← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း(၆၅၂)

"ကောင်းကင်မျက်နှာပြင်ကို ဖောက်ထွက်တော့မယ်.. မင်းတို့သေချာလေးကိုင်ထားကြ.."

စန်းချင်းဟိုင်က ကျန်းချန်နှင့် တခြားသူများကို တိုက်တွန်းလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို လေဟာနယ်လှေကိုအရှိန်မြှင့်ကာ ကောင်းကင်ဆီသို့ ဦးတည် မောင်းနှင်လိုက်သည်။

လေဟာနယ်လှေက ချက်ချင်းပင် ကောင်းကင်ရှေ့၌ ပေါ်လာခဲ့၏။

နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြတ်သန်းနိုင်သည့် ကောင်းကင်မျက်နှာပြင်ကို ထိုခဏတွင် လေဟာနယ်လှေသည် အတားအဆီးမရှိ ဖြတ်သန်းသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ မြင်ကွင်းထဲ၌ အဆုံးမရှိသော နယ်မြေတစ်ခု ပေါ်လာခဲ့သည်။

"ဒီနေရာရဲ့ ကောင်းကင်နဲ့ မြေကြီး အသက်စွမ်းအားက စန်းဟိုင်ကျွန်းထက်တောင် အများကြီး ပိုမိုအားကောင်းတာပဲ"

လူတိုင်းက ပတ်ဝန်းကျင်မှ အခြေအနေကို ကြည့်ကာ စိတ်လှုပ်ရှားနေခဲ့ကြသည်။

စန်းချင်းဟိုင်ကမူ လူတိုင်း၏ စိတ်လှုပ်ရှားမှုကို လျစ်လျူရှုကာ လေဟာနယ်လှေကိုသာ မောင်းနှင်နေခဲ့၏။

နောက်ထပ် ရက်အနည်းငယ်အကြာတွင် ကောင်းကင်ပြာ‌ရောင် အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသည့် ကြီးမားသောတောင်တန်း တစ်ခုရှေ့သို့ လေဟာနယ်လှေက ရောက်ရှိလာခဲ့သည်။

ထိုတောင်တန်း၏ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ လှေ၏အရှိန်က တဖြည်းဖြည်း လျော့သွားခဲ့ပြီး အဆုံးသတ်တွင် ကောင်းကင်ပြာရောင် အလင်းတန်းကို ဖြတ်သန်းကာ တောင်တန်းဆီသို့ ဝင်ရောက်သွားခဲ့သည်။

တောင်တန်းအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားက အလွန်တစ်ရာ သိပ်သည်းသည်ကို တွေ့ရလျှင် လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။

ထိုခဏတွင် ကျန်းချန်နှင့် တခြားသူများသည် ကြီးမားသောတောင်တန်းကြီးပေါ်တွင် တည်‌ဆောက်ထားသည့် ခမ်းနားသော နန်းတော် အဆောက်အအုံတစ်ခုကို မြင်လိုက်ရသည်။

ထိုအဆောက်အအုံက အလွန်ပင် မြင့်မားပြီး ခမ်းနားထည်ဝါ၏။

ခဏအကြာတွင် စန်းချင်းဟိုင်သည် လေဟာနယ်လှေကိုထိန်းချုပ်ကာ အမြင့်ဆယ်ပေ ရှိသည့် ဧရာမကျောက်တိုင် တစ်တိုင်ရှေ့တွင် ရပ်တန့်လိုက်သည်။

ကျောက်တိုင်ပေါ်တွင် ကောင်းကင်အပြာရောင် အလင်းများထုတ်လွှတ်နေသည့် စန်းလန်အဖွဲ့အစည်း ဟူသောစာသုံးလုံးသည် အလွန်ပင် ခမ်းနားစွာရှိနေခဲ့၏။

လေဟာနယ်လှေကို ဆင်းသက်ပြီးနောက်တွင် စန်းချင်းဟိုင်သည် ကျန်းချန်နှင့် တခြားသူများကို စန်းလန်အဖွဲ့အစည်းထဲသို့ ခေါ်သွားရန် ပြင်ဆင်ချိန်မှာပင် လေထုထဲကနေ နောက်ထပ် လှေဟာနယ် လှေတစ်စင်း ဆင်းသက်လာသည်ကို အားလုံးက တွေ့လိုက်ရသည်။

မကြာမီမှာပင် အမျိုးသမီးတစ်ဦးသည် လူငယ် အယောက်နှစ်ဆယ်ကို ဦးဆောင်ကာ လေဟာနယ်လှေထဲမှ ထွက်လာခဲ့သည်။

"အကြီးအကဲချင်းဟိုင်.. ရှင်လည်း စန်းဟိုင်ကျွန်းကနေ ပြန်ရောက်လာပြီလား"

ဦးဆောင်လာသည့် အမျိုးသမီးတစ်ဦးက စန်းချင်ဟိုင်နှင့်တခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူမ၏ မျက်နှာထက်တွင် အထင်သေးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စန်းချင်းဟိုင်က ထိုအမျိုးသမီးကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ..အကြီးအကဲ ရွှယ်ကျီလည်း ငါနဲ့ တစ်ချိန်တည်းမှာ ယွင့်မုန်ကျွန်းကနေ ပြန်လာမယ်လို့ ထင်မထားမိဘူး"

စန်းလန် အဖွဲ့အစည်း၏ အကြီးအကဲနှစ်ယောက် စကားပြောနေစဉ်တွင် သူတို့အနောက်မှ ပါရမီရှင်များသည်လည်း တစ်ဖက်ကိုတစ်ဖက် အကဲခတ်ကာ ကြည့်နေခဲ့ကြသည်။

စန်းလန်အဖွဲ့အစည်းသည် ကျုံးကျိုးကုန်းမြေတိုက်ကြီး၏ မြောက်ပိုင်းဒေသရှိ ကြယ်နှစ်ပွင့်အင်အားစု ဖြစ်ပြီး ကျုံးကျိုးကုန်းမြေ၏ မြောက်ဘက်ရှိ နယ်စပ်ဒေသသုံးခုကို ထိန်းချုပ်ထားခဲ့သည်။

စန်းဟိုင်ကျွန်းသည်လည်း ထိုဒေသသုံးခုထဲတွင် တစ်ခုအပါအဝင် ဖြစ်၏။

ဦးဆောင်လာသောအကြီးအကဲမှာ စန်းချင်းဟိုင် ကဲ့သို့ပင်တပည့်များကို ရှာဖွေရန်တာဝန်ရှိသည့် ဒေသတစ်ခု၏ ဦးဆောင် အကြီးအကဲ ဖြစ်သည်။

ထိုအမျိုးသမီး တာဝန်ယူထားသည် ယွင်မုန့်ကျွန်းသည် စန်းဟိုင်ကျွန်းထက်ပင် ထူးချွန်သောပါရမီရှင်များ ပိုမို ထွက်ပေါ်လေ့ရှိသည်။

ထို့ကြောင့် အမျိုးသမီးနောက်မှ လူငယ်များသည် စန်းချင်းဟိုင် ခေါ်လာခဲ့သော စန်းဟိုင်ကျွန်းမှ ပါရမီရှင်များထက် ပိုမို၍ သန်မာ၏။

ကျန်းချန်က အမျိုးသမီး၏နောက်မှ လူငယ်များကို အကဲခတ်လိုက်ရာ ထိုအထဲမှ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးမာနကြီးသော မျက်နှာထားဖြင့် လူငယ်လေး တစ်ယောက်သည် ဖူယန်ထက်ပင် အဆများစွာ သာလွန်ပြီး ရွှေရောင်တပည့် ဖြစ်နိုင်ချေ အလွန်များသည်ကို သတိပြုမိခဲ့သည်။

မည်သို့ပင်ဖြစ်စေ နှစ်ဖက်စလုံးသည် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင်များဖြစ်၍ တစ်ယောက်ကို တစ်ယောက် အကျောမခံချင်ကြပေ။

"ဟားဟား..စန်းဟိုင်ကျွန်းက ပါရမီရှင်တွေထဲမှာ စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူတောင်မရှိဘူးဟ.. စန်းဟိုင်ကျွန်းရဲ့ ပါရမီရှင်တွေက အမှိုက်လို့ ကြားထားတာ အတော်ကြာပြီ.. ဒီနေ့မှပဲ တကယ် လက်တွေ့သိရတော့တယ် "

စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယွင်မုန့်ကျွန်းမှ ပါရမီရှင်တစ်ယောက်က ကျန်းချန်နှင့် တခြားသူများကို မထီမဲ့မြင် လှမ်းကြည့်ကာ ခနဲ့လိုက်သည်။

ထိုစကားကိုကြားလျှင် စန်းဟိုင်ကျွန်းမှ ပါရမီရှင် အများအပြားသည် စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။

လျှိုယင်ကမူ သည်းမခံနိုင်ဘဲ နှာခေါင်းရှုံကာ အေးစက်စက်ရေရွတ်လိုက်သည်။

"စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူက ဘာများ အံ့သြစရာကောင်းနေလို့လဲ.. နင်တို့ ယွင်မုန့်ကျွန်းရဲ့ပါရမီရှင်က ဒီအဆင့်လောက်ပဲလား"

အခန်း(၆၅၂)ပြီး၏။

အခန်း(၆၅၃)

"မင်းဘာစကားပြောလိုက်တာလဲ"

လျှိုယင်၏ စကားကိုကြားပြီးနောက်တွင် ယွင်မုန့်ကျွန်းမှ ပါရမီရှင်တစ်ယောက်သည် လျှိုယင်ကို အော်ဟစ်လိုက်သည်။

ကျန်ရှိသည့် ယွင်မုန့်ကျွန်းမှ ပါရမီရှင်များကလည်း မကျေမနပ် အမူအရာဖြင့် လျှိုယင်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။

အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးပင် လျှိုယင်ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့၏။

ထိုလူငယ်၏ အေးစက်စက်အကြည့်ကို ရင်ဆိုင်မိလျှင် လျှိုယင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

ဤအချင်းအရာကိုမြင်လျှင် ကျန်းချန်က မနေနိုင်တော့ဘဲ ရှေ့သို့ တိုးထွက်ကာ လျှိုယင်၏ အရှေ့တွင် ရပ်တန့်လိုက်သည်။

သူက ယွင်မုန့်ကျွန်းမှ ပါရမီရှင်အဖွဲ့ကို လှမ်းကြည့်ကာ ပြောလိုက်၏။

"သူပြောတာ ဘာမှားနေလို့လဲ.. ငါ့မျက်စိထဲမှာတော့ မင်းတို့ ယွင်မုန့်ကျွန်းရဲ့ပါရမီရှင်တွေက အမှိုက်တစလောက်တောင်တန်ဖိုးမရှိဘူး"

"အကြီးအကဲချင်းဟိုင်.. ဒီကောင်လေးက ရှင် စန်းဟိုင်ကျွန်းကနေ ခေါ်လာတဲ့ တပည့်အသစ်လား.. တော်တော်လေး မာနကြီးတာပဲ"

ဦးဆောင်လာသော အမျိုးသမီးက ကျန်းချန်နှင့် တခြားသူများကိုကြည့်ကာ နှာခေါင်းရှုံ၍ ခပ်တိုးတိုး ပြောလိုက်သည်။

ထိုအမျိုးသမီး၏ နာမည်က ရှန်းရွှယ်ကျီ ဖြစ်ပြီး လွန်ခဲ့သောနှစ်နှစ်ကမှ စန်းလန်အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်လာသူဖြစ်သည်။

ဦးဆောင်အကြီးအကဲ မဖြစ်လာခင် ရှန်းရွှယ်ကျီသည် စန်းလန်အဖွဲ့အစည်း၏ စည်းမျဥ်းများကို ချိုးဖောက်ခဲ့၍ စန်းချင်းဟိုင်သည် သူမကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့သည်။

သူမ နှင့် နီးစပ်မှုရှိသည့် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့်ကို‌ ရောက်ရှိနေသော အကြီးအကဲကသာ သူမ အတွက် ပြောမ‌ပေးခဲ့လျှင် စန်းချင်းဟိုင်သည် သူမကို စန်းလန် အဖွဲ့အစည်းကနေ နှင်ထုတ်မည်မှာ သေချာသလောက်ပင်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရှန်းရွှယ်ကျီသည် စန်းချင်းဟိုင်ကို အမြဲလိုလို ရန်ငြိုးထားခဲ့သည်။

ယခုအခါတွင် သူမသည် ဦး‌ဆောင်အကြီးအကဲ ဖြစ်လာပြီး စန်းချင်းဟိုင်နှင့် အဆင့်အတန်းချင်း တူညီသွားပြီ ဖြစ်၏။

ထို့အပြင် သူမ တာဝန်ယူထားသော ယွင်မုန့်ကျွန်းသည် စန်းချင်းဟိုင် တာဝန်ယူထားသော စန်းဟိုင်ကျွန်းထက် ထူးချွန်သော ပါရမီရှင်များ ပို၍ ထွက်ပေါ်လေ့ရှိသည်။

ထို့ကြောင့် တပည့်သစ် စုစည်းသည့်အချိန်သို့ ရောက်တိုင်းတွင် ရှန်းရွှယ်ကျီသည် စန်းချင်းဟိုင်ကို လှောင်ပြောင်လေ့ရှိသည်။

"မာနကြီးတယ်ဟုတ်လား.."

စန်းချင်းဟိုင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ဒီလောက်က ဘာမှမဟုတ်သေးဘူး.. ဒီထက်ရှင်းအောင် ပြောရရင် ကြယ်တစ်ရာဘုရင်ရဲ့ရှေ့မှာ မင်းတို့ ယွင်မုန့်ကျွန်းရဲ့ပါရမီရှင်က တကယ်ကို ဘာမှမဟုတ်ဘူး"

"ကြယ်တစ်ရာဘုရင် ဟုတ်လား..စန်းချင်းဟိုင်...ရှင် ဒီတစ်ခေါက် စန်းဟိုင်ကျွန်းကနေ ကြယ်တစ်ရာဘုရင်ကို စုဆောင်းနိုင်ခဲ့တယ်လို့ ပြောချင်တာလား"

ရှန်းရွှယ်ကျီသည် စန်းချင်းဟိုင်၏ စကားကိုကြားလျှင် ခဏမျှ မှင်တက်သွားပြီးနောက် နောက်ထပ် တခဏမှာပင် အားပါးတရ လှောင်ရယ်လိုက်သည်။

စန်းချင်းဟိုင်၏ စကားများသည် သူမ တစ်သက် ကြားဖူးသမျှ စကားထဲတွင် အရယ်ရဆုံး ဖြစ်၏။

စန်းလန်အဖွဲ့အစည်း၏ ကျွန်းသုံးခုထဲတွင် အားအနည်းဆုံးဖြစ်သော စန်းဟိုင်ကျွန်းတွင် နှစ်ပေါင်းများစွာ ကြာသည့်တိုင်ရွှေ‌ရောင်အဆင့် တပည့်တစ်ယောက်ပင် မပေါ်ပေါက်ခဲ့ဖူးပေ။

သို့သော်လည်း ယခုအခါတွင် စန်းချင်းဟိုင်သည် သူမကို စန်းဟိုင်ကျွန်း၌ ကြယ်တစ်ရာဘုရင် ရှိသည်ဟု ပြောနေခဲ့သည်။

ကြယ်တစ်ရာဘုရင်ကို စန်းလန် အဖွဲ့အစည်းကပင် တစ်နှစ်ပင်တစ်ယောက် မွေးထုတ်နိုင်ဖို့ မသေချာပင်။

ရွှေ‌ရောင်အဆင့် တပည့်ပင် မပေါ်ပေါက်ခဲ့ဖူးသည့် စန်းဟိုင်ကျွန်းတွင် ကြယ်တစ်ရာဘုရင်က မည်ကဲ့သို့ ပေါ်ထွက်နိုင်ပါမည်နည်း။

"ဟားဟား.. ကြယ်တစ်ရာဘုရင်တဲ့လား.. မင်းတို့ စန်းဟိုင်ကျွန်းမှာ ဘယ်သူက ကြယ်တစ်ရာဘုရင်လည်းတော့ ငါမသိဘူး.. ဒါပေမဲ့ အဲဒီ ကြယ်တစ်ရာဘုရင်ရဲ့ အစွမ်းအစကို ငါလေ့လာချင်တယ်"

ဤအချိန်မှာပင် မထီမဲ့မြင် အသံတစ်သံသည် ရုတ်တရက်ပဲ့တင်ထပ်လာခဲ့၏။

မကြာခင်မှာပင် ရှန်းရွှယ်ကျီ၏ အနောက်ကနေ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေးသည် ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့သည်။

"ငါက ကြယ်တစ်ရာဘုရင်ပဲ.. ဘာလဲ မင်းက မကျေနပ်လို့လား"

ကျန်းချန်က အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို လှမ်းကြည့်ကာ ခပ်မာမာ ပြောလိုက်သည်။

"အမှန်ပဲ ငါနည်းနည်းတော့ မကျေနပ်ဘူး"

အဖြူရောင်ဝတ်စုံဝတ် လူငယ်က ခေါင်းညိမ့်၍ ပြောလိုက်သည်။

သူက ကျန်းချန်ကို စေ့စေ့စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင်ပြုံးကာ ပြောလိုက်၏။

"ငါ့နာမည်က ပိုင်ချွမ်.. ကြယ်ကိုးဆယ့်ရှစ်လုံးနဲ့ ရွှေရောင်အဆင့် တပည့်စာမေးပွဲကို အောင်မြင်ခဲ့တဲ့သူပဲ.. မင်းက ကြယ်တစ်ရာဘုရင် ဆိုတော့ မင်းငါ့ကို နည်းနည်းပါးပါး သင်ပြပေးနိုင်မလား"

"မင်းစိန်ခေါ်တိုင်း ငါက လက်ခံရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ.. မင်းနဲ့အချိန်ဖြုန်းဖို့ ငါစိတ်မဝင်စားဘူး"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟားဟား..စန်းချင်းဟိုင်.. ရှင့်ရဲ့ ကြယ်တစ်ရာဘုရင်က အပြောကြီးတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာပဲ"

အကြီးအကဲ ရှန်းရွှယ်ကျီက ချက်ချင်းဆိုသလို လှောင်ရယ်လိုက်ပြီး စန်းချင်းဟိုင်ကို စိန်ခေါ်သောအကြည့်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

"ရှင့်ရဲ့ ကြယ်တစ်ရာဘုရင်ကို ရှင်ယုံကြည်တယ်ဆိုရင် ရှင်နဲ့ကျွန်မ လောင်းကြေးထပ်ရအောင်.. ဘယ်လိုလဲ.. ရှင့်မှာ ကျွန်မနဲ့ လောင်းကြေးထပ်ဖို့ သတ္တိရှိလား"

အခန်း(၆၅၃)ပြီး၏။

အခန်း(၆၅၄)

"မင်းက ဘယ်လို လောင်းကြေးထပ်ချင်လို့လဲ.."

စန်းချင်းဟိုင်၏ အိုမင်းသော မျက်လုံးများက ထိုအချိန်တွင်အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ နှလုံးသားထဲတွင်လည်း လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ရှန်းရွှယ်ကျီက အဘယ်ကြောင့် သူနှင့်အလောင်းအစား လုပ်ချင်မှန်း စန်းချင်းဟိုင် အလွန်ပင် ရှင်းရှင်းလင်းလင်းသိသည်။

ယခင်ကဆိုလျှင် သူသည် ရှန်းရွှယ်ကျီနှင့် လောင်းကြေးထပ်ရန် အမှန်တကယ် မဝံ့ရဲပေ။

သို့သော်လည်း ဤတစ်ခေါက်တွင်မူ ရှန်းရွှယ်ကျီသည် ကျောက်တုံးကို ခြေထောက်ဖြင့် ကန်မိမည်မှာ သေချာသ‌လောက်ပင် ဖြစ်၏။

စန်းချင်းဟိုင်က အမှန်တကယ် သဘောတူလိုက်သည်ကို မြင်လျှင် ရှန်းရွှယ်ကျီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ယခင်ကလည်း ရှန်းရွှယ်ကျီသည် တပည့်အသစ်များကို စန်းလန် အဖွဲ့အစည်းကို ပြန်ခေါ်လာစဥ်တွင် စန်းချင်းဟိုင်ကို စိန်ခေါ်ခဲ့ဖူးသည်။

သို့သော်လည်း စန်းချင်းဟိုင်သည် ခေါင်းကိုအမြဲတမ်း အခွံထဲသို့ ထည့်ထားတတ်သည့် လိပ်တစ်ကောင်လိုပင် စိန်ခေါ်မှုများကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

သူမက အလောင်းအစားလုပ်ရန် အဆိုပြုလိုက်သည်မှာ စန်းချင်းဟိုင်ကို အရှက်ရအောင် လုပ်ရန်သာ ဖြစ်သည်။

သို့သော် ဤတစ်ခေါက်တွင်မူ စန်းချင်းဟိုင်သည် မဆိုင်းမတွပင် သဘောတူလိုက်မည်ဟု သူမ ထင်မထားခဲ့ပေ။

"ဟမ့်.. စန်းဟိုင်ကျွန်းလို နေရာမျိုးမှာ ကြယ်တစ်ရာဘုရင်က ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ...ဒီအဘိုးကြီးက တကယ်မဟုတ်တာကို အဟုတ်လုပ်ပြီး ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာ သေချာတယ်"

ရှန်းရွှယ်ကျီက စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။

ဤအဘိုးကြီးက ကိုယ့်ဒုက္ခကိုယ်ရှာနေရာ သူမက အရောက်ပို့ပေးရမည် မဟုတ်ပါလား။

"စန်းချင်းဟိုင်.. ရှင်မကြာခင်က ဝိညာဉ်သန့်စင်ဆေးလုံး တစ်လုံးကို စု‌ဆောင်းရရှိထားတယ်လို့ ကြားတယ်...ကျွန်မ အဲဒီဆေးလုံးကို အရမ်းစိတ်ဝင်စားတယ်...ရှင်ရှုံးရင် ဝိညာဥ်သန့်စင်ဆေးလုံးကို ကျွန်မဆီ ပေးနိုင်မလား"

ရှန်းရွှယ်ကျီ၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့သည်။

သူမက စန်းချင်းဟိုင်နှင့် လောင်းကြေးကို ညှိနှိုင်းခဲ့သည်။

ဝိညာဥ်သန့်စင်ဆေးလုံးသည် ဆဋ္ဌမအဆင့်၊ အဆင့်မြင့်ဆေးလုံး အမျိုးအစား ဖြစ်၏။

ဤဆေးလုံးက သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ၏ စိတ်ဝိညာဥ်ကို သန့်စင်ပေးနိုင်ပြီး နတ်ဝိညာဥ်ဘုရင်အဆင့်သို့ပင် ရောက်ရှိစေနိုင်သော ဆေးလုံးမျိုး ဖြစ်သည်။

စန်းချင်းဟိုင်က သူမနှင့် လောင်းကြေးထပ်ရန် သဘောတူနေသည်ဖြစ်ရာ သူမအနေဖြင့် ဤအခွင့်အရေးကို အရယူပြီး ဝိညာဥ်သန့်စင်ဆေးလုံးကို ရယူရပေမည်။

အချိန်တန်လျှင် သူမသည် ဝိညာဥ်သန့်စင်ဆေးလုံးနှင့် အတူဤတစ်ခေါက် ကြယ်ကိုးဆယ့်ရှစ်လုံးရသည့် ရွှေရောင်တပည့်ကို စုဆောင်းနိုင်သော ဆုလာဘ်များအား အသုံးချကာ ကျင့်ကြံခြင်းအဆင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့်အရင်းအမြစ်များကို ရရှိလာလိမ့်မည် မဟုတ်ပါလား။

ထိုအချိန်သို့ရောက်လျှင် သူမသည် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့်ကို တစ်ဟုန်ထိုး ရောက်ရှိသွားနိုင်ပြီး စန်းလန်အဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်ပင် ဖြစ်လာနိုင်ပေသည်။

"ကောင်းပြီလေ.. မင်းရှုံးနိမ့်ခဲ့ရင်တော့ မင်းရဲ့ ဆဋ္ဌမအဆင့် ဝိညာဥ်နဂါးသွေးဓားကို ငါလိုချင်တယ်"

စန်းချင်းဟိုင်က ခေါင်းညိမ့်လိုက်ပြီး ရှည်ရှည်ဝေးဝေး မစဥ်းစားဘဲ သဘောတူလိုက်သည်။

ဝိညာဥ်သန့်စင်ဆေးလုံးကို ရရှိရန်အတွက် သူက များစွာကုန်ကျခဲ့ရသည်။

ဤအမျိုးသမီးက သူ၏ ဝိညာဥ်သန့်စင်ဆေးလုံးကိုမျက်စောင်းထိုးနေသည် ဖြစ်ရာ သူက ဤအမျိုးသမီးကို ကြက်ခိုးပြီး ဆန်ပါသွားသည့် အရသာ ဘယ်လိုလဲ ဆိုသည်ကို သိစေရပေမည်။

"ရှင်က ကျွန်မရဲ့ ဆဋ္ဌမအဆင့် ဝိညာဥ်နဂါးသွေးဓားကို လိုချင်နေတာလား..အိပ်မက်မက်နေတာပဲ"

ရှန်းရွှယ်ကျီက မထီတရီ ပြုံးလိုက်သည်။

ထို့နောက် သူက သူမ နံဘေးမှ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကို လှမ်းကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ပိုင်ချွမ်.. မင်း စန်းဟိုင်ကျွန်းက ကြယ်တစ်ရာဘုရင်ကိုတိုက်ခိုက်ဖို့ သတ္တိရှိလား.."

"ဘာလို့မရှိရမှာလဲ"

ပိုင်ချွမ်က အကြောက်အလန့်မရှိသော အမူအရာဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ.. မင်းသူ့ကို အနိုင်ရရင် ဒီအကြီးအကဲက မင်းအတွက် ဆုလာဘ်တွေ အများကြီး ဆုချမယ်"

ရှန်းရွှယ်ကျီက ကျေနပ်သော အမူအရာဖြင့် ခေါင်းညိမ့်ကာပြောလိုက်သည်။

"အကြီးအကဲရှန်း ဘာမှစိတ်မပူပါနဲ့.. စန်းဟိုင်ကျွန်းလို ကျွန်းငယ်လေးပေါ်က အမှိုက်တစ်ကောင်က ကြယ်တစ်ရာဘုရင်အဖြစ် ဟန်ဆောင်ရဲမှ‌တော့ ကျွန်တော် သူ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ စောင့်ကြည့်လိုက်ပါ"

ပိုင်ချွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

သူက ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် အရှိန်အဝါဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

"ကောင်လေး..မင်းအခု အရှုံးပေးလိုက်ရင် နောက်မကျသေးဘူး"

ပိုင်ချွမ်၏ ဖိအားကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာကမူ လုံးဝ မပြောင်းလဲခဲ့ပေ။

"ဟားဟား.. ငါ့ကို လက်နက်ချခိုင်းနေတာလား"

ကျန်းချန်၏ မျက်နှာထက်တွင် ရုတ်တရက် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မင်းက ငါ့ကို လက်နက်ချစေချင်ပေမဲ့ ခက်တာက မင်းမှာ အဲဒီလို အရည်အချင်းမရှိဘူး"

"အမှိုက်ကောင် သေစမ်း.."

ပိုင်ချွမ်၏ မျက်လုံးထဲကနေ ပြင်းထန်ပြီး အေးစက်သောအရှိန်အဝါ တစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

မကြာခင်မှာပင် သူ၏ တစ်ကိုယ်လုံးသည်အဖြူရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် ကျန်းချန်ဆီသို့‌ ရောက်ရှိလာခဲ့သည်။

"မင်းကို သင်ခန်းစာပေးမှပဲ ဖြစ်တော့မယ်"

ကျန်းချန်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး မြေကြီးပေါ်သို့ ခြေတစ်ချက် ဆောင့်၍ လေထဲသို့ ခုန်တက်ကာ ပိုင်ချွမ်၏ တိုက်ကွက်ကို ရှောင်တိမ်းခြင်းမရှိဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အခန်း(၆၅၄)ပြီး၏။

All Chapters