← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း(၆၄၉)

ကျန်းချန်၏ မောက်မာသော စကားများသည် အစောပိုင်းကမှ မှင်တက်ရာကနေ ပြန်လည်သက်သာလာသော လူတိုင်းကို နောက်တစ်ကြိမ် မှင်တက်သွားစေခဲ့သည်။

အစောပိုင်းက စမ်းသပ်မှုတွင် ကျန်းချန်သည် ကြယ်ကိုးဆယ့်ကိုးလုံးကို ရယူပြီးသားဖြစ်၏။

သူပြောသလို နောက်ဆုံးကြယ်ကို ထပ်မံလင်းလက်နိုင်ခဲ့လျှင် ကြယ်တာရာဘုရင် ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ကြယ်တစ်ရာဘုရင်ဆိုသည်မှာ ဘုရင်အဆင့်တပည့်အဖြစ်စစ်ဆေးမှုကို ခံယူနိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တည်ရှိမှု ဖြစ်သည်။

ဤကောင်လေးက ဤမျှလောက်အထိပင် နတ်ဆိုးဆန်နေပါသလော။

ကျန်းချန်၏ စကားကိုကြားပြီးနောက်တွင် လေထုထဲရှိ စန်းထျန်းခို့သည် တံတွေးတစ်လုတ်ကို မျိုချလိုက်သည်။

သူကနံဘေးရှိ စန်းချင်းဟိုင်ကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ယောက်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။

ကြယ်တစ်ရာဘုရင် ဆိုသည်မှာ ဘုရင်အဆင့်တပည့် အဖြစ်စစ်ဆေးမှုကို မခံယူခဲ့လျှင်ပင် ရွှေရောင်အဆင့် တပည့်များထဲတွင် အထူးချွန်ဆုံး တည်ရှိမှု ဖြစ်သည်။

ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် သူတို့ စန်းလန်အဖွဲ့အစည်းမှာပင် အလွန်ရှားပါး၏။

ကျန်းချန်ဟု နာမည်ရသည့် ဤကောင်လေးသည် အမှန်တကယ်ပင် ကြယ်တစ်ရာဘုရင် ဖြစ်လာနိုင်ခဲ့လျှင် ဤတစ်ခေါက် သူတို့သည် အတော်လေး မျက်နှာပွင့်လန်းသွားမည် မဟုတ်ပါလား။

လူတိုင်း၏ အံ့သြတုန်လှုပ်သော အကြည့်များအောက်မှာပင် ကျန်းချန်သည် နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားကို နောက်တစ်ကြိမ် ဖော်ထုတ်လိုက်သည်။

ထို့အပြင် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်၏ စွမ်းအားကိုလည်း အလျင်အမြန် စုစည်းလိုက်၏။

မကြာခင်မှာပင် ကျန်းချန်သည် လက်သီးဆန္ဒ၏ ဒုတိယအဆင့်စွမ်းအင်နှင့်အတူ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဉ်၏ ဒုတိယတိုက်ကွက် ဖြစ်သော ဟင်းလင်ပြင်ပိုင်းဖြတ် တိုက်ကွက်ဖြင့် ကြယ်ငါးပွင့် ခရစ်စတယ် ကျောက်တိုင်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။

"ဝုန်း.."

ကျန်းချန်၏ တုန်လှုပ်ခြောက်ခြားဖွယ် လက်သီးချက် ကျရောက်သွားသည်နှင့် တစ်ပြိုက်နက် ကျောက်တိုင်ပေါ်မှကြယ်ငါးပွင့် ခရစ်စတယ်ကျောက် ကိုးဆယ့်ကိုးလုံးသည် တောက်ပသော အလင်းရောင်များဖြင့် တစ်ခါတည်းလင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ကျောက်တိုင်ပေါ်ရှိ နောက်ဆုံးသော ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်ပင် လင်းလက်လာသည်ကို အားလုံးက မြင်လိုက်ရ၏။

တောက်ပသော အလင်းရောင်များ ထွက်နေသည့် ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်တိုင်ပေါ်မှ ကြယ်ငါးပွင့် ခရစ်စတယ် ကျောက်တစ်ရာကို မြင်လိုက်ရလျှင် ကွင်းပြင်တစ်ခုလုံးသည် ရုတ်တရက် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက မှင်တက်သွားကြပြီး အချိန်အတော်ကြာမှသာ သတိပြန်ဝင်လာခဲ့သည်။

"ကြယ်တစ်ရာဘုရင်ပါလား.."

သူတို့ စန်းဟိုင်ကျွန်းလို ကြယ်ကိုးဆယ့်ငါးလုံး ပါရမီရှင်ပင် မပေါ်ပေါက်ဖူးသည့် နေရာသည် ယနေ့တွင် ကြယ်တစ်ရာဘုရင်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်၏။

ဤတစ်ကြိမ်တွင် လူတိုင်းသည် ကျန်းချန်ကို မွန်းစတား တစ်ကောင်ကဲ့သို့ ကြည့်နေခဲ့ကြသည်။

ကျန်းချန်ဟု အမည်ရသည့် လျှိုမိသားစုမှ တပည့်သည် မည်သည့်နေရာက ထွက်ပေါ်လာပါသနည်း။

"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဖူယန်က သူ့ရှေ့မှအခြေအနေကို မျက်လုံးပြူး၍ ကြည့်နေရင်း မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။

ကျန်းချန်က ကြယ်ကိုးဆယ့်ကိုးလုံး ရသည်ကို သူက မတော်တဆဟု ထင်မြင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်က နောက်ထပ် ကြယ်တစ်လုံးကိုပင် ပေါင်းထည့်ကာ ကြယ်တစ်ရာဘုရင် ဖြစ်သွားလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

"ကြယ်တစ်ရာဘုရင်.. တကယ်ပဲ သခင်လေးကျန်းက ဒဏ္ဍာရီလာ ဘုရင်အဆင့်ပါရမီရှင်ပဲ"

ကျန်းချန်၏ စမ်းသပ်မှုရလဒ်များကိုကြည့်ပြီး လျှိုလင်ကျူးနှင့်လျှိုယင်တို့ နှစ်ယောက်သည် အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာကို ပြသခဲ့ကြသည်။

လျှိုလင်ကျူးတို့ နှစ်ယောက်ပင် စိတ်လှုပ်ရှားခြင်း မဟုတ်ပေ။

လျှိုရွှယ်ဖုန်း၏ မျက်လုံးထဲမှာပင် စိတ်လှုပ်ရှားသော အမူအရာသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

"ကြယ်တစ်ရာဘုရင်"

ဤသည်က ကျန်းချန်အနေဖြင့် နောက်ထပ် စစ်‌ဆေးမှုဖြစ်သည့် ဘုရင်အဆင့် တပည့်စစ်ဆေးမှုတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ စန်းလန် အဖွဲ့အစည်း၏ ရွှေရောင်အဆင့် တပည့်တစ်ယောက် အနည်းဆုံး ဖြစ်လာနိုင်သည်ဟု ဆိုလိုပေသည်။

ထို့ကြောင့် သူတို့ လျှိုမိသားစုသည် ဤတစ်ခေါက်တွင် စန်းလန်အဖွဲ့အစည်းထံမှ ဆုလာဘ်များကို ရက်ရက်ရောရော ရရှိမည်မှာ သေချာသလောက်ပင်။

သူက စန်းလန်အဖွဲ့အစည်း၏ ဆုလာဘ်များကို အသုံးပြုပြီး သိုင်းသခင်နယ်ပယ် ပဉ္စမအဆင့်နှင့် ထိုထက်ပိုသော အဆင့်ကို ရောက်ရှိအောင် ကြိုးစားနိုင်မည် မဟုတ်ပါလော။

ထိုအချိန်သို့ ရောက်လျှင် တင်းမိသားစုပင် ချင်းလွမ်၏နံပါတ်တစ်မိသားစုအဖြစ် သူတို့ လျှိုမိသားစု၏ ရပ်တည်မှုကို လှုပ်ခတ်အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။

"ဒီကောင်လေးက တကယ်ကို ကြယ်တစ်ရာဘုရင်အဆင့် ပါရမီရှင်ပဲ"

စန်းထျန်းခို့က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ ပြောလိုက်သည်။

"အကြီးအကဲချင်းဟိုင် ဒီတစ်ခါတော့ ငါတို့ မျက်နှာကောင်းရပြီထင်တယ်"

"ဟားဟား..ဒီတစ်ခါတော့ ငါ့ကို အမြဲလှောင်ပြောင်တဲ့ဦး‌ဆောင် အကြီးအကဲတွေကို ပါးစပ်ပိတ်သွားအောင် လုပ်နိင်တော့မယ်"

စန်းချင်းဟိုင်က အားရပါးရ ရယ်မောလိုက်ရာ သူ၏ ရယ်သံသည် ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

"ကောင်လေး.. စန်းဟိုင်ကျွန်းရဲ့ ပထမဆုံး ကြယ်တစ်ရာဘုရင်ပါရမီရှင် ဖြစ်လာတဲ့ အတွက် ဂုဏ်ယူပါတယ်"

အခန်း(၆၄၉)ပြီး၏။

အခန်း(၆၅၀)

ကျန်းချန်၏ စမ်းသပ်မှု ပြီးသွားပြီးနောက်တွင် နောက်ထပ်ကြယ်စမ်းသပ်မှုများကို လူတိုင်းသည် စိတ်ဝင်စားမှု လျော့သွားခဲ့သည်။

ကြယ်ကိုးဆယ်အထိ တစ်ယောက်ကသာ ရရှိခဲ့ပြီး ကျန်တဲ့သူများအားလုံးသည် ကြယ်ကိုးဆယ်အောက်သာ ရောက်ရှိခဲ့သည်။

ကိုယ်ခံပညာပါရမီရှင် မဟုတ်သည့် လျှိုလင်ကျူး အတွက်မူ ကြယ်စမ်းသပ်မှုတွင် ပါဝင်ဖို့ မလိုအပ်ခဲ့ပေ။

သူမအနေဖြင့် စန်းလန်အဖွဲ့အစည်း၏ အထူးစစ်ဆေးမှုကိုအောင်မြင်လျှင် လုံလောက်ပြီ ဖြစ်၏။

အချိန်က မသိလိုက်ခင်မှာပင် ကုန်လွန်သွားခဲ့ပြီး ကြယ်စမ်းသပ်မှုကလည်း ပြီးဆုံးသွားခဲ့သည်။

နောက်ထပ် လုပ်ဆောင်ရမည်မှာ စန်းလန်အဖွဲ့အစည်း၏ တပည့်အဖြစ် တရားဝင်စစ်ဆေးမှုပင် ဖြစ်၏။

"ကြယ်စမ်းသပ်မှုက ပြီးဆုံးသွားခဲ့ပြီ.. မင်းတို့အနေနဲ့ စန်းလန်အဖွဲ့အစည်းရဲ့ တပည့်အဖြစ် တရားဝင်စစ်ဆေးမှုကို စတင်ခံယူရမယ်...ကြယ်ရှစ်ဆယ့်ငါးလုံးနဲ့ အဲဒီ အထက်မှာ.ရရှိတဲ့ သူတွေက ကွင်းပြင်အလယ်မှာ စုရုံးလိုက်ကြပါ"

စန်းထျန်းခို့က လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ကြယ်ငါးပွင့်ခရစ်စတယ်ကျောက်တိုင်ကို ပြန်လည်သိမ်းယူလိုက်သည်။

သူ၏ တည်ကြည်သောအသံသည် ပရိသတ်ကို နောက်တစ်ကြိမ် လွှမ်းမိုးသွားပြန်၏။

လေထုထဲမှ စန်းထျန်းခို့၏ စကားကိုကြားပြီးနောက်တွင် အယောက်နှစ်ဆယ်ကျော်သော ပုံရိပ်များသည် ကွင်းပြင်၏ အလယ်တွင် အလျင်အမြန် ပေါ်လာခဲ့သည်။

စန်းထျန်းခို့က လေထဲကနေ ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီတိုင်းကို ကြည့်လိုက်ပြီး စစ်ဆေးမှု၏ စည်းမျဉ်းများကို စတင်ကြေညာခဲ့သည်။

စန်လန်းအဖွဲ့အစည်း၏ တပည့်အဖြစ် တရားဝင်စစ်ဆေးမှုသည် အမှန်တကယ်တွင် အလွန်ကို ရိုးရှင်း၏။

စန်းဟိုင်မြို့၏ မြို့တော်ဝန်အိမ်တော်တွင် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကိုယ်ရံတော်အဖွဲ့တစ်ဖွဲ့ ရှိပြီး ထို ကိုယ်ရံတော်တိုင်းတွင် စန်းလန် အဖွဲ့အစည်း၏ တပည့် သက်သေခံ တံဆိပ်ပြားတစ်ခုစီ ရှိ၏။

ကြေးတပည့်အဆင့် စစ်ဆေးမှုကို စစ်ဆေးပေးမည့်ကိုယ်ရံတော်သည် စစ်ဆေးမှုကို ခံယူမည့်သူနှင့် တူညီသောကျင့်ကြံခြင်း နယ်ပယ်အဆင့်ထိ ခွန်အားကို လျှော့ချပေးမည် ဖြစ်သည်။

စစ်ဆေးမှုကို ခံယူသောသူက ထိုကိုယ်ရံတော်ကို အနိုင်ရလျှင် ကြေးအဆင့် တပည့် ဖြစ်လာနိုင်မည် ဖြစ်၏။

ငွေရောင်တပည့် စစ်ဆေးမှုကို ခံယူမည့်သူသည် မိမိထက်ကျင့်ကြံခြင်းအဆင့် တစ်ဆင့်မြင့်သည့် ကိုယ်ရံတော်ကို အနိုင်ယူရမည် ဖြစ်၏။

ရွှေရောင်တပည့်အဖြစ် စစ်ဆေးမှုကို ခံယူမည့်သူကမူ မိမိထက် အဆင့်နှစ်ဆင့် မြင့်သည့် ကိုယ်ရံတော်ကို အနိုင်ယူရမည် ဖြစ်သည်။

ဘုရင်တပည့်အဖြစ် စစ်ဆေးမှုကို ခံယူမည့်သူကမူ မိမိထက်ကျင့်ကြံခြင်းအဆင့် သုံးဆင့်မြင့်မားသည့် ကျင့်ကြံသူကို အနိုင်ယူရပေမည်။

ဆိုရလျှင် စန်းလန်အဖွဲ့အစည်း၏ တပည့်အဆင့် လေးဆင့်စစ်ဆေးမှုသည် အဆင့်တစ်ခုစီ မြင့်လာသည်နှင့်အမျှ ခက်ခဲမှုကလည်း ဆယ်ဆတိုးလာလိမ့်မည် ဖြစ်သည်။

တိကျစွာဆိုရလျှင် အနိမ့်ဆုံးအဆင့်ဖြစ်သည့် ကြေးတပည့်အဆင့် စစ်ဆေးမှုကပင် ကျော်ဖြတ်ရန် မလွယ်ကူသော စစ်ဆေးမှု ဖြစ်သည်။

အဆုံးသတ်တွင် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူသည် ကျင့်ကြံခြင်းကို လျှော့ချထားလျှင်ပင် တခြားသော ရှုထောင့်များ၌ ၎င်းတို့ကို လူငယ်ပါရမီရှင်များသည် နှိုင်းယှဥ်၍ မလွယ်ပေ။

အများစုအတွက်မူ ကျင့်ကြံခြင်းအဆင့် တူညီအောင် လျှော့ချထားသော ကိုယ်ရံတော်များကို အနိုင်ယူဖို့ မလွယ်ကူသလောက်ပင်။

စစ်ဆေးမှု စည်းမျဉ်းများကို‌ ကြေညာပြီးနောက်တွင် စန်းထျန်းခို့၏ အမိန့်ဖြင့် ကြယ်ပါရမီရှင် စမ်းသပ်မှုကို အောင်မြင်ထားသော အယောက်နှစ်ဆယ်ကျော်သည် မြို့တော်ဝန် အိမ်တော် ထဲသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။

ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မြို့တော်ဝန်အိမ်တော်ထဲကို လှမ်းဝင်သွားခဲ့၏။

သို့သော်လည်း လူတိုင်းက မျှော်လင့်ထားသလို ကျန်းချန်သည် ဘုရင်အဆင့် တပည့်စစ်ဆေးမှုအတွက် မတိုက်ခိုက်ခဲ့ပေ။

သူက စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့် သက်သေခံတံဆိပ်ပြားကို ရယူကာမြို့တော်ဝန် အိမ်တော်ကနေ တိုက်ရိုက်ထွက်လာခဲ့သည်။

"ဒီကောင်လေးက ဘုရင်အဆင့် တပည့်စစ်ဆေးမှုကို အမှန်တကယ် လက်လျော့လိုက်တာပဲ"

ကျန်းချန်၏ ရွေးချယ်မှုကိုမြင်လျှင် လေထုထဲမှ စန်းထျန်းခို့သည် မျက်လုံးအပြူးသားဖြင့် ကျန်းချန်ကို ကြည့်နေခဲ့သည်။

"သူ့ရဲ့အင်အားနဲ့ဆိုရင် ဘုရင်အဆင့် တပည့်စစ်ဆေးမှုကိုအောင်မြင်ဖို့ အစွမ်းအစ အပြည့်အဝရှိတယ်...ငါ့အမြင်တော့ ဒီကောင်လေးက ပါရမီထူးချွန်တဲ့အပြင် အတော်လေး လိမ္မာပါးနပ်တယ်.. ငါမှန်းတာမမှားရင် သူက သူ့ကိုယ်သူဖုံးကွယ်ထားဖို့ ဖြစ်နိုင်တယ်"

စန်းချင်ဟိုင်က အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်နေခဲ့သည်။

သူ၏ အိုမင်းသော မျက်လုံးထဲတွင် လေးစားသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

ဘုရင်အဆင့် တပည့်သည် စန်းလန်အဖွဲ့အစည်းတွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိ၏။

သို့သော်လည်း ကျန်းချန်က ဘုရင်အဆင့်တပည့်အဖြစ် စန်းလန်အဖွဲ့အစည်းထဲကို ဝင်လာခဲ့လျှင် စန်းလန်အဖွဲ့အစည်း၏ စီနီယာ ဘုရင်အဆင့်တပည့် နှစ်ယောက်၏ အကျိုးစီးပွားကို စိန်ခေါ်သလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ကျန်းချန်ကို စီနီယာဘုရင်အဆင့်တပည့်နှစ်ယောက်က သေချာပေါက် ဖိနှိပ်လိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်က နောက်တစ်လှမ်းဆုတ်ပြီး ရွှေရောင်တပည့်အဖြစ်သာ ရွေးချယ်လိုက်သည်မှာ စန်းလန်အဖွဲ့အစည်းတွင် ရှင်သန်ဖို့အတွက် ပို၍ လွယ်ကူသွားခဲ့၏။

"ဟားဟား.. ဒီကောင့်လို လိမ္မာပါးနပ်တဲ့သူကို ပထမဆုံးတွေ့ဖူးတာပဲ"

စန်းထျန်းခို့က တအံ့တသြ ရေရွတ်လိုက်ပြီးနောက် အကဲဖြတ်မှုရလဒ်များကို ကျယ်လောင်စွာ ကြေညာခဲ့သည်။

ဤသို့ဖြင့် ကျန်းချန်သည် စန်းလန်အဖွဲ့အစည်း၏ တရားဝင်ရွှေရောင်တပည့် ဖြစ်လာခဲ့သည်။

အခန်း(၆၅၀)ပြီး၏။

အခန်း(၆၅၁)

"စန်းလန်အဖွဲ့အစည်းရဲ့ ရွှေရောင်တပည့်"

စန်းထျန်းခို့က ကျန်းချန်၏အဆင့်အတန်းကိုကြေညာလိုက်သည်ကိုကြားလျှင် ကွင်းပြင်ထဲမှ မရေမတွက်နိုင်သော သူများသည် အားကျသောအမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။

ကျန်းချန်က ဘုရင်အဆင့် တပည့် မဖြစ်ခဲ့ပေ။

သို့သော် ဤရွှေရောင်တပည့် အဆင့်အတန်းသည်လည်း နယ်နယ်ရရ မဟုတ်ချေ။

စန်းဟိုင်ကျွန်း၏ သမိုင်းတွင် ငွေရောင်အဆင့် တပည့်ပေါ်ထွက်ခဲ့သည့် အကြိမ်အရေအတွက်သည် အလွန်ပင်နည်းပါး၏။

ရွှေရောင်တပည့်အဆင့် ဆိုသည်မှာ စန်းဟိုင်ကျွန်း၏ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ကျန်းချန်က ရွှေရောင်တပည့်အဆင့်ကို ရရှိပြီး ဆယ်မိနစ်ခန့်အကြာတွင် စမ်းသပ်မှုတွင် ပါဝင်ခဲ့သည် တခြားသော ပါရမီရှင်များသည်လည်း မြို့တော်ဝန် အိမ်တော်ကနေ တဖြည်းဖြည်း ထွက်လာခဲ့ကြသည်။

စမ်းသပ်မှုတွင် ပါဝင်ခဲ့သည် လူနှစ်ဆယ်ကျော်ထဲတွင် ကြယ်စမ်းသပ်မှု၌ ရှစ်ဆယ့်ငါး သို့မဟုတ် ရှစ်ဆယ့်ခြောက်သာ ရရှိသောသူများ၏ တစ်ဝက်နီးပါးသည် ပယ်ဖျက်ခံခဲ့ရသည်။

အဆုံးသတ်တွင် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို လူတစ်ဆယ့်လေးယောက်သာ အောင်မြင်ခဲ့သည်။

ထိုမိသားစုတွင် ဖူယန်နှင့် ဖူလေ့တို့သည် ငွေရောင်တပည့်အဆင့် သက်သေခံ တံဆိပ်များကို ရရှိခဲ့ကြသည်။

လျှိုယင်နှင့် လျှိုခွင်းတို့ နှစ်ယောက်စလုံးကမူ ကြေးအဆင့်တပည့် စစ်ဆေးမှုကို အောင်မြင်ခဲ့သည်။

တင်းမိသားစုမှ တင်းဟုန်ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို ချင်းလွမ်နယ်မြေက လေးယောက်အထိ အောင်မြင်ခဲ့သည်။

ထိုအရေအတွက်မှာ ဖူဟူနယ်မြေနှင့် အရေအတွက် အတူတူပင် ဖြစ်သည်။

စစ်ဆေးမှုကို အောင်မြင်ခဲ့သည့် ဆယ့်လေးယောက်ထဲမှ လေးယောက်သည် ငယ်ရွယ်သေးသူများ ဖြစ်ကြ၍ စန်းလန်အဖွဲ့အစည်း၏ ကြေးတပည့် ဖြစ်လာနိုင်ခွင့်ကို တိုက်ရိုက်ပင် လက်လျှော့ခဲ့ကြသည်။

သူတို့က ငွေရောင်အဆင့် တပည့်ကို ရည်မှန်းထားကြ၍ နောက်တစ်နှစ်တွင် ထပ်မံ အကဲဖြတ်မှုကို ခံယူရန် ရည်ရွယ်ထားခဲ့ပုံ ရသည်။

စန်းလန်အဖွဲ့အစည်း၏ တပည့်အဖြစ် အကဲဖြတ်မှုသည် အသက်နှစ်ဆယ်အောက်သာ အကျုံးဝင်၏။

ထို့ကြောင့် အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည့် လျှိုယင်သည် နောက်တစ်နှစ် အကဲဖြတ်မှုတွင် ပါဝင်ချင်သေးသော်လည်း လျှိုရွှယ်ဖုန်းသည် ငြင်းပယ်ခဲ့သည်။

ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန်အဖွဲ့အစည်းတွင် ကျင့်ကြံသည့် အခြေအနေနှင့် စန်းဟိုင်ကျွန်းတွင် ကျင့်ကြံသည့် အခြေအနေသည် အလွန်ပင် ကွာခြားသည်။

စန်းလန်အဖွဲ့အစည်းသို့ တစ်နှစ်စောပြီး ဝင်ရောက်ခြင်းသည် လျှိုယင်၏ တိုးတက်မှုအတွက် ပို၍ အကျိုးရှိစေမည် ဖြစ်သည်။

စန်းဟိုင်ကျွန်းမှ ပါရမီရှင်များသည် ငွေရောင်အဆင့် တပည့်ဖြစ်လာရန် အစွမ်းကုန် ကြိုးစားနေရသည့် အဓိကအကြောင်းအရင်းမှာ ကြေးအဆင့် တပည့်များသည် စန်းလန်အဖွဲ့အစည်းတွင် အဆင့်အတန်းနိမ့်ကျ၍ ဖြစ်သည်။

အထူးသဖြင့် သူတို့က စန်းလန်အဖွဲ့အစည်းသို့ ဝင်ရောက်သည့်အခါတွင် ရှင်သန်ရန် ခက်ခဲကြ၏။

သို့သော် ဤတစ်ခေါက်တွင်မူ လျှိုမိသားစုတွင် ကျန်းချန်လိုရွှေအဆင့်တပည့်တစ်ယောက် ရှိနေခဲ့ပြီ မဟုတ်ပါလား။

ကျန်းချန်၏ စောင့်ရှောက်မှုဖြင့်ဆိုလျှင် စန်းလန်အဖွဲ့အစည်း၌ လျှိုယင်၏ အခြေအနေသည် သံသယဖြစ်စရာ မရှိ ပိုမို ကောင်းမွန်နေမည်မှာ သေချာသည်။

ကိုယ်ခံပညာ စစ်ဆေးမှုပြီးဆုံးသွားသည့် နောက်တွင် ကိုယ်ခံပညာပါရမီရှင်များ မဟုတ်သည့် လျှိုလင်ကျူးနှင့်တခြားသော သူများကို အထူးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

အဆုံးသတ်တွင်လည်း လျှိုလင်ကျူးသည် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို အောင်မြင်ပြီး ကြေးအဆင့်တပည့် ဖြစ်လာခဲ့သည်။

စစ်ဆေးမှု ပြီးဆုံးသွားပြီးနောက်တွင် စန်းချင်းဟိုင်သည် လူတိုင်းကို ပြင်ဆင်ချိန် တစ်ရက် ပေးခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် စန်းလန်အဖွဲ့အစည်းသို့ ခရီးထွက်မည့် ဆယ်ကျော်သက်အရွယ် ဆယ့်လေးယောက်သည် မြို့တော်ဝန်အိမ်တော်ရှေ့ရှိ ကွင်းပြင်တွင် စုရုံး ရောက်ရှိနေခဲ့ကြသည်။

လေထုထဲတွင်ရှိနေသည့် စန်းချင်းဟိုင်သည် လူငယ်တစ်ဆယ့်လေးယောက်ကို တစ်ချက် လှမ်းကြည့်ပြီးနောက် သိုလှောင်အိတ်ထဲကနေ အနက်ရောင် လှေငယ်လေး တစ်စင်းကို ချက်ချင်းဆိုသလို ထုတ်ယူလိုက်၏။

လှေငယ်လေး၏ ကိုယ်ထည်တစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထား၏။

၎င်း၏ပုံသဏ္ဍာန်က အလွန်ရိုးရှင်းသေသပ်ပြီး စန်းလန်အဖွဲ့အစည်း၏ တံဆိပ်ကို လှေငယ်လေးတွင် ထိုးထွင်းထားသည်။

"လေဟာနယ်လှေပါလား.."

ထိုလှေက စန်းလန်အဖွဲ့အစည်းက လျှို့ဝှက်ပစ္စည်းများဖြင့်ပြုလုပ်ထားခြင်း ဖြစ်သည်။

လေဟာနယ်လှေက မပျက်စီးနိုင်ဟု ဆိုကြပြီး နတ်ဝိညာဉ်ဘုရင်အဆင့်၏ ဝိညာဉ်စွမ်းအားဖြင့် ကောင်းချီးပေးထားသောလှေ ဖြစ်သည်ဟုလည်း ဆိုကြသည်။

ဆိုရလျှင် လေဟာနယ်လှေသည် ကျုံးကျိုးကုန်းမြေတိုက်နှင့်ပင်မနယ်မြေများကြားတွင် စန်းလန်အဖွဲ့အစည်းက ခရီးထွက်ရန်အတွက် ပြုလုပ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော လှေတစ်စင်း ဖြစ်သည်။

"လှေပေါ်ကိုတတ်ကြ.."

စန်းချင်းဟိုင်က အမိန့်ပေးလိုက်ရာ ဆယ်ကျော်သက် အရွယ် တစ်ဆယ့်လေးယောက်သည် လေဟာနယ် လှေပေါ်သို့ ခုန်တက်လိုက်ကြသည်။

စန်းချင်းဟိုင်၏ ထိန်းချုပ်မှုအောက်တွင် လေဟာနယ်လှေသည် ချက်ချင်းပင် လေထုကို ဖောက်ထွက်သွားပြီး အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ တောင်ဘက်ကောင်းကင် ဆီသို့ ပျံသန်းသွားခဲ့သည်။

ထိုလေဟာနယ်လှေ၏ အမြန်နှုန်းသည် အလွန်ပင် မြန်ဆန်ပြီး ကျန်းချန် နောက်ဆုံးအကြိမ်က စီးခဲ့သည့် ပဉ္စမအဆင့် သားရဲဖြစ်သည့် ကြိုးကြာသားရဲထက်ပင် အဆများစွာ ပိုမြန်၏။

ရက်အနည်းငယ်အကြာတွင် စန်းဟိုင်ကျွန်း၏ တောင်ဘက်အစွန်အဖျားမှ အဆုံးမရှိ ကျယ်ပြန့်သည့် ဧရာမတောအုပ် တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

သူရှေ့မှမြင်ကွင်းကို ကြည့်ကာ ကျန်းချန်သည် အလွန်တစ်ရာ စိတ်လှုပ်ရှားသွားခဲ့၏။

သူ့အတွက် ဤသစ်တောအုပ်ကို ဖြတ်သွားခြင်းသည် ယန်ဒီမြို့ဆီသို့သွားရန် ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့်အတူတူပင်။

ဆိုရလျှင် သူ၏ ပထမဆုံးခြေလှမ်းသည် ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းရှိ ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန် အဖွဲ့အစည်းထဲကို အောင်မြင်စွာ ဝင်ရောက်ရန် ဖြစ်သည် မဟုတ်ပါလော။

အခန်း(၆၅၁)ပြီး၏။

All Chapters