← Chapters

နတ်သမီးပုံပြင်ထဲမှ လွတ်မြောက်ခြင်း

Vol. 105 Ch. 1614

နတ်သမီးပုံပြင်ထဲမှ လွတ်မြောက်ခြင်း

Vol. 105 Ch. 1614

ပန်းချီကားဖြစ်သော ဒုတိယအလွှာသည် ဤအခိုက်အတန့်မှာ အပိုင်းနှစ်ပိုင်း ခွဲခြားခံလိုက်ရဟန် ရသည်။

လိမ္မော်ရောင်အပိုင်းက မြန်ဆန်စွာ ပျံ့နှံ့သွားနေပြီး အဖြူရောင်အပိုင်းကို အပြည့်အဝ အရောင်ဆိုးချင်နေသည်။

ယင်းက လိုက်ရှာဖွေခြင်းနှင့် ဆင်တူသည်။

လိမ္မော်ရောင်ပင်လယ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ဟိန်းဟောက်လိုက်သည်။ အဆုံးမဲ့သော နတ်ဆိုးအရှိန်အဝါကို သယ်ဆောင်ထားသည့် မဟာနတ်ဆိုးဘုရင်၏ ပုံရိပ်က လိမ္မော်ရောင်ပင်လယ်ထဲမှာ မြန်ဆန်စွာ ရွေ့လျားနေပြီး သူ၏ အရှေ့၌ ထွက်ပြေးနေသော ရောင်စုံပုံရိပ်နှင့် နီးသထက် ပိုနီးကပ်လာသည်။

ထိုရောင်စုံပုံရိပ်က ရွှီချင်းဖြစ်သည်။

ယခုအချိန်မှာ သူက ခွန်အားအလုံးစုံကို အသုံးပြု၍ ထွက်ပြေးနေသည်။

ဟိန်းသံသည် သူ့အနောက်မှ လိမ္မော်ရောင်ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး အလွန်ပြင်းထန်သော အန္တရာယ်ကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ သူက ခြေတစ်လှမ်းမျှ နှောင့်နှေးသွားမည်ဆိုလျှင် လိမ္မော်ရောင်ပင်လယ်၏ ဝါးမျိုခံရလိမ့်မည့်အလားပင်။

ကောင်လေးသည်လည်း ထွက်ပြေးနေသည်။ သို့သော်လည်း ၎င်းက အေးဆေးတည်ငြိမ်သည်။ ၎င်းက ရွှီချင်းထက် အနည်းငယ် ပိုမြန်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ မြန်မြန်ပြေး… မဟာနတ်ဆိုးဘုရင် ဒီရောက်လာပြီ ”

“ ဟေး… နတ်ဆိုးဘုရင်… မင်းမှာ တကယ်ပဲ အစွမ်းရှိတယ်ဆိုရင် မြန်မြန်လိုက်ဖမ်းပြီး ငါ့သားကို ဝါးမျိုပစ်လေ… အဲ့ဒါဆိုရင် မင်းကို အစွမ်းထက်တယ်လို့ ငါသဘောထားပေးမယ် ”

“ လာစမ်းပါ… မင်းရဲ့ အစွမ်းထက်ဆုံး စွမ်းအင်တွေကို အသုံးပြုပြီးတော့ ငါ့သားကို သေအောင် ရိုက်စမ်းပါ ”

“ သားလေး… မင်းပြေးတာ ဘာလို့ အရမ်းနှေးနေတာလဲ… ငါမင်းကို ပြောထားမယ်နော်… တကယ်လို့ မင်းထပ်အဖမ်းခံရရင် ဒီတစ်ကြိမ်တော့ ဖေဖေ လာကယ်တော့မှာ မဟုတ်ဘူး ”

ကောင်လေး၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ ရွှီချင်းက စိတ်ကသိကအောက်ဖြစ်သွားသည်။ နတ်ဆိုးဘုရင်သည်လည်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူက ရန်စခံလိုက်ရသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အနောက်မှ လိမ္မော်ရောင်ပင်လယ်က တစ်ဟုန်ထိုး အားကောင်းလာသည်။ တစ်ချိန်တည်းမှာ သူ၏ အသွင်သဏ္ဍာန်က ကြီးကြီးမားမား ပြောင်းလဲသွားသည်။ သူ၏ ရယ်စရာကောင်းသော ပုံရိပ်က ရက်စက်ကြမ်းကြုတ်သော လိပ်မြွေအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက အတော်လေး အရုပ်ဆိုးသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်းက မာန်ဖီလိုက်ပြီးနောက် အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။

ရွှီချင်း၏ အမူအရာက သိသာစွာ ပြောင်းလဲသွားပြီး သူက အမြန်တိမ်းရှောင်လိုက်သည်။ ကံကောင်းစွာဖြင့် သူက လိပ်မြွေ၏ ပြင်းထန်သော တိုက်ခိုက်မှုကို လက်တစ်လုံးခြား၍ ရှောင်တိမ်းနိုင်သွားသည်။

ထိုစဉ် ကောင်လေးက ဝမ်းသာပျော်ရွှင်စွာ ပြောသည်။

“ ကြည့်စမ်း ကြည့်စမ်း… ငါထင်သားပဲ… နတ်ဆိုးဘုရင်… တကယ်တော့ မင်းက လိပ်ဖိုးဖိုးပဲ ”

ထိုစကားက နတ်ဆိုးဘုရင်ကို ပိုပြီးဒေါသထွက်သွားစေသည်။

နောက်အခိုက်အတန့်မှာ လိမ္မော်ရောင်လိပ်မြွေက ထပ်မံ အသွင်ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် ၎င်းက လိမ္မော်ရောင်ဖားအဖြစ် ပြောင်းလဲသွားသည်။

ဖား၏ ခန္ဓာကိုယ်ပေါ်တွင် လိမ္မော်ရောင်ရွှံ့မြေက ကပ်တွယ်နေပြီး ၎င်း၏ ပါးစပ်ထဲမှ မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော အော်မြည်သံက ထွက်ပေါ်လာသည်။ ရံဖန်ရံခါ ၎င်းက အပေါ်သို့ ခုန်လိုက်ပြီး လိမ္မော်ရောင်ရွှံ့တုံးကို ထွေးထုတ်လေ့ရှိသည်။ ၎င်း၏ အရုပ်ဆိုးမှုက အစောနက လိပ်မြွေထက် သာလွန်ရုံသာမက ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုသည်လည်း သာလွန်သည်။

မြန်ဆန်စွာ ထွက်ပြေးနေသော ရွှီချင်းက ဖော်မပြနိုင်သော ဖိအားကို ခံစားမိသွားသည်။ သူမရှောင်တိမ်းနိုင်လုနီးပါး ဖြစ်ခဲ့သော အကြိမ်ရေအနည်းငယ်ပင် ရှိခဲ့သည်။

သို့သော်လည်း ကောင်လေး၏ မျက်လုံးထဲတွင် ရွှီချင်း၏ ဒုက္ခများက ၎င်းအတွက်တော့ စိတ်လှုပ်ရှားစရာ ဖြစ်သည်။

“ ဟား ဟား… လိပ်ဖိုးဖိုး… ဒီတစ်ခါကျတော့ မင်းက ပိုပြီးအရုပ်ဆိုးတဲ့ ဖားအဖြစ် ပြောင်းသွားပြန်ပြီ… ဘယ်လောက် ရွံစရာကောင်းလိုက်လဲ… မင်းက ရွှံ့တုံးတွေကို ထွေးထုတ်တာကလွဲပြီး ဘာလုပ်နိုင်မှာမို့လို့လဲ ”

ယင်းကို ကြားသောအခါ ရွှီချင်းက ကျောချမ်းသွားသည်။ ချက်ချင်းဆိုသလို သူ့အနောက်မှ လိမ္မော်ရောင်ပင်လယ်က နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။ လိမ္မော်ရောင်ဖားက ပျောက်ကွယ်သွားပြီး ထိုနေရာမှာ ဧရာမပင်လယ်မျှော့က ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ရှည်လျားသော လိမ္မော်ရောင်ခြည်မျှင်ကို ထွေးထုတ်လိုက်သည်။ ချည်မျှင်က ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ရွှီချင်းဆီသို့ ဦးတည်သွားသည်။

ကောင်လေးက ပိုပြီးစိတ်လှုပ်ရှားသွားသည်။

“ ဦးခေါင်းမရှိ မျက်နှာမရှိတဲ့ သောက်အဖိုးကြီး… ဒီတစ်ကြိမ် မင်းရဲ့ အသွင်က မင်းနဲ့ အလိုက်ဖက်ဆုံးပဲ… မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ဟာတွေက ဆူးချွန်တွေဆိုပေမဲ့ အမွှေးတွေလိုပဲ နူးညံ့တယ် ”

“ မင်းရဲ့ အဆိုးဆုံး အပိုင်းကတော့ အခု မင်းက သေးပေါက်လိုက်တာပဲ… သားလေး မြန်မြန် ရှောင်လိုက်… အခု အဲ့ဒီလိပ်ဖိုးဖိုးက ရူးသွားပြီး ငါတို့ကို သေးနဲ့ ပန်းလိုက်တယ် ”

သူတို့က ဆက်လက် မတိမ်းရှောင်နိုင်ဘဲ လိမ္မော်ရောင်အလင်းဖြင့် ဖုံးလွှမ်းခံရတော့မည့်ကို မြင်သောအခါ ကောင်လေးက ရုတ်တရက် လက်မြှောက်လိုက်ပြီး ၎င်း၏ အရှေ့မှာ စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် ၎င်းက စက်ဝိုင်းထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းသည်လည်း ချက်ချင်း လိုက်ဝင်သွားသည်။

သူတို့က ပြန်ထွက်ပေါ်လာသည့်အခါ တခြားဦးတည်ရာဆီသို့ ရောက်ရှိသွားကြသည်။ ကောင်လေးက ခါးထောက်လိုက်ပြီး ၎င်း၏ ဦးခေါင်းကို လှုပ်ယမ်းလိုက်ကာ မောက်မာထောင်လွှားစွာ ပြောသည်။

“ သားလေး… ဘာမှမကြောက်နဲ့… အဲ့ဒီအဖိုးကြီးရဲ့ သေးက ဒီထိ မရောက်နိုင်ဘူး ”

ရွှီချင်းက ဆွံ့အသွားသည်။ ဤအခိုက်အတန့်မှာ သူ့အနောက်မှ လိမ္မော်ရောင်ပင်လယ်နတ်ဆိုးဘုရင်၏ အသွင်သဏ္ဍာန်များက အလွန်အရုပ်ဆိုးပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း သူပြောနိုင်သည်။ ရှင်းလင်းစွာပင် ကောင်လေးအပေါ်ထားသော သူ၏ အမုန်းတရားနှင့် မကျေမချမ်းစိတ်က အင်မော်တယ်ဘုရင်အတွက် ရည်ရွယ်သည်။

ထို့ကြောင့် ကောင်လေးက နတ်ဆိုးဘုရင်ကို အရူးလုပ်နေခြင်း ဖြစ်သည်။

တစ်ဖက်လူက သူ့အား သားဟု ခေါ်နေခြင်းကိုတော့ ရွှီချင်းက စိတ်မဝင်စားပေ။ ဤအခိုက်အတန့်မှာ ထိုကောင်လေးက အနည်းငယ် စိတ်မူမမှန်ကြောင်း သူနားလည်သွားသည်။

တစ်ချိန်တည်းမှာ လိမ္မော်ရောင်ပင်လယ်က ဝုန်းခနဲ မြည်ဟိန်းသွားပြီး လှိုင်းလုံးများက ကောင်းကင်အထိ မြှောက်တတ်သွားကြသည်။ ဤတစ်ကြိမ်တွင် ၎င်းက နောက်ထပ် အသွင်မပြောင်းလဲတော့ပေ။ ယင်းအစား ၎င်းက မဟာနတ်ဆိုးဘုရင်၏ စစ်မှန်သော အသွင်သဏ္ဍာန်ဖြင့် ပင်လယ်ထဲမှ ထွက်လျှောက်လာပြီး သွေးမုန်တိုင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ပြင်းထန်သော အားလှိုင်းဂယက်များက လောကတစ်ခွင့်သို့ ပျံ့နှံ့သွားကြသည်။

သူက ရွှီချင်းနောက်သို့ လိုက်ဖမ်းသည်။

ကောင်လေးက အလန့်တကြား အော်ပြောလိုက်သည်။

“ သူဒေါသထွက်နေပြီ… သူဒေါသထွက်နေပြီ ”

၎င်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း နတ်ဆိုးဘုရင်က သူ၏ ဘယ်လက်ထဲမှ ဆေးပုံးကို အပြင်းအထန် လွှဲယမ်းလိုက်သည်။ ထိုအခါ လိမ္မော်ရောင်ဆေးရည်က ကောင်းကင်တစ်ခွင် ပြန့်ကျဲသွားသည်။

ယင်းက ရွှီချင်း၏ တည်နေရာအားလုံးကို ဖုံးလွှမ်းသွားလေရာ သူ့အား ရှောင်တိမ်းရန် အခက်တွေ့စေသည်။ အမှန်မှာ ကောင်လေးက စက်ဝိုင်းကို ထပ်မံရေးဆွဲခဲ့သော်လည်း ယင်းက ကျရှုံးသွားခဲ့သည်။

လေဟာနယ်က သက်ရောက်ခံလိုက်ရသည့်အလား ယခင်ကဲ့သို့ မပွင့်သွားပေ။

ထို့နောက် အပြင်းအထန် ဒေါသထွက်နေသော မဟာနတ်ဆိုးဘုရင်က သူ၏ ညာလက်ထဲမှ စုတ်တံကို လွှဲယမ်းလိုက်သည်။ အလွန်အားပါးသော စုတ်ချက်က ရွှီချင်းထံသို့ တန်းမတ်စွာ ကျဆင်းလာသည်။

ကြီးမားသော အန္တရာယ်ကို မြင်သောအခါ ကောင်လေးက မျက်လုံးပြူးကျယ်သွားသည်။

“ နတ်ဆိုးဘုရင်က လှုပ်ရှားမှုကြီးကို ပြုလုပ်လိုက်ပြီ ”

ထို့နောက် ကောင်လေး၏ ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားသည်။

ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားသော ၎င်း၏ ခန္ဓာကိုယ်က စတင်အရည်ပျော်သွားပြီး ပြန့်ကျဲသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ ၎င်းက ရွှီချင်းနားမလည်နိုင်သော နည်းလမ်းနှင့်အတူ ပျောက်ကွယ်သွားသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း မကြာမီ သူက မျက်မှောင်ကြုတ်ထားခြင်းကို ပြန်ဖြေလျော့လိုက်ပြီး တည်ငြိမ်စွာ ခေါင်းမော့လိုက်သည်။ သူက ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော လိမ္မော်ရောင်ပန်းချီဆေးရည်နှင့် စုတ်တံကို ကြည့်လိုက်သည်။

သူ့ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သော ထိုကောင်လေးက လမ်းတစ်ဝက်မှာ သူ့ကို ပြန်အဖမ်းခံရစေရန် ခွင့်ပြုလိမ့်မည်ဟု သူမယုံကြည်ပေ။

ယင်းက မိုးသောက်အင်မော်တယ်အရှင်သခင်၏ မကျေမချမ်းစိတ်နှင့် မလိုက်ဖက်ပေ။

“ ဒီတော့… အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု ရှိရမယ် ”

သို့ဖြစ်၍ ရွှီချင်းက လုံးဝမလှုပ်ရှားပေ။ နောက်အခိုက်အတန့်မှာ သူ၏ သုံးသပ်မှုက အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

စုတ်တံနှင့် လိမ္မော်ရောင်ဆေးရည်က ကောင်းကင်ပေါ်မှ ကျဆင်းလာသည့်အခါ ဒေါင်လိုက်မျဉ်းကြောင်းတစ်ခုက ရွှီချင်း၏ အရှေ့မှ ဗလာလေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် တစ်စုံတစ်ယောက်က အထဲမှ လှီးဖြတ်လိုက်သည့်အလား လေဟာနယ်က အက်ကွဲသွားသည်။ တစ်ဆက်တည်းမှာ ဦးခေါင်းတစ်လုံးက အထဲမှ တိုးထွက်လာသည်။

၎င်းက အစောနက ထွက်သွားခဲ့သော ကောင်လေးမှလွဲ၍ တခြားလူမဟုတ်ပေ။

၎င်းက ရွှီချင်းကို ကြည့်လိုက်ပြီး ပုံဆွဲလိုက်သည်။

၎င်းက ရွှီချင်း၏ အရှေ့မှာ နေနာရီတစ်ခုကို ရေးဆွဲလိုက်သည်။

ထို့နောက် ၎င်းက နေနာရီ၏ လက်တံကို ပြောင်းပြန်လှည့်ပတ်စေရန် ရွှီချင်းအား လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် ၎င်း၏ မျက်နှာပေါ်မှာ မျှော်လင့်မှုဖြင့် ပြည့်နှက်သွားသည်။

ယင်းက စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ဤအခိုက်အတန့်မှာ စုတ်တံနှင့် လိမ္မော်ရောင်ဆေးရည်က သူ့အပေါ်သို့ ကျရောက်လုဆဲဆဲ အခြေအနေမှာ ရှိသည်။ သို့ဖြစ်၍ ရွှီချင်းမှာ စဉ်းစားရန် အချိန်မရှိပေ။ သူက အချိန်လေဟာနယ်အာဏာစက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး နေနာရီ၏ လက်တံကို ထိတွေ့လိုက်ကာ ယင်းကို အတင်းအဓမ္မ နောက်ပြန်လှည့်ပတ်စေသည်။

အကယ်၍ တစ်စုံတစ်ယောက်က အချိန်လေဟာနယ်အာဏာစက်ကို မပိုင်ဆိုင်ထားလျှင် ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

အချိန်လေဟာနယ်အာဏာစက်ကို ပိုင်ဆိုင်ထားသူများ သို့မဟုတ် အချိန်လေဟာနယ်အာဏာစက်ရှိသော ဓမ္မရတနာများကို ပိုင်ဆိုင်ထားသူများသာ ဤနေနာရီကို ရွေ့လျားအောင် ပြုလုပ်နိုင်လိမ့်မည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက နာရီလက်တံကို ရွေ့လျားလိုက်သည့်အခါ…

အရာအားလုံး ပြောင်းပြန်လှည့်ပတ်သွားသည်။

စုတ်တံနှင့် လိမ္မော်ရောင်ဆေးရည်က ရုတ်တရက် အနောက်ပြန်ဆုတ်သွားကြသည်။

ထိုမြင်ကွင်းကို မြင်သွားသောအခါ ကောင်လေးက စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ သားလေး… မင်းက တကယ် ငါ့သားပဲ ”

ကောင်လေး၏ စကားသံက ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် မဟာနတ်ဆိုးဘုရင်၏ ဟိန်းသံက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

ထိုဟိန်းသံထဲမှာ အံ့ဖွယ်ကောင်းသော စွမ်းအင်တစ်ခု ကိန်းအောင်းနေဟန် ရ၏။ ယင်းက အချိန်လေဟာနယ်ကို တိုက်ရိုက် ပြိုကွဲသွားစေပြီး နေနာရီကို အပိုင်းပိုင်းအစစ အက်ကွဲသွားစေသည်။

စုတ်တံနှင့် လိမ္မော်ရောင်ဆေးရည်က နောက်တဖန် ပြန်ဆင်းသက်လာကြသည်။

ဤတစ်ကြိမ်တွင် ကောင်လေးက မထွက်သွားပေ။

၎င်းက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

“ ဟား ဟား… သားလေး ဘာမှမကြောက်နဲ့ ”

၎င်းက ရယ်မောလိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ ၎င်းက ရွှီချင်းနှင့် နတ်ဆိုးဘုရင်ကြားမှ လေဟာနယ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ၎င်း၏ စိတ်လှုပ်ရှားသော အမူအရာက ပြောင်းလဲသွားသည်။ ၎င်းက မောက်မာထောင်လွှားလာသည်။

၎င်းက လက်တစ်ဖက်ဖြင့် ခါးထောက်လိုက်သည့်အခါ ဝတ်ရုံတစ်ထည်က ၎င်း၏ ကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

ဓားတစ်လက်သည်လည်း ၎င်း၏ ညာလက်ထဲမှာ ထွက်ပေါ်လာသည်။

ထိုဓားက အနည်းငယ် ထူးဆန်းသည်။ ဓား၏ ဘေးပတ်ပတ်လည်တွင် အရေအတွက်များပြားသော ဒေါင်လိုက်မျဉ်းကြောင်းများ ရှိကြသည်။ ဤသည်မှာ ထိုမျဉ်းကြောင်းများက ဓား၏ ကိုယ်ရောင်ကိုယ်ဝါကို ကိုယ်စားပြုသည့်အလားပင်။

၎င်း၏ ကိုယ်ပေါ်မှ ဝတ်ရုံသည် လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော သူရဲကောင်းတေးသွားက ၎င်း၏ ဘေးပတ်ဝန်းကျင်၌ ဝေဝေဝါးဝါး ပဲ့တင်ထပ်နေသည်။

အရာအားလုံးက ဖော်ပြနေသည်မှာ ဤကောင်လေးက အမှန်တရားဘက်တော်သား ဖြစ်သည့်အလားပင်။

“ တရားမျှတမှုရဲ့ ဂုဏ်ကျက်သရေက ငါ့သားအပေါ် ထွန်းလင်းသွားစေ ”

ကောင်လေးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီးနောက် ဓားကို မြှောက်တင်လိုက်ပြီး ဟင်းလင်းပြင်ကို ခုတ်ချလိုက်သည်။

“ တရားမျှတမှုက ဒီလောကကို ဖွင့်လှစ်သွားစေ ”

ထို့နောက် ကောင်လေးက ခေါင်းမော့လိုက်ပြီး ရွှီချင်းထံသို့ ရိုးရှင်းသော မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားသည့် ပစ္စည်းတစ်ခုကို ပစ်ပေးလိုက်သည်။

“ ငါ့သား… ဒီကနေ မင်းလွတ်မြောက်သွားမယ်ဆိုရင် နတ်ဆိုးဘုရင်ရဲ့ လိုက်ဖမ်းတာကို ခံရတော့မှာမဟုတ်ဘူး… အခုချိန်ကစပြီး မင်းဘဝကို မင်းကိုယ်တိုင် ကျောင်းရတော့မယ်… စွန့်စားမှုတွေက နေရာတိုင်းမှာ မင်းကို စောင့်ကြိုနေလိမ့်မယ် ”

ရွှီချင်းက ကျောက်စိမ်းပြားကို ယူဆောင်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ လေဟာနယ်အက်ကွဲကြောင်းဆီသို့ ဦးတည်သွားသည်။

သို့သော်လည်း အက်ကွဲကြောင်းထဲသို့ သူခြေချလိုက်သည့်အခိုက် ကောင်လေး၏ အသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။

“ သွားပါ ”

“ တကယ်လို့ မင်းက ထွက်သွားဖို့ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေမယ်ဆိုရင် ငါက ဘယ်လိုလုပ် မင်းကို ခွဲနိုင်မှာလဲ ”

“ သွားပါ… အခုကစပြီး မင်းကို ဘယ်သူကမှ စောင့်ကြည့်ပေးနေမှာ မဟုတ်တော့ဘူး… မင်းသေသေ ရှင်ရှင် အားလုံးက မင်းရဲ့ ကံကြမ္မာပဲ… ”

“ အခုကစပြီး မင်းလမ်း မင်းလျှောက်ရတော့မယ်… မင်းပြုတ်ကျသွားပါစေ ဘယ်သူကမှ မင်းကို လာတွဲထူပေးမှာမဟုတ်ဘူး… အမြဲတမ်း ပြုံးထားပြီး ကြုံလာတဲ့ အခက်အခဲတိုင်းကို ခေါင်းမော့ ရင်ဆိုင်ပါ ”

“ အခုကစပြီး ဘယ်သူကမှ မင်းကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး… တခြားလူတွေကို ဘယ်လိုကာကွယ်ပေးရမလဲ မင်းသင်ယူရမယ် ”

“ အခုကစပြီး မင်း… ရင့်ကျက်လာပါ ”

“ အခုကစပြီး နတ်သမီးပုံပြင်တွေကို မကြိုက်တော့နဲ့… ”

ကောင်လေးက ပြုံးထားလျက် ပြောသည်။ စကားပြောနေစဉ် ၎င်း၏ အသံထဲမှ ဝမ်းနည်းမှုက တဖြည်းဖြည်း ပိုထင်ရှားလာသည်။

စုတ်တံနှင့် လိမ္မော်ရောင်ဆေးရည်၏ ဆင်းသက်လာမှုက နောက်တစ်ကြိမ် ရပ်တန့်သွားသည်။ ကောင်းကင်ပေါ်မှ မဟာနတ်ဆိုးဘုရင်က ယင်းတို့ကို ကြည့်ရှုနေစဉ် သူ၏ ဒေါသက လုံးဝ ပျောက်ကွယ်သွားပြီး သူ၏ အမူအရာမှာ သိမ်မွေ့ညင်သာမှုဖြင့် ပြည့်နှက်သွားသည်။

နောက်ဆုံးမှာတော့ နူးညံ့သော သက်ပြင်းချသံက ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းက မဟာနတ်ဆိုးဘုရင်၏ အသံလော၊ သို့မဟုတ် ကောင်လေး၏ အသံလော၊ သို့မဟုတ် သူတို့နှစ်ယောက်စလုံး၏ အသံက ပေါင်းစပ်သွားခြင်းလော မသေချာပေ။ မည်သို့ဖြစ်ပါစေ ထိုအသံက စကားတစ်ခွန်းအဖြစ် ပြောင်းလဲသွားသည်။

“ ဒီတော့… ဖီဆန်တယ်ဆိုတာ ဘာလဲ ငါ့သား… ”

…..

ရွှီချင်း၏ အနောက်မှ အသံက တဖြည်းဖြည်း ဝေဝါးလာလေရာ ယင်းကို ရှင်းလင်းစွာ သူမကြားနိုင်ပေ။

လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ စိတ်အာရုံက ပြောင်းလဲသွားကြောင်း ရွှီချင်း ခံစားမိသွားသည်။

သူက အမြင့်နိယာမကို ပြန်ရသွားသည်။

သူ၏ အရှေ့မှ လောကက သူရင်းနှီးကျွမ်းဝင်သော လောက ပြန်ဖြစ်သွားသည်။

ကောင်းကင်က သက်တံ့ရောင်စဉ်ဖြင့် လင်းထိန်နေပြီး ဝိညာဉ်စွမ်းအင်က နေရာတိုင်းမှာ လှိုင်းထနေသည်။ အဝေးတွင် ကောင်းကင်ဘုံတေးသံက ဝေဝေဝါးဝါး ပျံ့လွင့်နေသည်။ သူ၏ ဘေးပတ်ပတ်လည်တွင် အရောင်တလက်လက် တောက်ပသော အင်မော်တယ်နန်းဆောင်များက တည်ရှိနေကြသည်။

ဤနေရာက အင်မော်တယ်နန်းတော်မှလွဲ၍ တခြားမဟုတ်ပေ။

ရွှီချင်း၏ အသွင်သဏ္ဍာန်သည်လည်း ပြောင်းလဲသွားသည်။ သူက ရောင်စုံပုံရိပ်မဟုတ်တော့ပေ။ သူက ရုပ်ခန္ဓာကိုယ်ကို ပြန်ထုတ်ယူလိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်သည်။

ဤနေရာက အင်မော်တယ်နန်းတော်၏ တတိယအလွှာ ဖြစ်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပထမ အလွှာနှစ်ခုထံမှ သူ၏ အတွေ့အကြုံများကို ပြန်တွေးတောလိုက်သည်။ သူက ဤအတောအတွင်းမှာ ဉာဏ်အလင်းအများကြီးကို ရရှိခဲ့သည်။ ထိုအလွှာနှစ်ခု၏ ဖွဲ့စည်းတည်ဆောက်ပုံအနှစ်သာရဖြစ်စေ သို့မဟုတ် ယင်းတို့ထဲမှာ ပုန်းကွယ်နေသော နတ်သမီးပုံပြင်ဖြစ်စေ ယင်းတို့က သူ့အတွက် အလွန်တန်ဖိုးကြီးမားသည်။

ထို့ပြင် ဆရာသခင်ပိုင်နှင့် ဒုတိယအလွှာထဲမှ သူမထွက်ခွာခင် ကြားခဲ့ရသော စကားများလည်း ရှိသေးသည်။

ရွှီချင်းက ခေါင်းငုံ့လိုက်ပြီး ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးပေါ်တွင် ကျောက်စိမ်းပြားတစ်ခု ရှိသည်။

ထိုကျောက်စိမ်းပြားက ဒုတိယအလွှာမှ ကောင်လေး သူ့ကို ပေးသွားခဲ့သောအရာ ဖြစ်သည်။

အစက ဒုတိယအလွှာတွင် ထိုကျောက်စိမ်းပြားကို ရိုးရှင်းသော မျဉ်းကြောင်းများဖြင့်သာ ဖန်တီးထားသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ လက်ထဲတွင် ယင်းက အမြင့်နိယာမရှိလာပြီး ထိတွေ့နိုင်လာသည်။ ယင်းက တဖြည်းဖြည်း တကယ့်ကျောက်စိမ်းပြားအဖြစ် ပြောင်းလဲသွားသည်။

ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ကျောက်စိမ်းပြားထံသို့ ပို့လွှတ်လိုက်သည်။

ကျောက်စိမ်းပြားထဲတွင် ဘာမှမရှိပေ။ ယင်းက ဗလာကျောက်စိမ်းပြားသာ ဖြစ်သည်။

တစ်ဖက်လူက မည်သို့ကြောင့် သူ့ကို ဤကျောက်စိမ်းပြား ပေးခဲ့ကြောင်း ရွှီချင်း မသိပေ။ သူ၏ အတွေးများက ဒုတိယအလွှာမှ သူမထွက်လာခင် ကြားခဲ့ရသော စကားများပေါ်သို့ ကျရောက်သွားသည်။

“ မဟာနတ်ဆိုးဘုရင်က အင်မော်တယ်ဘုရင်ကို ကိုယ်စားပြုတယ်… ကောင်လေးကတော့ မိုးသောက်ကို ကိုယ်စားပြုတယ်… အပေါ်ယံကြည့်မယ်ဆိုရင်တော့ အဲ့ဒါက မိုးသောက်ရဲ့ ပုန်ကန်မှုပဲ… ဒါကြောင့် အင်မော်တယ်ဘုရင်က သူ့ကို လိုက်ဖမ်းပြီး သတ်ဖို့ ကြိုးစားခဲ့တယ် ”

“ ဒါပေမဲ့ အဲ့ဒီနောက်ဆုံးစကားထဲမှာ တခြားအဓိပ္ပာယ်တစ်ခု ပါဝင်နေတယ်… ”

“ အဲ့ဒါက သားအဖကြားက မေတ္တာကို ငါ့ကို ခံစားမိစေတယ် ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

“ မိုးသောက်နဲ့ အင်မော်တယ်ဘုရင်ကြားမှာ သေချာပေါက် ဇာတ်လမ်းတစ်ပုဒ်ရှိရမယ်… ဒီကျောက်စိမ်းပြားကို ဒုတိယအလွှာကနေ ရလာတာဆိုတော့ အဲ့ဒါက သေချာပေါက် သာမန်ပစ္စည်းမဖြစ်နိုင်ဘူး ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ…

အထင်သေးရှုံ့ချသော အသံက ကျောက်စိမ်းပြားထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ဟား ဟား… သားလေး… မင်းက အဲ့ဒါကို တကယ်ကြီး ယုံတာလား ”

All Chapters