အခန်း (၆၄၀-၆၄၂)
Vol. 43 Ch. 640-642
အခန်း(၆၄၀)
ဖူယန်တို့လူစု ထိတ်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်လျှင် လျှိုလင်ကျူးတို့ သုံးယောက်သည် အံ့သြတုန်လှုပ်ကာ စကားပင်မပြောနိုင် ဖြစ်သွားခဲ့သည်။
သူတို့ထက် နှစ်အနည်းငယ်သာ ပိုကြီးသည့် ဤလှပသော မိန်းကလေးက အမှန်တကယ်ပင် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု လုံး၀ မထင်ထားခဲ့ပေ။
ယင်းက လုံး၀ကို မယုံနိုင်စရာ ဖြစ်၏။
"ရှောင်လန်.. ဖန်းဟိုင်သိဒ္ဓိနှင်းငါးနဲ့ ယွင်ဟိုင်မျှော်စင်ရဲ့ အကောင်းဆုံး အရက်တွေကို ပြင်ဆင်ပြီး သခင်လေးကျန်းတို့ဆီ ယူလာခဲ့ပါ"
ယွင်ကျိယန်က ဖူယန်တို့အဖွဲ့ကို နှင်ထုတ်ပြီးနောက်တွင် သူမနောက်ရှိ အစေခံမလေးကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ သခင်မလေး "
အစေခံမလေးက ခေါင်းငြိမ့်လိုက်ပြီး ယွင်ကျိယန် အမိန့်ပေးသည့်အတိုင်း ဆောင်ရွက်ရန် အလျင်အမြန် ထွက်သွားခဲ့သည်။
"သခင်လေးကျန်း စိတ်၀ိညာဥ်ကောင်းကင်ဆေးလုံးရဲ့ ပြီးပြည့်စုံတဲ့ ဆေးညွှန်းကို အခုပြောပြလို့ရပြီလား "
ရှောင်လန် ထွက်သွားပြီးနောက်တွင် ယွင်ကျိယန်၏ လှပသောမျက်လုံးလေး၌ အနည်းငယ် စိတ်မရှည်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"စိတ်၀ိညာဥ်ကောင်းကင် ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်း ၁၄ မျိုးရှိတယ်.. မင်းတို့ ယွင်ဟိုင်မျှော်စင်ရဲ့ ဆိုင်းဘုတ်ပေါ်မှာ ပစ္စည်းက ၁၁ မျိုးပဲရှိတာ ဆိုတော့ ပစ္စည်း ၃ မျိုးစာ လိုအပ်နေတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး အသံလွှင့်စွမ်းရည်ဖြင့် ယွင်ကျိယန်ကို ကျန်ရှိသည့် ဆေးဖက်၀င်ပစ္စည်း သုံးမျိုး၏ အမည်အား ပြောပြလိုက်သည်။
" သခင်လေးကျန်းကို ကျေးဇူးတင်ပါတယ်.. သခင်လေးကျန်းရဲ့ ကျေးဇူးတရားကို ကျိယန် ဘယ်တော့မှ မမေ့ပါဘူး.. သခင်လေးကျန်း နောက်ထပ် လိုအပ်တာရှိရင် ရှောင်လန်ကိုသာ ပြောလိုက်ပါ.. ကျိယန်က သခင်လေးကျန်းတို့ စားသောက်နေတာကို အနှောင့်အယှက် မပေးတော့ပါဘူး "
ယွင်ကျိယန်၏ မျက်လုံးထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
သူမက ကျန်းချန်ကို ကျေးဇူးတင်စကားပြောကာ နေရာမှ လှည့်ထွက်သွားခဲ့သည်။
ကျန်းချန်က ပြီးပြည့်စုံသည့် ဆေးညွှန်းကို ထုတ်ဖော်ပြီး ယွင်ဟိုင်မျှော်စင်၏ ပိုင်ရှင်ဖြစ်သည့် ယွင်ကျိယန်ကို ယဥ်ကျေးစွာ ဆက်ဆံစေခဲ့သည်ကို မြင်လျှင် လျှိုခွင်းသည် မှင်တက်သွားပြီး ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်ည်။
"ညီနောင်ကျန်းက ကံကောင်းလိုက်တာ.. မင်းက ယွင်ဟိုင်မျှော်စင်ရဲ့ သတ္တမအဆင့် ဆေးညွှန်းကို လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်မယ်လို့ ငါတကယ် မထင်ခဲ့မိဘူး "
လျှိုခွင်းက သဘောပေါက်စွာ ပြုံးလိုက်ပြီး သူ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
သို့သော်လည်း လျှိုခွင်းသည် ကျန်းချန်၏ အရည်အချင်းကို သံသယရှိနေဆဲပင်။
သူ့အမြင်တွင် ကျန်းချန်သည် ကံအလွန်ကောင်းပြီး ယွင်ဟိုင်မျှော်စင်မှ ဆေးညွှန်းကို မတော်တဆ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပုံရ၏။
ကျန်းချန်က လျှိုခွင်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"မင်းခုနက ထွက်သွားတော့မယ်လို့ မပြောခဲ့ဘူးလား...ဘာလို့ ပြန်ထိုင်နေရတာလဲ "
"ညီနောင်ကျန်း ငါခုနက နောက်နေတာပါ...ငါ လျှိုခွင်းက လျှိုမိသားစုက လူတွေကို ထားခဲ့ပြီး တစ်ယောက်ထဲ ဘာလို့ ထွက်သွားရမှာလဲ"
လျှိုခွင်းက အံ့သြစရာကောင်းလောက်အောင်ပင် အရှက်မရှိ ပြောဆိုခဲ့သည်။
ယခုအခါတွင် ဖူယန်တို့လူစု ထွက်သွားပြီ ဖြစ်သလို ကျန်းချန်သည်လည်း ဆေးညွှန်းကို ထုတ်ဖော်ပြီး ယွင်ဟိုင်မျှော်စင်၏ အမြင့်ဆုံး ဧည့်ဝတ်ပြုမှုကို ခံယူနေရသည်။
ထို့အပြင် ယွင်ဟိုင်မျှော်စင်၏ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို စားသုံးရန် အခွင့်အရေးက သူ့အရှေ့တွင် ရှိနေပြီ ဖြစ်ရာ သူက အဘယ်ကြောင့် အလွယ်တကူ ထွက်သွားနိုင်ပါမည်နည်း။
လျှိုခွင်း၏ အရှက်မရှိသော မျက်နှာကို မြင်လျှင် လျှိုလင်ကျူးနှင့် လျှိုဖုန်းတို့ နှစ်ယောက်လုံး၏ မျက်နှာထက်တွင် အထင်သေးသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"အစောပိုင်းက မင်းနောက်နေတာ မဟုတ်ဘူးလို့ ငါထင်တယ် "
လျှိုခွင်း၏ မျက်နှာကို စူးစိုက်၍ကြည့်ကာ ပြောလိုက်၏။
"ထွက်သွားစမ်း မင်းကို ဒီနေရာက မကြိုဆိုဘူး "
လျှိုခွင်းက အရှက်မရှိဘဲ ဤနေရာတွင် ရှိနေသည်မှာ ယွင်ဟိုင်မျှော်စင်၏ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို မြည်းစမ်းရန် ဖြစ်မှန်း ကျန်းချန် သိသည်။
သို့သော်လညိး လျှိုခွင်းက ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို သူတို့နှင့်မျှဝေစားသုံးရန် မထိုက်တန်ဟု ကျန်းချန် ယူဆခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် လျှိုခွင်း၏ မျက်နှာသည် အနည်းငယ် မှောင်မိုက်သွားခဲ့ပြီး ကျန်းချန်ကို အနည်းငယ် မေးခွန်းထုတ်လိုက်သည်။
"ကျန်းချန် ဒါက ဘာသဘောလဲ "
"အဓိပ္ပါယ်ကရှင်းပါတယ် မင်းကို ထွက်သွားခိုင်းနေတာပဲ.. ငါမင်းကို နာကျင်အောင်လုပ်မှာ မင်းမကြောက်ဘူးလား.. မင်း ငါ့လက်ချက်နဲ့ မသေအောင် မင်းကို ငါနှင်ထုတ်နေတာပဲ "
" မင်း.."
လျှိုခွင်းက ဒေါသအိုး ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ပြီး ဒေါသတကြီးဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ကျန်းချန် အားလုံးက လျှိုမိသားစုရဲ့ တပည့်တွေပဲ.. မင်း ဒီလောက်အထိ လုပ်မှ ဖြစ်မှာလား "
အခန်း(၆၄၀)ပြီး၏။
အခန်း(၆၄၁)
"ကျန်းချန်. လျိုခွင်းက အရှက်ကင်းမဲ့တဲ့ လူယုတ်မာတစ်ဦးပဲ"
"ဒါ့အပြင် သူက လျိုရွှယ်ယင်း ပျိုးထောင်ထားတဲ့သူပဲ"
"ဒီတစ်ကြိမ်မှာ သူသာ စန်းလန် အဖွဲ့အစည်းရဲ့ စစ်ဆေးမှုကို အောင်မြင်ရင် စန်းလန် အဖွဲ့အစည်းမှာ သူ့ကို သတိထားရမယ်"
လျိုယင်က ထွက်ခွာသွားသော လျှိုခွင်း၏ နောက်ကျောကို လှမ်းကြည့်ပြီး ကျန်းချန်ကို သတိပေးခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ငါ့ရှေ့မှာ သူ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"
လျိုယင်က ကျန်းချန်၏ စကားကို ကြားလျှင် ဘာမှ မပြောတော့ပေ။
ကျန်းချန်၏ ပါရမီဖြင့် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် တပည့်တစ်ဦး ဖြစ်လာရန် အလွန် ဖြစ်နိုင်ချေ ရှိသည်။
လျိုခွင်းသည် အများဆုံး စန်းလန်အဖွဲ့အစည်း၏ ကြေးအဆင့် တပည့် စစ်ဆေးမှုကိုသာ အောင်မြင်နိုင်ဖွယ် ရှိ၏။
နှစ်ဦးကြားမှ ကွာဟခြားသည် ကောင်းကင်နှင့် မြေကြီးလောက် ရှိသည်။
လျိုခွင်းအနေဖြင့် ကျန်းချန်ကို ဒုက္ခပေးရန် အရည်အချင်း မရှိပေ။
ကျန်းချန်သည် လျိုယင်နှင့် စကားပြောနေစဉ် ရှောင်လန်ဟု အမည်ရသော အစေခံမလေးသည် အခြား အစေခံတချို့နှင့်အတူ ဖန်းဟိုင် သိဒ္ဓိနှင်းငါး၊ အကောင်းစား အရက်များ နှင့်တန်ဖိုးကြီး အစားအသောက်များကို အလျင်အမြန် လာချပေးခဲ့သည်။
"သခင်လေးနဲ့ မမလေးတို့ အေးအေးဆေးဆေး သုံးဆောင်နှင့်ပါ.. ကျွန်မ တံခါးဝမှာပဲ ရှိနေပါ့မယ်.. လိုအပ်တာရှိရင် ခေါ်လိုက်လို့ ရပါတယ်"
ရှောင်လန်က ကျန်းချန်တို့ သုံးဦးကို ပြုံး၍ ပြောလိုက်ပြီး အစေခံအချို့နှင့် အတူ ရိုရိုသေသေ ထွက်သွားခဲ့သည်။
ရှောင်လန် ထွက်ခွာသွားသည်နှင့် ကျန်းချန် သုံးဦး၏ မျက်လုံးများသည် စားပွဲအလယ်ရှိ ထူးဆန်းသော အနံ့တစ်မျိုး ထွက်ပေါ်နေသော ငါးပေါင်းကို လှမ်းကြည့်လိုက်ကြ၏။
ငါးက အရှည် တစ်ပေခန့်ရှိပြီး တစ်ကိုယ်လုံး ဖြူဖွေးကာ ကြည်လင်နေသည်။
ရုတ်တရက်ကြည့်လျှင် ငါးပုံသဏ္ဌာန် အဖြူရောင် ကျောက်စိမ်းတုံး ဟုပင် ထင်ရ၏။
ထိုခဏတွင် လျိုလင်ကျူး၏ လှပသော မျက်လုံးလေးများသည် ရုတ်တရက် ပြူးကျယ်သွားသည်။
"ဒါက ဖန်းဟိုင်သိဒ္ဓိ နှင်းငါးလား.. အရမ်းလှတာပဲ"
"ဒဏ္ဍာရီလာ ဖန်းဟိုင်သိဒ္ဓိနှင်းငါးက တကယ်ပဲ ထူးခြားတယ်.. သူ့ဆီက ထွက်ပေါ်လာတဲ့ အနံ့ကတောင် လန်းဆန်းသွားစေတယ်.. ဒီနေ့ ကံကောင်းလို့ ဖန်းဟိုင်သိဒ္ဓိနှင်းငါးရဲ့ မှော်ဆန်တဲ့ စွမ်းအားကို အသုံးပြုခွင့်ရတော့မယ်.. အရင်က နားမလည်သေးတဲ့ ကျင်စဥ်တွေကို နားလည်နိုင်တော့မယ် ထင်တယ်"
လျိုယင်က တောက်ပသော မျက်ဝန်းများဖြင့် ပြောကြားခဲ့သည်။
"ကောင်းပြီ.. အပိုစကားတွေ မပြောနဲ့တော့.. ဖန်းဟိုင်သိဒ္ဓိနှင်းငါးက ကောလဟာလထဲကလို မှော်ဆန်သလား စမ်းကြည့်ကြစို့"
ကျန်းချန်က ပြုံး၍ တူကို ကောက်ကိုင်ကာ ဖန်းဟိုင်သိဒ္ဓိ နှင်းငါး တစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်ရင်း ပြောကြားခဲ့သည်။
"ဒင်.. သင်က ဖန်းဟိုင် သဒ္ဓိ နှင်းငါး တစ်ဖဲ့ စားသုံးလိုက်တာကြောင့် အတွေ့အကြုံရမှတ် ၄၀၀၀ ကို အဆ ၁၀၀ ရရှိခဲ့ပါတယ်"
"ဒင်.. သင်က ဖန်းဟိုင်သဒ္ဓိနှင်းငါး တစ်ဖဲ့ စားသုံးလိုက်တာကြောင့် ကောင်းကင်အဆင့် ကောင်းကင်ပိုင်းဖြတ်ဓားသိုင်းအတွက် အတွေ့အကြုံရမှတ် ၁၀၀၀ ကို အဆ ၁၀၀ ရရှိခဲ့ပါတယ်"
"ဒင်.. သင်က ဖန်းဟိုင်နှင်းငါး တစ်ဖဲ့ စားသုံးပြီး ကောင်းကင်အဆင့် ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ရဲ့ အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
သူ၏ စိတ်ထဲမှ သတိပေးသံကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် တုန်လှုပ်သွားသည်။
သူက ဖန်းဟိုင်သိဒ္ဓိနှင်းငါး အနည်းငယ်သာ စားသုံးခဲ့သော်လည်း သူရရှိခဲ့သော အတွေ့အကြုံ ရမှတ်သည် စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို မျိုချလိုက်သည်နှင့် မခြားပေ။
ထို့အပြင် အခက်ခဲဆုံး ကောင်းကင်ကျင့်စဉ် နှစ်ခုကနေလည်း အတွေ့အကြုံရမှတ် အမြောက်အမြား ရရှိခဲ့သည်။
ဤဖန်းဟိုင်သိဒ္ဓိနှင်းငါးသည် ကမ္ဘာပေါ်တွင် ရှားပါးပြီး အတုမဲ့သော ဝိညာဉ်သားရဲ တစ်မျိုးဖြစ်ကာ အမှန်တကယ်ပင် အံ့ဩဖွယ် ကောင်းလှသည်။
ကျန်းချန်ဘေးမှ လျိုလင်ကျူးနှင့် လျိုယင်တို့သည် စားသုံးခါစတွင် သိပ်မခံစားရပေ။
သို့သော် ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ပိုမို စားသုံးလာသည်နှင့်အမျှ ၎င်းတို့ ယခင်က နားမလည်နိုင်သော အရာတချို့ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
နောက်ဆုံးတွင် နှစ်ဦးစလုံးသည် ထူးဆန်းသော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားကြသည်။
ကျန်းချန်က သူမတို့ နှစ်ဦးကို ဂရုမစိုက်ဘဲ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို ဆက်လက် စားသုံးနေခဲ့သည်။
ဤကဲ့သို့ စားသုံးရင်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့် သို့မဟုတ် ကောင်းကင်အဆင့် ကျင့်စဉ် နှစ်ခုစလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်နေသည်။
ကျန်းချန်၏ ကောင်းကင်အဆင့် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်သည် နောက်ဆုံးတွင် အဆင့်တက်သွားခဲ့၏။
"ဒင်.. သင်ရဲ့ ကောင်းကင်အဆင့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်က လုံလောက်တဲ့ အတွေ့အကြုံ ရမှတ်ကို ရရှိသွားပါတယ်"
"ဒင်.. သင်က ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ ဒုတိယတိုက်ကွက် ဖြစ်တဲ့ ဟင်းလင်းပြင်ပိုင်းဖြတ် သိုင်းကွက်ကို နားလည်သွားပါပြီ"
အခန်း(၆၄၁) ပြီး၏
အခန်း(၆၄၂)
ကျန်းချန်နှင့် အခြားသူများ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို မြည်းစမ်းနေစဉ် ယွင်ကျိယန်သည် ကျန်းချန် သူ့အတွက် ဖြည့်စွက်ပေးထားသော စိတ်ဝိညာဉ်ကောင်းကင် ဆေးညွှန်းကို ယူဆောင်ကာ ယွင်ဟိုင်မျှော်စင်၏ လျှို့ဝှက်အခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
"အဘိုးမို.. တစ်စုံတစ်ဦးက စိတ်ဝိညာဉ်ကောင်းကင် ဆေးလုံးရဲ့ လိုအပ်ချက်ကို ပြီးပြည့်စုံအောင် ဖြည့်စွက်ပေးထားတယ်"
ယွင်ကျိယန်က လျှို့ဝှက်အခန်းထဲသို့ လျှောက်ဝင်သွားပြီးနောက်တွင် အခန်းအတွင်းမှ ဆံဖြူ အဖိုးအိုတစ်ဦးကို အလောတကြီး ပြောလိုက်သည်။
"အိုး ဟုတ်လား"
ဆံဖြူအဖိုးအိုက အံ့အားသင့်သွားသည်။
စိတ်ဝိညာဉ်ကောင်းကင် ဆေးလုံး၏ ဆေးသန့်စင်နည်းသည် တိမ်မြုပ်နေသော ရှေးဟောင်း ဆေးသန့်စင်နည်းဖြစ်ပြီး သူ့လို သတ္တမအဆင့်၊ အဆင့်မြင့် အဂ္ဂိရတ်သခင် တစ်ဦးပင် အပြည့်အဝ နားမလည်နိုင်သေးပေ။
ဤကျွန်းပေါ်၌ စိတ်ဝိညာဉ်ကောင်းကင် ဆေးလုံး၏ လိုအပ်ချက်ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်သောသူ အမှန်တကယ် ရှိလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယွင်ကျိယန်က အပို စကားများ ပြောမနေတော့ဘဲ ကျန်းချန် သူမကို ပြောပြထားသည့် ပစ္စည်းသုံးမျိုး အမည်ကို တိုက်ရိုက် ပြောကြားလိုက်သည်။
ဆံဖြူ အဖိုးအိုက ချက်ချင်းပင် စိတ်ထဲ၌ တစ်စုံတစ်ခုကို ဆက်တိုက် တွက်ချက်နေခဲ့၏။
အဖိုးအိုက တွက်ချက်နေရင်း သူ၏ အိုမင်းသော မျက်နှာထက်တွင် တုန်လှုပ်သော အမူအရာ ဖြစ်ပေါ်လာခဲ့သည်။
ခဏအကြာတွင် ဆံဖြူ အဖိုးအိုသည် နောက်ဆုံး၌ ရုတ်တရက် နားလည်သွားသော အမူအရာကို ပြသခဲ့သည်။
"စိတ်ဝိညာဉ်ကောင်းကင် ဆေးလုံးက ဒီလို ဖွဲ့စည်းထားတာကိုး.. ငါမှားယွင်းနေခဲ့တာပဲ"
ဆံဖြူ အဖိုးအိုက သူ့ရှေ့မှ ဆေးဖက်ဝင်ပစ္စည်း စာရင်းကို ကြည့်ကာ ခပ်တိုးတိုး.ရေရွတ်လိုက်သည်။
"အဘိုးမို.. သူဖြည့်စွက်ထားတဲ့ ဆေးပစ္စည်းတွေက မှန်ရဲ့လား"
ဆံဖြူ အဖိုးအို၏ စကားကို ကြားလျှင် ယွင်ကျိယန်သည် မနေနိုင်တော့ဘဲ စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
"မှန်ကန်ပါတယ်"
"ဒီဆေးဖက်ဝင်ပစ္စည်း သုံးမျိုး ထပ်မံ ပေါင်းထည့်လိုက်တာနဲ့ စိတ်ဝိညာဥ်ကောင်းကင် ဆေးလုံးရဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက အတော်လေး အဆင်ပြေသွားခဲ့တယ်.. ဒါက ပြီးပြည့်စုံတဲ့ ဆေးသန့်စင်နည်း တစ်ခုတောင် ဖြစ်နိုင်တယ်"
ဆံဖြူ အဖိုးအိုသည် ရုတ်တရက် ခေါင်းမော့ကာ ယွင်ကျိယန်ကို ကြည့်၍ မေးမြန်းလိုက်၏။
"ဒီဆေးညွှန်းရဲ့ လိုအပ်ချက်ကို ဘယ်သူက ဖြည့်စွက်ပေးခဲ့တာလဲ"
"အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ လူငယ်တစ်ဦးပါ... ချင်းလွမ်နယ်မြေက လျိုမိသားစုထဲကပါ"
ယွင်ကျိယန်က တွေဝေသောအမူအရာဖြင့် မေးလိုက်သည်။
"အဘိုးမို.. ဘာဖြစ်လို့လဲ"
ယွင်ကျိယန်၏ စကားကို ကြားလျှင် ဆံဖြူ အဖိုးအို၏ အမူအရာက ချက်ချင်း တည်ငြိမ်သွားသည်။
အဖိုးအိုက သူ၏ လက်များကို လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များ အလျင်အမြန် ပြုလုပ်လိုက်၏။
ခဏအကြာတွင် သူ၏ အိုမင်းသော ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"အဘိုးမို...ဘယ်လိုဖြစ်တာလဲ"
ယွင်ကျိယန်က တုန်လှုပ်သွားပြီး အဘိုးအိုကို ထိန်းကိုင်ပေးရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့သည်။
"ဘာမှ မဖြစ်ပါဘူး ရတယ်"
ဆံဖြူအဖိုးအိုက လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ယွင်ကျိယန်ကို ကြည့်ကာ မေးလိုက်၏။
"သမီး.. ငါ မင်းတို့သားအဖကို စန်းဟိုင်ကျွန်းဆီ ဘာကြောင့် လာရောက်စေခဲ့သလဲ ဆိုတာ မှတ်မိသေးလား"
ယွင်ကျိယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"ဒီနေရာမှာ ဒဏ္ဍာရီလာ ကံကြမ္မာကို တွေ့ရှိနိုင်ပြီး အဖေ့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ အဘိုးက ပြောခဲ့ပါတယ်"
"မင်းရဲ့ အဖေတင်မကဘူး.. မင်းရဲ့ ကံကြမ္မာလည်း ပါဝင်တယ်"
"မင်းနဲ့ မင်းအဖေရဲ့ ကံကြမ္မာက မူလလမ်းကြောင်းကနေ ရုတ်တရက် သွေဖည်သွားတာကို ငါ တွက်ချက်မိခဲ့တယ်"
"ဒဏ္ဍာရီလာ ကံကြမ္မာ ပေါ်ထွက်လာခဲ့ပြီ"
ဆံဖြူအဖိုးအိုက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီနေ့ သမီး တွေ့ဆုံခဲ့တဲ့ လူငယ်က ဒဏ္ဍာရီလာ ကံကြမ္မာ ဖြစ်နိုင်တယ်.. နောင်တစ်ချိန်မှာ သူက ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို လွှမ်းမိုးနိုင်သူ.. ရှန်းဝူတိုက်ကြီးရဲ့ ကံကြမ္မာကို လွှမ်းမိုးနိုင်သူ ဖြစ်လာနိုင်တယ်"
"ဒါဆို အခု ဘာဆက်လုပ်ရမလဲ"
ယွင်ကျိယန်၏ လှပသော မျက်လုံးများတွင် အံ့သြ တုန်လှုပ်မှုများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာသည်။
သူမ ယခုလေးတင် တွေ့ဆုံခဲ့သော လူငယ်က ဒဏ္ဍာရီလာ ကံကြမ္မာ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကံကြမ္မာဆိုတာ သူ့လမ်းကြောင်းနဲ့သူ သွားရမယ်.. အခု သမီး ဝင်ရောက် စွက်ဖက်လိုက်ရင် အဆိုးဘက်ကို ရောက်ရှိသွားလိမ့်မယ်"
"သူ့ကို ယွင်မိသားစုရဲ့ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ တိမ်တိုက်ဝါးမျိုနည်းစနစ် ပေးလိုက်ပါ"
"မကြာမီမှာ သမီးက ကျုံးကျိုးကုန်းမြေမှာ သူ့ကို တွေ့ဆုံရလိမ့်မယ်"
ဆံဖြူအဖိုးအိုက စကားပြောပြီးနောက် မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ကာ အသက်ရှူမှုကို ချိန်ညှိလိုက်သည်။
ထိုအချင်းအရာကို မြင်သောအခါ ယွင်ကျိယန်သည် ဆံဖြူ အဖိုးအိုကို နောက်ထပ် အနှောင့်အယှက် မပေးတော့ဘဲ လျှို့ဝှက်အခန်းမှ ထွက်ခွာသွားခဲ့သည်။
အခန်း(၆၄၂) ပြီး၏