အခန်း (၆၇၃-၆၇၅)
Vol. 45 Ch. 673-675
အခန်း(၆၇၃)
ခန်းမထဲမှ ထွက်လာပြီးနောက် ကျန်းချန်သည် ကြေးအဆင့် တပည့်များ နေထိုင်သော နေရာကို အလျင်အမြန် ဦးတည်လိုက်သည်။
ရှန့်ကွမ်းဖုန်းနှင့် ပဋိပက္ခဖြစ်နေစဥ် ကျန်းချန်သည် မီးလျှံသားရဲ၏ အရှိန်အဝါက အနည်းငယ် မတည်မငြိမ် ဖြစ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏
စဉ်းစားစရာ မလိုလောက်အောင်ပင် လျိုလင်ကျူးတို့ ဒုက္ခရောက်နေမှန်း သူသိလိုက်သည်။
"အစ်ကိုကျန်း...ကြေးအဆင့် တပည့်တွေရဲ့ နေရာကို အမြန်လာပါ.. ဝမ်ယွမ်အဖွဲ့ရဲ့ ခေါင်းဆောင် ဝူယွဲ့က သူ့အဖွဲ့နဲ့အတူ ကျွန်မတို့ စန်းဟိုင်အဖွဲ့ကို တိုက်ခိုက်သွားခဲ့တယ်"
ကျန်းချန်က ဝိညာဥ်စုစည်းခြင်း ခန်းမကနေ တစ်ကီလိုမီတာအတွင်း လျှောက်ထွက်လာသည်နှင့် လျိုလင်ကျူးက တံဆိပ်ပြားကနေ သတင်းပို့လိုက်၏။
လျိုလင်ကျူးကို အတိုချုံး စကားပြန်ကြားပြီးနောက် ကျန်းချန်သည် ကြေးအဆင့်တပည့်များ၏ နေရာသို့ သွားသည့် အရှိန်ကို မြှင့်တင်လိုက်သည်။
ဆယ်မိနစ်အကြာတွင် ကျန်းချန်၏ ပုံရိပ်သည် လျိုလင်ကျူး၏ နေအိမ်တွင် ပေါ်လာ၏။
"အစ်ကိုကျန်း... ရှင်နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့"
ကျန်းချန်က ခြံဝင်းထဲကို လျှောက်ဝင်လိုက်သည်နှင့် လျိုလင်ကျူးက ကျန်းချန်ကို စိုးရိမ်တကြီး အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
"လင်ကျူး.. အခြေအနေဆိုးလှချည်လား"
ကျန်းချန်၏ အကြည့်က ခြံဝင်းထဲကို ရောက်သွားသည်။
အနည်းငယ် အကဲခတ်ပြီးနောက်တွင် သူ၏ မျက်နှာထက်၌ ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ခြံဝင်းထဲတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်မှာ ရှင်းရှင်းလင်းလင်း သိသာနေသည်။
လျိုရှို့ အပါအဝင် စန်းဟိုင်အဖွဲ့ဝင် ဒါဇင်နှင့်ချီသော တပည့် အားလုံးသည် စိတ်ဓာတ်ကျနေပြီး သိသာထင်ရှားသော ဒဏ်ရာများကို ရရှိထားကြ၏။
ခြံဝင်း၏ လေထုထဲတွင် မီးလျှံသားရဲ၏ အရှိန်အဝါက လုံးဝ မပျောက်ပျက်သေးပေ။
သို့သော်လည်း ကျန်းချန်သည် ခြံဝင်းထဲတွင် မီးလျှံသားရဲ၏ အရိပ်အယောင်ကို မတွေ့ရချေ။
သူ၏မီးလျှံသားရဲကို ဝမ်ယွမ်အဖွဲ့က ခေါ်သွားတာ ဖြစ်နိုင်၏။
ကျန်းချန်ကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်မှာ မီးလျှံ သားရဲ၏ အင်အားဖြင့် ဆိုလျှင် ဝမ်ယွမ်အဖွဲ့ခေါင်းဆောင် ဝူယွဲ့၏ ပြိုင်ဘက် မဟုတ်လျှင်ပင် အချိန်အတော်ကြာ တောင့်ခံနိုင်ပါသေးသည်။
"မီးလျှံသားရဲက ဘာလို့ ဒီလောက် မြန်မြန် ရှုံးနိမ့်သွားရတာလဲ"
"အစ်ကိုကျန်း.. ဝမ်ယွမ်အဖွဲ့ခေါင်းဆောင် ဝူယွဲ့က တကယ်ကို ဉာဏ်များတဲ့လူပဲ.. သူက ပဥ္စမအဆင့်၊အဆင့်မြင့် သားရဲသခင် တစ်ယောက်ကို အသုံးချပြီး မီးလျှံသားရဲကို ရင်ဆိုင်ခဲ့တယ်"
"မီးလျှံသားရဲက မတော်တဆ ထောင်ချောက်ထဲ ကျရောက်သွားပြီးနောက်မှာ ဝူယွဲ့က သူ့ကို ခေါ်သွားခဲ့တယ်"
လျိုယင်က ဒေါသတကြီး ပြောလိုက်သည်။
"ဝမ်ယွမ်အဖွဲ့ ဖြစ်ဖြစ်၊ ဝူယွဲ့ဖြစ်ဖြစ် ငါ့ရဲ့ မီးလျှံသားရဲကို အပိုင်စီးရဲရင် အကျိုးဆက်ကို ပေးဆပ်ရမယ်"
"ဒီလောက်တောင် လူပါးဝမှတော့ ဝမ်ယွမ်အဖွဲ့ တစ်ခုလုံးကို စန်းလန်အဖွဲ့အစည်းကနေ လုံးဝ ဖယ်ရှားပစ်မယ်"
ကျန်းချန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့သည်။
သူက တင်ပျဥ်ခွေထိုင်နေသည့် လျိုရှိုကို တည့်တည့် စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"လျိုရှို.. ငါ့ကို ဝမ်ယွမ်အဖွဲ့ရဲ့ နေရာဆီ ခေါ်သွားပေးပါ"
လျိုရှိုက မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ဝမ်ယွမ်အဖွဲ့မှာ ဝူယွဲ့အပါအဝင် ရွှေအဆင့်တပည့် သုံးယောက်နဲ့ ငွေအဆင့်တပည့် ဆယ်ယောက်ကျော် ရှိတယ်.. မင်း အခု ဝမ်ယွမ်အဖွဲ့ရဲ့ နေအိမ်ထိ သွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်"
"ငါ မင်းကို လမ်းပြခိုင်းတာ...ဘာလို့ ဒီလောက် စကားများနေရတာလဲ"
ကျန်းချန်ရဲ့ အမူအရာက အေးစက်သွားပြီး စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
"မင်း.. မင်း တကယ်ပဲ စွမ်းအင် သိပ်သည်းခြင်း တတိယ အဆင့်ကို ထိုးဖောက်သွားတာပဲ"
လျိုရှို့က ကျန်းချန်၏ အရှိန်အဝါကို ခံစားလိုက်ရလျှင် အဆုံးသတ်၌ ကြောက်ရွံ့သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာသည်။
လွန်ခဲ့သည့်နှစ်က သူသည် စန်းလန်အဖွဲ့အစည်းကို ဝင်ခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် အလယ်အလတ်အဆင့်ကနေ ဒုတိယအဆင့် အလယ်အလတ်အထိသာ ထိုးဖောက်နိုင်ခဲ့၏။
သို့သော် သူ့ရှေ့မှ ဤကောင်လေးသည် ရက်အနည်းငယ်အတွင်း စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် အထွတ်အထိပ်ကနေ စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်အထိ တစ်ချက်တည်းဖြင့် ရောက်ရှိသွားခဲ့သည်။
စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် တပည့် နှစ်ယောက်မှာပင် ဤမျှလောက် ကြောက်စရာကောင်းသော ကြီးထွားနှုန်း မရှိနိုင်ပေ။
လျိုရှို့က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ့နှလုံးသားထဲကနေက စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်မှာ ရှိနေစဥ်ကပင် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်မှ ဟန်တုံကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
ယခု ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကို ရောက်သွားပြီ ဖြစ်ရာ သူ့အနေဖြင့် ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင်ဝူယွဲ့နှင့် ရင်ဆိုင်ရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်နိုင်၏။
ကျန်းချန်က ဝူးယွဲ့ကိုသာ တကယ်ပဲ အနိုင်ယူနိုင်ခဲ့လျှင် သူတို့ စန်းဟိုင်အဖွဲ့သည် စန်းလန်အဖွဲ့အစည်းတွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိလာလိမ့်မည် မဟုတ်ပါလား။
အခန်း(၆၇၃) ပြီး၏
အခန်း(၆၇၄)
လျိုရှို့၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် မကြာခင်မှာပင် ငွေအဆင့် တပည့်များ နေထိုင်သော နေရာသို့ ရောက်ရှိလာသည်။
"ခေါင်းဆောင် ဒါက ဝမ်ယွမ်အဖွဲ့ရဲ့ နေအိမ်ပဲ"
လျိုရှိုက မီတာ ၁၀၀ အကွာရှိ ဧရာမ ခြံဝင်းတစ်ခုကို လက်ညှိုးထိုးပြပြီး သူ့ဘေးမှ ကျန်းချန်ကို ရိုရိုသေသေ ပြောခဲ့သည်။
လျိုရှို့က ကျန်းချန်ရဲ့ ကြောက်မက်ဖွယ်ကောင်းသည့် ကြီးထွားနှုန်းကို မြင်ပြီးနောက် ကျန်းချန်ကို လုံးဝ ယုံကြည်သွားခဲ့သည်။
ယခုအခါ သူက ကျန်းချန်၏ စန်းဟိုင်အဖွဲ့ ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်ကို စတင် အသိအမှတ်ပြုလာခဲ့ပြီ ဖြစ်၏။
"သွားကြစို့"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့မှ ခြံဝင်းဆီ တိုက်ရိုက် လျှောက်သွားခဲ့သည်။
စန်းလန်အဖွဲ့အစည်း၏ တပည့်များကို လေ့ကျင့်ပေးသည့် နည်းလမ်းသည် အားနည်းသူကို အားကြီးသူက စားစတမ်း ဖြစ်ပြီး အားကြီးသူကို အားနည်းသူက လေးစားရသည့် သီအိုရီကို လက်ကိုင်ထား၏။
စန်းလန်အဖွဲ့အစည်း ထဲကို ဝင်ပြီးနောက်တွင် စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို ကိုယ့်အားကိုယ်ကိုးပြီး ရယူရသည်။
စန်းလန်အဖွဲ့အစည်း၏ တပည့်များက အဖွဲ့တွေ ဖွဲ့ပြီး အရင်းအမြစ်များ အတွက် တိုက်ခိုက်သည်ကို စန်းလန်အဖွဲ့အစည်းသည် မတားဆီးရုံသာမက အားပါးတရပင် ထောက်ခံခဲ့၏။
သူတို့က စန်းလန်အဖွဲ့အစည်းတွင် တပည့်အဖွဲ့များ အတွက်သီးသန့်နေရာများ လျှောက်ထားခွင့်လည်း ပေးခဲ့သည်။
စန်းလန်ဒင်္ဂါး အလုံအလောက် ပေးဆောင်သရွေ့ ဘယ်တပည့်အဖွဲ့ မဆို စန်းလန်အဖွဲ့အစည်းတွင် နေထိုင်ခွင့် လျှောက်ထားနိုင်၏။
သို့သော် မတူညီသည့် နေရာများ အပေါ်မူတည်ပြီး နေထိုင်ခွင့် လျှောက်ထားသည့်အခါ လစဉ် ပေးဆောင်ရသည့် စန်းလန်ဒင်္ဂါးပမာဏလည်း မတူညီကြပေ။
ဥပမာ ငွေအဆင့် တပည့်နေရာတွင် နေထိုင်ခွင့် လျှောက်ထားလျှင် လိုအပ်သည့် လစဉ် စန်းလန်ဒင်္ဂါးပမာဏသည် ကြေးအဆင့်နေရာထက် အနည်းဆုံး နှစ်ဆ သုံးဆ ပိုများ၏။
မှန်ပါသည်၊ အဆင့်မြင့်နေရာများတွင် နေထိုင်ခွင့်အတွက် ကုန်ကျစရိတ် ပိုများသော်လည်း အကျိုးကျေးဇူး အများကြီး ရှိသည်။
စန်းလန်အဖွဲ့အစည်း၏ တပည့်များတွင် တင်းကျပ်သော စည်းမျဥ်းများ ရှိသည်။
ယေဘုယျအားဖြင့် ကြေးအဆင့်တပည့်များသည် ငွေအဆင့် တပည့်များ၏ နေရာကို မသွားနိုင်ပေ။
သို့သော် တပည့်အဖွဲ့ကို ဝင်ပြီးသည်နှင့် မိမိအဖွဲ့က ငွေအဆင့်တပည့်နေရာတွင် နေထိုင်ခွင့် လျောက်ထားလျှင် အဖွဲ့ထဲမှ ကြေးအဆင့်တပည့်များသည် ငွေအဆင့်တပည့်များ နေထိုင်သော နေရာကို ဝင်ပြီး လေ့ကျင့်နိုင်၏။
ရွှေအဆင့်တပည့်များ နေရာတွင် နေထိုင်ခွင့် လျှောက်ထားသော အဖွဲ့ကို ဝင်နိုင်လျှင် ကြေးအဆင့် တပည့်များသည် ရွှေအဆင့်တပည့်များ နေထိုင်သည့်နေရာသို့ ဝင်ခွင့်ရမည် ဖြစ်သည်။
ထို့ကြောင့် အဖွဲ့တစ်ခုကို ဝင်ရောက်ခြင်းသည် စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုအတွက် အလွန်ပင် အရေးကြီး၏။
"ကောင်လေးတွေ.. မင်းတို့ ဘယ်သူတွေလဲ.. ငါတို့ ဝမ်ယွမ်အဖွဲ့ရှေ့မှာ ဘာလုပ်နေကြတာလဲ"
ကျန်းချန်တို့က ဝမ်ယွမ်အဖွဲ့၏ နေအိမ်တံခါးဝကို ရောက်လာသည်နှင့် ဝမ်ယွမ်အဖွဲ့ဝင် နှစ်ယောက်က ချက်ချင်းဆိုသလို အော်ငေါက်လိုက်သည်။
"ငါက စန်းဟိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ကျန်းချန်ပဲ...မင်းတို့ရဲ့ ခေါင်းဆောင်နဲ့ စာရင်းရှင်းဖို့ လာခဲ့တာ"
ကျန်းချန်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်သည်။
"မင်း မသေချင်ဘူးဆိုရင် အခုချက်ချင်း အထဲဝင်ပြီး မင်းတို့ ခေါင်းဆောင်ကို အကြောင်းကြားလိုက်"
"မင်းက စန်းဟိုင်ကျွန်းက တပည့်တွေကို စုစည်းပြီး စန်းဟိုင်အဖွဲ့ကို တည်ထောင်ချင်တဲ့ ကျန်းချန်လား"
"ကောင်လေး.. ငါ့အထင် သေချင်နေတာက မင်းပဲ ဖြစ်မယ်.. ဟားဟား.. ငါတို့အဖွဲ့ရဲ့ နေအိမ်ဆီတောင် မင်းက လိုက်လာရဲတယ်"
ဝမ်ယွမ် အဖွဲ့ဝင် နှစ်ယောက်က မထီမဲ့မြင် အမူအရာဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။
ကျန်းချန်က အပို စကားများ ပြောရန် ပျင်းရိလွန်းနေ၏။
သူ၏ ပုံရိပ်က အလင်းတန်းသဖွယ် ပြောင်းလဲသွားပြီး ဝမ်ယွမ်အဖွဲ့ဝင် နှစ်ယောက်ဘေးတွင် တစ္ဆေကဲ့သို့ ပေါ်လာခဲ့ကာ လျှပ်စီးလက်သလို မြန်ဆန်သည့် လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။
"ဝေါ့.."
ဝမ်ယွမ်အဖွဲ့ဝင် နှစ်ယောက်က သွေးအန်ပြီး ဖြူဖျော့သော မျက်နှာထားဖြင့် လဲကျသွားခဲ့၏။
ဝမ်ယွမ်အဖွဲ့ဝင် နှစ်ယောက်ကို လက်သီးဖြင့် ထိုးနှက်ပြီးနောက်တွင် ကျန်းချန်သည် ဝမ်ယွမ်အဖွဲ့၏ နေအိမ်တံခါးဝထဲသို့ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်ဝင်သွားခဲ့သည်။
တံခါးဝတွင် ခွေခွေလေး လဲကျနေသည့် အဖော်နှစ်ယောက်ကို မြင်လျှင် ခြံဝင်းထဲရှိ ဝမ်ယွမ်အဖွဲ့ဝင် အများအပြားသည် အံ့အားသင့်သွားကြ၏။
မကြာခင်မှာပင် သူတို့က တံခါးဝကနေ လျှောက်ဝင်လာသည့် ကျန်းချန်ကို လှမ်းကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ထိုအချိန်မှာပင် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်သည် ကျန်းချန်ကို အော်ဟစ်လိုက်သည်။
"ကောင်လေး.. မင်း ဘယ်သူလဲ.. ငါတို့ ဝမ်ယွမ်အဖွဲ့ရဲ့ နေအိမ်ကို ဖောက်ထွင်း ဝင်ရောက်ရဲတယ်လား"
အခန်း(၆၇၄) ပြီး၏
အခန်း(၆၇၅)
ကျန်းချန်က ပိန်ပိန်ပါးပါး လူငယ်၏ ဒေါသကို ဂရုစိုက်နေရန် အချိန်မရှိပေ။
သူက ခေါင်းမော့ပြီး ခြံဝင်း၏ အတွင်းပိုင်းကို လှမ်းကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် ဝမ်ယွမ်အဖွဲ့၏ နေရာတစ်ခုလုံးကို တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"ဝူယွဲ့.. ငါးမိနစ်အတွင်း မီးလျှံသားရဲကို ငါ့ဆီ ယူလာခဲ့စမ်း"
"မဟုတ်ရင် စန်းလန်အဖွဲ့အစည်းမှာ ဒီနေ့ကစပြီး ဝမ်ယွမ်အဖွဲ့ ရှိတော့မှာ မဟုတ်ဘူး"
ကျန်းချန်က ဝမ်ယွမ်အဖွဲ့ကို လုံးဝ မျက်စိထဲ မထည့်သည်ကိုမြင်လျှင် ပိန်ပိန်ပါးပါး လူငယ်၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။
"ဟက်.. ငါက ဘယ်သူများလဲမှတ်တယ်.. စန်းဟိုင်အဖွဲ့ရဲ့ အမှိုက် ဖြစ်နေတာကိုး"
"ကောင်လေး...မင်း ငါတို့ ဝမ်ယွမ်အဖွဲ့ နေအိမ်ကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားဘူး.. မင်းကသတ္တိတော့ ရှိသားပဲ"
ပိန်ပါးပါး လူငယ်က မထီမဲ့မြင် အမူအရာဖြင့် ခနဲ့လိုက်သည်။
သူက လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ ခေါင်းဆောင် ဝူယွဲ့ နှင့်အတူ စန်းဟိုင်အဖွဲ့မှ လူများကို ရှင်းလင်းဖို့ သွားခဲ့ပြီး နတ်သားရဲ၏ သွေးပါသည့် မီးလျှံသားရဲကို လုယူခဲ့၏။
ပိန်ပါးပါး လူငယ် မမျှော်လင့်ထားသည်မှာ သူတို့ စခန်းကို ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် စန်းဟိုင်အဖွဲ့က သူတို့ဆီ လိုက်လာခြင်းပင်။
"အစ်ကိုစုန့် သတိထားပါ.. အဲဒီ ကောင်လေးက ကျန်းချန်ပဲ"
တင်းဟုန်က ပိန်ပိန်ပါးပါး လူငယ်ဆီ လျှောက်သွားပြီး တိုးတိုးလေး သတိပေးလိုက်သည်။
"အိုး.. မင်းက ကြယ်တစ်ရာဘုရင် အသစ်လား"
ပိန်ပိန်ပါးပါး လူငယ်က မျက်ခုံးပင့်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
ကျန်းချန်က ပိန်ပါးပါး လူငယ်ကို ပြန်ဖြေဖို့ ပျင်းရိလွန်းနေ၏။
သူက မြေပြင်ပေါ်တွင် သတိလစ်နေသည့် ဝမ်ယွမ်အဖွဲ့ဝင် နှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
သူ၏ ပေါ့ပါးပါး အသံသည် ပိန်ပါးပါး လူငယ်၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"ငါ ဒီနေ့ ဒီကို လာတာ မင်းတို့ရဲ့ ခေါင်းဆောင် ဝူယွဲ့နဲ့ စာရင်းရှင်းဖို့ပဲ"
"သူတို့လို အဆုံးမသတ်ချင်ရင် ပါးစပ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်"
ပိန်ပါးပါး လူငယ်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
သူ့ဆီကနေ ထက်မြသော အရှိန်အဝါတစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
"ကောင်လေး.. မင်းက သေလမ်းရှာနေတာပဲ"
"အစ်ကိုစုန့်.. ဒီကောင်က ကြယ်တစ်ရာဘုရင်ပဲ.. ထူးခြားတဲ့ တိုက်ခိုက်ရေးစွမ်းအားရှိတယ်.. ခေါင်းဆောင် ထွက်လာတာကို စောင့်သင့်တယ်လို့ ကျွန်တော် ထင်တယ်"
တင်းဟုန်က အလျင်အမြန် တားဆီးလိုက်သည်။
"ဟမ့်.. ဒီကောင်က စန်းလန်အဖွဲ့အစည်းကို မနေ့တစ်နေ့ကမှ ဝင်လာတဲ့ ကောင်လေးပဲ.. ကြယ်တစ်ရာဘုရင် ဆိုတော့ရော ဘာဖြစ်လဲ"
"ဟန်တုံလို ငါက အသုံးမကျဘူးလို့ မင်း ထင်နေလား...တပည့်သစ်တစ်ယောက်တောင် ငါက မကိုင်တွယ်နိုင်စရာလား"
ပိန်ပါးပါး လူငယ်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ပါရမီ ပြဿနာကြောင့် သူသည် စန်းလန်အဖွဲ့အစည်းတွင် သုံးနှစ်ကြာသော်လည်း ရွှေရောင်တပည့်အဖြစ် တိုးမြှင့်မခံခဲ့ရပေ။
သို့သော် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပိန်ပါးပါး လူငယ်သည် ထိပ်တန်း ငွေရောင်တပည့် ဆယ်ယောက်စာရင်းထဲကို ရောက်ရှိလာခဲ့သည်။
တိုက်ခိုက်ရေးစွမ်းအား တစ်ခုတည်းဖြင့် ဆိုလျှင် စန်းလန်အဖွဲ့အစည်းကို တစ်နှစ် နှစ်နှစ်ကြာ ဝင်ရောက်ခဲ့သည့် ရွှေအဆင့် တပည့်အများစုထက် လုံးဝ မနိမ့်ပေ။
သို့သော် သူ့ရှေ့မှ ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းကို ယခုမှ ဝင်ရောက်ခဲ့သူ ဖြစ်သည်။
ဤကောင်လေးတွင် ကြယ်တစ်ရာဘုရင် ပါရမီရှိလျှင်ပင် မကြီးထွားခင် အထိ အမှိုက်ပင်။
"ကျန်းချန်...မင်းက ကြယ်တစ်ရာဘုရင်ဆိုတော့ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်"
"မင်းရဲ လူတွေနဲ့အတူ လက်နက်ချပြီး ဝမ်ယွမ်အဖွဲ့ထဲ ဝင်မယ်ဆိုရင် မင်းကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်"
ပိန်ပါးပါး လူငယ်က ကျန်းချန်ကို အေးစက်စက် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား.. ငါကျန်းချန်ကို လက်နက်ချခိုင်းဖို့က မင်းလို အမှိုက်ကောင် အတွက် နောက်ဘဝမှာတောင် မထိုက်တန်ဘူး"
ကျန်းချန်က ပိန်ပါးပါး လူငယ်ကို မထီမဲ့မြင် လှမ်းကြည့်လိုက်၏။
ထိုခဏတွင် သူ၏ တည်ကြည်သောလေသံသည် ခြံဝင်းထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။
"ဒီနေ့ နောက်ပိုင်းမှာ ဝမ်ယွမ်အဖွဲ့က စန်းလန် အဖွဲ့အစည်းရဲ့ သမိုင်းဖြစ်လာလိမ့်မယ်.. ငါက ဘာလို့ မင်းတို့ ဝမ်ယွမ်အဖွဲ့ကို လက်နက်ချရမှာလဲ"
အခန်း(၆၇၅) ပြီး၏