အခန်း (၆၄၆-၆၄၈)
Vol. 44 Ch. 646-648
အခန်း(၆၄၆)
ကြယ်ငါးပွင့်ခရစ်စတယ်များက တောက်လျှောက်ပင် တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
တစ်ခဏအတွင်း ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ပေါ်တွင် လင်းလက်နေသာ ကြယ်ငါးပွင့် ခရစ်စတယ် အရေအတွက်သည် ကိုးဆယ်ထိ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ကြယ်ငါးပွင့်ခရစ်စတယ်၏ တောက်ပသောလမ်းကြောင်းသည် မရပ်တန့်သေးပေ။
အဆုံးသတ်တွင် ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ပေါ်ရှိ ကိုးဆယ့်လေးလုံးမြောက် ကြယ်ပွင့် လင်းလက်လာပြီးနောက်တွင် ဘာမှ ဆက်လက် မလှုပ်ရှားတော့ပေ။
"ဖူယန်က အရမ်းကို အင်အားကြီးမားတာပဲ.. ကြယ်ကိုးဆယ့်လေးလုံးကိုတောင် အမှန်တကယ် လင်းလက်စေခဲ့တယ်.. သူက ငါတို့ကျွန်းရဲ့ နံပါတ်တစ်ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ် ကြယ်တစ်လုံးသာ ထပ်ရရင် သူက ရွှေရောင်တပည့်အဖြစ် အစစ်အဆေးခံဖို့ အရည်အချင်း ပြည့်မီနေပြီ"
"......."
သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ လူတိုင်းထံမှ အံ့သြရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည့် ရေရွတ်သံများကို ကြားလျှင် ဖူယန်၏ မျက်နှာထက်တွင် ကျေနပ်သောအမူအရာ တစ်ခုဖြစ်ပေါ်လာခဲ့၏။
စန်းထျန်းခို့က စစ်ဆေးမှုရလဒ်ကို ကြေငြာပြီးနောက်တွင် ဖူယန်က အောင်ပွဲရစစ်သူကြီးတစ်ဦး ကဲ့သို့ ဟန်ပန်ဖြင့် ခေါင်းမော့ ရင်ကော့ကာ ဆုတ်ခွာသွားခဲ့သည်။
"ကျန်းချန်..မင်းအလှည့်ကျရင် ကြယ်ဘယ်နှစ်ပွင့်ကို လင်းလက်စေနိုင်မလည်း ဆိုတာ ငါကြည့်ချင်သေးတယ်"
သူက ကျန်းချန်၏ အနားကနေ ကျော်ဖြတ်သွားသည့် အခိုက်တွင် ခြေလှမ်းကို ခေတ္တ ရပ်တန့်ကာ စိန်ခေါ်မှုအပြည့်ရှိသောလေသံဖြင့် ပြောလိုက်သည်။
"ငါက ကြယ်ဘယ်နှစ်လုံးပဲ လင်းလက်ပါစေ.. အနည်းဆုံးတော့ မင်းထက်ပိုသာမှာ သေချာတယ်.. မင်းက ကိုးဆယ့်လေးလုံးထဲပဲ လင်းလက်စေခဲ့တာ မဟုတ်လား.. ဒါက ဘာများ အံ့သြစရာကောင်းနေလို့လဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ကွင်းပြင်တစ်ခုလုံးသည်ချက်ချင်းပင် တီးတိုးရေရွတ်သံများဖြင့် ဆူညံသွားခဲ့သည်။
"ဟားဟား..ငါတကယ်ကို ရယ်ချင်လာပြီ.. ဒီကောင်က ဦးနှောက်ပျက်နေမှာတောင် ငါစိုးရိမ်မိတယ် ကြယ်ကိုးဆယ့်လေးလုံးဆိုတာ ဘာအဓိပ္ပါယ်လဲ သူမသိဘူး ထင်တယ်.. နှစ်စဉ်နှစ်တိုင်းမှာ ငါတို့ စန်းဟိုင်ကျွန်းအနေနဲ့ ကြယ်ကိုးဆယ်အထိ ရောက်တဲ့သူတောင် အရမ်းကို နည်းပါးတယ်.. ဒီကောင်က ဒီလိုစကားကို ပြောဖို့ ဘယ်ကနေ သတ္တိတွေရလာလည်း မသိဘူး"
"........."
ထိုအချိန်တွင် ဖူယန်သည် ကျန်းချန်၏စကားကြောင့် လုံးဝကိုရယ်မောနေခဲ့သည်။
"ကြယ်ကိုးဆယ့်လေးလုံးကို ငါက နှိမ့်ချပြီးပြောတာ မဟုတ်ဘူး.. ဘာလို့လည်းဆိုတော့ ငါ့ရဲ့ ကြယ်အဆင့်က ကိုးဆယ့်လေးလုံးထက် ပိုများမှာမို့လို့ပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောလိုက်သည်။
ကျန်းချန်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော စကားကိုကြားလျှင် လူတိုင်းသည် မှင်တက်သွားပြီး စကားပင် မပြောနိုင်တော့ပေ။
သူတို့အားလုံးက ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေခဲ့ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဖူယန်သည် စန်းဟိုင်ကျွန်း၏ ကြယ်ကိုးဆယ့်လေးလုံးအဆင့်ကို ပထမဆုံး ရောက်ရှိသည့် ပါရမီရှင် ဖြစ်သည်။
ချင်းလွမ်နယ်မြေမှ လျှိုမိသားစု၏ ဧည့်တပည့်သည် မည်သည့်နေရာမှလာသော ယုံကြည်မှုဖြင့် ဖူယန်ထက် ကြယ်အဆင့် ပိုမြင့်မည်ဟု ပြောဆိုနေပါသနည်း။
"ကောင်းပြီလေ မင်းငါ့ထက် ကြယ်ဘယ်နှစ်ပွင့် ပိုလင်းအောင်လုပ်နိုင်မလည်း ဆိုတာ ကြည့်ရသေးတာပေါ့"
ဖူယန်က မထီတရီပြုံး၍ ပြောလိုက်သည်။
သူက ယခုအခါတွင် ကြယ်ကိုးဆယ့်လေးလုံး ရထားပြီးသား ဖြစ်သည်။
ကျန်းချန်က သူ့ထက် ကြယ်တစ်လုံး ပိုလင်းအောင် လုပ်နိုင်ခဲ့လျှင်ပင် ကြယ်ကိုးဆယ့်ငါးပွင့်သာ လင်းစေမည် ဖြစ်သည်။
ယင်းက ကြယ်တစ်လုံးတည်းသာ ကွာခြားသော်လည်း အဆင့်တူများ မဟုတ်တော့ပေ။
အဆုံးသတ်တွင် ကြယ်ကိုးဆယ့်ငါးပွင့်သည် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့်အဖြစ် စစ်ဆေးမှုကို ခံယူရန် အရည်အချင်း ပြည့်မီ၏။
ထို့ကြောင့် ဖူယန်က ဤကောင်လေးအနေဖြင့် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့် ဝင်ခွင့်စစ်ဆေးမှု အတွက် အရည်အချင်း ပြည့်မီလိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။
ကွင်းပြင်ပေါ်မှ အခြေအနေနှင့်ပတ်သက်ပြီး လေထဲရှိ စန်းထျန်းခို့တို့ နှစ်ယောက်သည် ဘာမှ လှုပ်ရှားမှုမရှိခဲ့ပေ။
နောက်ထပ် စမ်းသပ်မှုအတွင်း ကြယ်၉၂လုံးရသည့် ဖူလေ့မှလွဲ၍ ကြယ်ကိုးဆယ်အထိ မည်သူမှ မရရှိခဲ့ပေ။
တချို့ဆိုလျှင် ရှစ်ဆယ့်ငါးလုံးပင် မရောက်၍ စန်းလန်အဖွဲ့အစည်း၏တပည့်အဖြစ် စစ်ဆေးမှုတွင် ပါဝင်ခွင့်ကို တိုက်ရိုက် ဆုံးရှုံးခဲ့ရသည်။
"နောက်တစ်ယောက်..ကျန်းချန်"
နောက်ထပ် စစ်ဆေးမှုအချိန် အနည်းငယ်အကြာတွင် လေထဲမှ စန်းထျန်းခို့သည် အဆုံးသတ်တွင် ကျန်းချန်၏ နာမည်ကိုခေါ်လိုက်သည်။
"နောက်ဆုံးတော့ ငါ့အလှည့်ကို ရောက်လာခဲ့ပြီ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က ပဟေဠိဆန်စွာပင် ကွေးညွတ်သွားခဲ့သည်။
"သခင်လေးကျန်း.. ဖူမိသားစုက ကောင်စုတ်ကို တကယ့် ပါရမီရှင်ဆိုတာက ဘယ်လိုလည်းဆိုတာ ပြသပေးလိုက်ပါ"
လျှိုလင်ကျူးနှင့် လျှိုယင်တို့က ကျန်းချန်ကို အားပေးစကား ပြောလိုက်ကြသည်။
ကျန်းချန်က ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး နေရာမှ ထရပ်ကာကြယ်ငါးပွင့်ခရစ်စတယ်ကျောက်တိုင် ဆီသို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားခဲ့သည်။
အခန်း(၆၄၆)ပြီး၏။
အခန်း(၆၄၇)
ကျန်းချန် ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်တိုင် ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်ကို အားလုံးက
ကွင်းပြင်ပေါ်ရှိ လူတိုင်း၏ အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"ဟားဟား.. နောက်ဆုံးတော့ ဒီကောင်လေးရဲ့ အလှည့်ရောက်လာခဲ့ပြီ.. ဒီကောင်ကြယ်ကိုးဆယ် ရနိုင်မယ်လို့ မင်းထင်လား"
"ကြယ်ကိုးဆယ် ဟုတ်လား.. မင်းက သူ့ကို အလွန်အကျွံ အထင်ကြီးနေတာပဲ...သူ့အနေနဲ့ ကြယ်ရှစ်ဆယ့်ငါးလုံး ရနိုင်ရင်တောင် အတော်လေး ကံကောင်းလို့ပဲ"
"............."
ကျန်းချန်က ခံစားချက်ကင်းမဲ့သော ဟန်အမူအရာဖြင့် ရှိနေခဲ့သည်။
သူ့ပတ်ဝန်းကျင်မှ မထီမဲ့မြင် ရေရွတ်သံများကို သူက လုံးဝ လျစ်လျူရှုထားခဲ့၏။
သူက ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်နှင့် သုံးပေအကွာတွင် ရပ်တန့်လိုက်ပြီး သူ့အရှေ့ရှိကျောက်တိုင်ကို မော့ကြည့်လိုက်သည်။
သို့ရာတွင် အချိန်အတော်ကြာသည်အထိ သူက ဘာမှမလှုပ်ရှားခဲ့ပေ။
"လခွမ်း..ဒီကောင် ဘာလုပ်နေတာလဲဟ.. သူအစောပိုင်းက အလွန်အကျွံ ဟိတ်ဟန်ထုတ်ခဲ့လို့ ကြောက်ရွံ့နေတာ ဖြစ်နိုင်တယ်"
"........"
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် ကျန်းချန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
"ကျန်းချန် မင်းခုနက အရမ်းမောက်မာနေတာ မဟုတ်လား.. ဘာလို့ အခုမှစမ်းသပ်ဖို့ တွန့်ဆုတ်နေရတာလဲ.. မင်းမစမ်းသပ်ချင်ရင်လည်း အခုနေ လက်လျှော့လိုက်ရင် နောက်မကျသေးဘူး ဒါမှ မင်းအတွက် ရှက်စရာ မဖြစ်တော့မှာ"
ဖူယန်က ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ရှေ့တွင် မလှုပ်မယှက် ရပ်နေသည့် ကျန်းချန်ကို ကြည့်ကာ လှောင်ပြောင်၍ ပြောလိုက်သည်။
"မင်းက ဘာတွေ လာလောနေတာလဲ.. ဒီကြယ်အဆင့်စမ်းသပ်မှုမှာ အချိန်ကန့်သတ်ချက် ရှိနေလို့လား.. ငါဒီမှာ အချိန်အတော်အကြာရပ်ပြီး စဉ်းစားနေတာက မင်းကို ရက်ရက်စက်စက် အနိုင်ကျင့်မိမှာ စိုးလို့ပဲ...မင်းက တကယ်ပဲစေတနာကို နားမလည်ဘူး"
ကျန်းချန်က ထိုစကားကို ပြောလိုက်ပြီး နောက်တွင် ရန်လုံဓားသည် လေထဲကနေ သူ၏ လက်ထဲသို့ လျှပ်တပြက် ရောက်ရှိလာခဲ့သည်။
နောက်ထပ် တခဏတွင် ကျန်းချန်၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်၏ သွေးစွမ်းအားကို ဖော်ထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဓားဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံသော နယ်ပယ်ခွန်အားနှင့် ကောင်းကင်အဆင့် ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို တစ်ပြိုင်နက်တည်း အသုံးပြုကာ သူ၏ရှေ့မှာ ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။
"ဝုန်း...."
ကျန်းချန်၏ တုန်လှုပ်ခြောက်ခြားဖွယ် ဓားချက်က လေထုကိုဖြတ်သန်းကာ ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင် ပေါ်သို့ကျရောက်သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် တောက်ပသော အရှိန်အဝါသည် ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ပေါ်ရှိ ကောင်းကင်ယံကို လွှမ်းမိုးသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကြယ်ငါးပွင့် ခရစ်စတယ် ကျောက်တိုင်ပေါ်ရှိ ကြယ်ငါးပွင့် ခရစ်စတယ်ကြယ် အရေအတွက်သည် ကိုးဆယ့်ငါးအထိကို ရောက်ရှိသွားခဲ့ပြီး ဖူယန်၏ ကိုးဆယ့်လေးမှတ်ကို တိုက်ရိုက် ကျော်လွန်သွားခဲ့သည်။
ဤသည်က ကျန်းချန် တွေးထားသော ရလဒ်နှင့် အတော်လေး ကွာခြားနေ၏။
ကြယ်ကိုးဆယ့်ငါးလုံးကို လင်းလက်စေပြီးနောက်တွင် ကိုးဆယ့်ခြောက်လုံးနှင့် ကိုးဆယ့်ခုနစ်လုံးမြောက် ကြယ်များကလည်း တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။
မကြာခင်မှာပင် ကျောက်တိုင်ပေါ်ရှိ နောက်ဆုံးသော ကြယ်ငါးပွင့် ခရစ်စတယ်ကျောက်က တလက်လက် တောက်ပလာပြီး ပြန်ငြိမ်းသွားခဲ့သည်က လွဲလျှင် ကျန်ရှိသည့် ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်သည် တောက်ပသော အလင်းရောင်များ ဖြာထွက်နေခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ ရလဒ်သည် ကြယ်ကိုးဆယ့်ကိုးလုံးတွင် အဆုံးသတ်သွားခဲ့သည်။
သူတို့ရှေ့မှ တုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းကို မြင်လိုက်ရလျှင် ကွင်းပြင်တစ်ခုလုံးသည် ချက်ချင်းပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံးက မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြ၏။
"ကြယ်ကိုးဆယ့်ကိုးလုံး"
ဤသည်မှာ ကြယ်တစ်ရာဘုရင် အဖြစ် သတ်မှတ်ခံရရန် ကြယ်တစ်လုံးသာ လိုအပ်သည့် အခြေအနေ ဖြစ်သည်။
ချင်းလွမ်နယ်မြေမှ လျှိမိသားစု၏ နို့နံ့ပင် မစင်သေးသည့်ကောင်လေး တစ်ယောက်သည် အမှန်တကယ်ပင် စန်းလန်အဖွဲ့အစည်း၏ ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင် စမ်းသပ်မှုတွင် ကြယ်ကိုးဆယ့်ကိုးလုံး ရရှိခဲ့သည်။
သိထားရမည်မှာ စန်းလန်အဖွဲ့အစည်း၏ ကြယ်စမ်းသပ်မှုတွင် ကိုးဆယ့်ငါးလုံးကို ရနိင်သ၍ ရွှေရောင်တပည့် စမ်းသပ်မှုကို အောင်မြင်ရန်အတွက် အခွင့်အရေးတစ်ဝက် ရှိနေခြင်းပင်။
ဆိုရလျှင် ကြယ်ကိုးဆယ့်ကိုးလုံး ရရှိခြင်းသည် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့်ဖြစ်လာရန် အတွက် တစ်ရာရာခိုင်နှုန်းနီးပါး သေချာနေပြီ ဖြစ်၏။
သူတို့မျက်စိရှေ့မှ ကောင်လေးက ဤမျှအထိ မွန်းစတားဆန်လွန်းမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
"ဒါ..ဒါက အရမ်းကို တုန်လှုပ်ခြောက်ခြားစရာ ကောင်းတာပဲ"
ဖူယန်က မျက်စိမျက်နှာပျက်နေခဲ့သည်။
ကျောက်တိုင်ပေါ်မှ အခြေအနေကို ကြည့်ပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံးသည် တစ္ဆေပူးခံရသကဲ့သို့ တုန်ယင်လာခဲ့ပြီး ပါးစပ်မှလည်း မယုံကြည်နိုင်သော ရေရွတ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကြယ်ကိုးဆယ့်ကိုးလုံးလား ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
အခန်း(၆၄၇)ပြီး၏။
အခန်း(၆၄၈)
"ငါ ဒီလောက်အင်အားတွေထုတ်သုံးလိုက်တာတောင် ကြယ်တစ်ရာကို မရောက်ဘူးဟ ကြယ်နှစ်ပွင့်အင်အားစုဖြစ်တဲ့ စန်းလန်အဖွဲ့အစည်းရဲ့ စမ်းသပ်မှုက တကယ်ကို မလွယ်ကူဘူးပဲ"
သူ၏အဆင့် သတ်မှတ်ချက်က ကြယ်ကိုးဆယ့်ကိုးလုံးသာ ရှိသည်ကို မြင်လျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။
သိထားရမည်မှာ အစောပိုင်းတုန်းက သူသည် နဂါးမီးတောက်အရှင်ခန္ဓာကိုယ်၏ သွေးစွမ်းအား၊ ဓားဆန္ဒ၏ ဒုတိယအဆင့်ပြီးပြည့်စုံသောနယ်ပယ်ခွန်အား နှင့် ကောင်းကင်အဆင့်ဓားသိုင်းဖြစ်သည့် ကောင်းကင်ခုတ်ပိုင်းဓားသိုင်း တို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အင်အားသုံးခု ပေါင်းစည်းထားခြင်းသည် သာမန်စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်ပြိုင်နိုင်သော အစွမ်းရှိသည်။
သို့သော် ဤကဲ့သို့စွမ်းအားဖြင့်ပင် သူသည် ကြယ်ကိုးဆယ့်ကိုးလုံးသာ ရရှိခဲ့၏။
ဤသည်ကိုကြည့်၍ စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင်ဖြစ်ရန် အမှန်တကယ် မလွယ်ကူမှန်း သိမြင်နိုင်ပေသည်။
သို့သော်လည်း ကျန်းချန်သည် လက်သီးဆန္ဒ၏ ဒုတိယအဆင့်ခွန်အားနှင့် ကောင်းကင်အဆင့် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်ကို ဖော်ထုတ်ခဲ့လျှင် ကြယ်တစ်ရာဘုရင်အဆင့်ဖြစ်ရန် ဘာပြဿနာမှ မရှိဟု ယုံကြည်မှုရှိသည်။
"ကြယ်ကိုးဆယ့်ကိုးလုံးတောင် ပါလား.. တစ်လုံးလောက် ထပ်ရတာနဲ့ ကြယ်တစ်ရာဘုရင်တောင် ဖြစ်နိုင်နေပြီ.. ကောင်းကင်ကြီးက ကျယ်ပြောတယ် ဆိုတာ အမှန်ပဲကိုး...နှစ်ပေါင်းများစွာကြာမှပဲ ငါတို့ကျွန်းမှာ နောက်ထပ် အံ့သြစရာကောင်းတဲ့ ပါရမီရှင်တစ်ယောက် နောက်ဆုံးတော့ ပေါ်လာခဲ့ပြီ"
လေထုထဲရှိ အစိမ်းရောင်ဝတ်စုံဝတ် အဖိုးအိုက အောက်ဘက်မှ ကျန်းချန်ကိုကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာ၏။
"အမှန်ပဲ"
စန်းထျန်းခို့က သူ၏မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်လိုက်ကာ ရှားရှားပါးပါး ပြုံး၍ ပြောလိုက်သည်။
စန်းလန်အဖွဲ့အစည်း၏ စန်းဟိုင်ကျွန်းမှ ပြောရေးဆိုခွင့်ရှိသောသူအနေဖြင့် စန်းထျန်းခို့သည် စန်းလန်အဖွဲ့အစည်းအတွက် တပည့်များကို စုဆောင်းရသည့် တာတန်ကိုယူရသည်။
သူ့နံဘေးမှ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို စန်းချင်းဟိုင် သည်လည်း သူကဲ့သို့ပင် တပည့်အသစ် စုဆောင်းသည့် အကြီးအကဲ ဖြစ်သည်။
ဆိုရလျှင် သူတို့၏ တပည့်စုဆောင်းနိုင်သော အင်အားသည် စန်းလန်အဖွဲ့အစည်းတွင် သူတို့၏ ရာထူးနှင့် အရင်းအမြစ်များအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိ၏။
သို့သော်လည်း မကြာသေးမီ နှစ်များအတွင်း စန်းလန်ကျွန်းတွင် ထူးချွန်သောပါရမီရှင်များ မပေါ်ပေါက်ခဲ့၍ သူတို့နှစ်ယောက်စလုံးသည် စိတ်ဓာတ်များ ကျခဲ့ကြသည်။
အထူးသဖြင့် ဦးဆောင်အကြီးအကဲဖြစ်သည့် စန်းချင်းဟိုင်သည် စန်းဟိုင်ကျွန်းမှ တပည့်များကို စန်းလန်အဖွဲ့အစည်းသို့ပြန်လည် ခေါ်သွားတိုင်းတွင် တခြားသော ဦးဆောင် အကြီးအကဲများ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
ဤတစ်ခေါက်တွင် စန်းဟိုင်ကျွန်းသည် အဆုံးသတ်၌ ကြယ်ကိုးဆယ့်ကိုးလုံးကို လှုံ့ဆော်နိုင်ခဲ့သည့် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် သူတို့နှစ်ယောက်သည် တခြားသော အကြီးအကဲများကို ခေါင်းမော့ရင်ကော့၍ ကြွားလုံးထုတ်နိုင်ပြီ ဖြစ်သည်။
သူတို့နှစ်ယောက်က စကားခဏမျှ ပြောပြီးနောက်တွင် စန်းထျန်းခို့သည် စမ်းသပ်မှုရလဒ်ကို ကျယ်လောင်စွာ တိုက်ရိုက်ကြေညာလိုက်သည်။
"လျှိုမိသားစုရဲ့ ကျန်းချန်က ကြယ်စမ်းသပ်မှု ရလဒ်အနေနဲ့ ကိုးဆယ့်ကိုးလုံးကို လင်းလက်စေနိုင်ခဲ့တယ်"
"မဖြစ်နိုင်ဘူး.. သူက ဘယ်လိုလုပ် ကြယ်ကိုးဆယ့်ကိုးလုံးကို လင်းလက်စေနိုင်မှာတဲ့လဲ.. အကြီးအကဲနှစ်ယောက်.. အစောပိုင်းက သူလိမ်ညာခဲ့တာ သေချာတယ်"
စန်းထျန်းခို့က ကျန်းချန်၏ စမ်းသပ်မှုရလဒ်ကို ကြေညာလိုက်ပြီးနောက်တွင် ဖူယန်သည် အဆုံးသတ်တွင် မအောင့်အီးနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
သူက စန်းဟိုင်ကျွန်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော်လည်း ကြယ် ကိုးဆယ့်လေးလုံးသာ ရရှိခဲ့သည်။
သို့ဖြစ်ရာ နာမည်မရှိသည့် လျှိုမိသားစုမှ ကောင်လေးက ကြယ်ကိုးဆယ့်ကိုးလုံးကို အဘယ်ကဲ့သို့ ရရှိနိုင်ပါအံ့နည်း။
"အကြီးအကဲတို့ ဒီကောင့်ရဲ့ အင်အားက အစစ်အမှန် မဟုတ်ဘူး.. အတုပဲ"
"ဟားဟား စန်းလန်အဖွဲ့အစည်းရဲ့ အကြီးအကဲ နှစ်ယောက်တောင် ငါလိမ်ညာနေတာကို မသိဘဲ မင်းက သိနေတယ်ပေါ့လေ.. မင်းရဲ့ အထူးအာရုံခံနိုင်စွမ်းက စန်းဟိုင်ကျွန်းရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. မင်းရဲ့အမြင်က အရမ်းကို ကောင်းတာပဲ"
ကျန်းချန်က ဖူယန်ကို ခနဲ့လိုက်ပြီး လက်မပင် ထောင်ပြလိုက်သည်။
"ကျန်းချန်..မင်း အကြီးအကဲနှစ်ယောက်ကို ဘယ်လို လှည့်စားလိုက်မှန်း ငါမသိပေမဲ့ မင်းမှာ ကြယ်ကိုးဆယ့်ကိုးလုံးရဲ့ခွန်အား ဘယ်လိုမှမရှိနိုင်ဘူး.. ကောင်းပြီလေ မင်းမလှည့်စားခဲ့ဘူး ဆိုတာ သေချာရင် နောက်တစ်ကြိမ် ထပ်ပြီး စမ်းသပ်ရဲလား"
ဖူယန်က ပြုံး၍ ပြောလိုက်သည်။
ဒီကောင်လေးက ဤမျှလောက် အင်အားကြီးနေလျှင် စန်းဟိုင်ကျွန်းတွင် နာမည်ကြီးသည့် ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်နေလောက်ပြီ မဟုတ်ပါလား။
ယခုလို နာမည်မရှိသည့် လူတစ်ယောက် ဖြစ်နေစရာအကြောင်းမရှိပေ။
"ဟက်.. ငါကမင်းကို အနည်းငယ် မျက်နှာသာပေးချင်လို့ ကြယ်ကိုးဆယ့်ကိုးလုံး ရယူခဲ့တာပဲ.. ဒါပေမဲ့ မင်းက စေတနာကို နားမလည်ဘဲ ငါ့ကို နောက်တစ်ကြိမ် စမ်းသပ်ခိုင်းနေသေးတယ်"
ကျန်းချန်က စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် လူတိုင်းကိုနောက်တစ်ကြိမ် လွှမ်းမိုးသွားခဲ့သည်။
"မင်းမလုံလောက်သေးဘူးလို့ ထင်ရင် နောက်တစ်ကြိမ် ငါစမ်းသပ်ပြမယ်.. ဒီတစ်ကြိမ်တော့ ငါက ကြယ်ငါးပွင့်ခရစ်စတယ် ကျောက်တိုင်ပေါ်က နောက်ဆုံးကြယ်ကိုပါ လင်းအောင်လုပ်ပြမယ်"
အခန်း(၆၄၈)ပြီး၏။