အဲ့ဒါ သူပဲ…
Vol. 105 Ch. 1612
“ နတ်သမီးပုံပြင်ကနေ ကြိုဆိုပါတယ် ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး ဤလောကကို အာရုံခံလိုက်သည်။
အင်မော်တယ်ဘုရင်၏ အာဏာစက်က မည်သို့ဖြစ်ကြောင်း သူမသိပေ။ အစောနက သူ၏ သုံးသပ်မှုက သူမြင်ခဲ့သမျှ ကြားခဲ့သမျှပေါ်မှာသာ အခြေခံသည်။
အမှန်တရားသည်တော့…
“ အင်မော်တယ်မြို့တော်ကို ငါဝင်ရောက်တဲ့အခါကျရင် အဲ့ဒါကို ရှာဖွေဖို့ အခွင့်အရေး ရှာတွေ့လောက်တယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူ၏ စိတ်ထဲ၌ မေးခွန်းမျိုးစုံကို မြှုပ်နှံလိုက်ပြီးနောက် သူ၏ စိတ်အာရုံက သူ့အရှေ့မှ ကြေးမုံပေါ်သို့ ကျရောက်သွားသည်။
ကြေးမုံသည် သာမန်ဖြစ်သည်။ ယင်းမှာ မည်သည့်အရောင်အဝါမှ မရှိသလို ခမ်းနားတင့်တယ်မှုလည်း မရှိပေ။ ယင်းက သေမျိုးတစ်ယောက်၏ အိမ်ထဲမှ သာမန်ကြေးမုံတစ်ချပ် ဖြစ်သည့်အလားပင်။
အနက်ရောင်အစက်များက ကြေးမုံထဲသို့ အဆုံးမဲ့စွာ ရွေ့လျားနေကြပြီး မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
ဤမျဉ်းကြောင်းက ထာဝရ တည်ရှိနေဟန် ရ၏။ အနက်ရောင်အစက်တစ်ခုစီက ကြေးမုံ၏ မျက်နှာပြင်ပေါ်သို့ ရောက်ရှိသွားပြီးနောက် ပျောက်ကွယ်သွားကြသည်။
ကြေးမုံသည်တော့ မည်သည့်အလင်းပြန်မှုမှ မပြပေ။ ယင်းအစား ဗလာနတ္ထိဖြင့် ပြည့်နှက်နေသည်။
“ အဲ့ဒါက ပထမအလွှာရဲ့ ထွက်ပေါက်လား ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
အချိန်တစ်ခဏကြာ စစ်ဆေးလေ့လာပြီးနောက် သူ၏ အတွေးများက လှုံ့ဆော်ခံလိုက်ရသည်။ သူက ကြေးမုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
သူက ကြေးမုံနှင့် ချက်ချင်း ပေါင်းစပ်သွားပြီး ဖြတ်ကျော်သွားသည်။
မည်သည့်အတားအဆီးမှ ထွက်ပေါ်မလာပေ။
သို့သော်လည်း…
ကြေးမုံကို သူဖြတ်သန်းသွားသည်နှင့်ချက်ချင်း ရွှီချင်း၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သူက မျဉ်းကြောင်းသဖွယ် စီတန်းနေသော အနက်ရောင်အစက်များထံတွင် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
သူက ပထမအလွှာမှာသာ ရှိသေးသည်။
သူက ဤနေရာမှ ထွက်မသွားခဲ့ပေ။
ထို့ပြင် သူက စမှတ်နေရာဆီသို့ ပြန်ရောက်သွားဟန် ရ၏။
သူက အရှေ့သို့ ကြည့်လိုက်သည့်အခါ ကြေးမုံကို မမြင်တော့ပေ။ မျဉ်းကြောင်းသည်သာ အရှေ့သို့ ဆန့်တန်းနေသည်။
သူ၏ အနောက်သည်လည်း ထို့အတူပင်။
သူက အဖြေကို အတည်ပြုရန် နောက်တစ်ကြိမ် အရှေ့သို့ ရွေ့လျားသွားသည်။
သူက လမ်းတစ်လျှောက်တွင် ထူးဆန်းသော သက်ရှိများဖြင့် နောက်တစ်ကြိမ် တွေ့ဆုံသွားသည်။ ထို့နောက် သူက ကြေးမုံကို မြင်တွေ့သွားသည်။ သူက အရာအားလုံးကို ဂရုတစိုက် အာရုံခံပြီးနောက် ကြေးမုံကို ဖြတ်သန်းသွားသည်။
အဆုံးမှာတော့ သူက စမှတ်ဆီသို့ ပြန်ရောက်သွားသည်။
ယင်းက စက်ဝိုင်းတစ်ခုနှင့် ဆင်တူသည်။
ထိုစက်ဝိုင်းကို ချိုးဖြတ်ရန် ရွှီချင်းက သူ၏ လုပ်ဆောင်မှုများကို ပြုပြင်ပြောင်းလဲလိုက်သည်။ သို့သော်လည်း အချည်းနှီးသာ ဖြစ်သည်။
အမှန်မှာ သူက ကြေးမုံအရှေ့မှ အနက်ရောင်အစက်များထဲသို့ နစ်မြုပ်သွားရန် ရွေးချယ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အနက်ရောင်အစက်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ကြေးမုံထဲသို့ ဝင်ရောက်သွားသည်။
သို့သော်လည်း သူက စမှတ်ဆီသို့ ပြန်ရောက်သွားဆဲပင်။
“ မိုးသောက်အင်မော်တယ်အရှင်သခင်ဆီမှာ အချိန်လေဟာနယ်အာဏာစက်ရှိတာ သေချာတယ်… သူက ငါနဲ့ တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့ အချိန်လေဟာနယ်အာဏာစက်ရဲ့ ဖွဲ့စည်းပုံက ငါနဲ့ မတူဘူး ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။
“ ငါက အချိန်နဲ့ လေဟာနယ်ကို ပေါင်းစပ်ဖို့ ဒြပ်စင်ငါးမျိုးကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့တယ် ”
“ မိုးသောက်အင်မော်တယ်အရှင်သခင်က မတူညီတဲ့ နည်းလမ်းကို အသုံးပြုခဲ့တဲ့ပုံပဲ… သူက အချိန်လေဟာနယ်ကို အလွှာအထပ်ထပ် ဆင့်ကဲပြောင်းလဲပစ်ပြီး ဗလာနတ္ထိကနေ တစ်စုံတစ်ခုအဖြစ် ဖန်တီးလိုက်တယ် ”
“ ဒီတော့… ဒီနေရာကနေ ထွက်ခွာဖို့ ငါ့အတွက် တခြားနည်းလမ်းတစ်ခု ရှိနိုင်တယ် ”
ရွှီချင်း၏ အတွေးများက မျဉ်းကြောင်းရှည်ကို ပစ်မှတ်ထားလိုက်သည်။
“ ဒီစမှတ်မှာဆိုရင် ငါက အနက်ရောင်အစက်တစ်စက် ဖြစ်လာနိုင်ပြီး မျဉ်းကြောင်းအဖြစ် စီတန်းနိုင်တယ်… အဲ့ဒါက ပန်းချီကားအပြင်ဘက်က လူက ပန်းချီကားထဲ ခြေချလိုက်တာနဲ့ ဆင်တူတယ် ”
“ အဲ့ဒီနောက် ဒီလောကရဲ့ အသိအမြင်ကို ငါခံယူလိုက်တဲ့အခါ အရာအားလုံးကို ကိုယ်တိုင်ခံစားရလိမ့်မယ်… ”
“ အဲ့ဒီလိုလုပ်ရင်းနဲ့ ငါက စက်ဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ် ”
“ ဒီနည်းနဲ့ ငါက ဒီလောကကို အမှန်တကယ် တွေ့ကြုံခံစားနိုင်လိမ့်မယ်… အဲ့ဒါက အရင်အခေါက်တွေကလို စိတ်အာရုံသက်သက်ပဲ မဟုတ်တော့ဘူး ”
“ ဒီနည်းက အန္တရာယ်များပေမဲ့ ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး ”
ရွှီချင်းက သူ၏ စိတ်ထဲမှာ အကျိုးအကြောင်း ချင့်ချိန်စဉ်းစားလိုက်ပြီးနောက် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူ၏ အသိစိတ်က ပိုပြီးအဆင့်မြင့်သော နေရာသို့ တတ်လှမ်းသွားပြီး ဤလောက၏ မျဉ်းကြောင်းရှည်ထဲသို့ ပေါင်းစပ်သွားသည်။ သူက မျဉ်းကြောင်းသဖွယ် စီတန်းနေကြသော အနက်ရောင်အစက်များထဲမှ အစက်တစ်စက် ဖြစ်လာသည်။
သူက ဤလောက၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။
ချက်ချင်းဆိုသလို သူက ဖော်မပြနိုင်သော ခံစားမှုတစ်ခုကို ခံစားမိသွားသည်။
အပေါ်အောက် နိယာမက ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။
ဘယ်ညာ နိယာမသည်လည်း ဖယ်ရှားခံလိုက်ရသည်။
ယင်းတို့က ဤလောကမှာ ဆက်ပြီး မတည်ရှိကြတော့ပေ။
ဤသည်မှာ အပေါ်မှ အောက်သို့၊ ဘယ်မှ ညာသို့ ရွေ့လျားနိုင်သော စွမ်းအားက မြန်ဆန်စွာ ဖယ်ရှားခံလိုက်ရသည့်အလားပင်။
အရှေ့သို့ ခေါ်ဆောင်နေသော ဆွဲအားသည်သာ ဤလောက၏ တစ်ခုတည်းသော နိယာမဖြစ်လာသည်။ ယင်းက သူ၏ တစ်ခုတည်းသော ကံကြမ္မာလည်း ဖြစ်သည်။
ဦးတည်ရာဟူသော နိယာမက ပျောက်ကွယ်သွားသည့်အခါ အမြင့်ဟူသော သဘောတရားသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားသည်။ ဤအခိုက်အတန့်မှာ ရွှီချင်းက အာဏာစက်မှ သူရရှိထားသော အဆင့်မြင့် အမြင်စွမ်းအားကို ဆုံးရှုံးသွားသည်။
သူက ပြားချပ်သွားသည်။
အနက်ရောင်အစက်သည်လည်း ပြားချပ်သည်။
သို့ဖြစ်၍ သူ၏ အတွေးများသည်လည်း ထို့အတူပင်။
သူက မြင်နိုင်စွမ်းကို ဆုံးရှုံးသွားသည်။
ကျန်ရှိနေသည်မှာ အရှေ့နှင့် အနောက်တွင် တည်ရှိနေသော သူ၏ မသဲမကွဲ အာရုံခံမှုမျှသာ ဖြစ်၏။
ထိုအတွေ့အကြုံအသစ်က ယခင်နှင့် နှိုင်းယှဉ်လျှင် ပိုပြီးအချုပ်အနှောင်များသည်။
ယခု ရွှီချင်းက အရှေ့သို့သာ ရွေ့လျားနေပြီး ဆက်တိုက် ဆွဲခေါ်ခံနေရသည်။
တဖြည်းဖြည်း သူ၏ အတွေးများသည်ပင် စတင်လွင့်ပြယ်လာသည်။
ဤလောကက တွေးတောခြင်းကိုပင် ခွင့်မပြုဟန် ရသည်။
သို့ဖြစ်၍ သူ၏ အတွေးများက ဖြည်းညင်းစွာ ဖယ်ရှားခံနေရသည်။
သို့သော်လည်း ရွှီချင်းက ခုခံခြင်းမပြုပေ။
သူက အတွေးများကို ဖြေလျော့ထားပြီး အရာအားလုံးကို ခွင့်ပြုပေးထားသည်။ သူက ဤလောက၏ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာပြီး အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
အမည်မသိ အချိန်ကာလတစ်ခု ကုန်ဆုံးသွားသည်။
အစကတည်းက ဤနေရာမှာ အချိန်က အဓိပ္ပာယ်မဲ့နေသည်။
သူ၏ အတွေးများက တဖြည်းဖြည်း လွင့်ပြယ်နေပြီး သူက အရှေ့သို့ အဆက်မပြတ် ဆွဲခေါ်ခံနေရသည်။ အဆုံးမဲ့သော ဤလောကထဲမှာ ရွှီချင်းက အနက်ရောင်အစက်တစ်စက်ဖြစ်လာပြီး ထူးဆန်းသော သက်ရှိများဖြင့် နောက်တစ်ကြိမ် တွေ့ဆုံသွားသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ အာရုံခံစားမှုက ယခင်နှင့် ခြားနားသွားသည်။
အရှေ့နှင့် အနောက်တွင် သူအာရုံခံမိသောအရာက မရှင်းလင်းသော်လည်း သူက မရေမတွက်နိုင်သော စက်ဝိုင်းများကို မြင်တွေ့သွားသည်။
ထိုစက်ဝိုင်းများက တစ်ခုထက်တစ်ခု ပိုပြီးသေးသွားကြသည်။ ဤသည်မှာ ယင်းတို့က အချင်းချင်း လှည့်ပတ်နေကြသည့်အလားပင်။ ယင်းတို့က အမှတ်လက္ခဏာများနှင့် ဆင်တူပြီး အစမရှိသလို အဆုံးမရှိပေ။ သို့သော်လည်း ယင်းတို့က နေရာတိုင်းမှာ တည်ရှိနေကြပြီး ရွှီချင်း၏ စိတ်အာရုံထဲမှာ ပြည့်နှက်နေကြသည်။
ယင်းသည် သူ၏ တည်ရှိမှုကို ဤလောကနှင့် လိုက်ဖက်ညီသော အဆင့်ထိ နှိမ့်ချပြီးနောက် သူအာရုံခံမိသွားသောအရာ ဖြစ်သည်။
သူက နောက်ထပ် မည်သည့်အရာကိုမှ အာရုံမခံမိပေ။
သူ၏ လက်ရှိအခြေအနေ၏ အကန့်အသတ်ကြောင့် သူက အဆင့်ပိုမြင့်သော သက်ရှိများ၏ အစစ်အမှန်သဘာဝကို မမြင်နိုင်ပေ။
ထို့ကြောင့် အဆင့်ပိုမြင့်သော သက်ရှိများက သူ့အား ဖန်တီးရှင် သို့မဟုတ် နတ်ဘုရားဟူသော ခံစားချက်မျိုး ပေးသည်။ အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်သက်ရှိများက အဆင့်မြင့်သက်ရှိများ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို မြင်နိုင်ရန် အရည်အချင်းမပြည့်မီသောကြောင့် ဖြစ်သည်။
ထိုခံစားချက်မှ သယ်ဆောင်လာသော ထိတ်လန့်မှုက ဆူနာမီလှိုင်းလုံးသဖွယ် ကြောက်စရာကောင်းသည်။ ယင်းက အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ အမှန်မှာ ၎င်းတို့၏ နှုတ်မှ ထွက်ပေါ်လာသော အသံများသည်ပင် ဖရိုဖရဲဖြစ်ခြင်း၏ ဇစ်မြစ်ဖြစ်လာသည်။
“ ပြေး… ပြေး… ”
ထိုအသံ ထွက်ပေါ်လာသည့်အခိုက် ပြိုကွဲပျက်စီးသော စိတ်ခံစားမှုက ရွှီချင်း၏ အနက်ရောင်အစက်နှင့် တခြားအစက်များပေါ်သို့ ချက်ချင်း ဆင်းသက်လာသည်။
ဤသည်မှာ သူတို့က သေခြင်းလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေရသည့်အလားပင်။
အနက်ရောင်အစက်တချို့က လုံးဝ ပြိုကွဲပျက်စီးသွားပြီး အသစ်တဖန် အစားထိုးခံလိုက်ရသည်။
ရွှီချင်းက အနည်းငယ် ကံကောင်းသည်။ သူက လုံးလုံး မပျက်စီးသွားခဲ့ပေ။
ဤနေရာမှ သူထွက်သွားသည့်အခါမှသာ ဖရိုဖရဲဖြစ်စေသော ထိုအသံက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ ထို့နောက် သူက အရှေ့သို့ ဆက်ပြီး ရွေ့လျားသွားသည်။
မကြာမီ သူက ငိုကြွေးသံကို ကြားလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူက မည်သည့်အရာကိုမှ မမြင်ရပေ။
ငိုကြွေးသံသည်သာ ရွှီချင်း၏ ကျန်ရှိနေသေးသော အတွေးများပေါ်သို့ ကျရောက်လာသည်။
ငိုကြွေးသံကို နားထောင်နေရင်း သူအရည်ပျော်သွားတော့မည်ဟု ရွှီချင်း ခံစားမိလာသည်။ သို့သော်လည်း အထူးဆန်းဆုံးအရာမှာ သူက မကြောက်ရွံ့သလို နောင်တမရပေ။ ဤသည်မှာ သူ၏ စိတ်ခံစားချက်များက သူကိုယ်တိုင် သတိမထားမိဘဲ ပျောက်ကွယ်သွားသည့်အလားပင်။
“ လက်စသတ်တော့ အဲ့ဒါက ကံကောင်းလို့ မဟုတ်ဘူးပဲ… အဲ့ဒါက အရှေ့ဆက်ဖို့အတွက် ပေးဆပ်ရတဲ့ အဖိုးအခပဲ ”
ရွှီချင်းက အားအင်ချည့်နဲ့စွာ တွေးတောလိုက်သည်။
ငိုကြွေးသံကြောင့် အနက်ရောင်အစက်အများအပြား ပျက်စီးသွားပြီးနောက် သူက အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
ထို့နောက် သူက ရေစီးဆင်းသံနှင့် မြူခိုးရွေ့လျားသံကို ကြားလိုက်ရသည်။
ထိုအသံကို သူကြားလိုက်ရသည့်အခိုက် ရွှီချင်း၏ စိတ်အာရုံက ပိုပြီးဝေဝါးလာသည်။ သူ၏ အတွေးများသည်လည်း ပိုပြီးမှေးမှိန်လာသည်။ အမှန်မှာ သူ၏ တည်ရှိမှုသည်ပင် မေ့ပျောက်ခံရလုနီးပါး ဖြစ်လာသည်။
ထိုသို့အခြေအနေတွင် သူက ဤရှည်လျားသော လမ်းကြောင်းကို ဖြတ်ကျော်သွားပြီး အဝေးသို့ ရွေ့လျားသွားသည်။
…..
နောက်ပိုင်းတွင် ရွှီချင်းက သူ၏ အတွေ့အကြုံများကို ရှင်းလင်းစွာ မမှတ်မိတော့ပေ။ ချောမွေ့သော လမ်းကြောင်းဖြစ်ရန်အလို့ငှာ သူလဲလှယ်ခဲ့သော အရာအားလုံးက အရှေ့ဆက်နိုင်ရန် သူပေးအပ်ခဲ့သော အဖိုးအခဖြစ်ကြောင်းကိုသာ ဝေဝေဝါးဝါး မှတ်မိတော့သည်။
ထို့နောက် သူက အားအင်ကုန်ခမ်းလာပြီး မောပန်းနွမ်းနယ်လာသည်။ ကံကောင်းစွာဖြင့် အင်အားမဲ့ခြင်းနှင့် မောပန်းနွမ်းနယ်သော နိယာမသည်လည်း ဖယ်ရှားခံလိုက်ရသည်။
နောက်ဆုံးမှာတော့ သူက အသံတစ်သံကို ကြားလိုက်ရသည်။
“ သေတာ ကောင်းတယ်… သေတာ ကောင်းတယ်… ”
ထိုအသံက မခုခံနိုင်သော အင်အားနှင့်အတူ ထွက်ပေါ်လာပြီး ရွှီချင်း၏ နာမည်ကို ဖယ်ရှားပစ်လိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် သူက နာမည်ကို အဖိုးအခအဖြစ် ပေးဆပ်ပြီးနောက် အရှေ့သို့ ဆက်သွားနိုင်သင့်ပေသည်။
သူက ကြေးမုံဆီသို့ ရောက်ရန် သိပ်မလိုတော့ပေ။ ထို့နောက် သူက ကြေးမုံထဲသို့ ဝင်ရောက်သွားပြီး ဤနယ်မြေမှ ထွက်သွားနိုင်လိမ့်မည်။
သို့သော်လည်း သူ၏ နာမည်ကို ယူဆောင်သွားသော အင်အားက ထိုသဘောတရားကို သွေဖယ်လိုက်ပြီး နောက်တဖန် ပြန်ရောက်လာသည်။
ယင်းက အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါနှင့်အတူ သူ့ထံသို့ ကျူးကျော်ဝင်ရောက်လာသည်။ ယင်းက သူ့အပေါ်သို့ ဆင်းသက်လာပြီး သူ့ကို အပြီးတိုင် ဖယ်ရှားပစ်နေသည်။
ယင်းက သူ၏ နောက်ဆုံးကျန်ရှိသော အတွေးများကိုလည်း ယူဆောင်ချင်နေသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ လုံးဝ သူပြိုကွဲပျက်စီးတော့မည့်အချိန်…
အရွယ်အိုမင်းသော အသံတစ်သံက သူ၏ အချိန်လေဟာနယ်ထဲသို့ ဝင်ရောက်လာပြီး ပဲ့တင်ထပ်သွားသည်။
“ ယဲ့ရှစ်ချန်းနျူဆေးပင်… အဲ့ဒါက ဘာဆေးပင်လဲ… ”
“ ကလေး… မင်းဖြေစမ်း ”
ထိုအသံ၏ ထွက်ပေါ်လာမှုက အချိန်နှင့် လေဟာနယ်၏ စီးဆင်းမှုကို နှောင့်ယှက်လိုက်သည်။ ယင်းက ရွှီချင်း၏ အတွေးများထဲ၌ အချိန်လေဟာနယ်မုန်တိုင်းအဖြစ် ပြောင်းလဲသွားပြီး ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ထိုမြည်ဟိန်းသံက သူ့မှတ်ဉာဏ်များ၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ မြှုပ်နှံထားသော နာမည်တစ်ခုကို သူ့အား ပြန်အမှတ်ရသွားစေသည်။
ကလေး…
ထိုနာမည်က သူ၏ အထောက်အပံ့ဖြစ်လာပြီး သူ့အတွက် ကျောက်ဆူးဖြစ်လာသည်။
သို့ဖြစ်၍ ကလေး၏ အားအင်ချည့်နဲ့သော အတွေးများက ဆက်ပြီး မလွင့်ပြယ်တော့ပေ။ ယင်းအစား ဝုန်းခနဲ မြည်ဟိန်းသံက တဖြည်းဖြည်း ပိုကျယ်လောင်လာသည့်အခါ ကမ္ဘာလှုပ်ခတ်စေနိုင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ထိုပေါက်ကွဲမှုတွင် လျှပ်စီးများ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံမိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။
ယင်းက သူ၏ အတွေးများကို အပြင်းအထန် တုန်ယင်သွားစေပြီး ဆက်လက် ကျယ်ပြန့်သွားစေသည်။
ယင်းက ဆူနာမီနှင့် ဆင်တူသည်။
ထို့နောက် ကလေးက သူ၏ စိတ်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသော၊ ဘယ်သောအခါမှ သူမေ့သွားမှာမဟုတ်သော စကားများကို အလိုအလျောက် ပြန်ဖြေလိုက်သည်။
“ ယဲ့ရှစ်ချန်းနျူဆေးပင်ကို တောင်အမြစ်ဂန္ဓာပန်းပင်လို့လည်း သိကြပါတယ်… အဲ့ဒါက ဂန္ဓာမာပန်းအနွယ်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်… အေးစိမ့်နေတဲ့ စမ်းချောင်းတွေ၊ တောအုပ်တွေနဲ့ ယင်စွမ်းအင်တွေ ကိန်းအောင်းနေတဲ့ လျှိုမြောင်တွေမှာ ပေါက်ရောက်ရှင်သန်တဲ့ သစ်နွယ်ပင်ဖြစ်ပါတယ်… အဲ့ဒီအပင်ရဲ့ အရသာက ခါးပြီး နည်းနည်း ပူပါတယ်… ပုပ်ပွတဲ့ အရသာမျိုးလည်း ရှိပါတယ်… ဒါ့အပြင် လေတိုက်နှုန်းကို လျော့ကျစေနိုင်တဲ့ ထူးဆန်းတဲ့ အာနိသင်လည်း ရှိပါတယ်… ဒါပေမဲ့ အဲ့ဒီအပင်က အရမ်းအဆိပ်ပြင်းပါတယ်… ယင်ယန်အစွန်းနှစ်ဖက်အပင်တွေထဲမှာ ပါဝင်ပါတယ် ”
ကလေးက စကားပြောလိုက်သည့်အခါ လွင့်ပြယ်နေသော သူ၏ အခြေအနေက ချက်ချင်း ပြန်ကောင်းမွန်လာသည်။
ပျောက်ကွယ်သွားခဲ့သော သူ၏ စိတ်အာရုံက တစ်ခုပြီးတစ်ခု ပြန်ရောက်လာသည်။
သူ၏ အမြင်စွမ်းအင်က ပြန်ရောက်လာပြီး ယခင်က ဖြတ်သန်းခအဖြစ် သူပေးဆပ်ခဲ့သော အဖိုးအခအားလုံးက ပြန်ရောက်လာကြသည်။
အိုမင်းသော အသံက ဆက်ပြီး ပဲ့တင်ထပ်သွားသည်။
“ အလွန်အကျွံသုံးစွဲရင် ဘာဖြစ်နိုင်မလဲ ”
ရွှီချင်း၏ စိတ်ထဲမှ မုန်တိုင်းက ပိုပြီးအားကောင်းလာနေစဉ် သူ၏ အသံက စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အလွန်အကျွံသုံးစွဲရင် ဗိုက်နာမယ်၊ မူးဝေမယ်၊ စိတ်နောက်ကျိပြီး စိတ်ကယောင်ချောက်ချားဖြစ်လာမယ်… တကယ်လို့ ဆယ့်ငါးမိနစ်အတွင်း မကယ်ဘူးဆိုရင် အဲ့ဒီလူက သေဆုံးသွားလိမ့်မယ် ”
“ အဆိပ်ကို ဘယ်လိုဖြေမလဲ ”
“ ပျို့အန်စေပြီး အစာအိမ်ဆေးကြောတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်… နေမွန်းတည့်ချိန်မှာ ကြက်ဥအဖြူနဲ့ အနီရောင်ဆူးဝတ်မှုန်ကို ရောကြိတ်ပြီး ရောဂါကို ကုသနိုင်ပါတယ်… ကုသချိန်က တစ်နာရီထက် မပိုရပါဘူး… အဲ့ဒီနည်းအတိုင်း သုံးရက်ဆက်တိုက် ကုသပေးရပါမယ် ”
ရွှီချင်း၏ အသံက အနည်းငယ် တုန်ယင်နေသည်။ သူ၏ စကားဆုံးသွားသည့်အခိုက် သူက အတိတ်တုန်းက တဲအိမ်၏ အပြင်ဘက်သို့ ပြန်ရောက်သွားသည့်အလား ခံစားမိသွားသည်။
“ တော်တယ် ”
အပြုံးအရိပ်အယောင် သယ်ဆောင်ထားသော အဖိုးအိုအသံက နူးညံ့စွာ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက အသံပိုင်ရှင်ကို မြင်တွေ့နိုင်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ အရှေ့မှ ဆွဲငင်အားက လွန်စွာ အားကောင်းသည်။ ယင်းက သူ့ကို ကြေးမုံ၏ အရှေ့ဆီသို့ နီးသထက် ပိုနီးကပ်အောင် ဆွဲခေါ်သွားနေသည်။
ကြေးမုံက သူနှင့် အလွန်နီးကပ်နေသော်လည်း ရွှီချင်း၏ အတွေးများက လှိုင်းထသွားသည်။ ဤအခွင့်အရေးကို လက်လွှတ်ရန် သူဆန္ဒရှိသည်။ အကယ်၍ သူက စမှတ်မှ ပြန်စတင်ရမည်ဆိုလျှင်ပင် ဤအချိန်လေဟာနယ်ထဲသို့ ပြန်ဝင်ရောက်ပြီး ထိုအသံ၏ ရင်းနှီးသော ပုံရိပ်ကို မြင်တွေ့ရန် စိတ်ဆုံးဖြတ်ထားသည်။
“ ငတုံးလေး… အဲ့လိုမလုပ်နဲ့ ”
“ မင်းကို ငါပြောခဲ့ဖူးတဲ့ စကားကို မှတ်မိသေးတယ်မလား… ”
“ လောကက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာပဲ… အချိန်က ရှေးခေတ်ကနေ အခုအချိန်ထိ ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်ပဲ… ငါတို့မသေဆုံးသရွေ့ နောင်တစ်ချိန်မှာ ပြန်တွေ့ဆုံကြလိမ့်မယ် ”
“ အခု မင်းလုပ်ဆောင်နိုင်ခဲ့ပြီ ”
အသံလွင့်ပြယ်သွားသည့်အခါ သိမ်မွေ့ညင်သာသော အင်အားက လေထဲမှာ ထွက်ပေါ်လာပြီး ရွှီချင်းက အသွင်ပြောင်းလဲထားသော အနက်ရောင်အစက်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ အနက်ရောင်အစက်က အရှေ့သို့ တွန်းထုတ်ခံလိုက်ရသည်။
တွန်းထုတ်ခံလိုက်ရသည့်အခါ ကြေးမုံ၏ အရှေ့မှာ ရှိနေသော ရွှီချင်းက ကြေးမုံထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ကြေးမုံနှင့် ပေါင်းစပ်သွားသည်နှင့်ချက်ချင်း ရွှီချင်းက အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံက အနည်းငယ် ဝေဝါးနေပြီး မရှင်းမလင်းဖြစ်နေသော်လည်း ကြေးမုံ၏ အပြင်ဘက်မှ တစ်စုံတစ်ခုကို သူမြင်တွေ့သွားသည်။
ကြေးမုံ၏ အပြင်ဘက်၌ မုတ်ဆိတ်ဖြူနှင့် ဆေးပုလင်းက သူ့အား ပြုံးပြနေသည်။ ထိုအပြုံးက သိမ်မွေ့ညင်သာသည်။ ယင်းက ဟိုးယခင်တုန်းက သူမြင်တွေ့ခဲ့ဖူးသော အဖိုးအိုတစ်ယောက်၏ အပြုံးနှင့် တစ်ထပ်တည်း တူညီသည်။ ဤသည်မှာ အဖြစ်အပျက်များက မနေ့တစ်နေ့မှ ဖြစ်ပျက်သွားခဲ့သည့်အလားပင်။
ဤအခိုက်အတန့်မှာ အတိတ်မှ ရင်းနှီးကျွမ်းဝင်သော မြင်ကွင်းများက သူ၏ မျက်လုံးထဲမှာ ပြန်ထွက်ပေါ်လာပြီး ရှင်းလင်းလာသည်။ သူက ငယ်စဉ်ကလေးဘဝတုန်းက မှတ်ဉာဏ်များကို ပြန်အောက်မေ့သတိရသွားသည်။