ငါ့ကို လိုက်ဖမ်းလေ
Vol. 105 Ch. 1610
ဤအင်မော်တယ်နန်းတော်ထဲတွင် အလွှာများစွာ ပါဝင်သည်။
အလွှာတစ်ခုစီက သီးခြားလွတ်လပ်သည်။
သူတို့က ဤနေရာမှာ တည်ရှိနေလျှင်ပင် အလွှာမည်မျှထိ သွားရောက်နိုင်မည်မှာ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် ကံကြမ္မာပေါ်မှာသာ မူတည်သည်။
ဤဧရိယာကို အင်မော်တယ်နန်းတော်၏ အပြင်ဘက်မှ ငုံ့ကြည့်မည်ဆိုလျှင် အလွှာနှစ်ခုက ဝိညာဉ်ဒီရေ၏ အောက်ခြေထဲမှာ ဖုံးကွယ်ခံထားရကြောင်း မြင်နိုင်လိမ့်မည်။ ယင်းတို့က ဝေဝါးနေပြီး မထင်မရှားဖြစ်နေကြသည်။ ရေအောက်ထဲမှ အဖြူရောင်နှင့် အနက်ရောင်ကိုသာ မြင်နိုင်ပေသည်။
အထင်ရှားဆုံး မြင်နိုင်သည်မှာ အင်မော်တယ်နန်းတော်၏ တတိယအလွှာ ဖြစ်သည်။ ယင်းက ဝိညာဉ်ဒီရေ၏ အပေါ်မှာ လွင့်မျောနေသည်။
ယင်းက အလွန်ကျယ်ပြောပြီး အကန့်အသတ်မဲ့ဟန် ရ၏။ ယင်းက ကြီးမားသော ဂုဏ်ကျက်သရေနှင့်အတူ ရင်သပ်ရှုမောဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။ တတိယအလွှာထဲတွင် အဆောက်အဦးအများအပြား ရှိကြသည်။
ထွန်းလင်းတောက်ပသော အလင်းရောင်များက ဘေးပတ်ဝန်းကျင်၌ ပျံ့နှံ့နေပြီး ရာထောင်ချီသော ကောင်းချီးမင်္ဂလာပုံရိပ်များက ကောင်းကင်ပေါ်မှာ ပြန့်ကျဲနေကြသည်။
တတိယအလွှာထဲတွင် အင်မော်တယ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဝိညာဉ်ကျောက်တုံးအများအပြား ရှိသည်။ ယင်းတို့က ကောင်းကင်ဘုံထံမှ အလင်းရောင်အောက်မှာ တလက်လက် တောက်ပကြသည်။
ဤသည်မှာ မရေမတွက်နိုင်သော ရတနာကျောက်တုံးများကို ထိုမြင်ကွင်းထဲမှာ ထည့်သွင်းထားသည့်အလားပင်။ ယင်းက ခမ်းနားထည်ဝါပြီး ကျက်သရေရှိသည်။
အင်မော်တယ်နန်းတော်၏ တတိယအလွှာထဲတွင် ကောင်းကင်ဘုံကြိုးကြာများက ကြော့ရှင်းတင့်တယ်စွာ လှည့်ပတ်နေကြသည်။ ၎င်းတို့၏ တည်ရှိမှုက ပုံရိပ်ယောင်ဖြစ်သော်လည်း အစစ်အမှန်ကဲ့သို့ အောက်မေ့ရသည်။ ၎င်းတို့က ကြည်လင်ရှင်းလင်းသော အသံဖြင့် အော်မြည်နေကြသည်။
ကြိုးကြာအော်သံများက ဝိညာဉ်ဒီရေ၏ လှိုင်းပုတ်သံများဖြင့် ရောယှက်သွားပြီး နတ်ဘုရားတေးသံနှင့်ဆင်တူသော သံစဉ်တစ်မျိုးကို ဖန်တီးလိုက်သည်။
ထူးဆန်းပြီး ရှားပါးသော အပင်များကို နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။ ယင်းတို့က အရောင်တောက်ပပြီး လှပသည့်အပြင် ရံဖန်ရံခါ အင်မော်တယ်ပုံရိပ်များကို ထုတ်လွှတ်လေ့ ရှိသည်။ ယင်းက အပြင်ဘက်မှ စောင့်ကြည့်နေသူများ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။
အင်မော်တယ်ပုံရိပ်များက ဝေဝါးနေကြသော်လည်း ၎င်းတို့ကို ရစ်ပတ်ထားသော ဝိညာဉ်စွမ်းအင်က အတော်လေး သာလွန်ထူးခြားသည်။
အဝေးတစ်နေရာတွင် ဧရာမပုံရိပ်တစ်ခုက တင်ပျဉ်ခွေလျက် ထိုင်နေသည်။ ၎င်း၏ တည်ရှိမှုက တတိယအလွှာ၏ ခမ်းနားထည်ဝါမှုကို ထောက်ပံ့ပေးထားသည့်အလားပင်။
၎င်း၏ အကြည့်က မီးရှူးမီးတိုင်ကဲ့သို့ ထွန်းလင်းတောက်ပသည်။ ဤသည်မှာ သူက လောက၏ အနှောင့်အယှက်အားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။
ထိုပုဂ္ဂိုလ်၏ အရှေ့တွင် ကျင့်ကြံသူအများအပြား ရှိကြသည်။ သူတို့တစ်ယောက်စီက ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေကြပြီး အင်မော်တယ်အတတ်ပညာများနှင့် တာအိုနိယာမများကို လေ့လာဆည်းပူးနေကြဟန် ရ၏။
အင်မော်တယ်နန်းတော်၏ တတိယအလွှာတစ်ခုလုံးမှာ သာယာငြိမ့်ညောင်းသော ကုချင်းသံများနှင့် စာရွတ်ဖတ်သံများဖြင့် ပြည့်နှက်နေသည်။ ယင်းက အေးချမ်းသာယာသော လေထုကို ဖန်တီးနေသည်။
တတိယအလွှာ၏ အနောက်ဘက်ခြမ်းတွင် တောင်တန်းဒေသတစ်ခု ရှိသည်။
ယင်းက အင်မော်တယ်နန်းတော်၏ တတိယအလွှာ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။
မြူခိုးက တောင်တန်းကို လွှမ်းခြုံထားသော်လည်း အထဲမှာ ပုန်းကွယ်နေကြသည့် နန်းဆောင်များနှင့် မျှော်စင်များကို မည်သူမဆို မြင်နိုင်ပေသည်။
ကျင့်ကြံသူတချို့က ထိုနေရာမှာ ပုန်းကွယ်နေထိုင်ကြပြီး နက်ရှိုင်းစွာ ကျင့်ကြံအားထုတ်နေကြသည်။
အချိန်က ထိုနေရာမှာ သိမ်မွေ့ညင်သာစွာ စီးဆင်းနေသည်။ မကြာမီ ရောင်စုံအလင်းတန်းများက မှေးမှိန်သွားကြသည်။ ဤသည်မှာ ညရောက်သွားသည့်အလား ကြယ်များက ကောင်းကင်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာကြသည်။
အင်မော်တယ်နန်းတော်၏ ထွန်းလင်းတောက်ပမှုက ကြယ်အလင်းရောင်နှင့် ရောယှက်သွားပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
ယင်းက လောကနိဗ္ဗာန်နှင့် ဆင်တူသည်။
…..
အင်မော်တယ်နန်းတော်၏ အပြင်ဘက်မှ လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ရှုနေကြစဉ် အံ့ဩထိတ်လန့်မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ဤသည်မှာ သူတို့က ဤဘဝတွင် အင်မော်တယ်နန်းတော်တစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ရွှီချင်းသည်လည်း ထို့အတူပင်။
ဝိညာဉ်ဒီရေက မြှောက်တတ်လာပြီး အင်မော်တယ်နန်းတော်က ထွက်ပေါ်လာသည့်အခါ နန်းတော်၏ ကြယ်အလင်းရောင်နှင့်ဆင်တူသော အလင်းရောင်က ဤနေရာမှ လူများ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ထိုအလင်းရောင်က သူတို့၏ လျှို့ဝှက်သော့များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရွှီချင်း၏ သော့က ယွင်မန် ချင်းဖန် သူ့ကို လက်ဆောင်ပေးခဲ့သော ကျောက်စိမ်းပြားဖြစ်သည်။ ဤအခိုက်အတန့်မှာ ကျောက်စိမ်းပြားက ထွန်းလင်းတောက်ပလာသည်။
သို့သော်လည်း သူ၏ အကြည့်က အင်မော်တယ်နန်းတော်ပေါ်မှာ အကြာကြီး ရှိမနေပေ။ ယင်းအစား သူက အဝေးမှ မိုးကုပ်စက်ဝိုင်းထံသို့ ကြည့်လိုက်သည်။
အင်မော်တယ်နန်းတော် ထွက်ပေါ်လာသည့်အခိုက် အရေအတွက်များပြားသော ပုံရိပ်များက ပျံသန်းလာကြသည်။
သူတို့ထဲမှ အများစုမှာ အရည်အချင်းပြည့်မီတုံကင် မရှိကြပေ။ မည်သို့ဖြစ်ပါစေ မိုးသောက်အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်ရန် လျှို့ဝှက်သော့ကိုသာ လိုအပ်သည်။ ဤနေရာမှာ အင်မော်တယ်မြို့တော်၏ အရည်အချင်းပြည့်မီတုံကင်က အရေးမကြီးပေ။
သို့ဖြစ်၍ အမဲလိုက်ပွဲတော်တွင် မပါဝင်ကြသော အုပ်ချုပ်သူအများအပြားက ဤနေရာသို့ ရောက်လာကြသည်။
သူတို့ထဲတွင် ဂုဏ်သတင်းမကျော်ကြားသူ မရှိသလောက် ရှားသည်။
သို့သော်လည်း သူတို့၏ ဂုဏ်သတင်းက မည်မျှကျော်ကြားပါစေ လက်ရှိမျိုးဆက်၏ ကြယ်ပွင့်များကိုတော့ မယှဉ်ပြိုင်နိုင်ပေ။
အထူးသဖြင့် အရှေ့ပိုင်းကြယ်စင်စုမှ ကြယ်ပွင့်များ ဖြစ်ကြသည်။
အရှေ့ပိုင်းကြယ်စင်စုသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်စင်စုလေးခုအနက် နံပါတ်တစ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကြယ်ရှစ်ပွင့်ထဲမှ သုံးပွင့်က အရှေ့ပိုင်းကြယ်စင်စုထံမှဖြစ်ပြီး နံပါတ်တစ်ကြယ်ပွင့်သည်ပင် အရှေ့ပိုင်းကြယ်စင်စုထံမှ ဖြစ်သည်။
ယခု အရှေ့ပိုင်းကြယ်စင်စု၏ ကြယ်သုံးပွင့်က ရောက်ရှိလာကြသည်။ သူတို့ဆင်းသက်လာသည့် နည်းလမ်းက လူတိုင်းကို နှလုံးတုန်သွားစေသည်။
ပထမဆုံးအနေဖြင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အာဏာစက်မရှိသော ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲမှ မြှောက်တတ်လာသည်။
စက္ကန့်ပိုင်းအတွင်းမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ပြင်းထန်လာပြီး ခန္ဓာကိုယ်နှင့် အသိစိတ်အပေါ် သက်ရောက်သွားသည်။ ထိုမှတဖန် ယင်းက အပြင်သို့ ပျံ့နှံ့သွားပြီး အလွန်သိပ်သည်းသော လူသတ်အရှိန်အဝါကို ဖွဲ့စည်းလိုက်သည်။ ထိုအရှိန်အဝါက အင်အားတစ်ခု၏ ဆွဲဆောင်ခံလိုက်ရပြီးနောက် အနက်ရောင်ရှေးဟောင်းတံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
တံခါးက ဖြည်းညင်းစွာ ပွင့်သွားပြီး ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အပြင်သို့ ထွက်လျှောက်လာသည်။
သူထွက်ပေါ်လာသည့်အခိုက် လူတိုင်း၏ စိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီး ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ထိုလူငယ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ အရှင်သခင်ဖြစ်သည့်အလားပင်။
သူက နေရာမှာ ရပ်နေလျက် အင်မော်တယ်နန်းတော်ကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောသော်လည်း သူ၏ တည်ရှိမှုက သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ စုဝေးမှုအောက်မှာ ထက်ရှသော ဓားတစ်လက်အသွင် ပြောင်းလဲသွားဟန် ရ၏။
အာဏာစက်ပိုင်ဆိုင်ထားသော လူများသည်ပင် ယင်းထံမှ ဖိအားကို ခံစားနိုင်ကြသည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
ထိုသို့အသွင်လက္ခဏာများကို သူဖတ်ဖူးထားသော မြေပုံထဲမှ အချက်အလက်များနှင့် ယှဉ်တွဲလိုက်သည့်အခါ တစ်ဖက်လူ၏ သရုပ်ကို ချက်ချင်း မှတ်မိသွားသည်။
ထိုလူငယ်က အရှေ့ပိုင်းကြယ်စင်စု၏ ရှဲလင်းဇီဖြစ်သည်။
မြေပုံထဲမှ အချက်အလက်များအရ သူက သေခြင်းရှင်ခြင်းတိုက်ပွဲများစွာကို ဖြတ်ကျော်ပြီးနောက် နာမည်ကျော်ကြားလာခဲ့သော လေလွင့်ကျင့်ကြံသူ ဖြစ်သည်။ သူက ဝါးမျိုခြင်းအတတ်ပညာကို အသုံးပြု၍ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့သည်။ ထို့ပြင် သူက မိစ္ဆာတာအိုကို ကျင့်ကြံသည်။
ရှဲလင်းဇီသည် ငယ်စဉ်အခါမှာ ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်။ သူက နှစ်ခြောက်ဆယ်ကျော်ကြာအောင် ဂိုဏ်း၏ အမဲလိုက်ခြင်းခံခဲ့ရပြီးနောက် မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်သွားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူက ပြန်ပေါ်လာပြီး နောက်ထပ် ဂိုဏ်းတစ်ခုကို ဝင်ရောက်ခဲ့ကာ ထပ်မံ သစ္စာဖောက်ခဲ့သည်။ ထို့ကြောင့် သူက ဂိုဏ်း၏ မိုးဆုံးမြေဆုံး လိုက်ဖမ်းခံခဲ့ရသည်။ သို့သော်လည်း သူက နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
နောက်ပိုင်းနှစ်များတွင် ထိုသို့အလားတူ အဖြစ်အပျက်များက စုစုပေါင်း ခုနစ်ကြိမ် ဖြစ်ပွားခဲ့သည်။
သူက ဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်ဖြစ်လာခဲ့ပြီး ဂိုဏ်းကို ခုနစ်ကြိမ်စလုံး သစ္စာဖောက်ခဲ့သည်။ သို့ဖြစ်၍ သူက ဂိုဏ်းခုနစ်ဂိုဏ်း၏ အဆုံးမဲ့သော လိုက်ဖမ်းခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူ၏ ကျင့်ကြံခြင်းအခြေခံက အုပ်ချုပ်သူအဆင့်သို့ ချိုးဖြတ်သွားပြီးနောက် သူက ဂိုဏ်းခုနစ်ခုစလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။
သူက အလောင်းတောင်များနှင့် သွေးပင်လယ်များကို ဖြတ်ကျော်ပြီးနောက် သတ်ဖြတ်ခြင်းတာအိုကို ရရှိသွားသည်။
ထို့နောက် သူက အရှေ့ပိုင်းကြယ်စင်စု၏ ကလန်တစ်ခုမှ ထွက်ပေါ်လာသော တခြားကြယ်ပွင့်နှင့် တိုက်ခိုက်ခဲ့ပြီး သရေကျခဲ့သည်။
ထို့ကြောင့် သူက ကြယ်ရှစ်ပွင့်စာရင်းထဲမှာ ပါဝင်လာခဲ့သည်။
“ သူ့ရဲ့ အာဏာစက်က ကျင့်ကြံခြင်းကနေ ဆင်းသက်လာတာ မဟုတ်ဘူး… အာဏာစက်ဓမ္မရတနာတစ်ခုကနေ ဆင်းသက်လာတာပဲ ”
ရွှီချင်းက ရှဲလင်းဇီကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ ဓားကျိုးတစ်ချောင်းကို မသဲမကွဲ သူမြင်နိုင်သည်။
“ ယွင်ရှန်းစုရဲ့ အာဏာစက်က သူ့ကလန်ရဲ့ ဘိုးဘေးဆီကနေ ဆင်းသက်လာတာ ဖြစ်တယ်… သူ့ကလန်က တောင်ပိုင်းကြယ်စင်စုရဲ့ ရှေးအကျဆုံး ကလန်တွေထဲက တစ်ခုဖြစ်တာကြောင့် နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားတယ်… ယွင်ရှန်းကလန်ရဲ့ ဘိုးဘေးက နွေဦးအင်မော်တယ်တစ်ပါးမဟုတ်ပေမဲ့ သူက ခြေလှမ်းဝက်အင်မော်တယ်ရဲ့ အထွတ်အထိပ်မှာဖြစ်ပြီး ကိုယ်ပိုင်အာဏာစက်ကို ပိုင်ဆိုင်ထားတယ် ”
“ ကျန်းဖန်ကတော့ ငါ့လိုပဲ အာဏာစက်ကို သူ့ဆရာဆီကနေ အမွေရရှိခဲ့တယ် ”
လီမုန့်တုက နက်ရှိုင်းသော အသံဖြင့် ပြောသည်။
“ ပြီးတော့ အဲ့ဒီတစ်ယောက်အကြောင်းကို အရင်က ငါကြားဖူးတယ်… သူက မိစ္ဆာတာအိုကို ကျင့်ကြံတယ်… သူ့ရဲ့ မိစ္ဆာတာအိုက ဂိုဏ်းကို သစ္စာဖောက်ဖို့ လိုအပ်တယ်… ပြီးတော့ သူ့မှာ အာဏာစက်ကိန်းဝပ်နေတဲ့ အထွတ်အမြတ်ရတနာတစ်ခု ရှိတယ်… သူ့ရဲ့ မိစ္ဆာဆန်တဲ့ လုပ်ရပ်တွေကို အရှေ့ပိုင်းကြယ်စင်စုရဲ့ ကောင်းကင်စောင့်ရှောက်သူက ခွင့်ပြုချက်ပေးထားတယ် ”
ယင်းကို ရွှီချင်းကြားသောအခါ သူက ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ကောင်းကင်ပေါ်သို့ ကျရောက်သွားသည်။
ကောင်းကင်က ပရမ်းပတာ လှုပ်ခါသွားပြီး အလင်းရောင်က ပျံ့နှံ့သွားသည်။ ထိုအလင်းရောင်ကြားတွင် လူတစ်ယောက်က ထွက်လျှောက်လာသည်။
ထိုလူမှာ သနားကြင်နာပြီး သိမ်မွေ့ညင်သာသော အမူအရာ ရှိသည်။ မွန်မြတ်သန့်စင်သော အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။ သူထွက်ပေါ်လာသည့်အခိုက် နွေးထွေးသော လေထုက သူ့ထံမှ ထွက်ပေါ်လာပြီး ဤဧရိယာကို လွှမ်းခြုံသွားသည်။ အစောနက သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် သက်ရောက်ခံလိုက်ရသော ကျင့်ကြံသူများသည် ဤအခိုက်အတန့်မှာ နွေးထွေးသော လေထုကြောင့် ပြန်သတိဝင်လာကြသည်။ ဤသည်မှာ သူတို့က အိမ်မက်မှ ပြန်နိုးလာကြသည့်အလားပင်။
သူက ကျိုးကျန်းလီဖြစ်ပြီး အရှေ့ပိုင်းကြယ်စင်စု၏ ကြယ်သုံးပွင့်ထဲမှ တစ်ပွင့်ဖြစ်သည်။
သူက အရှေ့ပိုင်းကြယ်စင်စု၏ ကျိုးကလန်မှ ဆင်းသက်လာပြီး သူ၏ ဂုဏ်သတင်းက သူ့နာမည်နှင့် လိုက်ဖက်ညီသည်။ သူက သနားကြင်နာပြီး အကျင့်စာရိတ္တကောင်းမွန်မှုကြောင့် နာမည်ကျော်ကြားသည်။ ထို့ကြောင့် အရှေ့ပိုင်းကြယ်စင်စုထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက သူ့ကို ရိုသေလေးစားကြသည်။
ဤအခိုက်အတန့်မှာ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရှဲလင်းဇီကို အရင်ဆုံး ကြည့်လိုက်သည်။
သူ၏ တာအိုက ရှဲလင်းဇီနှင့် ဆန့်ကျင်ဘက်ဖြစ်လေရာ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် သတ်ချင်နေကြသည်။
ရှဲလင်းဇီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်မှာ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အင်မော်တယ်နန်းတော်ထဲသို့ တိုက်ရိုက် ခြေချလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျိုးကျန်းလီက တည်ငြိမ်စွာ အကြည့်ပြန်ရုပ်လိုက်ပြီး ဤနေရာမှ လူတိုင်းကို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။ သူက ကျန်းဖန်နှင့် တခြားလူများကို ပြုံးပြလိုက်ပြီး လီမုန့်တုကို ခေါင်းညိတ်ပြလိုက်သည်။ သူက ရွှီချင်းကိုလည်း သတိထားမိသွားသည်။
သူက ပေါ့ပါးစွာ ခေါင်းညိတ်ပြီးနောက် အင်မော်တယ်နန်းတော်ဆီသို့ လျှောက်သွားသည်။
သို့သော်လည်း သူက အင်မော်တယ်နန်းတော်ထဲသို့ ခြေချတော့မည့်အချိန် ရုတ်တရက် ရပ်တန့်လိုက်ပြီး ကောင်းကင်ထံသို့ ဦးညွတ်လိုက်သည်။
တစ်ချိန်တည်းမှာ ရွှီချင်းနှင့် တခြားကြယ်ပွင့်များသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
မည်းမှောင်နေသော အမှောင်ကောင်းကင်ယံတွင် ကြယ်များက အစောကြီးကတည်းက ရှိနေကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ကြယ်ကိုးလုံးက အသစ်ထွက်ပေါ်လာကြသည်။
ကြယ်ကိုးလုံးက စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်နေကြပြီး ကြယ်တာရာစက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ယင်းတို့က ထွန်းလင်းတောက်ပသွားသည့်အခါ ကြယ်အလင်းရောင်က သက်ဆင်းလာသည်။ ကြယ်အလင်းရောင်က ဗလာနတ္ထိထဲသို့ ကျရောက်သွားသည့်အခါ တည်ရှိမှုတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။
ထိုလူက ရိုးရှင်းသော ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်က ပခုံးထက်သို့ ကျဆင်းနေသည်။ သူ၏ အသွင်သဏ္ဍာန်က ချောမောခန့်ညားသည်။ သို့တိုင်အောင် သူ၏ အမူအရာက အေးစက်နေသည်။ ဤသည်မှာ သူ့ထံတွင် မည်သည့်စိတ်ခံစားချက်မှ မရှိသည့်အလားပင်။
သူထွက်ပေါ်လာသည့်အခိုက် လေထဲသို့ ခြေချလိုက်ပြီး အင်မော်တယ်နန်းတော်ဆီသို့ လျှောက်သွားသည်။
သူက ကျိုးကျန်းလီ၏ ဘေးမှ ဖြတ်လျှောက်သွားသည်။
ကျိုးကျန်းလီက ခေါင်းငုံ့လိုက်သည်။
ကြယ်တာရာစက်ဝန်းက သူ့ကို ဖြတ်ကျော်ပြီး အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
သို့မှသာ ကျိုးကျန်းလီက အနောက်မှ လိုက်ဝင်သွားသည်။
ကြယ်တာရာစက်ဝန်း၏ ထွက်ပေါ်လာမှုက လူတိုင်းကို တည်ကြည်လေးနက်သွားစေသည်။ ကျန်းဖန်၊ ယွင်ရှန်းစု၊ ချမ်ကျွင်းနှင့် ပိုင်ရီသည်ပင် ဤအခိုက်အတန့်မှာ တည်ကြည်လေးနက်သွားကြသည်။
ထို့နောက် သူတို့အားလုံးက အင်မော်တယ်နန်းတော်ဆီသို့ လျှောက်သွားကြသည်။
လျှို့ဝှက်သော့ရှိသော တခြားလူများသည်လည်း ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာဖြင့် တစ်ယောက်ပြီးတစ်ယောက် အင်မော်တယ်နန်းတော်ထဲသို့ ခြေချလိုက်ကြသည်။
မနီးမဝေးမှ လီမုန့်တုသည်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အမူအရာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။
“ ကြယ်တာရာစက်ဝန်း ”
“ သူက ကြယ်ရှစ်ပွင့်ရဲ့ နံပါတ်တစ်ကြယ်ပွင့်ဖြစ်ပြီး အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ အသန်မာဆုံး အုပ်ချုပ်သူလို့ အများရဲ့ အသိအမှတ်ပြုခံထားရတယ် ”
“ သူက အရှေ့ပိုင်းကြယ်စင်စုရဲ့ ကြယ်တာရာစက်ဝန်းမျှော်စင်ကနေ ထွက်ပေါ်လာတာဖြစ်ပြီး ကြယ်တာရာစက်ဝန်းဆိုတဲ့ တာအိုဘွဲ့နာမည်ကို ချီးမြှောက်ခံခဲ့ရတယ်… သူက ဒီမျိုးဆက်ရဲ့ ကြယ်တာရာစက်ဝန်းသားတော် ဖြစ်တယ်… သူ့ရဲ့ ကျင့်ကြံခြင်းက နှောင်းပိုင်းအဆင့် အုပ်ချုပ်သူဖြစ်ပြီး မဟာအခွင့်အာဏာကိုးခုကို ပိုင်ဆိုင်ထားတယ်… သူရဲ့ တိုက်ပွဲစွမ်းအားက ရှိန်လောက်စရာကောင်းပြီး သူက တိုက်ခိုက်ခဲတယ် ”
“ ဒါပေမဲ့ သူက ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးကို လူအများအရှေ့မှာ စိန်ခေါ်ခဲ့ဖူးတယ်… အဲ့ဒီတိုက်ပွဲမှာ အနိုင်ရသွားပြီးနောက် သူရဲ့ နာမည်က အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့တယ် ”
“ ပြီးတော့ အဲ့ဒီတိုက်ပွဲက အမွေအနှစ်ဆက်ခံခြင်းအပိုင်း မစတင်ခင်က မှတ်တမ်းတစ်ခုပဲ… ရွှီချင်း… မင်းတစ်ခုခုကို မြင်နိုင်တယ်မဟုတ်လား ”
လီမုန့်တုက လေသံတိုးတိုးဖြင့် ပြောသည်။
“ သူက အမွေအနှစ်ဆက်ခံခြင်းအပိုင်း မစတင်ခင်ကတည်းက သူ့ကိုယ်ပိုင် အာဏာစက်ကို ဖမ်းဆုပ်မိထားပြီးပြီ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
လီမုန့်တုက လေးစားအားကျသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ သူက ငါမြင်ဖူးတဲ့ လက်ရှိမျိုးဆက်ထဲမှာ ဘယ်အမွေအနှစ်ကိုမှ အားမကိုးဘဲ အာဏာစက်ကို ကိုယ့်ဘာသာ ဆင်ခြင်နားလည်နိုင်ခဲ့တဲ့ ပထမဆုံးလူပဲ… အကိုရွှီ… မင်းကတော့ ဒုတိယပဲ ”
“ ဒါ့အပြင် သူက သူ့ဆရာ စီစဉ်ပေးထားတဲ့ အမွေအနှစ်ကို ငြင်းဆန်ခဲ့တယ်လို့ ငါကြားတယ်… သူက သူများအသုံးပြုထားပြီးတဲ့ အရာတွေကို သဘောမကျဘူးလို့ ပြောတယ်… နာမည်တွေက အမှတ်လက္ခဏာဖြစ်လို့ အဲ့ဒါတွေကို သူလက်ခံနိုင်တယ်… ဒါပေမဲ့ အာဏာစက်ကတော့… သူ့ကိုယ်ပိုင်အာဏာစက်ကိုပဲ သူသဘောကျတယ် ”
“ သူ့ရဲ့ အာဏာစက်က လျှို့ဝှက်ဆန်းကြယ်ပြီး အဲ့ဒါက ဘာလဲဆိုတာ ငါမသိဘူး… ဒါပေမဲ့ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးကို အနိုင်ယူနိုင်တယ်ဆိုမှတော့ အဲ့ဒီအာဏာစက်က ဘယ်လောက် အားကောင်းလဲဆိုတာ စိတ်ကူးကြည့်နိုင်တယ် ”
“ ဘာပဲပြောပြော ခြေလှမ်းဝက်အင်မော်တယ်တွေထဲမှာ ကိုယ်ပိုင်အာဏာစက်ကို ဖွဲ့စည်းနိုင်တဲ့လူက အများကြီး မရှိပေမဲ့ အများစုကတော့ အာဏာစက်ကိန်းအောင်းနေတဲ့ ဓမ္မရတနာတစ်ခုကို ပိုင်ဆိုင်ထားကြတယ် ”
“ မဟုတ်ရင် ဒီလောက် ဖွင့်ဖြိုးတိုးတတ်တဲ့ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ခြေလှမ်းဝက်အင်မော်တယ်တွေအတွက် နေရာရှိတော့မှာ မဟုတ်ဘူး ”
လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တတ်ရပ်ကာ ရွှီချင်းကို ကြည့်လိုက်သည်။
“ အကိုရွှီ… ငါတို့ရော အထဲဝင်ကြတော့မလား ”
“ အင်မော်တယ်နန်းတော်ကို ဖွင့်လှစ်တဲ့အခါတိုင်း ခြေလှမ်းဝက်အင်မော်တယ်တွေ ဝင်ရောက်လာကြလိမ့်မယ်… ဒါပေမဲ့ သူတို့ရဲ့ ဝင်ရောက်တဲ့ နည်းလမ်းက ငါတို့နဲ့ မတူဘူး… သူတို့က စတုတ္ထအလွှာဆီ တိုက်ရိုက် ဝင်ရောက်နိုင်ကြတယ်… ဒါကြောင့် သီအိုရီအရဆိုရင် ငါတို့က သူတို့နဲ့ တွေ့ဆုံရမှာ မဟုတ်ဘူး ”
“ ငါတို့က အာဏာစက်ကို ပိုင်ဆိုင်သွားပြီး စတုတ္ထအလွှာဆီ ခြေချလိုက်တဲ့အခါ သူတို့က ပိုပြီးအဆင့်မြင့်တဲ့ အလွှာတွေဆီ ရောက်သွားလောက်ပြီ ”
ရွှီချင်းက ယင်းကို ကြားသောအခါ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ… ငါတို့လည်း အထဲဝင်ကြတာပေါ့ ”
ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး အင်မော်တယ်နန်းတော်ဆီသို့ လီမုန့်တုနှင့်အတူ လျှောက်သွားသည်။
မြေဝိညာဉ်ဘိုးဘေးက သူတို့၏ အနောက်မှ လိုက်သွားသည်။ မကြာမီ သူတို့သုံးယောက်က အင်မော်တယ်နန်းတော်ထဲသို့ ခြေချလိုက်ကြသည်။
လှိုင်းဂယက်များက ဟင်းလင်းပြင်ထဲမှာ ပျံ့နှံ့သွားသည်နှင့် သူတို့က ပျောက်ကွယ်သွားကြသည်။
…..
တစ်ချိန်တည်းမှာ အင်မော်တယ်နန်းတော်ထဲမှ ဝိညာဉ်ဒီရေအောက်ထဲတွင် ဖုံးကွယ်ခံထားရသော ဒုတိယအလွှာထဲ၌…
ထိုနေရာတွင် တမူထူးခြားသော ဧရိယာတစ်ခု ရှိ၏။ အရာအားလုံးက အဖြူရောင်ဖြစ်ပြီး ဤနေရာတွင် မည်သည့်အချိန်လေဟာနယ် အငွေ့အသက်မှ မရှိပေ။
အဖြူရောင်ကြားထဲတွင် သေးငယ်သော ပုံရိပ်တစ်ခုက ဓားတစ်လက်ကို ကိုင်ထားလျက် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူက အနောက်လှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် တင်ပါးကို ပုတ်လိုက်ကာ မောက်မာထောင်လွှားစွာ ပြောသည်။
“ မဟာနတ်ဆိုးဘုရင်… မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ဆီ လာခဲ့လေ… လာစမ်းပါ… ငါ့ကို လိုက်ဖမ်းစမ်းပါ ”
ထိုသို့အော်ပြောလိုက်ပြီးနောက် မည်သည့်တုံ့ပြန်သံမှ ပြန်မကြားရသောအခါ ပုံရိပ်က ပိုပြီးဘဝင်မြင့်သွားသည်။ ထို့နောက် ၎င်းက နေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ၎င်း၏ အမူအရာက ပြောင်းလဲသွားသည်။ ၎င်းက အဝေးသို့ လှမ်းကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဟမ်… သားတစ်ယောက် ရောက်လာပြီလား ”