အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
အခန်း(၆၅၈)
စန်းချင်းဟိုင်နဲ့ ခွဲခွာပြီးနောက် ကြီးကြပ်ရေးမှူး တစ်ယောက်၏ စီစဉ်ပေးမှုဖြင့် ကျန်းချန်သည် ရွှေအဆင့် တပည့်များ၏ နေရာတွင် နေထိုင်ခဲ့သည်။
ကြယ်တစ်ရာဘုရင် အနေဖြင့် ကျန်းချန်၏ အရေးပေးခံရမှုသည် သဘာဝကျစွာပင် အလွန်မြင့်မား၏။
သူ နေထိုင်သောနေရာသည် ရွှေအဆင့် တပည့်များထဲတွင် အကောင်းဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။
နေထိုင်မည့်အိမ်ကို ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ကျန်းချန်သည် စားပွဲပေါ်မှ စာလိပ်ကို စတင်ဖတ်ခဲ့သည်။
ထိုစာလိပ်တွင် စန်းလန်အဖွဲ့အစည်းနှင့် ကျုံးကျိုးကုန်းမြေ၏ အင်အားစုများကို မိတ်ဆက်ထား၏။
စန်းလန်အဖွဲ့အစည်း။
ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းကမ်းရိုးတန်း ဒေသတွင် ရှိသည့် ကြယ်နှစ်ပွင့် အင်အားစုများထဲမှ တစ်ခုဖြစ်သည်။
စန်းလန်အဖွဲ့အစည်း တည်ရှိသည့် ဒေသသည် ယခင်က ကြယ်နှစ်ပွင့် အင်အားစုများ မရှိသည့် ရှုပ်ထွေးသော ဒေသတစ်ခု ဖြစ်ခဲ့၏။
ထိုအချိန်က အင်အား အကြီးဆုံးဂိုဏ်းသည် ကြယ်တစ်ပွင့်အထွတ်အထိပ်တွင် ရှိသည့် စန်းလန်ဂိုဏ်း ဖြစ်သည်။
နောက်ပိုင်းတွင် ဂိုဏ်းချုပ် စန်းဝူဟန်သည် နတ်ဝိညာဉ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီး ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် ရေနဂါးဂိုဏ်းကို တိုက်ခိုက်ရန် အနီးအနားရှိ အင်အားစုများကို စုစည်းကာ စန်းလန်အဖွဲ့အစည်းကို တည်ထောင်ခဲ့၏။
စန်းလန်အဖွဲ့အစည်းတွင် ခေါင်းဆောင်ဖြစ်သည့် နတ်ဝိညာဉ်ဘုရင် အဆင့်ကျင့်ကြံသူ စန်းဝူဟန်အပြင် နတ်ဝိညာဉ်ဘုရင် တစ်ပိုင်းအဆင့်ကို ရောက်ရှိနေသည့် ဂုဏ်ထူးဆောင် အကြီးအကဲ ငါးယောက်ရှိပြီး သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြား ရှိသည်။
မြောက်ပိုင်းတောရိုင်းဒေသမှာဆိုလျှင် စန်းလန် အဖွဲ့အစည်းသည် အရာအားလုံးကို လွှမ်းမိုးနိုင်သည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်မည်မှာ သေချာ၏။
သို့သော် ကျုံးကျိူးကုန်းမြေတွင်မူ စန်းလန်အဖွဲ့အစည်းနှင့် ကြယ်နှစ်ပွင့်အဆင့် တခြားအင်အားစုများသည် ဒုတိယတန်းစား အင်အားစုများထဲမှာပင် အားအနည်းဆုံး အဆင့်အတန်းတွင်သာ ရှိကြသည်။
သို့သော် ဤအရာတွေနှင့် ပတ်သက်ပြီး ကျန်းချန်က အလေးအနက် မထားခဲ့ပေ။
ကျန်းချန် အလေးအနက်ထားသည်မှာ စန်းလန်အဖွဲ့အစည်း၏ ရွှယ်ကျင့်မြို့ကို ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ဖြစ်သည်။
ရွှယ်ကျင့်မြို့ကို မြောက်ပိုင်းဒေသ၏ ကြယ်သုံးပွင့် အင်အားစု ဖြစ်သည့် ရွှယ်ကျင့်နန်းတော်က တည်ထောင်ထားပြီး မြောက်ပိုင်းဒေသ၏ အကြီးဆုံးမြို့များထဲမှ တစ်ခုလည်း ဖြစ်၏။
ရွှယ်ကျင့်မြို့တွင် အလယ်ပိုင်းဒေသကို ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိသည်။
သူက အလယ်ပိုင်းဒေသကို ဝင်ရောက်နိုင်သရွေ့ အလယ်ပိုင်းဒေသ၏ မြို့တော်ငါးခုထဲမှ တစ်ခုဖြစ်သည့် ယန်ဒီမြို့ကို သွားရောက်ကာ သူ့ဆရာ ရှောင်တုလီကို ရှာဖွေနိုင်မည် မဟုတ်ပါလား။
သို့သော် စန်းလန် အဖွဲ့အစည်းကနေ ရွှယ်ကျင့်မြို့ကို တည်နေရာရွှေ့ပြောင်းရန် အနည်းဆုံး အာကာသစွမ်းအင်ကျောက်တုံး နှစ်တုံး လိုအပ်၏။
အာကာသစွမ်းအင်ကျောက်တုံး။
ဤသည်က အလွန်ရှားပါးသည့် အံ့ဖွယ်သတ္တုရိုင်းတစ်ခု ဖြစ်သည်။
စန်းလန်အဖွဲ့အစည်းနှင့် အခြေခံအုတ်မြစ် မခိုင်မာသော တခြားကြယ်နှစ်ပွင့် အင်အားစုများအတွက် အာကာသစွမ်းအင်ကျောက်တုံးသည် သတ္တမ အဆင့် ဝိညာဉ်ဆေးလုံးလောက်ပင် ရှားပါး၏။
"ဆရာ အဲဒီတုန်းက ငါ့အတွက် ချန်ထားခဲ့တဲ့ ကျောက်တုံးလေးတုံးကို အာကာသစွမ်းအင်ကျောက်တုံးတွေလို့ ခေါ်တာ ထင်တယ်"
"ငါ့ရဲ့ လက်ရှိ အင်အားနဲ့ စန်းလန်အဖွဲ့အစည်းမှာ အာကာသစွမ်းအင်ကျောက်တုံး နှစ်တုံး ရဖို့ မလွယ်လောက်ဘူး"
ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
လက်ရှိအချိန်တွင် သူ့အနေဖြင့် အင်အားကို အရင် တိုးတက်အောင် လုပ်ပြီးမှသာ အာကာသစွမ်းအင်ကျောက်တုံးကို ရရန် နည်းလမ်းရှာဖွေရမည် ဖြစ်သည်။
ကျန်းချန်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီး ချက်ချင်းဆိုသလို သိုလှောင်အိတ်ထဲကနေ ရိုးရှင်းပြီး လျှို့ဝှက်ဆန်းကြယ်သည့် သစ်သားသေတ္တာ တစ်ခုကို ထုတ်ယူလိုက်၏။
ဤလျှို့ဝှက်ဆန်းကြယ်သော သစ်သားသေတ္တာသည် ယွင်ဟိုင်မျှော်စင်မှ ယွင်ကျိယန်က သူ့ကို ပေးခဲ့ခြင်းပင်။
စန်းလန်အဖွဲ့အစည်း၏ အကဲဖြတ်မှုကြောင့် ကျန်းချန်တွင် အထဲမှ အရာကို စစ်ဆေးရန် အချိန်မရခဲ့ပေ။
ကျန်းချန်က အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် သစ်သားသေတ္တာကို ဖွင့်လိုက်သည်။
သစ်သားသေတ္တာထဲတွင် ရှေးဟောင်းဆန်သည့် အနက်ရောင် စာလိပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
စာလိပ်က အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပုံရသည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူပြီး စာလိပ်ကိုယူကာ ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သို့သော် ကျန်းချန် စာလိပ်ကို ဖွင့်လိုက်သည့် အချိန်တွင် အနက်ရောင် စာလိပ်သည် သူ့လက်ဝါးထဲကနေ ကြွတက်သွားသည်။
ကျန်းချန် မတုံ့ပြန်နိုင်ခင်မှာပင် စာလိပ်က ချက်ချင်းဆိုသလို အနက်ရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ မျက်ခုံးနှစ်ခု ကြားထဲသို့ ဝင်ရောက်သွားခဲ့၏။
အဆုံးသတ်တွင် ဘာအတားအဆီးမှ မရှိဘဲ သူ့စိတ်ထဲကို ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်ထံမှ အသိပေးချက် နှစ်ခုသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။
"ဒင်.. သင်က ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ တိမ်တိုက်ဝါးမျို နည်းစနစ်ကို ရရှိခဲ့ပါတယ်"
"ဒင်... သင်က ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အောင်မြင်စွာ နားလည်သွားပါပြီ"
အခန်း(၆၅၈) ပြီး၏
အခန်း(၆၅၉)
"ဒါ...ဒါက ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ပဲ"
ကျန်းချန် အံ့အားသင့်သွား၏။
ယွင်ကျိယန် သူ့ကို ပေးခဲ့သည့်အရာက ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဟု သူ ထင်မထားခဲ့ပေ။
ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်။
ဤသည်က ဘုရင်အဆင့် သိုင်းကျင့်စဥ်ထက် အဆများစွာ ပိုတန်ဖိုးရှိသည့် နည်းစနစ် ဖြစ်သည်။
သူ ရရှိထားသည့် တိမ်တိုက်ဝါးမျို နည်းစနစ်သည် ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ထဲမှာပင် အထွတ်အထိပ် နေရာတွင်ရှိ၏။
တိမ်တိုက်ဝါးမျို နည်းစနစ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဝါးမျိုကာ တခဏအတွင်း ကျင့်ကြံခြင်း အဆင့်ကို တိုးမြှင့်ပေးနိုင်သည်။
အထွတ်အထိပ်အထိ လေ့ကျင့်ထားလျှင် နယ်ပယ်အဆင့် ၃ဆင့်အထိ စွမ်းအား တိုးမြှင့်ပေးဖို့ လုံလောက်၏။
ကျန်းချန် အလွန် စိတ်လှုပ်ရှားသွားသည်။
ဤဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်သည့် တိမ်တိုက်ဝါးမျိုနည်းစနစ်သည် မုန့်မိသားစုကနေ ရရှိခဲ့သည့် နဂါးပျံ လျှို့ဝှက်နည်းစနစ်ထက် အဆပေါင်းများစွာ အားကောင်း၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် နဂါးပျံ လျှို့ဝှက်နည်းစနစ်သည် သူ၏ အင်အားကို သိပ်မတိုးတက်စေနိုင်တော့ပေ။
ဆိုရလျှင် ဤတိမ်တိုက် ဝါးမျိုနည်းစနစ်သည် သူ၏ လက်နက်အသစ် ဖြစ်လာနိုင်၏။
သူ၏ အင်အားနှင့် တိမ်တိုက်ဝါးမျို နည်းစနစ်သာ ပေါင်းစပ်လိုက်လျှင် စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်လောက်သည်။
"ယွင်ကျိယန်ရဲ့ ကျေးဇူးတွေ ငါ့အပေါ် အများကြီး တင်သွားခဲ့ပြီ"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။
သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ပေါ်လာသည်။
ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို စန်းလန်အဖွဲ့အစည်းလို ကြယ်နှစ်ပွင့်အင်အားစုပင် လုံးဝ ထုတ်ပေးနိုင်မည် မဟုတ်ချေ။
သို့သော်လည်း စန်းဟိုင်ကျွန်းပေါ်ရှိ ယွင်ဟိုင်မျှော်စင်တွင် ဤမျှလောက် အင်အားကြီးသည့် လျှို့ဝှက်နည်းနစ် ရှိနေ၏။
ကြည့်ရသည်မှာ ယွင်ဟိုင်မျှော်စင်မှ ယွင်ကျိယန်သည် သူထင်ထားသည်ထက် ပို၍ ထူးခြားနေပုံ ရသည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန်သည် စန်းလန် အဖွဲ့အစည်း၏ မစ်ရှင် ခန်းမသို့ သွားပြီး စန်းလန်ဒင်္ဂါများ ရရှိရန် သင့်တော်သည့် မစ်ရှင်ကို လက်ခံဖို့ စီစဉ်ခဲ့၏။
စန်းလန်ဒင်္ဂါး။
၎င်းက စန်းလန်အဖွဲ့အစည်းတွင် အသုံးပြုသည့် ငွေကြေးတစ်မျိုး ဖြစ်ပြီး ထိုက်ရှဂိုဏ်း၏ ဂုဏ်ကျက်သရေ အမှတ်များနှင့် သဘောတရားချင်း တူညီသည်။
စန်းလန်အဖွဲ့အစည်းတွင် စန်းလန်ဒင်္ဂါး အလုံအလောက်ရှိလျှင် အမျိုးမျိုးသော အရင်းအမြစ်ပစ္စည်းများကို လဲလှယ်နိုင်မည် ဖြစ်၏။
ကျန်းချန် လိုအပ်သည့် အာကာသစွမ်းအင် ကျောက်တုံး အပါအဝင် တခြားသော ပစ္စည်းများကိုလည်း လဲလှယ်နိုင်သည်။
သို့သော် အာကာသစွမ်းအင် ကျောက်တုံးသည် လဲလှယ်ချင်တိုင်း လဲလှယ်၍မရသည့် ပစ္စည်း ဖြစ်၏။
အာကာသစွမ်းအင် ကျောက်တုံးတစ်တုံးသည် စန်းလန် အဖွဲ့အစည်း တစ်ခုလုံး၏ လဲလှယ်ပစ္စည်းများထဲတွင် ထိပ်တန်း အဆင့် သတ်မှတ်ခံရပြီး စန်းလန်ဒင်္ဂါး အများအပြား လိုအပ်သည်။
ထို့ကြောင့် ကျန်းချန်အတွက် အရေးကြီးဆုံးသည် စန်းလန်ဒင်္ဂါးများကို ရယူရန် ဖြစ်၏။
အခန်းထဲက ထွက်လာသည်နှင့် ကျန်းချန်သည် ခြံဝင်းတံခါးဝဆီသို့ ဦးတည်၍ လျှောက်လာခဲ့သည်။
ထိုအချိန်မှာပင် ခြံဝင်းတံခါးကို အပြင်ကနေ ကန်ဖွင့်လိုက်သည်ကို မြင်လိုက်ရသည်။
ကျန်းချန် မတုံ့ပြန်နိုင်ခင်မှာပင် အုပ်စုတစ်စုသည် ခြံဝင်းထဲကို ရုတ်တရက် ဝင်လာခဲ့သည်။
ထိုအုပ်စုကို ချောမောသော လူငယ်နှစ်ယောက်က ဦးဆောင်လာခြင်း ဖြစ်၏။
အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ယမန်နေ့က စန်းလန်အဖွဲ့အစည်း တံခါးဝတွင် သူ့ကို ရှုံးနိမ့်ခဲ့သည့် ယွင်မုန့်ကျွန်းမှ ပါရမီရှင် ပိုင်ချွမ် ဖြစ်သည်။
ပိုင်ချွမ်၏ ဘေးတွင် ပိုင်ချွမ်နှင့် အနည်းငယ် ဆင်တူသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက် ရှိသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး သူ၏ အရှိန်အဝါသည် အလွန်ထူးခြား၏။
ကျန်းချန်၏ ခန့်မှန်းချက်အရ ဤအနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် အနည်းဆုံး ရှိသည်။
"ပိုင်ချွမ်.. မင်း ဘာလို့ ငါ့ခြံထဲကို လူခေါ်လာတာလဲ"
ကျန်းချန်က သူ့ရှေ့မှ အခြေအနေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်း အရိုက်ခံချင်နေပြီ ထင်တယ်.. မနေ့က သင်ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်လို့လား"
"ကောင်လေး.. မင်းက စန်းဟိုင်ကျွန်းကနေ ပေါ်ထွက်လာတဲ့ ကြယ်တစ်ရာဘုရင် ကျန်းချန်လား"
ပိုင်ချွမ် မပြောခင် သူ့ဘေးမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ခပ်ထေ့ထေ့ အသံက ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"မင်း သိထားပြီးသားဆိုရင် ဘာလို့ မေးနေသေးလဲ.. အလကား အချိန်လာဖြုန်းနေတာပဲ"
ထိုစကားကိုကြားလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အမူအရာက ဘဲဥပုပ်လို ဖြစ်သွားခဲ့၏။
သူက ချက်ချင်းပင် ကျန်းချန်ကို မထီမဲ့မြင် လှမ်းကြည့်ကာ မေးလိုက်သည်။
"ကောင်လေး.. ငါ ဘယ်သူလဲ သိလား"
"မင်း ဘယ်သူလဲဆိုတာ ငါ စိတ်မဝင်စားဘူး.. ဒါက ငါ့နေရာ ဆိုတာပဲ ငါ သိတယ်.. မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုက အခု ချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားဖို့ပဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
အခန်း(၆၅၉) ပြီး၏
အခန်း(၆၆၀)
"ကျန်းချန်.. ငါ့ဝမ်းကွဲအစ်ကို ပိုင်မင်က ယွင်မုန့်အဖွဲ့ရဲ့ ဒုခေါင်းဆောင်ပဲ.. မင်းက ဘာကောင်မို့ သူ့ရှေ့မှာ မာန်တက်ရဲတာလဲ"
ကျန်းချန်၏ ရိုသေမှု မရှိသည့် စကားများကို ကြားလျှင် ပိုင်ချွမ်က မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
သူက သူ့ဘေးမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ခေါင်းငဲ့၍ ပြောလိုက်၏။
"အစ်ကိုမင်.. ဒီကောင်လေးက အကို့ကို သောက်ဂရုမစိုက်ဘူးဆိုရင် သူနဲ့ ဘာလို့ အပိုစကားတွေ ပြောနေဦးမှာလဲ"
ယမန်နေ့က စန်းလန်အဖွဲ့အစည်း၏ ဂိတ်တံခါးဝတွင် ကျန်းချန်၏ ခြေထောက်အောက် ရောက်သွားပြီးနောက် ပိုင်ချွမ်သည် သူ၏ နှလုံးသားထဲကနေ ကျန်းချန်ကို ဤအတွက် အကြီးအကျယ် ပေးဆပ်စေမည်ဟု တိတ်တဆိတ် ကျိန်ဆိုခဲ့၏။
ထို့ကြောင့် ပိုင်ချွမ်သည် စန်းလန်အဖွဲ့အစည်းထဲကို ဝင်ပြီးနောက်တွင် ချက်ချင်းပင် သူ၏ ဝမ်းကွဲအစ်ကို ပိုင်မင်ကို ရှာဖွေခဲ့သည်။
ပိုင်မင်က ပိုင်ချွမ်ကို စန်းဟိုင်ကျွန်းမှ အမှိုက်ကောင်က အနိုင်ကျင့်သည်ဟု ကြားလျှင် သဘာဝကျစွာပင် ဒေါသထွက်ခဲ့၏။
ဤသို့ဖြင့် ကျန်းချန် ရှိရာသို့ ရောက်ရှိလာခြင်း ဆိုလည်းမမှားပေ။
"မင်းက အရှုံးသမားပဲ.. ငါ့ရှေ့မှာ စကားပြောဖို့ ဘာအခွင့်အရေးရှိလို့လဲ"
ကျန်းချန်က ပိုင်ချွမ်ကို အေးစက်စက် လှမ်းကြည့်၍ ပြောလိုက်သည်။
"မနေ့ကလို ပိုဆိုးတဲ့ အဆုံးသတ်ကို မလိုချင်ရင် ဒီကနေ ထွက်သွားစမ်း"
"ကောင်လေး.. မင်းက ကြယ်တစ်ရာဘုရင် ဖြစ်တာနဲ့ တခြားသူတွေကို အနိုင်ကျင့်လို့ရတယ် ထင်နေတာလား"
"အနည်းဆုံးတော့ မင်းက ငါ့ရှေ့မှာ မာနကြီးဖို့ အရည်အချင်း မရှိသေးဘူး"
ပိုင်မင်က ကျန်းချန်ကို ဖြည်းညင်းစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းကို အခွင့်အရေးတစ်ခု ပေးမယ်.. ငါ့ကို လက်နက်ချပြီး ငါ့ရဲ့ ယွင်မုန့်အဖွဲ့ထဲကို ဝင်ပါ.. ဒါဆိုရင် မင်း ပိုင်ချွမ်ကို နာကျင်အောင် လုပ်ခဲ့တာ ငါ မေ့ပစ်လိုက်မယ်"
စန်းလန်အဖွဲ့အစည်းသည် အခြားသော ကြယ်နှစ်ပွင့် အင်အားစုမျညးနှင့် မတူပေ။
ခေါင်းဆောင် စန်းဝူဟန်သည် အနီးအနားရှိ ကြယ်တစ်ပွင့် အင်အားစု အားလုံးကို စုစည်းပြီး တည်ထောင်ခဲ့ခြင်း ဖြစ်၍ စန်းလန်အဖွဲ့အစည်း၏ လက်အောက်တွင် အဖွဲ့အစည်း အများအပြား ရှိသည်ဟု ပြော၍ ရ၏။
စန်းလန်အဖွဲ့အစည်း၏ တပည့်များပင် စန်းလန်အဖွဲ့အစည်းတွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ဖို့အတွက် အုပ်စုဖွဲ့ပြီး နွေးထွေးမှုယူရန် ရွေးချယ်ခဲ့ကြသည်။
ထို့အပြင် ပိုင်မင်၏ စကားထဲမှ ယွင်မုန့်အဖွဲ့ ဆိုသည်မှာ ယွင်မုန့်ကျွန်းမှ တပည့်များက စန်းလန် အဖွဲ့အစည်းတွင် တည်ထောင်ထားသော အဖွဲ့ငယ် တစ်ခုသာ ဖြစ်၏။
စန်းလန်အဖွဲ့အစည်း၏ ပြင်ပကျွန်း သုံးခုဖြစ်သည့် ယွင်မုန့်ကျွန်းနှင့် ဝမ်ယွမ်ကျွန်းတို့သည် စန်းလန်အဖွဲ့အစည်းတွင် အဖွဲ့ငယ်များ တည်ထောင်ထားကြသည်။
ယွင်မုန့်ကျွန်းနှင့် ဝမ်ယွမ်ကျွန်းတို့မှ လူငယ်များသည် စန်းလန်အဖွဲ့အစည်းထဲကို ရောက်သည်နှင့် သူတို့ကျွန်း၏ ပါရမီအရှိဆုံး တပည့်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ထဲကို ဝင်ကြ၏။
ထို့ကြောင့် ယွင်မုန့်ကျွန်းနှင့် ဝမ်ယွမ်ကျွန်းတို့မှ လူသစ်များသည် စန်းလန်အဖွဲ့အစည်းထဲကို ဝင်သည့်အခါတွင် အနိုင်ကျင့်ခံရမည် မဟုတ်ပေ။
အားအနည်းဆုံးကျွန်း ဖြစ်သည့် စန်းဟိုင်ကျွန်းသည် သန်မာသော ပါရမီရှင် ဘယ်တုန်းကမှ မပေါ်ခဲ့သလို ကိုယ်ပိုင် အဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိချေ။
နှစ်စဉ် စန်းလန်အဖွဲ့အစည်းထဲကို ဝင်လာသည့် စန်းဟိုင်ကျွန်း တပည့် အားလုံးနီးပါးကို တခြားအဖွဲ့များက ခွဲဝေယူကြ၏။
ဤသို့ဖြင့် စန်းဟိုင်ကျွန်းမှ တပည့်များသည် စန်းလန်အဖွဲ့အစည်း၏ တပည့်အများအပြား ထဲတွင် အနိမ့်ဆုံး တည်ရှိမှု ဖြစ်လာခဲ့သည်။
"မင်းတို့ ယွင်မုန့်အဖွဲကို ဝင်ရမယ် ဟုတ်လား"
ကျန်းချန်က မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ငါ စန်းလန်ဒင်္ဂါး အများကြီး လိုချင်တယ်.. မင်း ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ရင် မင်းတို့နဲ့ ပူးပေါင်းဖို့ ငါ တွန့်ဆုတ်နေမှာ မဟုတ်ဘူး"
"မင်း ယွင်မုန့်အဖွဲ့ကို ဝင်သရွေ့ မင်းကို တစ်လ စန်းလန်ဒင်္ဂါး ၁၀၀၀ ပေးနိုင်ပါတယ်"
ပိုင်မင်၏ မျက်လုံးများက တလက်လက် တောက်ပနေ၏။
သူက ကျန်းချန်ကို တိုက်ရိုက် ပြောခဲ့သည်။
ကြယ်တစ်ရာဘုရင်။
ဤသည်က စန်းလန်အဖွဲ့အစည်းတွင် လက်ချိုးရေတွက်၍ ရသည့် အံ့ဩစရာကောင်းသော ပါရမီရှင် ဖြစ်သည်။
ဤကောင်လေးသာ တကယ်ပဲ သူတို့ အဖွဲ့ကို ဝင်ခဲ့လျှင် သူတို့ယွင်မုန့်အဖွဲ့၏ အင်အားသည် သေချာပေါက် တိုးတက်လာလိမ့်မည် မဟုတ်ပါလော။
စန်းလန်အဖွဲ့အစည်း၏ တပည့်အဖွဲ့များထဲတွင် ပထမတန်းစား အဖွဲ့တစ်ဖွဲ့ ဖြစ်လာဖို့ပင် အခွင့်အရေး ရလာနိုင်၏။
"တစ်လကို စန်းလန်ဒင်္ဂါး တစ်ထောင်ပဲလား.. မင်းက သူတောင်းစားကို စွန့်ကြဲသလို ပေးနေတာပဲ"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို တစ်လ တစ်သိန်းရှစ်သောင်း ပေးနိုင်ရင် ငါ စဉ်းစားပေးမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ပိုင်မင်၏ မျက်နှာထက်၌ ချက်ချင်းဆိုသလို ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
"ကျန်းချန်.. မင်း ငါ့ကို တမင် လာပြောင်နေတာလား"
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့၏။
အခန်း(၆၆၀) ပြီး၏