နတ်သမီးပုံပြင်
Vol. 105 Ch. 1611
လေက အဝေးမှ တဟူးဟူး တိုက်ခတ်လာသည်။ ထိုအခါ အင်မော်တယ်စွမ်းအင်မှ ဖွဲ့စည်းသွားသော မြူခိုးက ပရမ်းပတာ လှုပ်ခတ်သွားသည်။ လေက အင်မော်တယ်နန်းတော်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်နေသည်။
နောက်ပိုင်းတွင် လေက အင်မော်တယ်နန်းတော်ထဲမှ ဧည့်လက်ခံနယ်မြေလွတ်ထဲမှာ စုဝေးသွားသည်။
လေက ဤနေရာမှာ စုဝေးနေကြသော ကျင့်ကြံသူများ၏ ဘေးပတ်ပတ်လည်၌ ရွေ့လျားသွားသည်။
ဤနေရာတွင် အနက်ရောင်ကျောက်ပြားဖြင့် ပြုလုပ်ထားသော ဧရာမစင်မြင့်တစ်ခု ရှိသည်။ ရေညှိများက ကျောက်ပြား၏ မျက်နှာပြင်ပေါ်မှာ ရှင်သန်ပေါက်ရောက်နေကြပြီး ရှေးဟောင်းအရှိန်အဝါနှင့် အချိန်ကုန်ဆုံးမှုကို ဖော်ပြနေကြသည်။ တစ်စုံတစ်ယောက်က ယင်းပေါ်မှာ ရပ်လိုက်ရုံဖြင့် အချိန်စီးဆင်းမှုကို ကိုယ်တိုင် ခံစားနိုင်လိမ့်မည်။
စင်မြင့်၏ အလယ်၌ အထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိသည်။ ကျောက်တိုင်ပေါ်တွင် လမ်းကြောင်းသုံးခုနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖော်ပြထားသည်။ သို့သော်လည်း စာလုံးများက ဝေဝါးနေသည်။ ဤသည်မှာ ကျောက်တိုင်က ဤနေရာမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အထီးကျန်စွာ တည်ရှိနေခဲ့သည့်အလားပင်။
ဤအခိုက်အတန့်မှာ အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်တွင် ပုံရိပ်ဒါဇင်ခန့်က မတ်တတ်ရပ်နေကြသည်။
အပြင်ဘက်မှ ဝင်ရောက်လာကြသော ကျင့်ကြံသူအားလုံးသည် ဤနေရာမှာ ပထမဆုံး ထွက်ပေါ်လာကြလိမ့်မည်။
ဤနေရာတွင် သူတို့က ရှေ့ဆက်ရမည့် လမ်းကြောင်းကို ရွေးချယ်ရလိမ့်မည်။
ရွှီချင်း၊ လီမုန့်တုနှင့် မြေဝိညာဉ်ဘိုးဘေးက ထွက်ပေါ်လာသည့်အခါ ကျင့်ကြံသူတချို့က ဘယ်ဘက် လမ်းကြောင်းဆီသို့ ဦးတည်သွားနေကြသည်။
သူတို့က လမ်းကြောင်းဆီသို့ ချဉ်းကပ်သွားသည်နှင့် ပျံသန်းနိုင်သော စွမ်းရည်ကို ဆုံးရှုံးသွားကြဟန် ရ၏။ သို့ဖြစ်၍ တစ်ယောက်ပြီးတစ်ယောက်က မြေပြင်ပေါ်သို့ ဆင်းသက်သွားကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခုခွာ၍ သတိကြီးကြီးစွာ အရှေ့သို့ ရွေ့လျားနေကြသည်။
သူတို့ဦးတည်သွားနေသော ဧရိယာတွင် ပါးလွှာသော မြူခိုးထုရှိသည်။ ထို့ပြင် သူတို့က တခြားလေဟာနယ်ထဲသို့ ဝင်ရောက်သွားသည့်အလား ထိုဧရိယာက အင်မော်တယ်ကြိုဆိုစင်မြင့်ထက် အများကြီး ပိုမည်းမှောင်သည်။
တစ်ချိန်တည်းမှာ မိုးစက်များက တဖွဲဖွဲ ရွာကျနေပြီး အရာအားလုံးကို တိတ်တဆိတ် ရွှဲစိုစေသည်။
မြေကြီးက ရွှံ့မြေဖြစ်လာသည်။
ဤမတိုင်ခင် လူအများအပြားက ထိုလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသည့်အလား ခြေရာအများအပြားက ရွှံ့မြေပေါ်မှာ ထွက်ပေါ်နေကြသည်။
ဤလမ်းကြောင်းက မည်းမှောင်ပြီး တိတ်ဆိတ်သည်။
မိုးစက်များသာလျှင် တဖွဲဖွဲ ကျဆင်းနေပြီး ကျင့်ကြံသူအားလုံးကို ဖုံးလွှမ်းထားသည်။ ထိုလမ်းကြောင်းပေါ်မှ ကျင့်ကြံသူများသည် တဖြည်းဖြည်း ဝေးသထက် အဝေးသို့ လျှောက်သွားကြသည်။
ရွှီချင်းသည် ချက်ချင်း မရွေ့လျားပေ။ ယင်းအစား သူက အကြည့်ပြန်ရုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ တခြားဦးတည်ရာများကို ကြည့်လိုက်သည်။
ပထမဆုံး ရွှီချင်းက ကျောက်တုံးစင်မြင့်ကို စစ်ဆေးကြည့်လိုက်သည်။ ယင်းက ပုံရိပ်ယောင်မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေကြောင်း သူရှာတွေ့သွားသည်။
မြူခိုးသည်လည်း အစစ်အမှန်ဖြစ်သည်။ မြူခိုးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည့်အခါ ယင်းကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။ ယင်းက သူ၏ ဝတ်စုံကို ထိတွေ့သွားသည့်အခါ သေးငယ်သော ရေစက်များအဖြစ် ဖွဲ့စည်းသွားသည်။
အင်မော်တယ်စွမ်းအင်သည်လည်း စစ်မှန်သည်။
ဤနေရာတွင် သူ၏ ကျင့်ကြံခြင်းအခြေခံက အပြင်လောကထက် ပိုမိုမြန်ဆန်စွာ မြင့်တတ်လာကြောင်း ရွှီချင်း အာရုံခံနိုင်သည်။
ထို့ပြင် တိုးညင်းသော ဂီတသံများက သူ့ဆီသို့ လွင့်မျောလာနေသည်။
ထိုဂီတသံသည် အစောနက အပြင်ဘက်မှ သူမြင်တွေ့ခဲ့သော တာအိုဆွေးနွေးပွဲနေရာထံမှ လွင့်မျောလာဟန် ရ၏။
ရွှီချင်းက ခေါင်းမော့လိုက်သည်။
သူက အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်မှာသာ ရှိသေးပြီး အင်မော်တယ်နန်းတော်က အလွန်ကျယ်ပြောလေရာ သူ၏ အကြည့်က အဝေးကြီးသို့ မရောက်နိုင်ပေ။ သူမြင်နိုင်သည်မှာ သူ့အရှေ့မှ ဟင်းလင်းပြင်ကို ဖုံးလွှမ်းထားသော မြူခိုးထုသာ ဖြစ်သည်။
မြူခိုးက အလွန်ထူထဲလေရာ အထဲမှ အရာအားလုံးကို ဖုံးကွယ်ထားသည်။
ထိုဝေးဝါးမှုကြားထဲတွင် တံတားတစ်စင်းရှိဟန် ရ၏။
တံတားပေါ်တွင် မသဲကွဲသော ပုံရိပ်တစ်ခုက အလွန်သိပ်သည်းသော မြူခိုးထဲသို့ ဖြတ်လျှောက်သွားနေသည်။
“ အဲ့ဒါ ကြယ်တာရာစက်ဝန်းပဲ… စောစောက သူထွက်ပေါ်လာတုန်းက အဲ့ဒီတံတားဆီ ဦးတည်သွားနေတာ ငါမြင်လိုက်တယ် ”
လီမုန့်တုက လေးနက်စွာ ပြောသည်။
ဤအခိုက်အတန့်မှာ သူတို့မှလွဲ၍ အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်တွင် တခြားမည်သူမှ မရှိတော့ပေ။ တခြားဝင်ရောက်သူအားလုံးက သူတို့ရွေးချယ်ထားသော လမ်းကြောင်းမှတဆင့် အင်မော်တယ်နန်းတော်ထဲသို့ ဦးတည်သွားနေကြသည်။
“ အကိုရွှီက ဘယ်လမ်းကြောင်းကို ရွေးချယ်မှာလဲ… တကယ်လို့ မင်းက လမ်းကြောင်းငယ်ကို ရွေးချယ်မယ်ဆိုရင် ငါတို့အတူတူ ခရီးဆက်နိုင်လိမ့်မယ် ”
လီမုန့်တု၏ စကားဆုံးသွားသည့်အခါ မြေဝိညာဉ်ဘိုးဘေးက ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး မြူခိုးတံတားပေါ်တွင် ဝေးသထက် အဝေးသို့ လျှောက်သွားနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ လမ်းကြောင်းသုံးခုနှင့်ပတ်သက်ပြီး မြေဝိညာဉ်ဘိုးဘေးပြောခဲ့သော စကားများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ခဏကြာပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
“ အဲ့ဒီတံတားကို ငါဖြတ်လျှောက်ချင်တယ် ”
မြေဝိညာဉ်ဘိုးဘေးက ထိတ်လန့်သွားသည်။
လီမုန့်တုက အများကြီး မအံ့ဩပေ။ သူက ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။ သူက လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီးနောက် ဘယ်ဘက်မှ လမ်းကြောင်းငယ်ဆီသို့ လျှောက်သွားသည်။
သူက စိတ်ထဲမှာ နူးညံ့စွာ သက်ပြင်းချလိုက်သည်။
သူက ရွှီချင်းကြောင့် သက်ပြင်းချလိုက်ခြင်းမဟုတ်ပေ။ သူ့ကိုယ်သူကြောင့် ဖြစ်သည်။
ကြယ်တစ်ပွင့်အနေဖြင့် သူက ပိုပြီးမြင့်မားသော နေရာဆီသို့ တတ်လှမ်းချင်သည်။ သို့သော်လည်း အာဏာစက်ကို သူအမွေရရှိထားသည့်တိုင် ထိုတံတားကို ဖြတ်လျှောက်သည့်အခါ အသက်ရှင်နိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိပေ။
“ ရှေးခေတ်ကာလကတည်းက အဲ့ဒီတံတားကို ဖြတ်လျှောက်ဝံ့တဲ့ လူတွေက အရမ်းရှားပါတယ်… ပြီးတော့ အသက်ရှင်ခဲ့တဲ့ လူတွေအားလုံးက အာဏာစက်ကို အမွေအနှစ်အားမကိုးဘဲ ကိုယ့်ဘာသာ ဆင်ခြင်နားလည်ခဲ့တဲ့ လူတွေချည်းပဲ ”
လီမုန့်တုက တဖြည်းဖြည်း အဝေးသို့ လျှောက်သွားသည်။
မြေဝိညာဉ်ဘိုးဘေးက တစ်စုံတစ်ခုပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ နောက်ဆုံးမှာတော့ သူက အရိုအသေပေးလိုက်ပြီး လမ်းကြောင်းငယ်ဆီသို့ လျှောက်သွားသည်။
မကြာမီ သူတို့နှစ်ယောက်က ပျောက်ကွယ်သွားကြသည်။
ယခု ရွှီချင်းတစ်ယောက်တည်းသာ အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်တွင် ကျန်နေတော့သည်။
သို့သော်လည်း သူက အရှေ့သို့ လျှောက်သွားမည့်အစား ညာဘက်သို့ ခေါင်းလှည့်လိုက်သည်။ သူ၏ အကြည့်က ညာဘက် လမ်းကြောင်းပေါ်သို့ ကျရောက်သွားသည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
သူ၏ ညာဘက်တွင် မြူခိုးက အလွန်ထူထဲပြီး အထွတ်အထိပ်အဆင့်ထိ ရောက်ရှိနေသည်။ သူ၏ အကြည့်က အထဲသို့ မထိုးဖောက်နိုင်ပေ။ သို့ဖြစ်၍ ညာဘက် လမ်းကြောင်းထဲတွင် မည်သည့်အရာရှိကြောင်း သူမမြင်နိုင်ပေ။
သူမြင်နိုင်သည်မှာ မြူခိုးက တအိအိလှုပ်ခတ်နေပြီး ရေစီးသံက အထဲမှ ထွက်ပေါ်နေသည်။
ညာဘက် လမ်းကြောင်းတွင် အနက်ရောင်မြစ်တစ်စင်း ရှိသည်။ ထိုလမ်းကြောင်းကို ရွေးချယ်သည့် မည်သူမဆို သေချာပေါက် သေဆုံးလိမ့်မည်ဟု ပြောကြသည်။
အင်မော်တယ်ကြိုဆိုစင်မြင့်၏ အထိမ်းအမှတ်ကျောက်ပြားပေါ်မှ စာလုံးများက အချိန်၏ တိုက်စားမှုကြောင့် ပျက်ပြယ်သွားခဲ့သော်လည်း ယင်းပေါ်မှာ မှတ်သားထားသော သတင်းအချက်အလက်များက မပျောက်ကွယ်သွားခဲ့ပေ။ ရှေးလူများက ယင်းကို နောက်ပိုင်းမျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ယင်းတို့က မိုးသောက်အင်မော်တယ်နန်းတော်နှင့်ပတ်သက်သော အရေးကြီးအချက်အလက်များ ဖြစ်ကြသည်။
ထို့ကြောင့် မြေဝိညာဉ်ဘိုးဘေးက အင်မော်တယ်နန်းတော်အကြောင်းကို ကောင်းမွန်စွာ သိထားခြင်း ဖြစ်သည်။
“ အဲ့ဒီမှာ အာဏာစက်ရဲ့ ဆွဲငင်အားကို ငါခံစားမိတယ်… ”
အစောနက အင်မော်တယ်ကြိုဆိုစင်မြင့်ပေါ်သို့ သူတတ်လိုက်သည်နှင့်ချက်ချင်း သူ့အချိန်လေဟာနယ်အာဏာစက်က ညာဘက် လမ်းကြောင်းကို တုံ့ပြန်နေကြောင်း ရွှီချင်း ခံစားမိခဲ့သည်။
ယင်းက ဆင့်ခေါ်ခြင်းနှင့် ဆင်တူသည်။
ထိုသို့ပဲ့တင်ထပ်မှု၊ ဆွဲငင်မှုနှင့် ဆင့်ခေါ်မှုက ရွှီချင်း၏ နှလုံးသားထဲမှာ အတူတကွ စုဝေးသွားသည့်အခါ ယင်းက သဘာဝအလျောက် ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်။ ညာဘက် လမ်းကြောင်းရှိ မြူခိုးထဲမှ အနက်ရောင်မြစ်ထဲမှာ သူ့ကိုယ်ပိုင်တာအိုနှင့် ဇစ်မြစ်တူညီသော တာအိုတစ်ခု တည်ရှိနေသည်ဟု အလိုအလျောက် သူခံစားမိလာသည်။
“ ဒီအင်မော်တယ်ကျဆုံးလွင်ပြင်ကို ပထမဆုံး ငါမြင်လိုက်ရတဲ့အချိန်မှာ အဲ့ဒါက အချိန်လေဟာနယ်ထဲမှာ တည်ရှိနေတာမဟုတ်ဘူးလို့ ခံစားမိခဲ့တယ် ”
“ ပြီးတော့ အင်မော်တယ်ကျဆုံးလွင်ပြင်ကို ဖွင့်လှစ်လိုက်တဲ့အချိန်မှာ အဲ့ဒီခံစားချက်က ပိုပြီးအားကောင်းလာတယ် ”
“ ဒီနေရာမှာ… ငါ့ရဲ့ အာဏာစက်နဲ့ တူညီတဲ့ အချိန်လေဟာနယ်အာဏာစက် ရှိတယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုသို့အခြေအနေမျိုးကို သူမရင်းနှီးသော နေရာတွင် တွေ့ကြုံရခြင်းက ထုံးစံအားဖြင့် အလွန်အန္တရာယ်များသည်။ အဘယ့်ကြောင့်ဆိုသော် တူညီသော အာဏာစက်နှစ်ခုက အတူယှဉ်တွဲတည်ရှိရန် အလွန်ခက်ခဲသည်။
များသောအားဖြင့် ပိုပြီးအားကောင်းသော အာဏာစက်က တခြားအာဏာစက်ကို ဝါးမျိုပစ်လိမ့်မည်။
သို့သော်လည်း မိုးသောက်အင်မော်တယ်အရှင်သခင်က သေဆုံးပြီးပြီဖြစ်လေရာ အခြေအနေက မတူညီပေ။
“ ဒါပေမဲ့ သူ့ရဲ့ အာဏာစက်က မိုးသောက်ဆိုတာ သေချာပါတယ်… ဖြစ်နိုင်တာက အချိန်လေဟာနယ်အာဏာစက်ရဲ့ ပိုပြီးနက်ရှိုင်းတဲ့ အဆင့်က မိုးသောက်များလား… ဒါမှမဟုတ် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့ရဲ့ တာအိုကို ပြောင်းလဲပစ်ခဲ့တာလား ”
ရွှီချင်းက တစ်ခဏကြာ တွေးတောစဉ်းစားလိုက်သည်။ သူအာရုံခံမိသော အချိန်လေဟာနယ်အာဏာစက်မှာ ဇစ်မြစ်မရှိပေ။ သို့ဖြစ်၍ သူ၏ အမြင်တွင် မိုးသောက်အင်မော်တယ်အရှင်သခင်က သူ့တာအိုအား ပြောင်းလဲပစ်ခဲ့ခြင်းက ပိုပြီးဖြစ်နိုင်ခြေများသည်။
အချိန်တစ်ခဏကြာ ဆင်ခြင်သုံးသပ်ပြီးနောက် စိတ်ဓာတ်ပြတ်သားသော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ သူက သူ့ကိုယ်ပိုင် အချိန်လေဟာနယ်အာဏာစက်ကို ပိုပြီးအဆင့်မြှင့်ချင်သည်ဆိုလျှင် ယင်း၏ အနှစ်သာရကို ဆင်ခြင်နားလည်ရလိမ့်မည်။ ထိုအတွက် သူက ကိုယ်တိုင်ဆင်ခြင်နားလည်နိုင်သလို သူ့ထက်အရင် ဤလမ်းကြောင်းကို လျှောက်ခဲ့ဖူးသော တခြားလူများထံမှ အကြွင်းအကျန်များကိုလည်း မှီငြမ်းအသုံးပြုနိုင်သည်။
နည်းလမ်းနှစ်ခုစလုံးက ကောင်းမွန်သော်လည်း ထုံးစံအားဖြင့် ဒုတိယနည်းလမ်းက အချိန်ပိုမြန်ဆန်သည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ရွှီချင်းက ညာဘက်မှ မြူခိုးထုထဲသို့ ခြေချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက ပျောက်ကွယ်သွားသည်။
မြူခိုးသည်သာ ဆက်လက် ရွေ့လျားနေသည်။
မြူခိုးက ရွှီချင်း၏ အရှေ့မှ အရာရာဖြစ်လာသည်။
ယင်းက သူ့ခန္ဓာကိုယ်၏ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်လိုက်ပြီး သူ့ကျင့်ကြံခြင်းအခြေခံ၏ စိတ်အာရုံကို တားဆီးပိတ်ဆို့လိုက်သည်။ အမှန်မှာ ရွှီချင်းက အရှေ့သို့ ဆက်လျှောက်သွားသည်နှင့် ရေစီးသံသည်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အရာအားလုံးက အမှောင်ထု ဖြစ်လာသည်။ သူက မြူခိုးထဲမှာ ရှိနေခြင်းလော သို့မဟုတ် မြစ်ထဲမှာ လမ်းလျှောက်နေခြင်းလောပင် မပြောနိုင်ပေ။
အရာအားလုံးက မည်းမှောင်နေသည်။
အန္တရာယ်ခံစားမှုသည်လည်း မရှိပေ။
သို့သော်လည်း ထိုအမှောင်ထုထဲမှာ အစမရှိသလို အဆုံးမရှိပေ။
အချိန်က ဤနေရာမှာ အဓိပ္ပာယ်ကင်းမဲ့သွားဟန် ရ၏။ အမည်မသိ အချိန်ကာလတစ်ခုကြာအောင် သတိထားပြီးနောက် ရွှီချင်းက နောက်ဆုံးမှာတော့ အဆုံးသတ်ဆီသို့ ရောက်ရှိသွားသည်။
သို့တိုင် ဤနေရာက မည်းမှောင်နေဆဲပင်။
ဤနေရာကို အဆုံးသတ်ဟု သူပြောနိုင်ရသည့် အကြောင်းအရင်းမှာ အမှောင်ထုထဲမှ သဏ္ဍာန်မဲ့အတားအဆီးကြောင့် ဖြစ်သည်။
ယင်းက သူ့ကို အရှေ့ဆက်မသွားနိုင်ရန် တားဆီးထားသည်။
မန္တန်များက ယင်းကို မထိုးဖောက်နိုင်ပေ။
တာအိုအတတ်ပညာများသည်လည်း အချည်းနှီးသာ ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာကိုယ်သည်လည်း ခွန်အားကင်းမဲ့နေသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက သဏ္ဍာန်မဲ့အတားအဆီး၏ အရှေ့မှာ မတ်တတ်ရပ်နေလျက် ယင်းကို ချိုးဖြတ်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်နေသည်။ သို့သော်လည်း ယင်းတို့က အသုံးမဝင်ပေ။ တစ်ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက မျက်လုံးမှိတ်ထားလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အဌမမြောက် အန္တိမတာအိုက ပေါ်လျှိုးလာပြီး သူက အချိန်လေဟာနယ်အခြေအနေထဲသို့ ဝင်ရောက်သွားသည်။
သူ၏ စိတ်နှင့် ဝိညာဉ်က ဈာန်ရသွားသည်။
ဤသည်မှာ ရွှီချင်းက အမှောင်ထုထဲမှ လွတ်မြောက်သွားသည့်အလား သို့မဟုတ် ပန်းချီကားထဲမှ ခုန်ထွက်သွားသည့်အလား လောကကို ပိုပြီးကောင်းမွန်သော ရှုထောင့်မှတဆင့် မြင်နိုင်သွားသည်။ အချိန်လေဟာနယ်အခြေအနေထဲ၌ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
ထိုအခါ သူက အံ့ဖွယ်ကောင်းသော အရာကို ရှာတွေ့သွားသည်။
အမှန်တကယ်တော့…
ဤနေရာက အနက်ရောင်အစက်တစ်ခုမျှသာ ဖြစ်၏။
သို့သော်လည်း ထိုအစက်က အလွန်ကျယ်ပြောသည်။
ထို့ပြင် အစက်က တစ်ခုထက် ပိုရှိသည်။
မရေမတွက်နိုင်သော အနက်ရောင်အစက်များက ဤနေရာမှာ တည်ရှိနေကြပြီး မျဉ်းကြောင်းတစ်ခုသဖွယ် အတူတကွ စီတန်းနေကြသည်။
သဏ္ဍာန်မဲ့ ဆွဲအားတစ်ခုက ရွှီချင်းကို လွှမ်းခြုံသွားသည့်အခါ ဤလေဟာနယ်ထဲတွင် သူ၏ လှုပ်ရှားမှုများက ကန့်သတ်ခံလိုက်ရသည်။ သူက အရှေ့သို့ မတိုးနိုင်သလို အနောက်သို့လည်း မဆုတ်နိုင်ပေ။ အမှန်မှာ ဘေးတိုက် ရွေ့လျားရန်လည်း သူမလုပ်နိုင်ပေ။
ရွှီချင်း၏ စိတ်အာရုံထဲတွင် အနက်ရောင်အစက်များဖြင့် ဖွဲ့စည်းထားသော ဤမျဉ်းကြောင်းက အမြင့်နိယာမကို လိုအပ်နေကြောင်း သူရှာတွေ့သွားသည်။
ထိုအစက်များ၏ သဏ္ဍာန်မဲ့သော အခြေအနေက အားလုံးတူညီကြသည်။
ထိုမျဉ်းကြောင်း၏ ဘေးဘက်တွင် မည်သည့်ဟင်းလင်းပြင်နိယာမမှ မရှိဟန် ရ၏။ ဤသည်မှာ အထွတ်အမြတ် နိယာမကသာ ထိုမျဉ်းကြောင်းကို တည်ရှိစေရန် ခွင့်ပြုပေးထားသည့်အလားပင်။
ဘေးဘက်သို့ ကြည့်ရန် ကြိုးစားခြင်းက မြင်ကွင်းကို ပုံပျက်တွန့်လိမ်စေသည်။ ယင်းက သူ့အပေါ်ကိုပင် သက်ရောက်မှုရှိသည်။
ရွှီချင်းမှာ အချိန်လေဟာနယ်အာဏာစက်ရှိပြီး သူက မရေမတွက်နိုင်သော အချိန်လေဟာနယ်အပိုင်းအစများကို မြင်နိုင်စွမ်းရှိသော်လည်း အချိန်ကြာမြင့်စွာ စူးစမ်းလေ့လာခြင်းက သူ့အား စိတ်မသက်မသာဖြစ်စေသည်။
အရှေ့နှင့် အနောက်သို့ သူအာရုံခံလိုက်သည့်အခါမှသာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
ယင်းက အလွန်ထူးခြားသည်။ အခြေခံအားဖြင့်ဆိုရသော် ယင်းက ရိုးရှင်းသော လောက ဖြစ်သည်။
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်း၏ အတွေးများက ပြန်ရောက်လာသည်။ သူက အနက်ရောင်အစက်ထဲမှာ ရပ်နေလျက် မျက်လုံးပြန်ဖွင့်လိုက်သည်။
“ အချိန်လေဟာနယ်အာဏာစက်ကြောင့် ငါ့ရဲ့ အတွေးတွေက ဒီအနက်ရောင်အစက်ကနေ ထွက်သွားနိုင်ပေမဲ့ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ကတော့ အဲ့ဒီလို မလုပ်နိုင်ဘူး ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
အချိန်လေဟာနယ်အခြေအနေထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ ရုပ်ခန္ဓာကိုယ်က သူ၏ အကြီးမားဆုံး အားနည်းချက်ဖြစ်လာသည်။
ယင်းနှင့်ပတ်သက်ပြီး သူက နည်းလမ်းတချို့ကို စဉ်းစားထားသည်။
ဥပမာ တိုက်ပွဲငယ်အတွင်းမှာ သူက ရုပ်ခန္ဓာကိုယ်ကို အချိန်လေဟာနယ်အာဏာစက်ဖြင့် အတင်းအဓမ္မ ဖုံးကွယ်စေမည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူ၏ ရုပ်ခန္ဓာကိုယ်က ညှိုးနွမ်းခြောက်သွေ့သွားလိမ့်မည်ဖြစ်သော်လည်း တိုက်ပွဲကို အမြန်ဆုံး သူအဆုံးသတ်နိုင်သရွေ့ ဘေးထွက်ဆိုးကျိုးက ကိစ္စမရှိပေ။
သို့သော်လည်း ဤနေရာကို စူးစမ်းလေ့လာခြင်းက တိုက်ပွဲငယ်တစ်ခုထက် ပိုပြီးအချိန်ကြာမြင့်နိုင်ကြောင်း ထင်ရှားသည်။
သို့ဖြစ်၍ သေချာဂရုတစိုက် စဉ်းစားပြီးနောက် ရွှီချင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို ကောင်းကင်ဘုံသူတော်စင်စေတီထဲမှာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။
ဤနည်းလမ်းမှာလည်း ဆိုးကျိုးများ ရှိသည်။ ဘေးကင်းလုံခြုံမှုက တစ်ခဏသာဖြစ်ပြီး အမြဲတမ်း မဟုတ်ပေ။
သူအသုံးပြုနိုင်သော အချိန်က အလွန်ကြာညောင်း၍ မရပေ။
သို့မဟုတ်လျှင် ရုပ်ခန္ဓာကိုယ်က ညှိုးနွမ်းခြောက်သွေ့သွားလိမ့်မည်။
ပြင်ဆင်မှုအားလုံးကို ဆောင်ရွက်ပြီးနောက် ရွှီချင်း၏ စိတ်က အချိန်လေဟာနယ်အာဏာစက်နှင့်အတူ ဤနေရာ၏ အချုပ်အနှောင်များထံမှ ကင်းလွတ်သွားသည်။ သူက သဏ္ဍာန်မဲ့ အတားအဆီးဆီသို့ လွင့်မျောသွားသည်။
သူက အတားအဆီးကို ချက်ချင်း ဖောက်ထွင်းသွားသည်။
ထို့နောက် သူက ထူးဆန်းသော ဤလောကထဲမှာ ပြန်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ဆွဲအားက နောက်တဖန် ထွက်ပေါ်လာပြီး သူ့အား အရှေ့သို့ ဆွဲခေါ်သွားသည်။
ရွှီချင်းက ခုခံခြင်းမပြုဘဲ ဆွဲအား၏ ခေါ်ဆောင်ရာနောက်သို့ လွင့်မျောသွားသည်။
သူက ဤနေရာ၏ အဆုံးသတ်ကို မြင်တွေ့ချင်သည်။
ဤနေရာတွင် အချိန်က အဓိပ္ပာယ်မဲ့သွားဟန် ရ၏။ အမှန်မှာ ပိုပြီးအတိအကျပြောရလျှင် အချိန်က မတည်ရှိပေ။
လေဟာနယ်ကိုယ်၌က အတိတ်ကာလ၏ ပစ္စည်းတစ်ခု ဖြစ်သည်။ ဤနေရာတွင် အရှေ့သို့ ဆက်သွားရန် လမ်းကြောင်းတစ်ခုသာ ရှိသည်။
ကံကောင်းစွာဖြင့် ဤနယ်မြေထဲ၌ သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့ကဲ့သို့ တူညီသော အခြေအနေဖြင့် တည်ရှိမှုများကိုလည်း ရွှီချင်း မြင်တွေ့သွားသည်။
လမ်းတစ်လျှောက်မှာ သူက သူ့ကဲ့သို့ အခြေအနေဖြင့် တူညီသော ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့သည်။ ၎င်းက ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ၎င်းက မုတ်ဆိတ်ဖြူနှင့် ခြေလက်များရှိသော ဆေးပုလင်းတစ်လုံး ဖြစ်သည်။
၎င်းက အတော်လေး ထူးခြားပြီး ရယ်စရာကောင်းသည်။
၎င်းက မျဉ်းကြောင်းပေါ်မှာ ရပ်နေရင်း ရံဖန်ရံခါ ဆေးလုံးတချို့ကို ထုတ်လွှတ်လိုက်သည်။ ထိုဆေးလုံးများက မျဉ်းကြောင်းသဖွယ် စီးတန်းနေကြသော အနက်ရောင်အစက်များပေါ်သို့ ကျဆင်းသွားသည့်အခါ ယင်းတို့က ပိုပြီးနက်မှောင်သွားကြသည်။
ရွှီချင်းရောက်လာသည်ကို သတိထားမိသောအခါ ဆေးပုလင်းက ညင်သာစွာ ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ နတ်သမီးပုံပြင်ကနေ ကြိုဆိုပါတယ် ”
ထိုသို့ပြောပြီးနောက် ၎င်းက အရှေ့သို့ ညွှန်ပြလိုက်ပြီး နှုတ်ဆိတ်သွားသည်။
ရွှီချင်းက ထူးဆန်းသော ဆေးပုလင်းကို အချိန်တစ်ခဏကြာ စိုက်ကြည့်ပြီးနောက် အရှေ့သို့ ဆက်သွားသည်။ မကြာမီ သူက နောက်ထပ် ထူးခြားသော ပုံရိပ်တစ်ခုကို မြင်တွေ့သွားသည်။
၎င်းက ရေဘဝဲတစ်ကောင်ဖြစ်သည်။ ၎င်း၏ လက်တံရှစ်ခုမှာ မတူညီသော မျက်နှာတစ်ခုစီ ရှိကြသည်။ ထိုမျက်နှာအားလုံးက ကျိန်ဆဲပြီး အော်ဟစ်နေကြသည်။
ရွှီချင်းကို မြင်တွေ့သွားသောအခါ ထိုမျက်နှာများက ထူးဆန်းသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ တဖြည်းဖြည်း ၎င်းတို့က အော်ငိုလိုက်ကြသည်။
ရွှီချင်းက နှုတ်ဆိတ်သွားပြီး အော်ငိုနေသော ရေဘဝဲကို ကြည့်လိုက်သည်။ ၎င်းကို သူနားမလည်ပေ။ သို့ဖြစ်၍ သူက အရှေ့သို့ ခရီးဆက်သွားသည်။
သိပ်မကြာမီ သူက ခြင်္သေ့ဦးခေါင်းရှိသော လက်ချောင်းကို မြင်တွေ့သွားသည်။
၎င်းက သူ့ကို အော်ပြောသည်။
“ ပြေး… ပြေး… ”
ထို့ပြင် ငါးတစ်ကောင်နှင့်ဆင်တူသော မြူခိုးလည်း ရှိသည်။ ၎င်းက ရှေ့တိုးနောက်ဆုတ် ကူးခတ်နေသည်။ ရွှီချင်းကို မြင်တွေ့သွားသောအခါ ၎င်းက တုန်ယင်သွားပြီး ကြောက်လန့်သွားသည်။ ၎င်းက အလွန်ကြောက်သွားလေရာ မရွေ့လျားနိုင်တော့ပေ။
လမ်းတစ်လျှောက်တွင် ရွှီချင်းက ထူးဆန်းသော သက်ရှိဆယ်ကောင်ဖြင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် ၎င်းတို့က သူ့ကို မြင်သွားသည့်အခါ မတူညီသော အမူအရာများကို ဖော်ထုတ်ပြကြသည်။
နောက်ဆုံးမှာတော့ သူက ဆယ့်တစ်ယောက်မြောက် သက်ရှိကို မြင်တွေ့သွားသည်။
၎င်းက ကြိုးကြာပေါ်တွင် မှီထားသော အဖွားအိုတစ်ယောက် ဖြစ်သည်။ အဖွားအိုက ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းက အလွန်ကြီးမားသည်။ သူ၏ ခြေလက်များနှင့် ခန္ဓာကိုယ်သည်တော့ ဦးခေါင်းနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ အလွန်သေးငယ်သည်။ သူ၏ မျက်နှာက ရက်စက်ကြမ်းကြုတ်သည်။ ရံဖန်ရံခါ သူက အနက်ရောင်အစက်ကို ဖမ်းဆုပ်လိုက်ပြီး ဝါးမျိုလိုက်သည်။
ရွှီချင်းကို မြင်သောအခါ အဖွားအိုက ပြုံးလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ သေတာ ကောင်းတယ်… သေတာ ကောင်းတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားပြီး ဆက်လက် ရွေ့လျားသွားသည်။
သူက အချိန်အတော်ကြာအောင် ထူးဆန်းသော နောက်ထပ် မည်သည့်သက်ရှိကိုမှ မတွေ့ဆုံခဲ့ပေ။
နောက်ဆုံးမှာတော့ သူက ကြေးမုံတစ်ချပ်ကို မြင်တွေ့သွားသည်။
ယင်းက မျဉ်းကြောင်း၏ အဆုံးမှာ ရှိသည်။
မရေမတွက်နိုင်သော အနက်ရောင်အစက်များက အရှေ့သို့ စီတန်းနေကြပြီး ကြေးမုံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ရွှီချင်းက ကြေးမုံကို ကြည့်လိုက်ပြီး တွေးတောစဉ်းစားလိုက်သည်။
“ ဒီပထမအလွှာကို မရေမတွက်နိုင်တဲ့ အနက်ရောင်အစက်တွေနဲ့ ဖွဲ့စည်းထားတယ်… အဲ့ဒီအစက်တွေက မျဉ်းကြောင်းတစ်ခုလို စီတန်းနေကြပြီး အဲ့ဒီထဲမှာ အရှေ့နဲ့အနောက် ဦးတည်ရာပဲ ရှိတယ်… မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ အချိန်လေဟာနယ်အာဏာစက်နဲ့ပတ်သတ်ပြီး တစ်စုံတစ်ခုကို ငါဆင်ခြင်နားလည်ရလိမ့်မယ် ထင်တယ် ”
“ ထူးဆန်းတဲ့ သက်ရှိဆယ့်တစ်ကောင်ကတော့… ”
မိုးသောက်အင်မော်တယ်အရှင်သခင်၏ သရုပ်အဆင့်အတန်းဖြင့် ချင့်ချိန်စဉ်းစားမည်ဆိုလျှင် ရွှီချင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ လက်ရှိ အင်မော်တယ်အရှင်သခင်ဆယ့်တစ်ပါးမှလွဲ၍ တခြားအရာကို မစဉ်းစားမိပေ။
“ သူတို့က မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ သေဆုံးမှုအတွေးတွေကနေ ဖြစ်ပေါ်လာကြတာ ဖြစ်နိုင်တယ် ”
“ ဘာလို့ သူတို့က ထူးဆန်းနေတာလဲဆိုတော့… ”
ရွှီချင်းက အကြောင်းအရင်းကို နားမလည်ပေ။ သို့သော်လည်း အတိတ်မှာ မိုးသောက်အင်မော်တယ်အရှင်သခင်က အင်မော်တယ်ဘုရင်၏ အသတ်ခံခဲ့ရကြောင်း သူပြန်အမှတ်ရသွားသည်။
“ အဲ့ဒါက အင်မော်တယ်ဘုရင်ရဲ့ အာဏာစက်နဲ့ တစ်ခုခုပတ်သက်နေတာ ဖြစ်နိုင်မလား ”
“ ဒါဆိုရင် အင်မော်တယ်ဘုရင်ရဲ့ အာဏာစက်က ဘာလဲ… ”
ရွှီချင်းက ပထမဆုံး ထူးဆန်းသော သက်ရှိဖြင့် တွေ့ဆုံခဲ့စဉ်က တစ်ဖက်လူ ပြောကြားခဲ့သော စကားကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။
“ နတ်သမီးပုံပြင်လား ”