ငါက မိုးသောက်
Vol. 105 Ch. 1613
ရွှီချင်းက ပြုံးလိုက်သည်။
ယခု သူ၏ စိတ်ထဲမှာ မေးခွန်းများစွာရှိနေပြီး သူ၏ နှလုံးသားထဲ၌ သံသယများဖြင့် ပြည့်နှက်နေသည်။
ဥပမာ ဆရာသခင်ပိုင်က ဘယ်လိုလုပ် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ ထွက်ပေါ်လာတာလဲ…
ဆရာသခင်ပိုင်ရဲ့ သေဆုံးမှုမှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာလဲ…
သူက မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ အတွေးကမ္ဘာထဲမှာ ဘယ်လိုလုပ် ဆေးပုလင်းဖြစ်လာတာလဲ…
ဒါ့အပြင် မိုးသောက်အင်မော်တယ်အရှင်သခင်ရဲ့ သေဆုံးမှုကနေ ဖြစ်ပေါ်လာတဲ့ ဒီလောကထဲမှာ အဲ့ဒီဆေးပုလင်းက ဘယ်လိုလုပ် ဝမ်ကူးကုန်းမြေက ဆရာသခင်ပိုင်ရဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားတာလဲ…
ပြီးတော့ အဲ့ဒါက ဘယ်လိုလုပ် သီးခြားလွတ်လပ်တဲ့ စိတ်ဆန္ဒကို ပိုင်ဆိုင်ထားနိုင်တာလဲ…
ထိုမေးခွန်းအားလုံးမှာ အဖြေမရှိပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ ယင်းတို့က အရေးမကြီးတော့ပေ။
အဓိက အရေးကြီးဆုံးမှာ ရွှီချင်း၏ လက်ဦးဆရာဖြစ်သော ထိုပုဂ္ဂိုလ်က သူ့ကို ဤသို့ပြောခဲ့ဖူးသည်။
“ ငါတို့မသေဆုံးသရွေ့ နောင်တစ်ချိန်မှာ ပြန်တွေ့ဆုံကြလိမ့်မယ် ”
ယခု သူတို့က ဤလောကမှာ နောက်တစ်ကြိမ် ပြန်တွေ့ဆုံသွားကြသည်။
သို့ဖြစ်၍ ရွှီချင်းက အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
ထိုသို့ သူမပျော်ရွှင်ရသည်မှာ အလွန်ကြာမြင့်သွားပြီ ဖြစ်သည်။ သို့ဖြစ်၍ ဤတစ်ကြိမ်တွင် သူ၏ ပျော်ရွှင်မှုက အဆပေါင်းများစွာ ကြီးမားသွားသည်။
ထို့ကြောင့် သူက ခါးဆန့်လိုက်ပြီး အကြောအခြင် ဖြေလျော့လိုက်သည်။ ထို့နောက် သူက ဘေးဘီကို ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ထို့နောက် ဤနေရာတွင် ဘယ်ညာ နိယာမက ရှိနေကြောင်း သူသတိထားမိသွားသည်။ ထို့ကြောင့် သူက လက်ရှိ အဆင့်နိမ့်အသွင်သဏ္ဍာန်ဖြင့်ပင် သူ၏ ဘေးပတ်ဝန်းကျင်ကို ကောင်းမွန်စွာ အာရုံခံနိုင်သွားသည်။ သို့သော်လည်း သူ၏ အမြင်အာရုံက ပုံပျက်တွန့်လိမ်နေပြီး အနည်းငယ် ဝေဝါးနေဆဲပင်။
အဘယ့်ကြောင့်ဆိုသော် ဤနေရာ၌ ဘယ်ညာနိယာမ ရှိသော်လည်း အရာအားလုံးက ပြားချပ်နေဆဲပင်။
သူကိုယ်၌က ပြားချပ်နေလေရာ သူ၏ အမြင်သည်လည်း ပြားချပ်မှုအတွင်းမှာသာ ရှိ၏။ သို့ဖြစ်၍ သူမြင်နေရသည်မှာ အလွန်ကျယ်ပြောသော ဗလာနတ္ထိဖြစ်သည်။
အမြင့်နိယာမက ယခုထိ မထွက်ပေါ်လာသေးချေ။
ထို့ပြင် ဝမ်းသာပျော်ရွှင်သော စိတ်ခံစားမှုက တဖြည်းဖြည်း အားကောင်းသထက် ပိုအားကောင်းလာသည်။ ထို့နောက် ယင်းက ရွှီချင်း၏ စိတ်အာရုံကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။ ဤသည်မှာ ဝမ်းသာပျော်ရွှင်မှုက သူ၏ တစ်ခုတည်းသော စိတ်ခံစားချက် ဖြစ်လာသည့်အလားပင်။
“ ဒီအခြေအနေက တစ်ခုခုလွဲမှားနေတယ်… ”
အလွန်အမင်း ဝမ်းသာပျော်ရွှင်ခြင်းက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရွှီချင်း သတိထားမိသွားသည်။ သူက ထိုစိတ်ခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထူးဆန်းသော ဤလောကထဲတွင် သူက ထိုသို့လုပ်ဆောင်ရန် ခွင့်ပြချက်မရထားဟန် ရ၏။
သို့ဖြစ်၍ ဝမ်းသာပျော်ရွှင်ခြင်းက သူ့အား ဖုံးလွှမ်းသွားနေသည်ကို ရွှီချင်းက အတင်းအဓမ္မ တောင့်ခံနေရသည်။ နောက်ဆုံးမှာတော့ သူက အချိန်လေဟာနယ်အာဏာစက်ကို အသက်သွင်းရန် ရွေးချယ်လိုက်လေသည်။
ဤလောကက မည်သို့အသွင်သဏ္ဍာန်ရှိကြောင်း ရှင်းလင်းစွာ သူမြင်တွေ့ချင်သည်။
သို့မှသာ သူက ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားသုံးသပ်နိုင်လိမ့်မည်။
နောက်အခိုက်အတန့်မှာ အဌမမြောက် အန္တိမတာအိုက အသက်ဝင်လာသည်။
အာဏာစက်၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ အသိစိတ်က အဆင့်ပိုမြင့်သော နယ်ပယ်ဆီသို့ တတ်လှမ်းသွားသည်။ ထိုအခါ သူ၏ အတွေးများက ဈာန်ဝင်သွားသည်။
ထို့နောက် လောကတစ်ခုလုံး၏ အစစ်အမှန်ပုံသဏ္ဍာန်က ရွှီချင်း၏ စိတ်ထဲမှာ ပုံရိပ်ပြန်လာသည်။
ထို့ပြင် ပုံရိပ်ပြန်မှုက အလွန်ကြည်လင်ရှင်းလင်းသည်။
ယင်းက အဖြူရောင်လောကတစ်ခု ဖြစ်သည်။
ယင်းက ကြေးမုံထဲမှာ တည်ရှိသည်။
ကြေးမုံထဲသို့ ဝင်ရောက်သွားသော အနက်ရောင်အစက်အားလုံးက ဤကြေးမုံလောကထဲမှာ မြန်ဆန်စွာ ကြီးထွားလာကြသည်။
ယင်းတို့က ယခင်ကဲ့သို့ အစက်မဟုတ်တော့သလို မျဉ်းကြောင်းအဖြစ် စီတန်းမနေကြတော့ပေ။ ယင်းအစား တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့ပြင် ၎င်းတို့မှာ ခန္ဓာကိုယ်တစ်ခု၊ ခြေလက်လေးချောင်းနှင့် ဦးခေါင်းတစ်ခု ရှိကြသည်။
၎င်းတို့က အရိပ်များဖြစ်လာကြသည်။
ထိုအရိပ်များသည် အနက်ရောင်တစ်ခုတည်း မဟုတ်ပေ။
ရွှီချင်း၏ အမြင်တွင် သူ့အရှေ့မှ လောကက အဖြူရောင်ဖြင့် ဖုံးလွှမ်းခံထားရသော်လည်း အရောင်အမျိုးမျိုးဖြင့် ပြည့်နှက်နေဆဲပင်။
သို့ဖြစ်၍ အရိပ်များသည် အရောင်အမျိုးမျိုးဖြင့် ရှိနေကြပြီး ထွန်းလင်းတောက်ပသော ရောင်စုံလောကတစ်ခုကို အတူတကွ ဖန်တီးနေကြသည်။
ဤလောကတွင် အရိပ်အားလုံးက ဝမ်းသာပျော်ရွှင်နေကြသည်။ ၎င်းတို့ဆီမှာ မည်သည့်ဆင်းရဲဒုက္ခမှ မည်သည့်ဝမ်းနည်းစရာမှ မရှိသည့်အလားပင်။ ၎င်းတို့ဆီမှာ လွတ်လပ်မှုနှင့် ဝမ်းသာပျော်ရွှင်မှုသာ ရှိကြသည်။
တချို့က သီချင်းဆိုနေကြပြီး တချို့က ကခုန်နေကြသည်။ တချို့က အိပ်ပျော်နေကြပြီး တချို့က ပြေးလွှားနေကြသည်။
သို့သော်လည်း လိမ္မော်ရောင်အရိပ် မရှိပေ။
ထို့ပြင် မည်သည့်အရိပ်ကမှ ယင်းကို သတိမထားမိဟန် ရ၏။ ၎င်းတို့အားလုံးက ကိုယ်ပိုင်ဝမ်းသာပျော်ရွှင်မှုတွင် စိတ်နစ်မြှုပ်နေကြသည်။
အရိပ်များမှလွဲ၍ ဤလောကတွင် တခြားဘာမှမရှိပေ။ တောင်တန်းများနှင့် မြစ်ချောင်းများက ဤလောကထဲမှာ မရှိကြပေ။
အရောင်အမျိုးမျိုးရှိသော အရိပ်များသည်သာ နေရာတိုင်းတွင် တည်ရှိနေကြသည်။
ရွှီချင်းက ၎င်းတို့ကို ကြည့်ပြီးနောက် နက်နဲစွာ တွေးတောလိုက်သည်။ သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်လေရာ အပြာရောင်ဖြစ်ကြောင်း မြင်တွေ့သွားသည်။
“ ပထမအလွှာက မရေမတွက်နိုင်တဲ့ အနက်ရောင်အစက်တွေနဲ့ ဖွဲ့စည်းထားတဲ့ မျဉ်းကြောင်းတစ်ခု ဖြစ်တယ်… အဲ့ဒီမှာ ဘယ်ညာ နိယာမ၊ အပေါ်အောက် နိယာမ မရှိဘူး ”
“ ဒီဒုတိယအလွှာမှာတော့ ဘယ်ညာ နိယာမက ပြန်ထွက်ပေါ်လာတယ်… ဒါပေမဲ့ အပေါ်အောက် နိယာမက မရှိသေးဘူး ”
“ ဘာလို့လဲဆိုတော့ ဒီလောကက ကြေးမုံထဲက လောကဖြစ်လို့ပဲ… ပြီးတော့ ကြေးမုံကိုယ်တိုင်က ပြားချပ်နေလို့ပဲ… ”
“ အဲ့ဒါက ပန်းချီကားနဲ့ ဆင်တူတယ် ”
“ ငါက ပန်းချီကားထဲမှာ ရှိနေတယ် ”
“ ဒီတော့ ပန်းချီကားထဲက ငါ့ရဲ့ စိတ်အာရုံရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ငါမြင်နေသမျှအရာအားလုံးက မှောင်မည်းနေပြီး အရမ်းကျယ်ပြောတယ်… ဒါပေမဲ့ ပန်းချီကားအပြင်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီနေရာက လောကတစ်ခုပဲ ”
“ ဘာလို့ ဝမ်းသာပျော်ရွှင်မှုတစ်ခုတည်း ဒီနေရာမှာ ရှိနေတာလဲဆိုတော့ အဲ့ဒါက ဒီပန်းချီကားရဲ့ အဓိကတေးသွားဖြစ်လို့ပဲ… ဒါကြောင့် ပန်းချီကားထဲက သက်ရှိအားလုံးဟာ မပျော်ရွှင်ဘဲ နေလို့မရဘူး ”
“ ဒါဆိုရင် ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းက ဘာလဲ ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
အချိန်တစ်ခဏကြာပြီးနောက် သူက သုံးသပ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
သူက အချိန်လေဟာနယ်အာဏာစက်ကို အတိုင်းအတာတစ်ခုထိ ဖယ်ရှားလိုက်ပြီး သူ၏ အတွေးများကို အဆင့်နိမ့်ကျသွားစေသည်။ ထိုအခါ သူက အပြာရောင်အရိပ်အဖြစ် ပြန်ပြောင်းလဲသွားသည်။ ဤရိုးစင်းသော လောကထဲ၌ သူက ဝမ်းသာပျော်ရွှင်မှုထဲမှာ နစ်မြှုပ်သွားသည်။
သူက လိမ္မော်ရောင် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းလိုက်သည်။
အချိန်က တရွေ့ရွေ့ စီးဆင်းသွားပြီး အမည်မသိ အချိန်ကာလတစ်ခု ကုန်ဆုံးသွားသည်။ ဝမ်းသာပျော်ရွှင်မှုက ကြီးမားသော အတိုင်းအတာတစ်ခုထိ တိုးပွားသွားပြီး လောကတစ်ခုလုံး အရိပ်များဖြင့် ပြည့်နှက်သွားသည့်အခိုက် ဤလောကက အရေးကြီးအမှတ်သို့ ရောက်ရှိသွားဟန် ရ၏။
ထိုအခါ ရွှီချင်းက လိမ္မော်ရောင်ကို မြင်တွေ့သွားသည်။
“ မဟာနတ်ဆိုးဘုရင် ရောက်လာပြီ ”
ထိုအခိုက်အတန့်မှာ စူးရှသော အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ယင်းက အလွန်ကျယ်လောင်ပြီး ကမ္ဘာတုန်ဟီးသွားစေရန် လုံလောက်သည်။ ထိုအသံက နေရာအနှံ့သို့ ပျံ့လွင့်သွားပြီး အရိပ်အားလုံး၏ စိတ်အာရုံထဲသို့ ကျရောက်သွားသည်။
ချက်ချင်းဆိုသလို ပန်းချီကားထဲမှ တေးသွားက ပြောင်းလဲသွားသည့်အလား ဝမ်းသာပျော်ရွှင်မှုက ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုက ထွက်ပေါ်လာသည်။
လိမ္မော်ရောင်က ဆင်းသက်လာသည်။
ယင်းက ဆက်လက် ပျံ့နှံ့သွားပြီး ပိုပြီးနီးကပ်လာသည်။
ရွှီချင်း၏ နှလုံးသားထဲမှ ဝမ်းသာပျော်ရွှင်သော စိတ်ခံစားချက်သည်လည်း ပျောက်ကွယ်သွားသည်။ အဆုံးမဲ့သော ကြောက်ရွံ့မှုက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ သူက အချိန်လေဟာနယ်အာဏာစက်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ ယင်းက သူ့အား အဆင့်ပိုမြင့်သော မြင်နိုင်စွမ်းကို ပေးသည်။
ထိုအခါ သူမြင်လိုက်ရသည်မှာ အရိပ်များဖြင့် ပြည့်နှက်နေသော အဖြူရောင်လောကထဲတွင် ဧရာမပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်က လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာဖုံးတစ်ခု ရှိသည်။ သူ၏ တစ်ကိုယ်လုံးမှ အဆုံးမဲ့သော နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူက လက်တစ်ဖက်တွင် ရေပုံးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် စုတ်တံကို ကိုင်ထားသည်။
ရေပုံးက လိမ္မော်ရောင်ဖြစ်ပြီး ရေပုံးထဲတွင် လိမ္မော်ရောင်ဆေးရည် ရှိသည်။ သို့သော်လည်း စုတ်တံသည်တော့ အရောင်ကင်းမဲ့နေသည်။
သူက မြန်ဆန်စွာ ဆင်းသက်လာပြီး တခြားအရိပ်များထံသို့ ခုန်အုပ်လိုက်သည်။
သူ၏ အလျင်က အလွန်မြန်ဆန်လေရာ ဤလောကမှ အရိပ်များက သူ့ကို မရှောင်တိမ်းနိုင်ကြပေ။ မဟာနတ်ဆိုးဘုရင်က အရိပ်များကို ဖမ်းမိသွားသည်နှင့်ချက်ချင်း သူ၏ လက်ထဲမှ စုတ်တံကို ဝှေ့ယမ်းလိုက်ပြီး အရိပ်များထံမှ အရောင်များကို ယူဆောင်လိုက်သည်။
ယင်းက အရိပ်များကို အရောင်ဆုံးရှုံးသွားစေပြီး အနက်ရောင်သို့ ပြောင်းလဲသွားစေသည်။
ထို့နောက် ၎င်းတို့က ဤလောကနှင့် ပေါင်းစပ်သွားပြီး မရေမတွက်နိုင်သော အစက်များအဖြစ် လွင့်ပြယ်သွားကြသည်။
ဤသည်မှာ ၎င်းတို့က ပထမအလွှာသို့ ပြန်ရောက်သွားသည့်အလားပင်။
ဤလောက၏ နားလည်မှုအရတော့ ထိုသူက အမှန်တကယ်ပင် မဟာနတ်ဆိုးဘုရင်ဖြစ်သည်။
သူ၏ ရောက်ရှိလာမှုက အရောင်များနှင့် အသက်ဓာတ်ကို အဝေးသို့ ယူဆောင်သွားပြီး အရာအားလုံးကို ပထမအလွှာဆီသို့ ပြန်ပို့လွှတ်လိုက်သည်။
သို့သော်လည်း အရိပ်အားလုံးက ထိုသို့မဟုတ်ပေ။
ဝိသေသလက္ခဏာတချို့ကို ပိုင်ဆိုင်ထားဟန်ရသော အရိပ်တချို့ ရှိသည်။ ၎င်းတို့၏ အရောင်ကိုတော့ နတ်ဆိုးဘုရင်က မယူဆောင်သွားပေ။ ယင်းအစား သူက စုတ်တံကို လိမ္မော်ရောင်ဆေးရည်ပုံးထဲသို့ နှစ်လိုက်ပြီး ထိုအရိပ်များကို သုတ်လိုက်သည်။
သူက အရိပ်များကို လိမ္မော်ရောင်ဆေးခြယ်လိုက်သည်။
ထို့နောက် လိမ္မော်ရောင်အရိပ်များက ဆေးပုံးထဲသို့ ကျဆင်းသွားကြသည်။
ရွှီချင်းသည်လည်း ၎င်းတို့ထဲမှာ ပါဝင်သည်။
သူဆေးခြယ်ခံလိုက်ရသည့်အခိုက် သူ၏ အချိန်လေဟာနယ်အာဏာစက်က ဖိနှိပ်ခံလိုက်ရသည်။
ယင်းကို သူမခုခံနိုင်သလို မရှောင်တိမ်းနိုင်ပေ။ သူက ဆေးပုံး၏ ဝါးမျိုခံနေရခြင်းကို ကူကယ်ရာမဲ့စွာ ကြည့်နေရသည်။
ယင်းက ရွှီချင်း၏ နှလုံးကို အပြင်းအထန် တုန်ယင်သွားစေသည်။
ဆေးပုံးထဲတွင်တော့ မြို့တစ်မြို့ တည်ရှိသည်။
ယင်းက လိမ္မော်ရောင်မြို့ ဖြစ်သည်။
မြို့ထဲတွင်လည်း အရိပ်များ ရှိကြသည်။ ၎င်းတို့အားလုံးက ရွှီချင်းကဲ့သို့ လိမ္မော်ရောင် ဖြစ်ကြသည်။
သူက မြို့ထဲသို့ ကျရောက်သွားသည့်အခိုက် ဤမြို့၏ ဒေသခံတစ်ယောက် ဖြစ်လာဟန် ရ၏။ တစ်ချိန်တည်းမှာ သူက အိပ်ငိုက်လာသည်။
ထိုခံစားမှုက သူ၏ အာဏာစက်ထက် သာလွန်သည်။ အချိန်လေဟာနယ်အာဏာစက်ကို အချိန်ပြည့် ထိန်းထားခဲ့သည့် ရွှီချင်းက ဤအခိုက်အတန့်မှာ အိပ်ငိုက်ခြင်းကို ခုခံရန် အလွန်ခက်ခဲနေသည်။
အဘယ့်ကြောင့်ဆိုသော် ဤလိမ္မော်ရောင်မြို့ထဲမှ အရိပ်အားလုံးသည် ကိစ္စတစ်ခုတည်းကိုသာ လုပ်ဆောင်ကြသည်။
ယင်းက အိပ်စက်ပြီး အိမ်မက်များကို ဖန်တီးရခြင်း ဖြစ်သည်။
နတ်သမီးပုံပြင်များနှင့် ဆင်တူသော အိပ်မက်အမျိုးမျိုးက နောက်ပိုင်းတွင် အတူတကွ စုဝေးသွားကြပြီး ပြီးပြည့်စုံသော နတ်သမီးပုံပြင်လောကတစ်ခုကို ဖန်တီးရန် ဆောင်ရွက်နေကြသည်။
ရွှီချင်းသည်လည်း ချွင်းချက်မဟုတ်ပေ။
ဤလိမ္မော်ရောင်မြို့ထဲတွင် သူက ရွေးချယ်စရာမရှိဘဲ မျက်လုံးမှိတ်လိုက်ရပြီး သူ့ကိုယ်သူ အိမ်မက်ထဲမှာ နစ်မြှုပ်လိုက်သည်။
အိမ်မက်တစ်ခုပြီးတစ်ခုက သူ၏ စိတ်ထဲမှာ ဖွဲ့စည်းသွားကြသည်။ ထို့နောက် အိမ်မက်များက လောဘတကြီး စုပ်ယူခံလိုက်ရသည်။
ယင်းက စက်ဝိုင်းသဖွယ် လှည့်ပတ်နေပြီး အဆုံးမရှိပေ။
သူက ပြန်မနိုးလာပေ။
ရံဖန်ရံခါ ရွှီချင်းက သူ၏ အိမ်မက်များထဲ၌ ထိုသို့သူလုပ်ဆောင်နေရသည့် အကြောင်းအရင်းကို စဉ်းစားလိမ့်မည်။
တဖြည်းဖြည်း သူက သူ့ကိုယ်သူ မိုးသောက်အင်မော်တယ်အရှင်သခင်အဖြစ် စိတ်ကူးကြည့်လိုက်သည်။ သူက မိုးသောက်အင်မော်တယ်အရှင်သခင်၏ ရှုထောင့်မှတဆင့် သူ့သေဆုံးမှု၏ အတွေးများမှ ဖြစ်ပေါ်လာသော ဤလောကကို တွေ့ကြုံခံစားလိုက်သည်။
သို့ဖြစ်၍ ရွှီချင်းဆီမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။
ဤလိမ္မော်ရောင်မြို့က အင်မော်တယ်မြို့တော်ကို ရည်ညွှန်းထားခြင်း ဖြစ်နိုင်၏။
သို့ဆိုလျှင် မဟာနတ်ဆိုးဘုရင်က မည်သူ့ကို ရည်ညွှန်းသနည်း။
၎င်းက တစ်စုံတစ်ယောက်ကို ရည်ညွှန်းထားခြင်း ဖြစ်နိုင်သည်။
ထိုသို့ဖြင့် အချိန်ကုန်ဆုံးသွားသည်။
အချိန်မည်မျှကုန်ဆုံးသွားကြောင်း သူမသိပေ။ ရွှီချင်း၏ အိမ်မက်က အစမရှိသလို အဆုံးမရှိပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ သေးငယ်သော အဖြူရောင်ပုံရိပ်တစ်ခုက သူ့အိမ်မက်ထဲမှာ ထွက်ပေါ်လာသည်။
ထိုပုံရိပ်လေးကို ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် အကြမ်းဖျဉ်း ပုံဖော်ထားသည်။ ၎င်းမှာ ပုံစံမကျသော ဧရာမဦးခေါင်းတစ်လုံး ရှိသည်။ ဦးခေါင်းက ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ထိ နေရာယူထားသည်။ ၎င်း၏ နဖူးပေါ်တွင် စာလုံးလေးလုံးကို ရေးသားထားသည်။
ထို့ပြင် ၎င်း၏ တစ်ကိုယ်လုံးက အလွန်ရိုးရှင်းသည်။ ၎င်းက ကျောပေါ်တွင် ရောင်စုံအထုပ်တစ်ထုပ်ကို သယ်ဆောင်ထားသည်။ ၎င်းက ခိုးကြောင်ခိုးဝှက်ဖြင့် ရွှီချင်း၏ အိမ်မက်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။
၎င်းက မည်သည့်စကားမှ မပြောဘဲ ရွှီချင်း၏ အရှေ့မှာ လက်ဖျောက်တီးလိုက်သည်။
ဖျောက်…
ထိုအသံက မိုးခြိမ်းသံပမာ အလွန်ကျယ်လောင်ပြီး ရွှီချင်း၏ စိတ်ထဲမှာ အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည်။
ယင်းက ရွှီချင်း၏ အသိစိတ်ကို အချိန်တိုလေးအတွင်းမှာ ပြန်နိုးကြားလာစေသည်။
ရွှီချင်းနိုးလာသည်ကို မြင်သောအခါ ကောင်လေးက ပြုံးလိုက်ပြီး ၎င်း၏ နဖူးပေါ်မှ စာလုံးလေးလုံးကို ညွှန်ပြလိုက်သည်။ ထို့နောက် ၎င်းက အဝေးသို့ လက်ညှိုးညွှန်လိုက်သည်။ ထိုမှတဖန် ၎င်းက ရောင်စုံဆေးမှုန်များကို သယ်ဆောင်ထားသော ၎င်း၏ နောက်ကျောကို ညွှန်ပြလိုက်သည်။ ထို့နောက် ၎င်းက ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အသိစိတ်ရှင်းလင်းနေသော ဤအခိုက်အတန့်လေးမှာ သူက အိမ်မက်ထဲ၌ ပြန့်ကျဲနေသော သူ၏ အတွေးများကို မြန်ဆန်စွာ ပြန်စုဝေးလိုက်သည်။ ထို့နောက် သူက သူ့အရှေ့မှ ပုံရိပ်၏ လုပ်ဆောင်မှုများနှင့် အမူအရာများကို ကြည့်၍ ဆင်ခြင်သုံးသပ်လိုက်သည်။
အဖြေတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဒီကောင်လေးက မိုးသောက်အင်မော်တယ်အရှင်သခင် မသေဆုံးခင် နောက်ဆုံးကျန်ရစ်ခဲ့တဲ့ အသိစိတ်အမျှင်တန်းဖြစ်နိုင်တယ် ”
ရွှီချင်းက သူ၏ အရှေ့မှ ကောင်လေးနှင့် ၎င်း၏ နဖူးပေါ်မှ စာလုံးလေးလုံးကို ကြည့်လိုက်သည်။
‘ ငါက မိုးသောက် ’
ရွှီချင်းသည် မည်သို့ပြန်ပြောရမည်ကို မသိပေ။ ကောင်လေး၏ နဖူးပေါ်မှ စာလုံးများက သူ့အား အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။
“ သူထွက်ပေါ်လာတာက ငါ့မှာ အချိန်လေဟာနယ်အာဏာစက် ရှိလို့များလား… ဒါမှမဟုတ် သူက ဒုတိယအလွှာဆီ ဝင်ရောက်လာတဲ့ အပြင်လူအားလုံးရဲ့ အရှေ့မှာ ထွက်ပေါ်လာတာလား… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်… မိုးသောက်အင်မော်တယ်အရှင်သခင် ဖန်တီးထားတဲ့ ဒီဒုတိယအလွှာကနေ ထွက်ခွာနိုင်မယ့် နည်းလမ်းကို ငါသိသွားပြီ ”
“ အဲ့ဒါက ငါ့ကိုယ်ငါ ရောင်စုံဆေးမှုန်တွေနဲ့ သုတ်လိမ်းတာနဲ့ ဆက်စပ်နေတယ်… ငါက ဒီနေရာက အရောင်နဲ့ မတူညီတဲ့ တခြားအရောင်ကို ရွေးချယ်ရလိမ့်မယ်… အဲ့ဒါက ပုန်ကန်တာကို ဆိုလိုတာပဲ ”
ကောင်လေးက ရွှီချင်း၏ အတွေးများကို ထွင်းဖောက်မြင်နိုင်သည့်အလား ၎င်း၏ မျက်နှာပေါ်မှ မျှော်လင့်မှုက ပိုပြီးထင်ရှားလာသည်။
ရွှီချင်းက တိတ်တဆိတ် ခေါင်းခါလိုက်သည်။
“ တကယ်လို့ ဒီလူက တကယ်ပဲ မိုးသောက်အင်မော်တယ်အရှင်သခင်ဆိုရင် အင်မော်တယ်ဘုရင်အပေါ် သူ့ရဲ့ မကျေမချမ်းစိတ်က အထွတ်အထိပ်ကို ရောက်နေရမယ်… ဒီတော့ သူဖန်တီးထားတဲ့ ဒီလောကကနေ ထွက်ခွာနိုင်မယ့် နည်းလမ်းက အတိတ်မှာ သူရွေးချယ်ခဲ့တဲ့ အရာနဲ့ တူညီနေလောက်တယ်… ”
“ ဒါပေမဲ့ ဘယ်လိုပဲစဉ်းစားပါစေ တခြားနည်းလမ်းတစ်ခု မရှိတဲ့ပုံပဲ ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဖမ်းဆုပ်လိုက်သည်။ သူက ကောင်လေး၏ နောက်ကျောပေါ်မှ ရောင်စုံဆေးမှုန်များကို ဆုပ်ကိုင်လိုက်ပြီး ယင်းတို့ကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ သုတ်လိမ်းလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ လိမ္မော်ရောင်က ရောင်စုံအဖြစ် ပြောင်းလဲသွားသည်။
မြို့တစ်ခုလုံးက ဤအခိုက်အတန့်မှာ ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ မြေကြီးက တုန်ယင်သွားပြီး တောင်တန်းများက လှုပ်ခါသွားသည့်အလားပင်။ နက်ရှိုင်းသော ဟိန်းသံက ဟင်းလင်းပြင်ထဲမှ ပဲ့တင်ထပ်လာပြီး လောကကို အရောင်ကင်းမဲ့သွားစေသည်။
ချက်ချင်းဆိုသလို အဆုံးမဲ့သော လိမ္မော်ရောင်က ဧရာမလက်တစ်ဖက်အဖြစ် စုဝေးသွားပြီး ကောင်းကင်ပေါ်မှ သက်ဆင်းလာသည်။ လိမ္မော်ရောင်လက်က ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
“ မဟာနတ်ဆိုးဘုရင် ဒီရောက်လာပြီ… သားလေး မြန်မြန်ပြေးတော့ ”
ကောင်လေးက စိတ်လှုပ်ရှားသွားပြီး ပထမဆုံးအကြိမ် စူးရှရှအသံဖြင့် စကားပြောလိုက်သည်။
၎င်းက စကားပြောနေရင်း လက်မြှောက်လိုက်ပြီး ၎င်း၏ အရှေ့တွင် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် ၎င်းက စက်ဝိုင်းထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။
ရွှီချင်းသည်လည်း စက်ဝိုင်းထဲသို့ လိုက်ဝင်သွားသည်။
နောက်အခိုက်အတန့်မှာ စက်ဝိုင်းက ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့ထွက်သွားသည်နှင့်တစ်ပြိုင်နက် လိမ္မော်ရောင်လက်ဝါးက ကျဆင်းလာသည်။ ၎င်းက အစောနက ရွှီချင်းရှိနေခဲ့သော နေရာကို ဖမ်းဆုပ်လိုက်သည်။ သို့သော်လည်း ၎င်း၏ ပစ်မှတ်က နေရာမှာ မရှိတော့ပေ။
ထို့နောက် ဒေါသတကြီး ဟိန်းသံက ပျံ့လွင့်လာသည်။
ထိုအခါ မြို့ထဲ၌ အိပ်စက်နေကြသော လိမ္မော်ရောင်ပုံရိပ်အားလုံးက နိုးလာကြသည်။
နောက်အခိုက်အတန့်မှာ ၎င်းတို့က ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး လိမ္မော်ရောင်ဆေးပုံးထဲမှ ပြန်ထွက်သွားကြသည်။ ၎င်းတို့က အပြင်သို့ ထွက်လာကြပြီးနောက် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။
၎င်းတို့က လိုက်ရှာဖွေကြသည်။
တစ်ချိန်တည်းမှာ ၎င်းတို့က ဤလောကကို လိမ္မော်ရောင်အဖြစ် ဆေးခြယ်လိုက်ကြသည်။