အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း(၆၄၃)
ယွင်ဟိုင်မျှော်စင်၏ ဒုတိယထပ် သီးသန့်အခန်း။
ဖန်းဟိုင်သိဒ္ဓိနှင်းငါး၏ မှော်ဆန်သော စွမ်းအားအောက်တွင် ကျန်းချန်သည် အလွန်အမင်း ဉာဏ်အလင်းပွင့်လာ၏။
သူ၏ ကျင့်ကြံခြင်းသည်လည်း တိုးတက်လာပြီး စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်၏ နှောင်းပိုင်းသို့ ရောက်ရှိသွားခဲ့သည်။
"ဒဏ္ဍာရီလာ ဖန်းဟိုင်သိဒ္ဓိနှင်းငါးနဲ့ ထိုက်တန်ပါပေတယ်.. ဒီငါးက တကယ်ကို အံ့သြစရာပဲ.. နောက်ဆုံးတော့ လျိုမိသားစုရဲ့ ကောင်းကင်အဆင့် အမှုန်အမွှား ဓားသိုင်းကို ကျွမ်းကျင်သွားပြီ"
ဤအချိန်တွင် လျိုယင်သည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကနေ ပြီးဆုံးသွားခဲ့သည်။
သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။
ယခုအခါတွင် သူမသည် ကောင်းကင်အဆင့် ကျင့်စဉ်ကို နားလည်ရုံသာမက ကျင့်ကြံမှုတွင်လည်း တိုးတက်လာခဲ့သည်။
သူမ၏ လက်ရှိ အင်အားဖြင့် တင်းမိသားစုမှ တင်းဟုန်နှင့်ရင်ဆိုင်ရလျှင်ပင် စိုးရိမ်စရာ မလိုတော့ပေ။
"ငါ့ရဲ့ မြေကြီးအဆင့် ကျင့်စဉ်ကလည်း ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိသွားပြီး ကျင့်ကြံခြင်း အဆင့်ကလည်း သဘာဝစွမ်းအားဖွင့်ခြင်း သတ္တမအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"
လျိုလင်ကျူးက အံ့အားသင့်သော အမူအရာဖြင့် ရေရွတ်လိုက်၏။
သူမ၏ ပါရမီက အဂ္ဂိရတ်ပညာရပ် ဖြစ်သော်လည်း ကိုယ်ခံပညာ တိုးတက်လာခြင်းသည် သူမလို အဂ္ဂိရတ်ပညာရှင်များအတွက် အလွန်ပင် အထောက်အကူ ဖြစ်စေသည်။
"သခင်လေးကျန်းချန်.. ကျေးဇူးတင်ပါတယ်"
လျိုလင်ကျူးနှင့် လျိုယင်တို့သည် ကျန်းချန်ကို အလွန် ကျေးဇူးတင်သော အမူအရာဖြင့် လှမ်းကြည့်ခဲ့ကြသည်။
ဤတစ်ကြိမ်၌ ၎င်းတို့သည် ကျန်းချန်၏ ကောင်းမှုဖြင့် ယွင်ဟိုင်မျှော်စင်မှ ဖန်းဟိုင်သိဒ္ဓိနှင်းငါးကို မြည်းစမ်းခွင့်ရခဲ့ကြ၏။
ဤသည်မှာ တကယ်ကို ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည် မဟုတ်ပါလား။
"မလိုပါဘူး.. ငါက မင်းတို့တွေ ငါ့ကို လျိုအိမ်ဆီ ခေါ်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ်"
ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးခဲ့သည်။
လျိုလင်ကျူးသာ သူ့ကို လျိုအိမ်သို့ မခေါ်လာခဲ့လျှင် သူသည် ခေါင်းမပါဘဲ ပျံသန်းနေသော ပိုးကောင်တစ်ကောင်ကဲ့သို့ လျှောက်သွားနေရမည် ဖြစ်သည်။
ထိုသို့ ဖြစ်လာလျှင် သူက စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို လွဲချော်သွားရန် အလားအလာ အလွန်များပြီး ကျုံးကျိုးကုန်းမြေသို့ ခရီးသွားရန် အခွင့်အရေး မရရှိမီ တစ်နှစ်ခန့် စောင့်ဆိုင်းရပေလိမ့်မည်။
ကျန်းချန်က လျိုလင်ကျူးကို စိတ်ရင်းကနေ အလွန် ကျေးဇူးတင်ခဲ့သည်။
၎င်းတို့ သုံးဦးသည် ယွင်ဟိုင်မျှော်စင်၏ အရသာရှိသော အစားအစာများကို မြည်းစမ်းရင်း စကားပြောဆိုနေကြသည်။
နာရီဝက်အကြာတွင် ကျန်းချန်သည် ရှောင်လန်ကို ခေါ်လိုက်သည်။
"သခင်လေးကျန်း... နောက်ထပ် ဘာများ လိုအပ်ပါသလဲ"
ရှောင်လန်သည် ကျန်းချန်ကို ရိုရိုသေသေ ပြောကြားခဲ့သည်။
ကျန်းချန်က ပြုံး၍ ပြောလိုက်၏။
"ဘာမှ မလိုအပ်ပါဘူး.. ပိုက်ဆံရှင်းဖို့ ခေါ်လိုက်တာပါ"
"သခင်လေးကျန်းကို ကျွန်မတို့ ယွင်ဟိုင်မျှော်စင်ရဲ့ သခင်မလေးက ယွင်ဟိုင်မျှော်စင်မှာ သခင်လေးကျန်း သုံးဆောင်သမျှ အရာအားလုံးကို ပိုက်ဆံမယူဖို့ အမိန့်ပေးထားပါတယ်"
ရှောင်လန်က ပြောကြားနေရင်း ရိုးရှင်းသော စတုဂံပုံ သစ်သား သေတ္တာလေးတစ်ခုကို ထုတ်ယူကာ ကျန်းချန်ရှေ့၌ ချထားလိုက်သည်။
"သခင်လေးကျန်း.. ဒါက ကျေးဇူးတင်ကြောင်း ပြသဖို့ သခင်မလေး အထူးပြင်ဆင်ထားတဲ့ လက်ဆောင်ပါ.. သခင်လေး လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
"ဒါဆိုလည်း သခင်မလေးကို ကျွန်တော်က ကျေးဇူးတင်ကြောင်း ပြောကြားပေးပါ"
"ဒါနဲ့ စိတ်ဝိညာဉ်ကောင်းကင် ဆေးလုံးကို ပင်လယ်ပြာတစ္ဆေရေနှင့် တွဲဖက် အသုံးပြုရင် မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှု များတယ်လို့ သခင်မလေးကို ပြောပေးပါ "
ကျန်းချန်က ပြုံးလိုက်ပြီး သစ်သားသေတ္တာကို သိမ်းဆည်း၍ ထရပ်ကာ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ယွင်ဟိုင်မျှော်စင်မှ ထွက်လာပြီးနောက် ကျန်းချန်တို့သည် တစ်ညတာ အနားယူရန် တည်းခိုခန်းသို့ ပြန်သွားခဲ့ကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် လျိုရွှယ်ဖုန်း၏ ဦးဆောင်မှုဖြင့် ကျန်းချန်နှင့် အခြားသူများသည် စန်းဟိုင်မြို့၏ အလယ်ဗဟို၌ရှိသော မြို့တော်ဝန် အိမ်တော်သို့ ဦးတည်သွားခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် ယနေ့သည် စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ် စစ်ဆေးရေး ကျင်းပမည့်နေ့ ဖြစ်သောကြောင့်ပင်။
သူတို့လူစုက မြို့တော်ဝန်အိမ်တော်၏ တံခါးဝရှိ ကြီးမားသော ကွင်းပြင်သို့ ရောက်သောအခါ လူအများအပြားသည် ဤနေရာ၌ စုရုံးနေကြပြီ ဖြစ်သည်။
ကျန်းချန်က အနည်းငယ် လှမ်းကြည့်လိုက်သောအခါ သူနှင့် ရင်းနှီးသော ပုံရိပ်အချို့ကို တွေ့လိုက်ရ၏။
ချင်းလွမ်နယ်မြေမှ တင်းမိသားစုကို ဦးဆောင်လာသော တင်းဟုန်နှင့် ဖူဟူ နယ်မြေမှ ဖူမိသားစုကို ဦးဆောင်လာသော ဖူယန်တို့လည်း ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ်မှုသည် စန်းဟိုင်ကျွန်း၏ နှစ်စဉ် ပွဲတော်တစ်ခုလိုပင် ဖြစ်နေခဲ့၏။
စန်းဟိုင်ကျွန်း၏ အဓိက နယ်မြေလေးခုမှ ထိပ်သီးအင်အားစုများ၏ ပါရမီရှင် အားလုံးနီးပါးသည် စန်းလန် အဖွဲ့အစည်း၏ အကဲဖြတ်မှုတွင် ပါဝင်ရန် လာရောက်ကြပေလိမ့်မည်။
စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ်မှုတိုင်းတွင် စန်းဟိုင်ကျွန်းတစ်ခုလုံးမှ ထိပ်သီးပါရမီရှင် ဒါဇင်နှင့်ချီ စုရုံးရောက်ရှိလာတတ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် စန်းဟိုင်ကျွန်းမှ ပါရမီရှင်များသည် ၎င်းတို့၏ နှလုံးသားထဲကနေ အရာအားလုံးကို သိရှိထားကြသည်။
ယင်းမှာ စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုသည် စန်းဟိုင်ကျွန်းမှ ထွက်ခွာပြီး ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန် အဖွဲ့အစည်းသို့ ဝင်ရောက်ရန် ၎င်းတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်သောကြောင့်ပင်။
အခန်း(၆၄၃) ပြီး၏
အခန်း(၆၄၄)
"ကြည့်စမ်း.. ဟိုမှာ ချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် လျိုမိသားစုလည်း ရောက်လာပြီ"
"တော်စမ်းပါ.. ချင်းလွမ်နယ်မြေက စန်းဟိုင်ကျွန်းရဲ့ နယ်မြေလေးခုထဲမှာ အားအနည်းဆုံးပဲ.. ဘာကို ဂရုစိုက်ရမှာလဲ"
"အမှန်ပဲ.. ချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ကလည်း လျိုမိသားစုက မဟုတ်ဘူးလို့ ဆိုကြတယ်.. ဒီတစ်ကြိမ်တော့ လျိုမိသားစု အနေနဲ့ စန်းလန် အဖွဲ့အစည်းရဲ့ စစ်ဆေးမှုကို အောင်မြင်ဖို့တောင် မသေချာဘူး"
"..........."
ကျန်းချန်နှင့် သူ၏ အဖွဲ့ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်မှ လှောင်ရယ်သံများသည် ချက်ချင်းပင် သူတို့၏ နားထဲကို ပဲ့တင်ထပ်လာခဲ့၏။
"ဒီခွေးတွေက ငါတို့ကို အထင်သေးနေတဲ့ပုံပဲ"
လျိုယင်က ပတ်ဝန်းကျင်မှ လှောင်ရယ်သံများကို ကြားလျှင် ဒေါသတကြီး ပြောကြားခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စန်းလန်အဖွဲ့အစည်းရဲ့ စစ်ဆေးမှုမှာ ငါတို့ လျိုမိသားစုရဲ့ စွမ်းဆောင်ရည်က တကယ်ပဲ အဆင်မပြေခဲ့ဘူး"
လျိုရွှယ်ဖုန်းက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ခဏနေလို့ စစ်ဆေးမှု စတာနဲ့ ပါးစပ်ပေါက်တွေ အကုန် ပိတ်သွားပါလိမ့်မယ်"
သူက စကားပြောနေစဉ် သူ၏ ဘေးနားမှ ကျန်းချန်ကို လှမ်းကြည့်ရန် မမေ့ခဲ့ပေ။
ဤနှစ် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုတွင် သူတို့ လျှိုအိမ်၌ ကျန်းချန်ဟူသည့် အထူးလက်နက် ရှိသည်။
ကျန်းချန် ရှိနေသောကြောင့် လျိုမိသားစု အနေဖြင့် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုတွင် ပရိသတ်ကို အံ့အားသင့်စေမည်မှာ သေချာသလောက်ပင်။
"အစ်ကို... မနေ့က ယွင်ဟိုင်မျှော်စင်မှာ ကျွန်တော်တို့နဲ့ ပြဿနာတက်ခဲ့တဲ့ကောင် ရောက်လာပြီ... သူလည်း စန်းလန်အဖွဲ့အစည်းရဲ့ စစ်ဆေးမှုကို ခံယူဖို့ လာခဲ့တာ ဖြစ်နိုင်တယ်"
ဖူလေ့က ကျန်းချန်ကို ရန်လိုသော အမူအရာဖြင့် စိုက်ကြည့်ကာ တင်ပျဥ်ခွေထိုင်၍ မျက်လုံးမှိတ်ထားသော ဖူယန်ကို ပြောကြားခဲ့သည်။
ဖူယန်က ဖူလေ့၏ စကားကို ကြားသည်နှင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး လူတိုင်း၏ အကြည့်အောက်မှာပင် ထရပ်ကာ ကျန်းချန်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့သည်။
"ကျန်းချန်... ငါတို့ နောက်တစ်ကြိမ် တွေ့ဆုံကြပြန်ပြီ"
ဖူယန်၏ ရုတ်တရက် အပြုအမူသည် ပတ်ဝန်းကျင်မှ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဖူယန်သည် မကြာသေးမီ နှစ်များအတွင်း စန်းဟိုင်ကျွန်း၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်ပြီး စန်းလန်အဖွဲ့အစည်း၏ ငွေရောင်တပည့် ဖြစ်ရန် အလားအလာ အလွန်များ၏။
သို့သော် ယခုအခါ စန်းဟိုင်ကျွန်း၏ အလွန်နာမည်ကြီးသော ပါရမီရှင်သည် လျိုမိသားစု၏ တပည့်တစ်ဦးဆီ နှုတ်ဆက်ရန် သွားခဲ့သည်။
ကျန်းချန်က ဖူယန်ကို ခပ်ထေ့ထေ့ ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ နောက်ထပ်တွေ့ကြပြန်ပြီ.. ဒါပေမဲ့ ငါက မင်းနဲ့ မရင်းနှီးတဲ့အတွက် ရှေ့ဆက်သွားမဲ့ ငါ့ရဲ့ လမ်းကို မပိတ်ထားနဲ့"
ကျန်းချန်က ထိုစကားများကို ပြောကြားလိုက်သောအခါ ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော လူများ၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့၏။
ဖူယန် ဆိုသည်မှာ စန်းဟိုင်ကျွန်း၏ နာမည်ကျော် ပါရမီရှင် ဖြစ်သည်။
ထို့ပြင် ဖူယန်၏ ရှေ့မှ လျိုမိသားစု၏ တပည့်သည် လုံးဝ နာမည်မရှိသောသူ တစ်ဦး ဖြစ်၏။
ဤလူငယ်သည် ဖူယန်ရှေ့၌ ဤကဲ့သို့ စကားမျိုးပြောရန် မည်သည့်နေရာက သတ္တိရလာသလဲ သူတို့ တကယ်ပင် မသိချေ။
"ကျန်းချန်.. ခဏနေလို့ စစ်ဆေးမှုစရင် မင်းက ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်"
ဖူယန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင်တစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာခဲ့၏။
ကျန်းချန်က မဲ့ပြုံး ပြုံးကာ တုံ့ပြန် ပြောဆိုလိုက်သည်။
"စိတ်မပူပါနဲ့.. စန်းလန် အဖွဲ့အစည်းကို သေချာပေါက် သွားရမှာ ဖြစ်တာကြောင့် မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး"
"ကောင်းပြီလေ.. ဒါဆိုလည်း စန်းလန်အဖွဲ့အစည်းရဲ့ စစ်ဆေးမှုမှာ တွေ့ဆုံကြတာပေါ့"
ဖူယန်က အေးစက်စွာ ပြုံး၍ လှည့်ထွက်သွားခဲ့သည်။
ဤတစ်ကြိမ် စန်းလန် အဖွဲ့အစည်း၏ အကဲဖြတ်မှုတွင် သူသည် စန်းလန်အဖွဲ့အစည်း၏ ငွေရောင်တပည့် ဖြစ်လာရန် သေချာသည်။
သူ၏ ရှေ့မှ လူငယ်သည် အများဆုံး ကြေးအဆင့် တပည့်သာ ဖြစ်နိုင်၏။
စန်းလန်အဖွဲ့အစည်း ထဲသို့ ဝင်ရောက်သည်နှင့် သူတို့၏ အဆင့်အတန်းများသည် အလွန် ကွာခြားသွားလိမ့်မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူ့ကို ဆန့်ကျင်သည့် အကျိုးဆက်အား ဤလူငယ်ကို သိစေရပေမည်။
ဖူယန် ထွက်သွားပြီးနောက် ကျန်းချန်တို့သည် ကွင်းပြင်ပေါ်၌ နေရာတစ်ခုကို ရွေးချယ်ကာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အကြည့်အောက်မှာပင် တင်ပျဥ်ခွေ ထိုင်လိုက်ကြသည်။
၎င်းတို့ ထိုင်ပြီး မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ နှစ်ခုသည် စန်းဟိုင်မြို့တော်ဝန် အိမ်တော်၏ ကောင်းကင်ယံတွင် ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် မြို့တော်ဝန်အိမ်တော် အထက်၌ လေထဲကနေ ပုံရိပ်နှစ်ခု ထွက်ပေါ်လာပြီး ကွင်းပြင်ဆီသို့ ဖြည်းည.င်းစွာ လျှောက်လာခဲ့ကြသည်။
အခန်း(၆၄၄) ပြီး၏
အခန်း(၆၄၅)
မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲ၌ လျှောက်လာသော ပုံရိပ်နှစ်ခုသည် ကွင်းပြင်၏ အလယ်ကောင်းကင်ယံ၌ ပေါ်ထွန်းလာခဲ့သည်။
ဤလူနှစ်ယောက် ပေါ်လာသည်နှင့် ဆူညံနေသော ကွင်းပြင်သည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်း၏ အကြည့်သည် ၎င်းတို့ကို တစ်ပြိုင်နက်တည်း နီးပါး အာရုံစိုက်လာခဲ့သည်။
"သခင်လေးကျန်း... ဘယ်ဘက်က မုတ်ဆိတ်နဲ့ လူကြီးက စန်းဟိုင်ကျွန်းသခင် စန်းထျန်းခို့ပဲ"
"ညာဘက်က အစိမ်းရောင်ဝတ်စုံနဲ့ အဘိုးအိုက စန်းလန်အဖွဲ့အစည်းရဲ့ အကြီးအကဲ စန်းချင်းဟိုင်ပဲ"
"စန်းဟိုင်ကျွန်းရဲ့ အကဲဖြတ်မှုကို ဒီနှစ်ယောက်ကပဲ အမြဲ ပြုလုပ်ခဲ့တယ်.. နှစ်ဦးစလုံးသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတွေပဲ"
လျိုရွှယ်ဖုန်းက လေထဲမှ နှစ်ဦးကို ကြည့်ပြီး ကျန်းချန်ကို တိုးတိုးလေး မိတ်ဆက်ပေးခဲ့သည်။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ အင်အားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
သူ၏ ဆရာ ရှောင်တုလီမှလွဲလျှင် သူ၏ ရှေ့မှ နှစ်ဦးသည် သူ မြင်ဖူးသမျှထဲတွင် အင်အားအကြီးဆုံး ကျင့်ကြံသူပင် ဖြစ်သည်။
"အားလုံးပဲ ငါက စန်းဟိုင်ကျွန်းရဲ့ ကျွန်းသခင် စန်းထျန်းခို့ပါ"
"စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ်မှု တရားဝင် စတင်ပြီလို့ ကြေညာလိုက်ပါတယ်"
"ထုံးစံအတိုင်း ကြယ်စမ်းသပ်မှုကို အရင် လုပ်ဆောင်သွားပါမယ်"
စန်းထျန်းခို့က အပို စကားများ ပြောမနေဘဲ လိုရင်းကိုသာ ပြောခဲ့သည်။
သူက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ အချင်း ၁၀ မီတာရှိသော အလင်းတန်းတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး ကွင်းပြင်၏ အလယ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
ထိုအလင်းတန်းက ကျောက်တိုင်တစ်ခု ဖြစ်နေခဲ့၏။
ဤဧရာမကျောက်တိုင်ပေါ်တွင် ကြယ်ငါးပွင့်ခရစ်စတယ်ကျောက် အမြောက်အမြား မြှုပ်နှံထားသည်။
"ဒါက ကြယ်အဆင့်ပါရမီကို စမ်းသပ်တဲ့ ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်လား"
ကျန်းချန်က သူ၏ ရှေ့မှ ကျောက်တိုင်ကို ကြည့်နေခဲ့၏။
သူ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်သည် ကျုံးကျိုးကုန်းမြေတွင် တပည့်များကို စမ်းသပ်ရန် အထူးအသုံးပြုသော မှော်ပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းသည် ကျင့်ကြံသူ၏ ပါရမီ၊ ကျင့်ကြံခြင်း အဆင့်နှင့် သိုင်းပညာရပ်ကို အခြေခံ၍ ပြီးပြည့်စုံသော ကြယ်အဆင့်ကို သတ်မှတ်နိုင်သည်ဟု ဆိုကြသည်။
အင်အားစု အမျိုးမျိုးတွင် ပါရမီအဆင့်ကို တိုင်းတာသော နည်းလမ်းများ ကွာခြားကြသည်။
စန်းလန်အဖွဲ့အစည်း၏ ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်တွင် ကြယ်အလုံး ၁၀၀ ပါဝင်၏။
ယေဘုယျအားဖြင့် ကျောက်တိုင်မှ ကြယ် ၈၅ လုံးကို လင်းစေနိုင်သရွေ့ စန်းလန်အဖွဲ့အစည်း၏ ကြေးအဆင့် တပည့် ဖြစ်လာရန် အခွင့်အရေး ရှိသည်။
ကြယ်အလုံး ၉၀ ကို လင်းစေနိုင်လျှင် ငွေရောင်အဆင့် တပည့် ဖြစ်လာရန် အခွင့်အရေး ရှိသည်။
ကြယ် ၉၅ လုံးအထက်ဆိုလျှင် ရွှေရောင်တပည့် ဖြစ်လာရန် အခွင့်အရေး ရှိ၏။
ကြယ် ၁၀၀ လုံးကို လင်းစေနိုင်သောသူကိုမူ ကြယ်တစ်ရာဘုရင်ဟု ခေါ်ဆိုကြသည်။
ကြယ်တစ်ရာဘုရင်သည် ရွှေအဆင့် တပည့် အဖြစ် စစ်ဆေးမှုကို ခံယူစရာမလိုဘဲ ရွှေအဆင့်တပည့် ဖြစ်နိုင်သည်။
ထိုသို့ မဟုတ်ဘဲ ဘုရင်အဆင့် တပည့်အဖြစ် စစ်ဆေးမှုကို စိန်ခေါ်၍ ကျော်ဖြတ်နိုင်ခဲ့လျှင် ဘုရင်အဆင့် တပည့် ဖြစ်လာနိုင်ပေသည်။
"စန်းလန်အဖွဲ့အစည်းရဲ့ ကြယ်စမ်းသပ်မှုမှာ ကြယ် ၈၅ လုံးနဲ့ အထက် ရရှိသူတွေကပဲ စန်းလန်အဖွဲ့အစည်းရဲ့ တရားဝင် စစ်ဆေးမှုမှာ ပါဝင်ခွင့်ရှိတယ်"
"နာမည်ကို ခေါ်တာနဲ့ ချက်ချင်း ရှေ့ထွက်ပြီး စမ်းသပ်ပါ"
စန်းထျန်းခို့က ပထမဆုံး နာမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်သည်။
"နံပါတ်တစ်.. ဖူယန်"
စန်းထျန်းခို့က ဖူယန်၏ နာမည်ကို ရေရွတ်လိုက်သည်နှင့် လူတိုင်း၏ အကြည့်သည် ဖူယန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"ဒီတစ်ခေါက် ဖူယန် ကြယ်ဘယ်နှစ်လုံးကို လင်းစေနိုင်မလဲ မသိဘူး"
"အရင်နှစ်က ကြယ် ၉၀ ရရှိပြီးသား ဆိုတော့ ဒီတစ်ကြိမ် အနည်းဆုံး ကြယ် ၉၂ လုံးလောက် ရမယ်ထင်တယ်"
"ကြယ် ၉၂ လုံးနဲ့ဆို ဖူယန်က ဒီတစ်ကြိမ် စန်းလန် အဖွဲ့အစည်းရဲ့ ငွေရောင်အဆင့် တပည့် ဖြစ်လာနိုင်တယ်"
".............."
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ဖူယန်သည် ကွင်းပြင်အလယ်မှ ကျောက်တိုင်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့သည်။
ဧရာမ ကျောက်တိုင်ရှေ့တွင် ရပ်ပြီးနောက် ဖူယန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဖူမိသားစု၏ သွေးစွမ်းအားနှင့် လက်သီးဆန္ဒ ဒုတိယအဆင့် ခွန်အားကို အစွမ်းကုန် ထုတ်လွှတ်ကာ ကျောက်တိုင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
"ဝုန်း"
ဖူယန်က ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ကို အစွမ်းကုန် ထိုးချလိုက်ပြီးနောက်တွင် ကျောက်တိုင်ပေါ်မှ ကြယ်ငါးပွင့် ခရစ်စတယ်ကျောက်များသည် တလက်လက် တောက်ပလာခဲ့သည်။
ခဏအကြာတွင် ကျောက်တိုင်၏ ကြယ်ငါးပွင့် ခရစ်စတယ်ကနေ တောက်ပသော ငွေရောင်အလင်းသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
အခန်း(၆၄၅) ပြီး၏