အခန်း (၆၅၅-၆၅၇)
Vol. 44 Ch. 655-657
အခန်း(၆၅၅)
အလွန်အမင်း မြန်ဆန်သော ပုံရိပ်နှစ်ခုသည် လေထဲတွင် ချက်ချင်းဆိုသလို ထိပ်တိုက် ဆုံမိသွားကြသည်။
"ဝုန်း..ဝုန်း..ဝုန်း.."
လေထုတွင် ပြင်းထန်သော စွမ်းအင်ပေါက်ကွဲမှုများက အဆက်မပြတ် ဆိုသလို ထွက်ပေါ်လာခဲ့၏။
မျက်စိတစ်မှတ် အတွင်းမှာပင် နှစ်ယောက်သားသည် လေထဲတွင် တိုက်ကွက် ဆယ်ကွက်ကျော်ကို တိုက်ခိုက်ပြီးသွားပြီ ဖြစ်သည်။
"ဒီကောင်လေးက ဘယ်လိုလုပ် ဒီလောက်တောင် အင်အားကြီးနေရတာလဲ"
တိုက်ကွက်ဆယ်ကွက် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်ကိုယခုထိ ထိခိုက်အောင် မလုပ်နိုင်သေးသည်ကို မြင်လျှင် ပိုင်ချွမ်သည် တဖြည်းဖြည်း အံ့အားသင့်လာခဲ့သည်။
သူ မူလက ထင်ထားသည်မှာ သူ၏အင်အားဖြင့်ဆိုလျှင် စန်းဟိုင်ကျွန်းပေါ်မှ ကြယ်တစ်ရာဘုရင်အတုကို လွယ်လွယ်ကူကူပင် အနိုင်ရမည်ဟူ၍ ဖြစ်၏။
သို့သော် တကယ်တမ်းတွင် သူ့ရှေ့မှကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် အလွန်အမင်း အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူကဲ့သို့ စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူပင် အနည်းငယ် လွှမ်းမိုးခြင်း ခံခဲ့ရသည်။
သိပ်မကြာခင်မှာပင် သူသည် သူရှေ့မှကောင်လေး၏ လုံးဝဖိနှိပ်ခြင်းကို ခံခဲ့ရ၏။
"ဒီကောင်လေးက တကယ်ပဲ ဒဏ္ဍာရီလာ ကြယ်တစ်ရာဘုရင်လား"
ပိုင်ချွမ်က အံ့အားသင့်သွားခဲ့သည်။
ထိုသို့ ကျန်းချန်၏အင်အားကြောင့် ပိုင်ချွမ် စိတ်မတည်မငြိမ် ဖြစ်နေသောအချိန်တွင် ကျန်းချန်သည် ပိုင်ချွမ်၏ အားနည်းချက် တစ်ခုကို ရှာတွေ့ပြီး ပြင်းထန်သော လက်သီးချက်ဖြင့် ထိုးချလိုက်သည်။
ပိုင်ချွမ်က ခြေလှမ်း ဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ထိပ်တိုက်ရင်ဆိုင်မှုတွင် ပိုင်ချွမ် ရှုံးနိမ့်သွားသည်ကို မြင်လျှင် ယွင်မုန့်ကျွန်းမှ ပါရမီရှင်အားလုံးသည် တစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသကဲ့သို့ သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။
ပိုင်ချွမ်ဆိုသည်မှာ သူတို့ ယွင်မုန့်ကျွန်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည် မဟုတ်ပါလော။
စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ်မှုတွင် ပိုင်ချွမ်သည် ကြယ်ကိုးဆယ့်ရှစ်လုံးဖြင့် ပရိသတ်ကို အံ့အားသင့်စေပြီး ရွှေရောင်အဆင့် တပည့် တစ်ယောက် အလွယ်တကူ ဖြစ်လာခဲ့သည်။
သို့သော်လည်း ဤကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်သည် သူ့ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်နိမ့်သည့် လူငယ်လေး တစ်ယောက်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။
"ကြယ်တစ်ရာဘုရင်"
သူတို့ရှေ့မှ ကောင်လေးက အမှန်တကယ်ပင် ကြယ်တစ်ရာဘုရင် ဖြစ်နိုင်ချေ အလွန်များ၏။
"မဖြစ်နိုင်ဘူး စန်းဟိုင်ကျွန်းလို နေရာမှာ ကြယ်တစ်ရာဘုရင်က ဘယ်လိုလုပ်ပြီး ပေါ်ထွက်လာနိုင်မှာလဲ"
ရှန်းရွှယ်ကျီက သူမ ရှေ့မှမြင်ကွင်းကို မျက်လုံးပြူး၍ ကြည့်ကာ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင် တစ်ခု ပေါ်လာခဲ့သည်။
"ဟားဟား.. ရှန်းရွှယ်ကျီ.. မင်းကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ.. မင်းပြောသလို မဖြစ်နိုင်ဘူးဆိုရင် ကြယ်တစ်ရာဘုရင်က စန်းဟိုင်ကျွန်းမှာ ဘယ်လိုလုပ်ပြီးပေါ်လာရတာလဲ.. ဘာမှဆင်ခြေမပေးနဲ့တော့.. အခု မင်းရဲ့ လူက ရှုံးနိမ့်သွားခဲ့ပြီ.. ငါ့ကို မင်းရဲ့ ဆဋ္ဌမအဆင့် ဝိညာဥ်နဂါးသွေးဓားကို ပေးဖို့သာ ပြင်ထားလိုက်တော့"
စန်းချင်းဟိုင်က အထက်စီးလေသံဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဒီကောင်လေးက ကြယ်တစ်ရာဘုရင်အဆင့် ဖြစ်နေရင်တောင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ပိုင်ချွမ်ထက် အဆင့်တစ်ဆင့်နိမ့်တယ် ပိုင်ချွမ်က တစ်ချက်ကလေး သတိလွတ်သွားလို့သာ ခံလိုက်ရတာပဲ.. ရှင့်ရဲ့လူက ပိုင်ချွမ်ကိုအနိုင်ရနိုင်မယ်လို့ ရှင်ထင်နေတာလား"
ရှန်းရွှယ်ကျီက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
ကြယ်တစ်ရာဘုရင်သည် အလွန်ပင် အင်အားကြီးသည်။
အဆင့်တူချင်းဆိုလျှင် ပိုင်ချွမ်၌ မည်သည့် အခွင့်အရေးမှရှိမည် မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် ပိုင်ချွမ်၏ ကျင့်ကြံခြင်းအဆင့်သည် ကြယ်တစ်ရာဘုရင်၏ အဆင့်ထက် အဆင့်တစ်ဆင့် ပိုမို မြင့်မားနေ၏။
သို့ဖြစ်ရာ မည်သူက မည်သူ့ကို အနိုင်ယူမလည်း ဆိုသည်မှာ မသေချာသေးပေ။
"တကယ်လား မင်းပြောသလို ဟုတ်မဟုတ် ကြည့်ရသေးတာပေါ့"
စန်းချင်းဟိုင်က ခေါင်းခါလိုက်ပြီး ရယ်မောလိုက်သည်။
ဤအမျိုးသမီးသည် ကြယ်တစ်ရာဘုရင်၏ တိုက်ခိုက်ရေးစွမ်းအားကို အလွန်အမင်း လျှော့တွက်ထားခဲ့သည်။
ကြယ်တစ်ရာဘုရင်အနေဖြင့် ၎င်းထက် အဆင့်တစ်ဆင့်မြင့်သည့် ရွှေရောင်တပည့် တစ်ယောက်ကိုတောင် မနိုင်ခဲ့လျှင် ကြယ်တစ်ရာဘုရင်ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်ပါမည်နည်း။
စန်းချင်းဟိုင်က ရှန်းရွှယ်ကျီနှင့် စကားပြောနေစဥ်မှာပင် ကျန်းချန်သည် လက်သီးချက်ဖြင့် ပိုင်ချွမ်ကို လွင့်စင်စေခဲ့သည်။
သူက ပိုင်ချွမ်ကို ထပ်မံ မတိုက်ခိုက်သေးဘဲ နေရာမှာပင် ရပ်နေခဲ့ပြီး လက်ပိုက်၍ ပြုံပြုံးကြီး ကြည့်နေခဲ့သည်။
သူ၏မျက်နှာထက်တွင် မထီတရီ အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။
"မင်းပြောသလို ငါက ကြယ်တစ်ရာဘုရင်အတု ဆိုရင် ငါ့ကိုတောင် အနိုင်မရတဲ့ မင်းကလည်း ကြယ်ကိုးဆယ့်ရှစ်လုံး ရတဲ့ ရွှေရောင်တပည့် အတုပဲ"
အခန်း(၆၅၅)ပြီး၏။
အခန်း(၆၅၆)
"ကောင်လေး.. ခုနက ငါ့ရဲ့ ပေါ့ဆမှုကြောင့်ပဲ.. မင်း ငါ့ရှေ့မှာ သိပ်ပြီး မောက်မာမနေနဲ့"
"မင်းက ကြယ်တစ်ရာဘုရင် ဖြစ်နေပါစေ...ငါ ပိုင်ချွမ်က ဒီနေ့ တိုက်ပွဲကို အနိုင်ရမယ်ဆိုတာ သေချာတယ်"
ပိုင်ချွမ်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။
နောက်ထပ် တစ်ခဏမှာ လေထုကိုပါ ခဲသွားစေနိုင်တဲ့ ကြောက်မက်ဖွယ် ရေခဲဆန္ဒသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်း ပြန့်နှံ့သွားခဲ့သည်။
ရေခဲဆန္ဒ ဒုတိယအဆင့်၏ စွမ်းအားသည် လေထဲတွင် ရေခဲကဲ့သို့ အေးစက်မှုကို ထုတ်လွှတ်နေသည့် အရိပ်တစ်ခုအဖြစ် ချက်ချင်း စုစည်းသွားခဲ့သည်။
ထိုအရိပ်က ကျန်းချန်ကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ချက်ချင်းဆိုသလို ကျန်းချန်၏ ပတ်ပတ်လည်ရှိ လေထုသည် အေးခဲသွား၏။
ကျန်းချန်၏ ပုံရိပ်သည် ကြောက်မက်ဖွယ်ကောင်းသော ရေခဲဆန္ဒအောက်တွင် အေးစက်သော ရေခဲရုပ်တု တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"အစ်ကိုပိုင်က ငါတို့ ယွင်မုန့်ကျွန်းရဲ့ နံပါတ်တစ် ပါရမီရှင်ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
"အမှန်ပဲ.. အကိုပိုင်ရဲ့ ရေခဲဆန္ဒ ဒုတိယအဆင့် စွမ်းအားက အရမ်း ကြောက်ဖို့ကောင်းတယ်"
"ဒီကောင်လေး အစ်ကိုပိုင်ကို စိန်ခေါ်ရဲတာ ကိုယ်သေလမ်းကိုယ်ရှာတာနဲ့ အတူတူပဲ"
"............"
ပိုင်ချွမ်က ရေခဲဆန္ဒ ဒုတိယအဆင့် ခွန်အားကို ထုတ်ဖော်လိုက်သည်နှင့် ကျန်းချန်က ရေခဲရုပ်တု တစ်ခုအဖြစ် အေးခဲသွားသည်ကို မြင်လျှင် ယွင်မုန့်ကျွန်းမှ ပါရမီရှင်များသည် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ကြ၏။
ထိုအချိန်တွင် စန်းဟိုင်ကျွန်းဘက်မှ လူတိုင်း၏ မျက်နှာအမူအရာသည် မသာမယာ ဖြစ်နေခဲ့သည်။
လျိုလင်ကျူးတို့ မိန်းကလေး နှစ်ယောက်၏ လှပသော မျက်ဝန်းထဲတွင် စိုးရိမ်သော အရိပ်အယောင်များ ပေါ်လာခဲ့၏။
"စန်းချင်းဟိုင်.. ရှင့်ရဲ့ ကြယ်တစ်ရာဘုရင်က ဒီ အလောင်းအစားမှာ ရှင်အနိုင်ရဖို့ မကူညီပေးနိုင်တော့ဘူး ထင်တယ်"
"ဒီအခြေအနေနဲ့ဆို ရှင့်ရဲ့ ဝိညာဉ်သန့်စင်ဆေးလုံးကို ကြိုပြီး ပြင်ထားလိုက်ရင် ကောင်းမယ်"
ရှန်းရွှယ်ကျီက သူမရှေ့မှ အခြေအနေကို ကြည့်ကာ စန်းချင်းဟိုင်ကို ဝင့်ကြွားစွာ ပြောလိုက်သည်။
"ရေခဲဆန္ဒ ဒုတိယအဆင့်ကို နားလည်ထားတယ် ဆိုတော့ မင်းတို့ ယွင်မုန့်ကျွန်းရဲ့ ကြယ် ၉၈ လုံးရတဲ့ ရွှေအဆင့်တပည့်က တကယ် မဆိုးဘူးပဲ"
"ဒါပေမဲ့ အရမ်းကြီး ပျော်မနေနဲ့ဦး"
"သူရဲ့အင်အားက ဒီလောက်ပဲဆိုရင် ဒီအလောင်းအစားကို မင်းအနိုင်ရဖို့ မလုံလောက်ဘူး"
စန်းချင်းဟိုင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ကြယ်တစ်ရာဘုရင်ကို ကြယ်တစ်ရာဘုရင်ဟု ခေါ်ရသည့်အကြောင်းရင်းမှာ ကြယ်တစ်ရာဘုရင်တိုင်းသည် သာမန်အသိဖြင့် ဖော်မပြနိုင်သည့် ဆန်းကြယ်သော ပါရမီရှင်များ ဖြစ်နေ၍ပင်။
ဆိုရလျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် မည်မျှအထိ အစွမ်းထက်မှန်း သူ မသိပေ။
သေချာသည့်အချက်မှာ ကျန်းချန်သည် ပိုင်ချွမ်လို လူ၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံရမည့်သူ မဟုတ်ချေ။
"ဟမ့်.. ကြယ်တစ်ရာဘုရင်က ဒီလောက်ပဲ တတ်နိုင်တာလား.. ငါ့ကိုတောင် မယှဥ်နိုင်ဘူး"
ပိုင်ချွမ်က ရေခဲထဲတွင် ခဲနေသည့် ကျန်းချန်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်နေခဲ့၏။
ထို့နောက် သူက လျှပ်တစ်ပြက် ကျန်းချန်ရှေ့တွင် ပေါ်လာပြီးညာဘက်လက်ဝါးဖြင့် ရေခဲထဲမှ ကျန်းချန်ကို ထိုက်စန်းတောင် ကဲ့သို့ ဖိနှိပ်ရန် ပြင်လိုက်သည်။
သို့သော် ပိုင်ချွမ်၏ လက်ဝါး ကျရောက်လုနီးပါး အချိန်တွင် ဓားဆန္ဒ ဒုတိယအဆင့်၏ပြီးပြည့်စုံသော ခွန်အားသည် ကျန်းချန်ဆီကနေ ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့၏။
မရေမတွက်နိုင်အောင် ထက်မြသော ဓားစွမ်းအင်များသည် ကျန်းချန်ကို ဗဟိုပြုပြီး လေးဘက်လေးတန်ကို ပြန့်နှံ့သွားကာ ပတ်ဝန်းကျင်မှ ရေခဲဆန္ဒကို ချက်ချင်း ချေမှုန်းလိုက်သည်။
ယင်းနောက်တွင် အချင်းဆယ်ပေအတွင်းမှ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားသည် လေထဲတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ဧရာမ ဓားကြီးတစ်ခုအဖြစ် စုစည်းသွားပြီး ပိုင်ချွမ်ဆီကို တည့်မတ်စွာ ခုတ်ချလိုက်၏။
"ဝုန်း"
ဧရာမ ဓားကြီးက ပိုင်ချွမ်၏ လက်ဝါးရိုက်ချက်ကို ချက်ချင်း ချေမှုန်းလိုက်ပြီး ပိုင်ချွမ်၏ ခန္ဓာကိုယ်ကို ခုတ်ချလိုက်သည်။
"ဝေါ့"
ပိုင်ချွမ်၏ ပါးစပ်ကနေ နီရဲသောသွေးများ ပန်းထွက်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပျက်သွားသောစွန်တစ်ကောင်နှယ် လေထဲ၌ ပြောင်းပြန် လွင့်စင်သွားခဲ့၏။
"ဝုန်း"
ကျယ်လောင်သော အသံနှင့်အတူ ပိုင်ချွမ်၏ ခန္ဓာကိုယ်က မြေကြီးပေါ်ကို လေးလံစွာ ကျရောက်သွားခဲ့သည်။
သူက မြေပြင်ကနေ ထရပ်ရန် ကြိုးစားနေစဥ်မှာပင် ကျန်းချန်၏ ပုံရိပ်က ချက်ချင်းဆိုသလို ကောင်းကင်ကနေ ကျလာပြီး သူ့ရင်ဘတ်ကို ခြေထောက်နဲ့ ဆောင့်နင်းလိုက်၏။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
"အရှုံးပေးမလား သေမလား.. နှစ်ခုထဲက တစ်ခုကို ရွေး"
အခန်း(၆၅၆) ပြီး၏
အခန်း(၆၅၇)
"ငါ...ငါ အရှုံးပေးပါတယ်"
ပိုင်ချွမ်၏ မျက်နှာက အလွန် ဖြူဖျော့နေပြီး ချက်ချင်းပင် ကြောက်လန့်တကြားဖြင့် ကျန်းချန်ကို တောင်းပန်လိုက်သည်။
"ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
အသာစီးရနေသော ပိုင်ချွမ်က ချက်ချင်းဆိုသလို ကျန်းချန်ကို လုံးဝ ရှုံးနိမ့်သွားပြီး ကျန်းချန်၏ ခြေထောက်အောက်သို့ ရောက်နေသည်ကို မြင်လျှင် ယွင်မုန့်ကျွန်းမှ ပါရမီရှင်အဖွဲ့သည် သူတို့ရှေ့မှ မြင်ကွင်းကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။
သူတို့က အလွန်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
ပိုင်ချွမ် အရှုံးပေးလိုက်သောကြောင့် ကျန်းချန်က ခြေဖဝါးကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပင် စန်းချင်းဟိုင် ဘေးသို့ ပြန်သွားလိုက်၏။
"ကောင်လေး.. အရမ်းတော်တယ်"
စန်းချင်းဟိုင်က ပြုံးပြီး ကျန်းချန်၏ ပခုံးကို ပုတ်လိုက်သည်။
မကြာခင်မှာပင် သူက တစ်ဖက်မှ ရှန်းရွှယ်ကျီကို ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပြောလိုက်သည်။
"ရှန်းရွှယ်ကျီ.. ငါ အနိုင်ရပြီဆိုတော့ ဆဋ္ဌမအဆင့် ဝိညာဉ်နဂါးသွေးဓားကို ပေးတော့လေ"
"စန်းချင်းဟိုင်.. ရှင်ကံကောင်းသွားတယ် မှတ်ပါ"
ရှန်းရွှယ်ကျီ၏ မျက်နှာက အလွန်ပင် မသာမယာ ဖြစ်နေ၏။
သူမက သိုလှောင်အိတ်ထဲကနေ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသော သွေးနီရောင် ဓားရှည်တစ်လက်ကို ထုတ်ကာ စန်းချင်းဟိုင်ဆီ ပစ်ပေးလိုက်သည်။
ထို့နောက်တွင် ရှန်းရွှယ်ကျီသည် ကျန်းချန်ကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး ယွင်မုန်ကျွန်းမှ တပည့်အဖွဲ့ကို ဦးဆောင်ကာ စန်းလန်အဖွဲ့အစည်းထဲကို အရင် လျှောက်ဝင်သွားခဲ့၏။
"ကျန်းချန်.. မင်းရဲ့ ဓားရေးက မဆိုးဘူး.. ဒါပေမဲ့ မင်းမှာ ထိုက်တန်တဲ့ လက်နက် မရှိသေးဘူး"
"ဒီနဂါးသွေးဓားက ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်လက်နက် တစ်ခုပဲ.. ဒီဓားမှာ နဂါးစွမ်းအား အစအနလေးတောင် ပါသေးတယ်... မင်း လက်ခံလိုက်ပါ"
စန်းချင်းဟိုင်က နဂါးသွေးဓားကို သူ့ဘေးမှ ကျန်းချန်ဆီ တိုက်ရိုက် ပစ်ပေးလိုက်သည်။
ကျန်းချန်က သူ့လက်ထဲမှ နဂါးသွေးဓားကို ကြည့်ကာ အနည်းငယ် မှင်တက်သွားသည် ။
"အကြီးအကဲ...ဒီဓားကို တကယ်ပဲ ကျွန်တော့်ဆီ ပေးချင်တာလား"
ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်လက်နက်။
ဤသည်က သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူ အများအပြားအတွက်ပင် အလွန်ရှားပါးသည့် ကောင်းကင်လက်နက်တစ်ခု ဖြစ်သည်။
စန်းချင်းဟိုင်က ရယ်မော၍ ပြောလိုက်သည်။
"ဒီဓားက မင်းနဲ့ထိုက်တန်ပါတယ်.. ငါက ပန်းကို ငှားပြီး ဗုဒ္ဓကို ပူဇော်ရုံပါပဲ"
"အကြီးအကဲကို ကျေးဇူးတင်ပါတယ်"
ကျန်းချန်က စန်းချင်းဟိုင်ကို ကျေးဇူးတင်စကား ပြောပြီးနောက် ချက်ချင်းဆိုသလို နဂါးသွေးဓားကို သိမ်းဆည်းလိုက်၏။
သူ၏ လက်ရှိ အင်အားဖြင့် ဒုတိယအဆင့် စိတ်ဝိညာဉ်လက်နက်ဖြစ်သည့် ယန်လုံဓားသည် သူနှင့် မလိုက်ဖက်တော့ပေ။
ထို့ကြောင့် ဤဆဋ္ဌမအဆင့် ဝိညာဉ်နဂါးသွေးဓားသည် သူ့အတွက် တကယ်ကို အသုံးဝင်တဲ့ လက်နက်တစ်ခုပင်။
"အားနာစရာ မလိုပါဘူး.. ကဲ ငါတို့လည်း ဝင်ကြရအောင်"
စန်းချင်းဟိုင်က စကားဆုံးသည်နှင့် ကျန်းချန်နှင့် တခြားသူများကို စန်းလန် အဖွဲ့အစည်းဆီ ခေါ်သွားခဲ့သည်။
အထဲသို့ ရောက်လျှင် စန်းချင်းဟိုင်သည် ကျန်းချန်နှင့် တခြားသူများကို မှတ်ပုံတင်ရန် ခန်းမတစ်ခုသို့ ခေါ်သွားခဲ့၏။
စန်းလန်အဖွဲ့အစည်းသည် တပည့်များ၏ အဆင့်အတန်းကို လိုက်၍ တပည့်များအပေါ် ဆက်ဆံမှုတွင် အလွန်ပင် ကွာခြားသည်။
ထို့အပြင် နေထိုင်ရာ နေရာများကလည်း ကွဲပြား၏။
အဆင့်အတန်းကို မှတ်ပုံတင်ပြီးနောက်တွင် အဆင့်အတန်းကို လိုက်၍ အသီးသီး နေရာချလိုက်သည်။
ကျန်းချန်က လျိုလင်ကျူးတို့ မိန်းကလေး နှစ်ယောက်ကို အခက်အခဲရှိလျှင် သူ့ဆီသို့ လာဖို့ ညွှန်ကြားလိုက်၏။
ထို့နောက်တွင် သူက ကြီးကြပ်ရေးမှုး၏ လမ်းပြမှုဖြင့် ရွှေအဆင့်တပည့်များ နေထိုင်သည့်နေရာသို့ လိုက်သွားခဲ့သည်။
"ကျန်းချန်"
ထိုအချိန်တွင် စန်းချင်းဟိုင်က ရုတ်တရက် သူ့ကို ဟန့်တားလိုက်သည်။
ကျန်းချန်က စန်းချင်းဟိုင်ကို လှည့်ကြည့်ကာ မေးလိုက်၏။
"အကြီးအကဲ ချင်းဟိုင်.. ဘာကိစ္စရှိသေးလို့လဲ"
"အထွေအထူးမရှိပါဘူး.. မင်းကို သတိပေးချင်ရုံပါပဲ.. ရှန်းရွှယ်ကျီ ဆိုတဲ့ အမျိုးသမီးက ရက်စက်တယ်.. သူမက သေချာပေါက် ပြန်လက်စားချေလိမ့်မယ်"
"မင်းကြောင့် သူမက အလောင်းအစားမှာ ရှုံးသွားခဲ့တယ်.. သူမက ဒီကိစ္စကို လုံးဝ အလျော့ပေးမှာ မဟုတ်ဘူး"
စန်းချင်းဟိုင်က တည်တည်ငြိမ်ငြိမ် ပြောခဲ့သည်။
ထိုအခါ ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့၏။
"သူမရဲ့ အဆင့်အတန်းနဲ့ ကျွန်တော့်ကို မလုပ်ကြံလောက်ဘူးထင်တယ်.. သူမက စန်းလန် အဖွဲ့အစည်းထဲမှာ ကြယ်တစ်ရာဘုရင်ကို တိုက်ခိုက်ဖို့ သတ္တိ ရှိပါ့မလား"
စန်းချင်းဟိုင်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"သူမက မင်းကို ကိုင်တွယ်ဖို့ စန်းလန် အဖွဲ့အစည်းရဲ့ တပည့်အချို့ကို သေချာပေါက် အမိန့်ပေးလိမ့်မယ်"
"မုန်တိုင်းက ပိုပြီး ပြင်းထန်လေ.. ကျွန်တော် သဘောကျလေပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားခဲ့၏။
ထိုခဏတွင် စန်းချင်းဟိုင်၏ နားထဲတွင် မောက်မာသော အသံတစ်သံသည် ဖြည်းညှင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ကျွန်တော်က ဘုရင်အဆင့် ပါရမီရှင်ပဲ.. ရွယ်တူတွေကြားမှာ ကျွန်တော်က ဘာကို ကြောက်နေရမှာလဲ"
အခန်း(၆၅၇) ပြီး၏