အင်မော်တယ်နန်းတော်ကို ဖွင့်လှစ်ခြင်း
Vol. 105 Ch. 1609
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည့်အခါ သူက တစ်ဖက်လူကို ချက်ချင်း မှတ်မိသွားသည်။
အတိတ်မှာ ရွှီချင်းကို အမဲလိုက်ခဲ့သော မြင်ကွင်းများက သူ၏ စိတ်ထဲမှာ မြန်ဆန်စွာ ပုံရိပ်ပြန်လာကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ မယုံကြည်နိုင်ခြင်းနှင့် အံ့ဩထိတ်လန့်ခြင်းက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းက ယခင်ကနှင့် မတူညီတော့ကြောင်း သူအာရုံခံမိသွားသည်။ သူက အာဏာစက်ကို အာရုံမခံနိုင်သလို ယင်းကို နားမလည်နိုင်ပေ။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းနှင့် နတ်ဘုရားစိတ်အာရုံကြောင့် ရွှီချင်းကို သူကြည့်လိုက်သည့်အခိုက် ပြင်းထန်သော သေခြင်းရှင်ခြင်းကို ခံစားမိသွားသည်။
ထိုအန္တရာယ်ခံစားမှုက အလွန်ပြင်းထန်လေရာ သူ၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော အပ်များက ထိုးစိုက်နေသည့်အလားပင်။ ရလဒ်အနေဖြင့် သူ၏ ခြေလှမ်းသာ ရပ်တန့်သွားခြင်း မဟုတ်ပေ။
သူ၏ နှလုံးခုန်သံ၊ သူ၏ အသိစိတ်ပင်လယ်နှင့် သူ၏ အတွေးများသည်ပင် ရပ်တန့်သွားကြသည်။
ဤအခိုက်အတန့်မှာ ယင်းတို့က သဘာဝရန်သူတော်ဖြင့် ရင်ဆိုင်နေရသည့်အလားပင်။
သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
တစ်ဖက်မှာတော့ ရွှီချင်းက တည်ငြိမ်သည်။ သူ၏ မျက်လုံးထဲမှ အေးစက်မှုသည်သာ လေဟာနယ်ပေါ်သို့ ကျရောက်သွားသည်။ ယင်းက အချိန်ကို လှိုင်းထသွားစေပြီး အချိန်လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။
လီမုန့်တုနှင့် သူ့ကြားမှ တိုက်ပွဲသည် တာအိုယှဉ်ပြိုင်ပွဲမျှသာ ဖြစ်သည်။ သူ၏ ပြိုင်ဘက်က မှန်ကန်ပြီး အကယ်၍ တစ်ဖက်လူကိုသာ သူသတ်လိုက်မည်ဆိုလျှင် သူ၏ တာအိုက ချေးငှားခံရလိမ့်မည်။ ထို့ပြင် သူ၏ အချိန်လေဟာနယ်အာဏာစက်က လီမုန့်တု၏ ဘိုးဘေးနှင့် ကမ္မဆက်စပ်မှု ရှိသည်။
ထို့ကြောင့် လီမုန့်တု၏ နောက်ခံကို ထည့်သွင်းစဉ်းစားပြီးနောက် ရွှီချင်းက တစ်ဖက်လူအပေါ် လက်လျော့ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ဆံပင်အနီနှင့် လူငယ်က ခြားနားသည်။
သို့ဖြစ်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက မြှောက်တတ်လာသည့်အခါ အချိန်လေဟာနယ်က ဖွင့်လှစ်သွားသည်။
လောကက ဝေဝါးသွားပြီး အရာအားလုံးက ပုံပျက်တွန့်လိမ်သွားသည်။ ရွှီချင်း၏ အတွေးများက အချိန်လေဟာနယ်အခြေအနေထဲသို့ ပျံ့နှံ့သွားသည်နှင့် သူက မြေပြင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လျက် ဆက်ရှိနေသေးသော်လည်း အရိပ်တစ်ခုက ဤအချိန်လေဟာနယ်ထဲသို့ ဆင်းသက်လာသည်။
ဆံပင်အနီနှင့် လူငယ်၏ ရပ်တန့်မှုက ထာဝရဖြစ်လာဟန် ရ၏။ အရာအားလုံးက ရွှီချင်း၏ မျက်လုံးထဲမှာ ဖော်မပြနိုင်အောင် ကြည်လင်ရှင်းလင်းလာသည်။
ယင်းက ပန်းချီကားတစ်ချပ်နှင့် ဆင်တူသည်။
ဆံပင်အနီနှင့် လူငယ်၏ အတိတ်နှင့် အနာဂတ်က ထိုပန်းချီကားထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ထို့နောက် ရွှီချင်းက လက်မြှောက်လိုက်ပြီး ညင်သာစွာ တို့လိုက်သည်။
ဤသည်မှာ ပန်းချီကားအပြင်ဘက်မှ လူက လက်မြှောက်လိုက်ပြီး ပန်းချီကားပေါ်တွင် အပေါက်တစ်ပေါက် ပြုလုပ်လိုက်သည့်အလားပင်။ ယင်းက ပန်းချီကားထဲမှ လူနှင့် သူ၏ ဘေးပတ်ဝန်းကျင်ကို အက်ကွဲသွားစေသည်။
တကယ့်လက်တွေ့တွင် ဆံပင်အနီနှင့် လူငယ်၏ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပြိုကွဲသွားပြီး အချိန်စီးဆင်းမှုက ဖရိုဖရဲဖြစ်လာသည်။
ဤအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်က သူ၏ ခုခံနိုင်စွမ်းထက် သာလွန်သော အင်အားတစ်ခုဖြင့် တိုက်ရိုက် ဖိနှိပ်ခံလိုက်ရသည်။
သူ၏ ဝိညာဉ်သည်ပင် မလွတ်မြောက်နိုင်ဘဲ အော်ဟစ်ညည်းတွားလိုက်ရသည်။
သူက မည်သို့ကြိုးစားပါစေ မည်မျှရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်၏။ သူက ထိုအင်အားကို မခုခံနိုင်သလို မရှောင်တိမ်းနိုင်ပေ။
သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံရတော့မည်။
ထိုအခိုက်အတန့်မှာ တောင်ပိုင်းကြယ်စင်စုမှ ရောက်လာသော ကျန်းဖန်က ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။
“ တာအိုရောင်းရင်း… မင်းဘာလို့ အဲ့လောက် ဒေါသထွက်နေတာလဲ ”
“ တကယ်လို့ စကားနဲ့ ဆွေးနွေးလို့ရတဲ့ ကိစ္စဆိုရင် လွတ်လွတ်လပ်လပ် ပြောကြပါ… အခုလိုမျိုး အာဏာစက်နဲ့ တိုက်ခိုက်စရာ မလိုပါဘူး ”
သူ၏ စကားသံက ပျံ့လွင့်သွားသည်နှင့် မြူခိုးက ဆံပင်အနီနှင့် လူငယ်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ မြူခိုးက ဆံပင်အနီနှင့် လူငယ်၏ အရာအားလုံးကို ဖုံးကွယ်ပေးလိုက်သည်။
ဤသည်မှာ ပန်းချီကားကို အနက်ရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည့်အလားပင်။
အာဏာစက်မရှိသော လူများသည်တော့ ထိုမြင်ကွင်းကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
အနှစ်သာရကို ထွင်းဖောက်မြင်နိုင်သော အာဏာစက်အစွမ်းကို ပိုင်ဆိုင်ထားသည့် လူများသာလျှင် မြူခိုးကို ဖောက်ထွင်းပြီး ဆံပင်အနီနှင့် လူငယ်ကို မြင်နိုင်လိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဤမြူခိုးက သာလွန်ထူးခြားပြီး အာဏာစက်အစွမ်းကို ပိုင်ဆိုင်ထားသည်။
ယင်းက ရွှီချင်း၏ မြင်နိုင်စွမ်းကို ပိတ်ဆို့လိုက်သည်။
ယင်းက ကမ္ဘာမြေပေါ်မှ မြှောက်တတ်လာသော စွမ်းအင်ဖြစ်ပြီး ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမခံထားရသောအရာ ဖြစ်သည်။ ယင်းကို မြူခိုးဟု ခေါ်သည်။ မြူခိုးက ဖုံးကွယ်တားဆီးခြင်းတွင် အထူးသက်ရောက်မှုရှိသည်။
ကျန်းဖန်၏ အာဏာစက်က ပိတ်ပင်ခြင်းဖြစ်ပြီး ယင်း၏ ဒြပ်ထည်ပုံစံက မြူခိုးဖြစ်သည်။ မြူခိုး၏ ဖုံးလွှမ်းမှုအောက်တွင် ဆံပင်အနီနှင့် လူငယ်က ဆက်ပြီး တည်ရှိသွားသည်။ ဤသည်မှာ သူက ရွှီချင်း၏ အချိန်လေဟာနယ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည့်အလားပင်။
အာဏာစက်ကို အာဏာစက်ကသာ တွန်းလှန်နိုင်သည်။
ဤသည်မှာ ရွှီချင်းက အာဏာစက်များကြားမှ ယှဉ်ပြိုင်မှုကို ပထမဆုံးအကြိမ် ကိုယ်တိုင်ခံစားဖူးခြင်း ဖြစ်သည်။
မြူခိုးက ကမ္ဘာမြေ၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် သေခြင်းအငွေ့အသက်ကို ဖုံးကွယ်ပေးလိုက်သည်။ မြူခိုးထဲမှာ ကိန်းဝပ်နေသော စွမ်းအားက အပြင်လူများအတွက် အလွန်ချောက်ချားစရာကောင်းသော်လည်း ရွှီချင်းအတွက်တော့…
ထိုပိတ်ပင်ခြင်းအာဏာစက်က ထူးခြားဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းသော်လည်း ယင်းက အလွန်ပါးလွှာသည်ဟု သူခံစားမိသည်။
သို့ဖြစ်၍ တင်ပျဉ်ခွေထိုင်နေသော ရွှီချင်းက တည်ငြိမ်စွာ စကားပြောသည်။
“ အဲ့ဒီအချိန်က ငါ့ရဲ့ လေဟာနယ်ဖြစ်တယ်… အဲ့ဒီလေဟာနယ်က ငါ့ရဲ့ အချိန်ဖြစ်တယ်… ပျက်ပြယ်စေ ”
ထိုစကားများက သူ၏ နှုတ်မှ ထွက်ပေါ်လာသည်နှင့် ရွှီချင်းက လက်မြှောက်လိုက်သည်။ တစ်ဆက်တည်းမှာ သူ၏ လက်က မြူခိုးကို လျစ်လျူရှုထားပြီး အထဲသို့ ဆန့်တန်းသွားကာ ဖမ်းဆုပ်လိုက်သည်။
မြူခိုးကို သူထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုဧရိယာ၏ ဘေးပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က အပြင်းအထန် တုန်ယင်သွားသည်။
ထိုအနှောင့်အယှက်က အတိတ်မှ ရောက်ရှိလာပြီး ပစ္စုပ္ပန်ကို ပြိုကွဲသွားစေသည်။ ထိုအခါ အနာဂတ်က ရေပူဖောင်းများသဖွယ် ပေါက်သွားပြီး ပစ္စုပ္ပန်က ဖုန်မှုန်အဖြစ် ပြိုကွဲသွားသည်။
အချိန်လေဟာနယ်က သက်ရောက်ခံလိုက်ရသည်။ လှိုင်းဂယက်များက မတူညီသော အချိန်အမှတ်များထံမှ ထွက်ပေါ်လာကြသည်။
ထိုလှိုင်းဂယက်များက အမှတ်တစ်ခုတည်းမှာ စုဝေးသွားကြပြီး အချိန်လေဟာနယ်မုန်တိုင်းအဖြစ် ဖွဲ့စည်းသွားသည်။
မုန်တိုင်း၏ သက်ရောက်မှုအောက်မှာ ကျန်းဖန်၏ မြူခိုးက မလွင့်ပြယ်သွားခင် အသက်ရှူချိန်အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့သည်။
မြူခိုးသည် ကမ္ဘာမြေ၏ စွမ်းအင်ဖြစ်ပြီး ကောင်းကင်ဘုံ၏ အသိအမှတ်ပြုမခံထားရသောအရာ ဖြစ်သည်။
သို့ဖြစ်၍ အကယ်၍ ကောင်းကင်ဘုံကသာ ယင်းကို တုံ့ပြန်လိုက်မည်ဆိုလျှင် မြူခိုးက တည်ရှိလာတော့မည် မဟုတ်ချေ။
ထို့ကြောင့် မြူခိုးက လွင့်ပြယ်သွားပြီး ဆံပင်အနီနှင့် လူငယ်က ပြန်ထွက်ပေါ်လာသည်။
သူက ရွှီချင်း၏ အချိန်လေဟာနယ်ထဲမှာ ဆက်ရှိနေဆဲပင်။ ဘာမှမပြောင်းလဲသွားချေ။
ထို့ပြင် မြူခိုးလွင့်ပြယ်သွားသည့်အခါ ရွှီချင်း၏ လက်ကို မည်သည့်အရာကမှ မတားဆီးနိုင်တော့ပေ။
သူ၏ လက်က ဆံပင်အနီနှင့် လူငယ်၏ အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်ကို ဖမ်းဆုပ်လိုက်သည်။
ထို့နောက် သူက အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။
အက်ကွဲသံက သက်ရှိအားလုံး၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
ဆံပင်အနီနှင့် လူငယ်က အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ ဆန္ဒမရှိသော အတွေးက ထာဝရဖြစ်တည်လာသည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်ခံစားချက်များက ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားကြသည်။
ယခင်က ဖြစ်ခဲ့ဖူးသော သူ၏ အတိတ်အားလုံးက ဤအခိုက်အတန့်မှာ လုံးဝ ဖယ်ရှားခံလိုက်ရသည်။ ယင်းက အပိုင်းအစများအဖြစ် အက်ကွဲသွားပြီး ပြန့်ကျဲသွားသည်။
မဖြစ်သေးသော သူ၏ အနာဂတ်က ရေပူဖောင်းများပမာ အက်ကွဲသွားပြီး လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
ကျန်ရှိနေသည်မှာ သူ၏ လက်ရှိ ပစ္စုပ္ပန်ဖြစ်ပြီး ယင်းက အချိန်လေဟာနယ်ထဲမှာ အထီးကျန်စွာ တည်ရှိနေသည်။
သို့သော်လည်း အတိတ်၏ အထောက်အပံ့နှင့် အနာဂတ်၏ လမ်းညွှန်မှု မရှိတော့သည့်အခါ ပစ္စုပ္ပန်က အမြစ်မရှိသော အပင်ကဲ့သို့ ဖြစ်လာသည်။
ယင်းက ဆက်ပြီး မရှင်သန်နိုင်တော့ပေ။
သို့ဖြစ်၍ လူတိုင်း၏ အကြည့်အောက်မှာ ဆံပင်အနီနှင့် လူငယ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖုန်မှုန့်အဖြစ် တိတ်တဆိတ် လွင့်ပြယ်သွားသည်။
လေတိုက်ခတ်လာသည့်အခါ ဖုန်မှုန့်က လောကထဲမှာ ပြန့်ကျဲသွားသည်။
ဘေးပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
အထူးသဖြင့် အာဏာစက်မရှိသော ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုမြင်ကွင်းက သူတို့၏ နှလုံးသားကို အပြင်းအထန် တုန်ယင်သွားစေသည်။ ဤသတ်ဖြတ်ခြင်းက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ အဖြစ်အပျက်အစအဆုံးကို သူတို့ဘာမှနားမလည်ပေ။
သူတို့နားလည်သွားသော တစ်ခုတည်းသောအရာမှာ အာဏာစက်က အလွန်ကြောက်စရာကောင်းခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် အာဏာစက်ကို ပိုင်ဆိုင်ထားသော အုပ်ချုပ်သူများသည် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် အရေအတွက်အနည်းငယ်သာ ရှိကြသည်။
လူတိုင်းက နှုတ်ဆိတ်နေစဉ် ကျန်းဖန်က မျက်လုံးမှေးကျဉ်းလိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
အစောနက ဆံပင်အနီနှင့် လူငယ်ကို သူကာကွယ်ပေးခဲ့ခြင်းမှာ ထိုလူနှင့် သူ့ကြားတွင် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိသောကြောင့် မဟုတ်ပေ။ အမှန်မှာ သူတို့နှစ်ယောက်က ရံဖန်ရံခါသာ တွေ့ဆုံဖူးပြီး သူတို့ကြားတွင် မည်သည့်ဆက်ဆံရေးမှ မရှိပေ။
သူကြားဝင်စွက်ဖက်ခဲ့သည့် အဓိကအကြောင်းအရင်းမှာ သူတို့နှစ်ယောက်စလုံးက တောင်ပိုင်းကြယ်စင်စုမှ ရောက်လာသောကြောင့် ဖြစ်သည်။
အကယ်၍ သူက ယင်းကို မမြင်တွေ့ခဲ့လျှင် ကိစ္စမရှိပေ။ သို့သော်လည်း တောင်ပိုင်းကြယ်စင်စုမှ ကျင့်ကြံသူတစ်ယောက်က သူ၏ မျက်စိအရှေ့မှာ အသတ်ခံလိုက်ရသည်။ ယင်းက သူ့အား စိတ်မပျော်မရွှင်ဖြစ်စေသည်။
သို့သော်လည်း ရွှီချင်း၏ အာဏာစက်က သူ့အား အကြောက်တရားကို ခံစားမိစေသည်။ အနောက်ပိုင်းကြယ်စင်စုထဲမှာ ထိုသို့ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာကြောင်း ဤမတိုင်ခင် တစ်ခါမှ သူမကြားခဲ့ဖူးပေ။
ထို့ပြင် စောစောက ရွှီချင်းကို လီမုန့်တု အရိုအသေပေးခဲ့ကြောင်း သူမြင်တွေ့ခဲ့သည်။
ထို့ကြောင့် သူက နက်နဲစွာ တွေးတောလိုက်သည်။
သူ၏ ဘေးမှ ယွင်ရှန်းစုသည်တော့ ရွှီချင်းကို နောက်တစ်ကြိမ် ကြည့်လိုက်လေရာ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အာဏာစက်က တောင်ဖြစ်ပြီး အလေးချိန်ကို ကိုယ်စားပြုသည်။
သူတို့က အကြည့်ချင်းတွေ့ဆုံသွားသော်လည်း ရွှီချင်း၏ အမူအရာက လုံးဝ မပြောင်းလဲသွားချေ။ သူက တည်ငြိမ်စွာ ဆက်ပြီး တရားထိုင်နေသည်။
သို့သော်လည်း သူ့ဘေးမှ လီမုန့်တုက ကျန်းဖန်နှင့် ယွင်ရှန်းစုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်က သူ၏ ရပ်တည်မှုကို ဖော်ပြလိုက်သည်။
အနောက်ဆုတ်ချင်နေသော ကျန်းဖန်က ဖြည်းညင်းစွာ ပြုံးလိုက်သည်။ သူ၏ အမူအရာက သိမ်မွေ့ညင်သာသည်။ ဤသည်မှာ အစောနက ကြားဝင်စွက်ဖက်ခဲ့သူက သူမဟုတ်သည့်အလားပင်။
“ တာအိုရောင်းရင်းရဲ့ အာဏာစက်က အရမ်းထူးခြားတာပဲ ”
ထိုသို့ပြောပြီးနောက် ကျန်းဖန်က မျက်လုံးမှိတ်လိုက်သည်။
ယွင်ရှန်းစုက ပြုံးလိုက်သည်။ ရွှီချင်းကို ကြည့်နေစဉ် သူ၏ မျက်လုံးထဲ၌ အလေးချိန်အပြင် စိတ်ဝင်စားသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
ရွှီချင်းက ယင်းကို လျစ်လျူရှုထားသည်။
တခြားလူများသည် ထိုမြင်ကွင်းကို မျက်မြင်တွေ့ပြီးနောက် ရွှီချင်းကို ကြောက်ရွံ့ရိုသေလာကြသည်။ မြေဝိညာဉ်ဘိုးဘေးသည်တော့ ယခင်ကထက် ပိုပြီးစိတ်လှုပ်ရှားလာသည်။
ကြယ်ရှစ်ပွင့်နှင့် နှိုင်းယှဉ်လျှင် သူ၏ အဆင့်အတန်းနှင့် သရုပ်က အလွန်နိမ့်ကျသည်။ အာဏာစက်များကြားမှ အားပြိုင်မှုကို သူမမြင်နိုင်သော်လည်း သူ၏ တည်နေရာက ရွှီချင်းနှင့် အလွန်နီးကပ်လေရာ ဤတိုက်ပွဲကို သူက တခြားလူများထက် ပိုပြီးရှင်းလင်းစွာ အာရုံခံနိုင်သည်။
ဤအခိုက်အတန့်မှာ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
အတိတ်၌ အချိန်သဲကန္တာရထဲမှာ ရွှီချင်းကို သူမတိုက်ခိုက်ခဲ့ခြင်းက အလွန်ကံကောင်းသည်ဟု သူခံစားမိသွားသည်။
သို့မဟုတ်လျှင်…
မြေဝိညာဉ်ဘိုးဘေးက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အသိစိတ်က ရုတ်တရက် ဝုန်းခနဲ တုန်လှုပ်သွားသည်။ ယင်းက သူ့အတွက် မဟာအခွင့်အရေးတစ်ခုဖြစ်သည်ဟု သူခံစားမိသွားသည်။
ဤသည်မှာ တခြားလူများ အိမ်မက်သာမက်နိုင်သော အခွင့်အရေး ဖြစ်သည်။
သို့ဖြစ်၍ မြေဝိညာဉ်ဘိုးဘေးက ရိုသေလေးစားစွာ ပြောသည်။
“ အရှင်သခင်… မိုးသောက်အင်မော်တယ်နန်းတော်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ထပ် သတင်းအချက်အလက်တစ်ခု ရှိသေးတာကို အခုပဲ ငါပြန်အမှတ်ရသွားပါတယ်… ”
ရွှီချင်းကို သူခေါ်ဆိုသော နမ်စားသည်ပင် ပြောင်းလဲသွားသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး မြေဝိညာဉ်ဘိုးဘေးကို ကြည့်လိုက်ကာ သူ့ကို စကားဆက်ပြောစေသည်။
“ အရှင်သခင်… မိုးသောက်အင်မော်တယ်နန်းတော်ရဲ့ လောကထဲမှာ အလွှာရှစ်လွှာရှိတယ်လို့ စောစောက ငါပြောခဲ့ပါတယ် ”
“ ဘာလို့ အလွှာရှစ်လွှာရှိတယ်လို့ ငါပြောနိုင်တာလဲဆိုတော့ အလွှာတစ်ခုစီမှာ အလွှာရဲ့ နံပါတ်ကို မှတ်သားထားတဲ့ နယ်နိမိတ်ကျောက်တုံးတစ်တုံး ရှိလို့ပါပဲ ”
“ ယေဘုယျအားဖြင့်ပြောရရင် အုပ်ချုပ်သူတွေက တတိယအလွှာကိုပဲ ဝင်ရောက်နိုင်ပါတယ်… တစ်ယောက်ယောက်က စတုတ္ထအလွှာနဲ့ နောက်ထပ်အလွှာတွေကို တတ်လှမ်းချင်တယ်ဆိုရင် အာဏာစက် ဒါမှမဟုတ် ခြေလှမ်းဝက်အင်မော်တယ်အဆင့် ကျင့်ကြံခြင်း ရှိရပါမယ် ”
“ ပိုပြီးမြင့်တဲ့ အလွှာတွေဆီ တတ်ရောက်မယ်ဆိုရင် ပိုပြီးများပြားတဲ့ အခွင့်အလမ်းတွေနဲ့ တွေ့ဆုံရနိုင်ပါတယ်… ဒဏ္ဍာရီအရတော့ တစ်ယောက်ယောက်က အဌမအလွှာဆီ ဝင်ရောက်နိုင်မယ်ဆိုရင် နွေဦးအင်မော်တယ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေး ရရှိနိုင်ပါတယ် ”
“ ဒါကြောင့် ခြေလှမ်းဝက်အင်မော်တယ်တွေက ဒီအင်မော်တယ်ကျဆုံးလွင်ပြင်ကို အတော်လေး စိတ်ဝင်စားကြပါတယ် ”
“ အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်တဲ့အခါတိုင်း လူတိုင်းက တူညီတဲ့ ဧရိယာထဲမှာ ရှိနေပါလိမ့်မယ်… အဲ့ဒါက အင်မော်တယ်နန်းတော်ရဲ့ ဧည့်လက်ခံနယ်မြေလွတ်ပါ ”
“ အဲ့ဒီကို ရောက်သွားတဲ့အခါ လူတိုင်းက ရှေ့ဆက်ဖို့အတွက် လမ်းကြောင်းရွေးချယ်ရပါမယ်… လမ်းကြောင်းက သုံးခုရှိပါတယ် ”
“ ပထမလမ်းကြောင်းက အရှေ့တည့်တည့်မှာပါ… အဲ့ဒီမှာ တံတားတစ်စင်းရှိတယ်လို့ ပြောပါတယ် ”
“ ဒုတိယလမ်းကြောင်းက ဘယ်ဘက်မှာပါ… အဲ့ဒါက တိတ်ဆိတ်ငြိမ်သက်တဲ့ လမ်းကြောင်းပါ ”
“ ညာဘက်မှာတော့ အဆုံးမရှိတဲ့ အနက်ရောင်မြစ်တစ်စင်းရှိပါတယ်… အဲ့ဒါက တတိယလမ်းကြောင်းပါ ”
“ ရှေးခေတ်အချိန်ကာလကနေ ယခုအချိန်ထိ အင်မော်တယ်နန်းတော်ထဲ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းက အဲ့ဒီသုံးခုပဲ ရှိပါတယ် ”
“ အရှင်သခင်… တံတားပေါ်ကို ခြေမချဖို့ မှတ်ထားပါ… မှတ်တမ်းတွေအရတော့ တံတားပေါ် ခြေချလိုက်တဲ့ လူတွေရဲ့ (၅၀)ရာခိုင်နှုန်းက သေဆုံးသွားကြပါတယ် ”
“ ဘယ်ဘက် လမ်းကြောင်းကလည်း အန္တရာယ်များပေမဲ့ အသက်ရှင်နိုင်ခြေ (၈၀)ရာခိုင်နှုန်းထိ ရှိပါတယ်… အဲ့ဒါက အကောင်းဆုံး ရွေးချယ်မှုပါ ”
မြေဝိညာဉ်ဘိုးဘေးက ဘာမှမဖုံးကွယ်ထားဘဲ ရွှီချင်းကို အမှန်အတိုင်း ပြောသည်။
“ ညာဘက် လမ်းကြောင်းကရော ”
ရွှီချင်းက မေးသည်။
ထိုမေးခွန်းကို ပြန်ဖြေလိုက်သူက မြေဝိညာဉ်ဘိုးဘေးမဟုတ်ဘဲ လီမုန့်တုဖြစ်သည်။
“ အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး ”
ထိုသို့ပြောပြီးနောက် လီမုန့်တုက ရွှီချင်းကို ကြည့်လိုက်သည်။
“ သူပြောသွားတာတွေက အမှန်တွေပဲ… အဲ့ဒီမှာ လမ်းကြောင်းသုံးခုရှိပြီး ဘယ်ဘက် လမ်းကြောင်းက ဘေးကင်းအလုံခြုံဆုံး ဖြစ်တယ်… ဒါပေမဲ့ အရေးပါမှုကတော့ မတူညီကြဘူး ”
“ ဘယ်ဘက် လမ်းကြောင်းက တတိယအလွှာဆီ တိုက်ရိုက် ဦးတည်နေပြီး ပထမအလွှာနဲ့ ဒုတိယအလွှာဆီ ဝင်ရောက်နိုင်ဖို့ နောက်ထပ်အခွင့်အရေးမရှိဘူး ”
“ တံတားကနေ သွားမယ်ဆိုရင် မင်းက ဒုတိယအလွှာဆီ ရောက်သွားလိမ့်မယ်… အဲ့ဒါက အန္တရာယ်များပေမဲ့ ပိုမိုများပြားတဲ့ အခွင့်အလမ်းတွေနဲ့ ကံကြမ္မာကောင်းတွေကို ပေးလိမ့်မယ်… ဒါပေမဲ့ အဲ့ဒီလမ်းကြောင်းကို ရွေးချယ်လိုက်မယ်ဆိုရင် ပထမအလွှာဆီ မင်းမဝင်ရောက်နိုင်တော့ဘူး ”
“ ညာဘက် လမ်းကြောင်းကတော့ အပြည့်စုံဆုံးပဲ… အဲ့ဒါက ပထမအလွှာဆီ ဦးတည်နေတယ်… ဒါပေမဲ့ အဲ့ဒီလမ်းကြောင်းကို ရွေးချယ်ပြီးတဲ့နောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့လူက တစ်ယောက်မှ မရှိသေးဘူး ”
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အသိစိတ်က ရုတ်တရက် လှုပ်ခါသွားသည်။ သူက ကျောက်ပြားတည်ရှိသော လွင်ပြင်၏ အလယ်ဗဟိုသို့ ကြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင်က ဒလဟော ထွက်ပေါ်လာပြီး ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။ ဝုန်းခနဲ မြည်သံများကြားတွင် ဝိညာဉ်စွမ်းအင်က ဒီရေအလား ပေါ်လျှိုးလာပြီး ဤနေရာကို ပင်လယ်ထဲမှ မျက်လုံးတစ်လုံးသဖွယ် ပြောင်းလဲသွားစေသည်။
လေကြမ်းများ တဟူးဟူး တိုက်ခတ်လာသည်။
ဝိညာဉ်ဒီရေက ပေါ်ထွက်လာသည်။
ဒီရေက အရပ်မျက်နှာအားလုံးကို ဖုံးလွှမ်းသွားပြီး လွင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အဝေးမှကြည့်လျှင် ဒီရေသဖွယ် မြှောက်တတ်လာသော ဝိညာဉ်စွမ်းအင်က လူတိုင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားနေကြောင်း မြင်နိုင်ပေသည်။ ဤသည်မှာ သူတို့အားလုံးက ပင်လယ်ထဲသို့ ကျရောက်သွားသည့်အလားပင်။
တစ်ချိန်တည်းမှာ အလွန်ကျယ်ပြောပြီး ခမ်းနားထည်ဝါသော အင်မော်တယ်နန်းတော်က ထိုဝိညာဉ်ပင်လယ်၏ အထက်မှာ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို ရောင်စုံအလင်းတန်းများက ပြိုင်စံရှားသော ဂုဏ်ကျက်သရေနှင့်အတူ ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့နှံ့သွားကြသည်။
အင်မော်တယ်နန်းတော်နှင့် နှိုင်းယှဉ်လျှင် ဤနေရာမှ လူများက ပုရွက်ဆိတ်များအလား သေးနုတ်ကြသည်။ ဤသည်မှာ သူတို့က လူ့ဘီလူးတိုင်းပြည်ထဲသို့ ဝင်ရောက်သွားသည့်အလားပင်။
တစ်ချိန်တည်းမှာ ပိုမိုများပြားသော ပုံရိပ်များက အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။