← Chapters

မဟာတာအို… အပြာရောင်ကောင်းကင်

Vol. 105 Ch. 1606

မဟာတာအို… အပြာရောင်ကောင်းကင်

Vol. 105 Ch. 1606

ချိုင့်ဝှမ်းထဲတွင် ထိုတာအိုယှဉ်ပြိုင်ပွဲကို စောင့်ကြည့်နေသည့်လူက တစ်ယောက်မှ မရှိပေ။

ဤအခိုက်အတန့်မှာ လီမိသားစုဝင်များသည် အရိပ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သို့ဖြစ်၍ သူတို့မြင်နိုင်သည်မှာ အမှောင်ထုချည်းသာ ဖြစ်သည်။

အချိန်နှင့် လေဟာနယ်က သူတို့ကို မျက်ကန်းဖြစ်စေသည်။

သို့သော်လည်း တည်ရှိမှုတစ်ခုက ထိုတိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေသည်။

အင်မော်တယ်တာအိုဂိုဏ်းထဲမှ အလွန်ကျယ်ပြောသော ဟာတောထဲတွင် အဆိပ်ဘုရင်က သူ့အရှေ့မှ ဗလာလေဟာနယ်ကို ကြည့်နေသည်။

ယခင်က ထိုနေရာမှာ အဆိပ်ပင်နှစ်ပင် တည်ရှိနေခဲ့သည်။ နောက်ပိုင်းတွင် တစ်ပင်က အလင်းအဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကာ အခြားတစ်ပင်က ပြာအဖြစ် ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။

သို့သော်လည်း အဆိပ်ဘုရင်၏ မျက်လုံးထဲတွင် သူမြင်နေရသည်မှာ အပေါ်ယံမျှသာ မဟုတ်ပေ။ သူ၏ အကြည့်က အတားအဆီးများကို ဖောက်ထွင်းသွားပြီး အချိန်လေဟာနယ်ကို ဖြတ်သန်းသွားသည်။ သူက ချိုင့်ဝှမ်းထဲမှ တိုက်ပွဲကို ကြည့်ရှုနေသည်။

မကြာမီ သူ၏ နှုတ်ခမ်းပေါ်မှာ အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ အမွေအနှစ်ကို မင်းဆင်ခြင်နားလည်လိုက်ကတည်းက မင်းမှာ ငါ့ရဲ့ ကမ္မ ရှိသွားပြီ… ငါ့တပည့်ကို မင်းသတ်လိုက်တာနဲ့ အမွေအနှစ်က ပြည့်စုံသွားပြီး ကမ္မက အမှန်တကယ် ချိပ်ပိတ်ခံရလိမ့်မယ် ”

“ အဲ့ဒီနောက် မင်းရဲ့ တာအိုက အဲ့ဒီကမ္မနဲ့ ချည်နှောင်ခံရလိမ့်မယ်… ပြီးသွားရင် ငါက အဲ့ဒါကို ဘာမှမပေးရဘဲ ရိတ်သိမ်းနိုင်လိမ့်မယ် ”

“ အင်မော်တယ်ဘုရင်က တွက်ချက်တာတွေကို ခွင့်မပြုပေမဲ့ ငါ့ရဲ့ ရလဒ်က အကြောင်းတရားမဖြစ်ခင် ရောက်လာလိမ့်မယ် ”

…..

အဆိပ်ဘုရင်၏ အသံကို ချိုင့်ဝှမ်းထဲမှ မည်သူမှ မကြားနိုင်ပေ။ ဤအခိုက်အတန့်မှာ လီမုန့်တု၏ တိုက်ပွဲစိတ်ဆန္ဒက ဆက်ပြီး လောင်ကျွမ်းသွားပြီး တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

ယင်းက မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်ကို လောင်ကျွမ်းပစ်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးက ပြောင်းပြန်ရွေ့လျားနေသော ကြယ်တစ်လုံးပမာ ပြောင်းလဲသွားပြီး မြေကြီးမှတဆင့် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက စူးရှတောက်ပသော ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲ၌ ဝေဝါးနေသော ပုံရိပ်ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ဦးတည်သွားသည်။

သူ၏ အလျင်က တဖြည်းဖြည်း ပိုမြန်လာသည်။

ဘေးပတ်ဝန်းကျင်မှ လောင်ကျွမ်းမှုသည်လည်း ပိုပြီးအားကောင်းလာသည်။ သူက ရုပ်ခန္ဓာကိုယ်ကိုသာမက သူ၏ အသက်နှင့် ကျင့်ကြံခြင်းအခြေခံကိုလည်း လောင်ကျွမ်းပစ်လိုက်သည်။

ယခု သူ့ဆီမှာ သူ၏ အိမ်မက်သာ ကျန်ရှိတော့ပြီး ယင်းက သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်လာသည်။

လီမုန့်တုက ခမ်းနားထည်ဝါသော ဘဝကို မက်မောသူ မဟုတ်သော်လည်း အမြဲတမ်း ဂုဏ်သိက္ခာရှိစွာ ပြုမူဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် တာအိုလမ်းစဉ်နှင့်ပတ်သက်သည့်အခါ ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သူက တာအိုကို လေးစားသည်။

သို့ဖြစ်၍ သူက သူ၏ တာအိုနှလုံးသားအပေါ် မြူတစ်မှုန်ပင် အစွန်းအထင်းမခံနိုင်ပေ။ ထို့အတူ သူက မည်သူ့ကိုမှ ခေါင်းငုံ့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူက ငယ်ငယ်လေးကတည်းက လုံ့လဝီရိယရှိစွာ ကျင့်ကြံခဲ့သည်။ သူက ပိုပြီးမြင့်သော နေရာဆီသို့ ရောက်ချင်ပြီး ကြယ်တာရာကောင်းကင်ကို မြင်တွေ့ချင်သည်။ အဆင့်ပိုမြင့်သော အာဏာစက်ကိုလည်း သူဖမ်းဆုပ်ချင်သည်။

သူက လီမိသားစု၊ သူ့ဆရာနှင့် ဤလောကကို သက်သေပြုစေချင်သည်။

သူ၏ ဘိုးဘေးနှင့် သွေးမျိုးဆက်က အမှတ်ငါးကြယ်တာရာစက်ဝန်းမှ ဆင်းသက်လာခြင်းမဟုတ်သော်လည်း သူ၏ နှလုံးသားထဲမှ တာအိုအပေါ် လိုချင်တောင့်တစိတ်သည် တခြားလူများထက် မလျော့ပေ။

တာအိုကို ရှာဖွေလိုသည့် သူ၏ လိုအင်ဆန္ဒက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ မည်သည့်ဒေသခံကျင့်ကြံသူထက်မှ မလျော့ပေ။ တခြားကြယ်ပွင့်များသည်လည်း သူ့ထက် မသာနိုင်ပေ။

လီမိသားစုကို အတိတ်တုန်းကကဲ့သို့ ပြန်လည်ဦးမော့နိုင်အောင် သူလုပ်ပေးချင်သည်။ ထို့ပြင် သူက အမြင့်သို့ တတ်လှမ်းပြီး တစ်သက်လုံး သူအိမ်မက်မက်နေခဲ့သော အင်မော်တယ်မြို့တော်ဆီသို့ ခြေချချင်သည်။

ယခု သူ၏ လုပ်ရပ်က လူတချို့၏ မျက်လုံးထဲမှာ မီးပုံထဲသို့ တိုးဝင်နေသော ပိုးဖလံကဲ့သို့ ရယ်စရာကောင်းနေလိမ့်မည်။

ဒါပေမဲ့ ဘာဖြစ်လဲ…

သေတာက ကြောက်စရာကောင်းလို့လား…

ဒီလောကမှာ ကြောက်စရာအကောင်းဆုံးက တာအိုကို ကြားခွင့်မရတာ မဟုတ်ဘူးလား…

ဘဝကို အသက်ရှင်ခဲ့တဲ့ သက်တမ်းနဲ့ ဘယ်တော့မှ မတိုင်းတာဘူး…

ထို့ကြောင့် သူက သေရမည်ကို သိသည့်တိုင် နောက်ဆုံးအခိုက်အတန့်မှာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

ဤအမွေအနှစ်က သူ့ဘဝနှင့် ဆက်စပ်နေသည်။ ရွှီချင်းထွက်ပေါ်လာသည့်အခိုက် သူ၏ ကံကြမ္မာက သတ်မှတ်ခံလိုက်ရပြီဖြစ်ကြောင်း ရှင်းလင်းစွာ သူသိသည်။

ထိုသို့ဆိုမှတော့ ရဲဝံ့စွာ တိုက်ခိုက်ပြီး သေဆုံးသွားခြင်းက သူလျှောက်လှမ်းခဲ့သော လမ်းစဉ်တစ်လျှောက်၌ သူပေးဆပ်ခဲ့သော သွေးနှင့် ချွေးများအတွက် ထိုက်တန်မှုရှိလိမ့်မည်။ သို့မှသာလျှင် သူက ဤဘဝတွင် နောင်တမရဘဲ သူ့မိသားစု၏ မျှော်လင့်ချက်နှင့် တိုက်တန်လိမ့်မည်။ ထို့အတူ ယင်းက သူ့အား တာအိုရှာဖွေမှုတွင် ကျရှုံးစေခဲ့သော သူ့ပြိုင်ဘက်အပေါ် လေးစားရာရောက်လိမ့်မည်။

သူက အားမာန်ပြည့်စွာ ဟိန်းဟောက်လိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။

သူက ကောင်းကင်ပေါ်တွင် ပန်းတစ်ပွင့်နှယ် ပွင့်လန်းသွားသည်။

ကံမကောင်းစွာဖြင့်…

အိမ်မက်များသည် များသောအားဖြင့် နှလုံးသားထဲမှ သက်ပြင်းချမှုအဖြစ်သာ အဆုံးသတ်သွားလေ့ ရှိသည်။ စုတ်တံကို ကိုင်မြှောက်လိုက်သည့်အခါတိုင်း များသောအားဖြင့် နောင်တများကိုသာ ချရေးလိမ့်မည်။

မည်သို့ဖြစ်ပါစေ သူ၏ မန္တန်များ၊ တာအိုအတတ်ပညာများနှင့် ကြိုးစားအားထုတ်မှုအားလုံးသည် သူ၏ မျက်လုံးထဲမှ ဝေဝါးသော ပုံရိပ်ကို မထိတွေ့နိုင်ပေ။

ရွှီချင်းက မတူညီသော အချိန်လေဟာနယ်ထဲမှ ကောင်းကင်အလွန်မှာ မတ်တတ်ရပ်နေသည့်အလားပင်။

လီမုန့်တုက မည်သို့တိုက်ခိုက်ပါစေ ရွှီချင်းကို မထိနိုင်ပေ။

သူ၏ သေခြင်းကျိန်စာအခွင့်အာဏာက ရာသီဥတုကို ပြောင်းလဲသွားစေပြီး အံ့ဖွယ်ကောင်းသော သေခြင်းအရှိန်အဝါကို ဘေးပတ်ဝန်းကျင်၌ ပြည့်နှက်သွားစေသည်။

ယင်းက မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများကိုပင် ထွက်ပေါ်လာစေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ဤချိုင့်ဝှမ်းက ငရဲပြည်အဖြစ် ပြောင်းလဲသွားသည်။

မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများ၏ အော်ဟစ်ညည်းညူသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ချိုင့်ဝှမ်းက ဟာလာဟင်းလင်းဖြစ်နေသည်။

အကယ်၍ သူက ပြိုင်ဘက်ကို မထိတွေ့နိုင်လျှင် တစ်ဖက်လူက သူ၏ သေခြင်းကျိန်စာဖြင့် သက်ရောက်ခံရလိမ့်မည် မဟုတ်ချေ။

ဤသည်မှာ ချိုင့်ဝှမ်းက အထီးကျန်လောကတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ မကောင်းဆိုးဝါးများနှင့် တစ္ဆေသရဲများ၏ အော်ဟစ်ညည်းညူသံများကို သူတစ်ယောက်တည်းသာ ကြားနေရ၏။

လျှပ်စီးအခွင့်အာဏာက သူ၏ ဘေးမှာ ဟိန်းဟောက်နေသည်။ ယင်းက လျှပ်စီးပင်လယ်အဖြစ် အသွင်ပြောင်းလဲသွားပြီး တိုက်ခိုက်လိုက်သော်လည်း အချည်းနှီးသာ ဖြစ်၏။

သူက အမှန်တရားအမိန့်တော်ကိုပင် ထုတ်သုံးလိုက်ပြီး သူ့အရှေ့မှ ပုဂ္ဂိုလ်ကို မေးလိုက်သည်။ သို့သော်လည်း သူက မည်သည့်အဖြေမှ ပြန်မရပေ။ ဤသည်မှာ သူမေးလိုက်သော ပုဂ္ဂိုလ်က ဤစကြာဝဠာထဲမှာ မတည်ရှိသည့်အလားပင်။

အင်မော်တယ်မြစ်ရေလွှမ်းခြင်းတာအိုအတတ်ကို သူအသုံးပြုလိုက်သည့်အခါ ကောင်းကင်ပေါ်မှ မိုးသောက်အလင်းက ဆင်းသက်လာသည်။ သို့သော်လည်း ဤနေရာသို့ ဆင်းသက်လာသည်မှာ မိုးသောက်အလင်း၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပြီး အများစုက ဝေဝါးနေသည်။

အာဏာစက်မရှိသော ကျင့်ကြံသူများအတွက်တော့ အစောနက လီမုန့်တု အသုံးပြုခဲ့သော နည်းလမ်းအားလုံးက ထူးခြားပြီး အလွန်အားကောင်းသည်။ သို့သော်လည်း အာဏာစက်ပိုင်ဆိုင်ထားသော ကျင့်ကြံသူများ၏ အရှေ့တွင် ယင်းတို့က ဖျော်ဖြေပွဲတစ်ခုထက် မပိုပေ။

ကြေးမုံပန်းသည် ရွှီချင်းကို ပုံရိပ်မပြန်နိုင်ပေ။

ထို့ပြင် နတ်ဘုရားတစ်ပါး၏ ညာလက်ကို ချိပ်ပိတ်ထားသော လီမုန့်တု၏ ခန္ဓာကိုယ်ထဲမှ စည်းချအစီအရင်သည်လည်း အချည်းနှီးဖြစ်သည်။

နတ်ဘုရားလက်သည် ချောက်ချားဖွယ်ကောင်းပြီး နီလာခရမ်းရောင်ဖြစ်သည်။ လက်၏ အရေပြားပေါ်တွင် မရေမတွက်နိုင်သော လက်တံငယ်များနှင့် မျက်လုံးသေးသေးလေးများ ရှိကြသည်။ သို့သော်လည်း ၎င်းက နတ်ဘုရားတစ်ပါး၏ လက်တစ်ဖက်မျှသာ ဖြစ်သည်။ ထို့ပြင် ၎င်းပိုင်ဆိုင်ထားသော နတ်ဘုရားအခွင့်အာဏာက နတ်ဘုရားစွမ်းအင်အမြူတေ မဟုတ်ပေ။

ထို့ကြောင့် ၎င်းက ယခင်ကဲ့သို့ အစွမ်းမထက်တော့ပေ။

ဒြပ်နှောများနှင့် တီးတိုးရေရွတ်သံသည်ပင် ယင်းတို့၏ ထူးခြားဆန်းကြယ်မှုကို ဆုံးရှုံးသွားကြသည်။

ခါးသီးမှုသည်သာ ကျန်ရှိတော့သည်။

လီမုန့်တု၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးဖြစ်သည်။ သူက အသက်နှင့် ကျင့်ကြံခြင်းအခြေခံကို လောင်ကျွမ်းထားသည့်တိုင်အောင် ရွှီချင်းကို လုံးဝမထိနိုင်ပေ။

သူက ဝေဝေဝါးဝါးသာ မြင်နိုင်ပြီး သူ့ကို မထိနိုင်ပေ။

ယင်းက တာအိုဖြစ်သည်။

ယင်းက ပန်းချီကားထဲမှ ပုံရိပ်တစ်ခုနှင့် ဆင်တူသည်။ သူက မည်မျှခုန်လိုက်ပါစေ သို့မဟုတ် မည်မျှဒေါသထွက်သွားပြီး ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်ပါစေ ပန်းချီကား၏ အပြင်ဘက်မှ တည်ရှိမှုကိုတော့ လုံးဝ မထိတွေ့နိုင်ပေ။

မဟာတာအိုက အပြာရောင်ကောင်းကင်နဲ့တူတယ်… အဲ့ဒါကို ငါမြင်နိုင်ပေမဲ့ မချိုးဖြတ်နိုင်ဘူး…

သူက ထပ်ခါထပ်ခါ နောင်တရလာပြီး ပိုပြီးကြိုးစားသည်။

သူက သူ့အရှေ့မှ ပန်းချီကား၏ သဏ္ဍာန်မဲ့သော အကန့်အသတ်ကို အတင်းအဓမ္မ ရိုက်ချိုးပစ်ချင်သည်။

အဆုံးမှာတော့ သူက ထိုသို့မလုပ်နိုင်ခဲ့ပေ။

နောက်ဆုံးမှာတော့ ခါးသီးမှုက သူ့ကို လွှမ်းခြုံသွားသည့်အခါ လီမုန့်တုက သူ၏ စမှတ်နေရာဆီသို့ ပြန်သွားသည်။ သူက အားအင်ကုန်ခမ်းနေပြီး မောပန်းနွမ်းနယ်နေသည်။ ချိုင့်ဝှမ်းထဲတွင် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ဝေဝါးသော ပုံရိပ်ကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် လီမုန့်တုက မျက်လုံးမှိတ်လိုက်သည်။

သူက နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ နှလုံးသားထဲမှ ခါးသီးမှုကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အတတ်နိုင်ဆုံး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထားလိုက်သည်။

“ စောစောက ငါအသိစိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး”

“ ကိစ္စမရှိပါဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

အစမှအဆုံးအထိ သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ ဤအခိုက်အတန့်မှာ သူက အာဏာစက်ကို အတိုင်းအတာတစ်ခုထိ နက်ရှိုင်းစွာ နားလည်သွားသည်။ အာဏာစက်ကို အရည်အချင်းပြည့်မီခွင့်ဟု သတ်မှတ်နိုင်သည်။

ယင်းက ပန်းချီကား၏ အပြင်ဘက်သို့ ထွက်လျှောက်နိုင်သော အရည်အချင်းပြည့်မီခွင့် ဖြစ်သည်။

“ တာအိုယှဉ်ပြိုင်ပွဲက ဒီမှာ အဆုံးသတ်သွားပြီ ”

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် လီမုန့်တုက တည်ငြိမ်စွာ ပြောသည်။

“ ငါ့ရဲ့ ဒီဘဝမှာ မတူညီတဲ့ ပြိုင်ဘက်တွေကို မတူညီတဲ့ အဆင့်တွေမှာ တွေ့ဆုံခဲ့တယ်… ငါအနိုင်ရသွားတဲ့အခါတိုင်း တစ်ဖက်လူရဲ့ နောက်ဆုံးဆန္ဒကို မေးပြီး အဲ့ဒါတွေကို ဖြည့်ဆည်းပေးတယ် ”

“ မင်းက ငါ့လို လုပ်ပေးစရာ မလိုဘူး… ဒါပေမဲ့ ငါ့မှာ နောက်ဆုံးဆန္ဒနှစ်ခု ရှိတယ် ”

လီမုန့်တုက ရွှီချင်းသဘောတူသည် မတူသည်ကို ဂရုမစိုက်ဘဲ ဆက်ပြီး ပြောသည်။

“ ပထမတစ်ခုက စောစောက ငါနဲ့ တိုက်ခိုက်ခဲ့တဲ့ တာအိုပညာရှင်ချင်းယန်နဲ့ ဆက်စပ်နေတယ်… သူ့ရဲ့ ချင်းယန်မျိုးဆက်က ငါ့ရဲ့ လီမိသားစုနဲ့ မျိုးဆက်အစဉ်အဆက် ရန်သူဖြစ်ခဲ့တယ်… လီမိသားစု မျိုးတုန်းသတ်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့တဲ့ အကြိမ်တောင်မှ ရှိခဲ့တယ်… အဲ့ဒါက ချင်းယန်မျိုးဆက်ကြောင့်ပဲ ”

“ ဒါကြောင့် ငါက ချင်းယန်မျိုးဆက်ရဲ့ နောင်သားမြေးမြစ်တွေကို နှစ်တွေအကြာကြီး လိုက်ရှာဖွေခဲ့တယ်… အခု သူတို့ကို ငါရှာတွေ့သွားပြီဆိုပေမဲ့… ကံမကောင်းစွာဘဲ သူလွတ်မြောက်သွားတယ် ”

“ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့အတွက် သူ့ကို သတ်ပေးပါ ”

လီမုန့်တုက စကားပြောနေရင်း မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး သေရည်တစ်အိုးကို ထုတ်လိုက်သည်။ သူက သေရည်တစ်ငုံသောက်ပြီးနောက် ဆက်ပြီး ပြောသည်။

“ ငါ့ရဲ့ ဒုတိယဆန္ဒကတော့ နေရာတစ်နေရာကို သွားဖို့ပဲ ”

“ အဲ့ဒါက လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်တယ် ”

“ ဒဏ္ဍာရီအရ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ အင်မော်တယ်အရှင်သခင်တွေက စုစုပေါင်း ဆယ့်နှစ်ပါးရှိခဲ့တယ်… ဆယ့်တစ်ပါးမဟုတ်ဘူး… ဘာကြောင့် လူတွေက အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါးကိုပဲ သိထားတာလဲဆိုတော့ အမှတ်ငါးကြယ်တာရာစက်ဝန်းကို ကျင့်ကြံသူတွေ စတင်တည်ထောင်ခဲ့တဲ့အချိန်မှာ နံပါတ်တစ်အင်မော်တယ်အရှင်သခင်က အကြောင်းအရင်းတချို့ကြောင့် ပုန်ကန်ဖို့ ကြိုးစားခဲ့လို့ပဲ… အဲ့ဒီအင်မော်တယ်အရှင်သခင်ရဲ့ နာမည်က မိုးသောက်… သူ့ကို မိုးသောက်အင်မော်တယ်အရှင်သခင်လို့ လူတွေ သိကြတယ် ”

“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ ကောင်းကင်ပေါ်က မိုးသောက်အလင်းက မိုးသောက်အင်မော်တယ်အရှင်သခင်နဲ့ ဆက်စပ်နေတယ်လို့ ပြောကြတယ်… အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်က ပုန်ကန်ခဲ့ပြီး အင်မော်တယ်ဘုရင်ရဲ့ အသတ်ခံခဲ့ရတယ်… သူ့ရဲ့ ဝိညာဉ်က မြေပြင်ပေါ် ကျရောက်သွားပြီး သူ့ရဲ့ အာဏာစက်က ကောင်းကင်ပေါ်က မိုးသောက်အလင်းအဖြစ် ပြောင်းလဲသွားတယ် ”

“ သူ့ရဲ့ ဝိညာဉ် ကျရောက်သွားတဲ့နေရာကို အင်မော်တယ်ကျဆုံးလွင်ပြင်လို့ ခေါ်ကြတယ်… အဲ့ဒီလွင်ပြင်က အနောက်ပိုင်းကြယ်စင်စုထဲမှာ တည်ရှိတယ် ”

“ ဝိညာဉ်ဒီရေက ပုံမှန်မဟုတ်ဘဲ မြှောက်တတ်လာတဲ့အခါ လျှို့ဝှက်သော့တွေက အပြင်ကို ထွက်ပေါ်လာပြီး အနောက်ပိုင်းကြယ်စင်စုထဲမှာ ပျံ့နှံ့သွားလိမ့်မယ်… လျှို့ဝှက်သော့တွေက အရေအတွက် (၄၉)ခုထိ စုပုံသွားတဲ့အခါ ဒီရေက အထွတ်အထိပ်အထိ မြှောက်တတ်သွားလိမ့်မယ် ”

“ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲက ကျင့်ကြံသူတွေအားလုံးအတွက်တော့ အဲ့ဒါက ကောင်းချီးပေးမှုဖြစ်ပြီး မဟာအခွင့်အရေးတစ်ခု ဖြစ်တယ်… ပြီးခဲ့တဲ့ ဆယ်စုနှစ်တုန်းက ခန့်မှန်းမှုအရဆိုရင် အင်မော်တယ်ကျဆုံးလွင်ပြင်က မကြာခင် ဖွင့်လှစ်တော့မယ် ”

“ အဲ့ဒီအချိန်ကျရင် လျှို့ဝှက်သော့(၄၉)ချောင်းထဲက ဘယ်သော့မဆို လူနှစ်ယောက်ကို အင်မော်တယ်ကျဆုံးလွင်ပြင်ထဲ ဝင်ရောက်နိုင်စေဖို့ အခွင့်အရေးပေးလိမ့်မယ် ”

“ အစကတော့ အဲ့ဒီကို ငါသွားပြီး အခွင့်အရေးကို ရှာဖွေမယ်လို့ စီစဉ်ထားခဲ့တယ်… ဒါပေမဲ့ အခု အဲ့လိုငါမလုပ်နိုင်တော့ဘူး… မင်းက အဲ့ဒီကို သွားပြီး ပိုပြီးမြင့်တဲ့ နေရာဆီ တတ်လှမ်းနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ”

“ ဒါမှ ငါက မင်းရဲ့ တာအိုလမ်းစဉ်မှာ ခြေနင်းကျောက်တုံးဖြစ်လာပြီး ငါ့ရဲ့ သေဆုံးမှုက အဓိပ္ပာယ်ရှိလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် လီမုန့်တုက သူ၏ ဘယ်လက်ကို ဖွင့်လိုက်သည်။ ထိုအခါ ငါးတစ်ကောင်ပုံစံ ရေးထွင်းထားသော ကျောက်စိမ်းပြားတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကျောက်စိမ်းပြားကို သူ၏ အရှေ့မှာ ချထားလိုက်သည်။

“ အဲ့ဒါက ငါရထားတဲ့ လျှို့ဝှက်သော့ပါ ”

ထိုသို့လုပ်ဆောင်ပြီးနောက် လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကောင်းကင်ပေါ်မှ ဝေဝါးနေသော ပုံရိပ်ကို ကြည့်လိုက်သည်။

“ တာအိုရောင်းရင်း… မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းတယ် ”

သူက စကားဆုံးသွားသည်နှင့် ဘယ်လက်ကို မြှောက်လိုက်ပြီး ကုပ်ဆွဲသော လက်သဏ္ဍာန်ကို ပြုလုပ်လိုက်ကာ သူ၏ နဖူးပေါ်မှ ပွင့်ချပ်များပေါ်သို့ ရုတ်တရက် ဖိချလိုက်သည်။ ထိုအခါ သူ၏ လက်ငါးချောင်းက ဦးခေါင်းခွံကို ဖောက်ထွင်းသွားပြီး သူ၏ ဝိညာဉ်မှတဆင့် သူ၏ ဘဝထဲသို့ တိုးဝင်သွားသည်။ သူက အမွေအနှစ်ပန်းပွင့်တစ်ဝက်ကို သူ့ဘဝဖြင့် ချည်နှောင်ထားခဲ့ခြင်း ဖြစ်သည်။

ယခု သူက ထိုအမွေအနှစ်ကို တစ်ချက်တည်း ဆွဲနုတ်လိုက်သည်။

သူက ပွင့်ချပ်များကို ဆွဲနုတ်လိုက်သည်နှင့်ချက်ချင်း ဟောင်းလောင်းပေါက်တစ်ခုက သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။ သွေးက ထိုဟောင်းလောင်းပေါက်ထဲမှ ဒလဟော စီးကျလာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူ၏ အသက်ဓာတ်က မြန်ဆန်စွာ ညှိုးနွမ်းခြောက်သွေ့သွားသည်။

“ ဒါကို ယူလိုက်ပါ ”

အမွေအနှစ်ပန်းပွင့်တစ်ဝက်က ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး ရွှီချင်း၏ အရှေ့မှာ လွင့်မျောသွားသည်။

လီမုန့်တုသည်တော့ မျက်လုံးမှိတ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး သေခြင်းတရား၏ ချဉ်းကပ်လာမှုကို ခံစားလိုက်သည်။

ကောင်းကင်ယံတွင် ရွှီချင်းက သူ၏ အရှေ့မှ အမွေအနှစ်ပန်းပွင့်တစ်ဝက်ကို ကြည့်လိုက်သည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ညာလက်ကို မြှောက်လိုက်သည်။ သို့သော်လည်း သူက ပွင့်ချပ်များကို မဖမ်းဆုပ်လိုက်ပေ။ ယင်းအစား သူ၏ လက်က သူ့နဖူးပေါ်သို့ ကျရောက်သွားသည်။

သူက ညင်သာစွာ ဆောင့်ဆွဲလိုက်သည်။

ချက်ချင်းဆိုသလို သူ၏ နဖူးပေါ်မှ ပွင့်ချပ်များက ဖယ်ရှားခံလိုက်ရပြီး သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

အချိန်လေဟာနယ်အာဏာစက်၏ ထောက်ပံ့မှုအောက်မှာ ဤအမွေအနှစ်ပန်းပွင့်တစ်ဝက်ကို ဖယ်ရှားလိုက်ခြင်းက ရွှီချင်းအပေါ် မည်သည့်သက်ရောက်မှုမှ မဖြစ်စေပေ။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ သူ၏ လက်ထဲမှ အမွေအနှစ်ပန်းပွင့်တစ်ဝက်က လေထဲမှ လီမုန့်တု၏ ပွင့်ချပ်များဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ယင်းတို့နှစ်ခု တွေ့ဆုံသွားသည့်အခိုက် အချင်းချင်း အဆင်ပြေချောမွေ့စွာ ပေါင်းစပ်သွားကြသည်။

ပွင့်ချပ်ဆယ့်နှစ်ခုက ပြည့်စုံသွားသည့်အခိုက် ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲသွားသည်။

အမွေအနှစ်က ပြီးပြည့်စုံသွားသည်။

ထို့နောက် ရွှီချင်းက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။

ထိုအခါ အမွေအနှစ်ပန်းပွင့်က ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီမုန့်တု၏ နဖူးဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ တစ်ဆက်တည်းမှာ ယင်းက သူနှင့် ချက်ချင်း ပေါင်းစပ်သွားသည်။

လီမုန့်တု၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏ အသက်ဓာတ်က ချက်ချင်း ပြန်ရောက်လာပြီး သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ မင်း… ”

“ ဒီတာအိုက ငါ့အတွက် အသုံးမဝင်ဘူး… ပြီးတော့ အဲ့ဒါက နဂိုကတည်းက မင်းရဲ့ ကမ္မပဲ… မင်းက အာဏာစက်ရဲ့ အဓိပ္ပာယ်ကို သိချင်တယ်ဆိုမှတော့ အဲ့ဒါကို ငါမင်းကို ပေးလိုက်မယ် ”

“ မင်းသတ်ချင်တဲ့ လူတွေကို မင်းကိုယ်တိုင် သတ်ပစ်ပါ ”

ရွှီချင်းက တည်ငြိမ်စွာ စကားပြောပြီးနောက် အနောက်လှည့်ကာ ကောင်းကင်ဆီသို့ လျှောက်သွားသည်။

ချိုင့်ဝှမ်းထဲတွင် လီမုန့်တုက နှုတ်ဆိတ်သွားသည်။

သူက ရွှီချင်းထွက်သွားသော ဦးတည်ရာကို ငေးကြည့်နေရင်း သူ၏ ရင်ဘက်ကို ရုတ်တရက် ဖိချလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက သူ့ဘဝ၏ တန်ဖိုးအကြီးမားဆုံး အသက်အရင်းအမြစ်ကို ဆွဲထုတ်လိုက်သည်။

ထို့နောက် သူက ယင်းကို ကောင်းကင်ဆီသို့ ပို့လွှတ်လိုက်သည်။

“ ရွှီချင်း… အဲ့ဒါက ငါ့ရဲ့ အသက်အရင်းအမြစ်ပါ… အဲ့ဒါကို ဘယ်အချိန်မဆို မင်းအသုံးပြုနိုင်တယ် ”

ကောင်းကင်ယံတွင် အသက်အရင်းအမြစ်က ပျံသန်းလာသည်။ ရွှီချင်းက ယင်းကို သိမ်းဆည်းလိုက်သည်။ သူက မရပ်တန့်ဘဲ လီမုန့်တုကို ကျောပေးလျက် အဝေးသို့ ဆက်လျှောက်သွားသည်။

သူက ဝေးသထက် အဝေးသို့ ရောက်သွားသည်။

ချိုင့်ဝှမ်းထဲတွင် လီမုန့်တုတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် တစ်ဘဝစာ ကုန်ဆုံးသွားသည့်အလား သက်ပြင်းချလိုက်သည်။

ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။

“ ဒါက မဟာတာအိုရဲ့ ခမ်းနားထည်ဝါမှုပဲ ”

…..

တစ်ချိန်တည်းမှာ အင်မော်တယ်တာအိုဂိုဏ်းထဲတွင် ထိုမြင်ကွင်းကို ကြည့်ရှုနေသော အဆိပ်ဘုရင်၏ အမူအရာက ရုတ်တရက် အေးစက်သွားသည်။

သူ၏ အရှိန်အဝါက ပျံ့လွင့်သွားသည့်အခါ ယာတောထဲမှ သစ်ပင်ပန်းပင်များက တိတ်တဆိတ် ညှိုးနွမ်းခြောက်သွေ့သွားကြသည်။ ထို့နောက် ယင်းတို့က ပြာမှုန်အဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မုန်တိုင်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ရိုက်ခတ်သွားသည်။

မုန်တိုင်းထဲတွင် အဆိပ်ဘုရင်က မျက်လုံးမှိတ်ထားသည်။

အချိန်အတော်ကြာပြီးနောက် မုန်တိုင်းက လွင့်ပြယ်သွားသည့်အခါ နေရာ၌ မတ်တတ်ရပ်နေသော အဆိပ်ဘုရင်က ပြန်စိတ်ငြိမ်သွားသည်။ သူက မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်ပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။

“ လောဘမရှိတာလား… ဒါမှမဟုတ် အဲ့ဒါကို သဘောမကျတာလား… ”

“ ဒီနည်းလမ်းကို အသုံးပြုပြီးတော့ ငါနဲ့ ကမ္မဆက်နွယ်မှုကို ချိုးဖြတ်လိုက်တယ်… ဒီတော့ တာအိုကို ငါမရိတ်သိမ်းနိုင်တော့ဘူး… ဆန့်ကျင်ဘက်အနေနဲ့ သူကတော့ ငါ့အစီအစဉ်တွေကို အသုံးချပြီး သူ့ကိုယ်ပိုင်တာအိုကို ရယူသွားခဲ့တယ် ”

“ စိတ်ဝင်စားစရာပဲ… စိတ်ဝင်စားစရာပဲ… ”

All Chapters