်။
"ငါ့ဘာသာ သူ့ရဲ့လှည့်စားခြင်းကို ခံရရင်တောင် ရှင်နဲ့ ဘာမှမဆိုင်ဘူး"
ယွင်ကျိယန်က ဖူယန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"အခုကစပြီး ရှင့်ကို ယွင်ဟိုင်မျှော်စင်ရဲ့ အမည်ပျက် စာရင်းထဲ ထည့်လိုက်ပြီ.. ယွင်ဟိုင်မျှော်စင်က ရှင့်ကို ဘယ်တော့မှ ကြိုဆိုတော့မှာ မဟုတ်ဘူး.. အခုချက်ချင်း ထွက်သွားလိုက်တော့.."
သူမထံတွင် ကျန်းချန်ကို ဤမျှအထိ ယုံကြည်နေရသည့် အကြောင်းရင်း ကောင်းစွာရှိသည်။
ဆိုရလျှင် ယွင်ဟိုင်မျှော်စင်၏ တံခါးဝရှိ ဆိုင်းဘုတ်ပေါ်မှ ဆေးညွှန်း၏ အမည်ကို သူမက လွဲလျှင် လူသုံးယောက်ထက် ပိုမသိကြပေ။
သို့သော်လည်း သူမ၏ရှေ့မှ ကျန်းချန်ဟု အမည်ရသည့် ကောင်လေးသည် ဆေးလုံး၏ အမည်က စိတ်ဝိညာဉ်ကောင်းကင်ဆေးလုံဟု အတပ် ပြောနိုင်ခဲ့သည်။
ထို့ကြောင့် ယွင်ကျိယန်က ကျန်းချန် သူ့ကို လှည့်စားနေသည်ဟု မထင်ခဲ့ခြင်း ဖြစ်၏။
"သခင်မလေးယွင်.. ငါတို့က ဒီနေ့အတွက် ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ကြိုတင်မှာယူထားတဲ့ အထူးဧည့်သည်တွေပဲ.. မင်းတကယ်ပဲ ငါတို့ကို နှင်ထုတ်ချင်တာလား"
ဖူယန်၏ စကားကို ကြားလျှင် ယွင်ကျိယန်၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ရှင်က ဘယ်သူဖြစ်ဖြစ် ကျွန်မဂရုစိုက်ဘူး.. ကျွန်မတို့ ယွင်ဟိုင်မျှော်စင်ရဲ့ အထူးဧည့်သည်ကို စော်ကားရဲရင် ဒီကနေ နှင်ထုတ်ရမှာပဲ"
ထိုခဏတွင် ယွင်ကျိယန်၏ လှပသော မျက်လုံးလေးသည် အေးစက်သွားခဲ့သည်။
သူမက သိုင်းသခင်နယ်ပယ် အဆင့်ကျင့်ကြံသူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကို ဖူယန်တို့လူစု အပေါ်တွင် ဖိနှိပ်လိုက်၏။
ထိုခဏတွင် စိတ်မရှည်သော အရိပ်အယောင်များ ပါဝင်နေသည့် သူမ၏ အေးစက်စက် အသံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"ရှင်တို့ကို အသက် ဆယ်ရှိုက်စာ အချိန်ပေးမယ်.. ချက်ချင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားစမ်း.. မဟုတ်ရင် သေရမယ်"
ဖူယန်တို့ လူစုက သူမ၏ကြောက်မက်ဖွယ် အရှိန်အဝါအောက်တွင် စိတ်နှလုံးများ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း ဆိုသလိုပင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူတို့၏ မျက်နှာများက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့၏။
"သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ.."
သူတို့ထက် နှစ်အနည်းငယ်သာ ပိုကြီးသည့် ဤမိန်းကလေးသည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေ၍ ဖူယန်က တုန်လှုပ်သွားခဲ့သည်။
သူက ယွင်ကျိယန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် လူသတ်ငွေ့ကိုပင် ခံစားလိုက်ရ၏။
ချက်ချင်းဆိုသလိုပင် ဖူယန်သည် ဤနေရာတွင် မနေရဲတော့ဘဲ ဖူလေ့တို့ကို ဦးဆောင်ကာ အခန်းအပြင်ဘက်ကို ထွက်ပြေးသွားခဲ့သည်။
အခန်း(၆၃၉) ပြီး၏။အခန်