တောင်ပိုင်းကောင်းကင်မှာ ရတနာ ရှိတယ်
Vol. 105 Ch. 1616
ကောင်လေး၏ စနောက်ကျီစယ်သော အသံကို ကြားသောအခါ ရွှီချင်းက သူ၏ ညာလက်ကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်သည်။
အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ကျောက်စိမ်းပြားက အက်ကွဲသွားသည်။
ထို့နောက် သူက ယိုယွင်းပျက်စီးနေသော တာအိုဟောပြောဆောင်ထဲမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းသည်။
အချိန်တစ်ခဏကြာပြီးနောက် အထိအတွေ့တစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ပြန်ရောက်လာသည်။ သူက ကျောက်စိမ်းပြားကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ချေမွဖျက်ဆီးပစ်ခဲ့သော်လည်း ယင်းက သူ၏ လက်ဖဝါးပေါ်မှာ ပြန်ထွက်ပေါ်လာဆဲပင်။
ကျောက်စိမ်းပြား၏ ပြန်ထွက်ပေါ်လာသော လုပ်ငန်းစဉ်အတွင်းမှာ ရွှီချင်းက မျက်လုံးမှိတ်ထားပြီး သေချာအာရုံခံစားသည်။
အစတွင် သူ၏ လက်ဖဝါးပေါ်မှာ အစက်တစ်စက် ထွက်ပေါ်လာသည်။
ထို့နောက် ပိုမိုများပြားသော အစက်များက ထွက်ပေါ်လာကြပြီး မျဉ်းကြောင်းများအဖြစ် ဆက်သွယ်သွားကြသည်။
ထိုမျဉ်းကြောင်းများက များပြားလာပြီး ယှက်ထွေသွားကြသည့်အခါ တဖြည်းဖြည်း မျက်နှာပြင်တစ်ခုကို ဖွဲ့စည်းသွားသည်။ ထို့နောက် ယင်းက ဒုတိယအလွှာမှ ကျောက်စိမ်းပြား၏ ပုံပန်းသဏ္ဍာန်ကို ဖွဲ့စည်းလိုက်သည်။
နောက်ဆုံးမှာတော့ ယင်းက အဓိကလောက၏ နက်နဲသိမ်မွေ့သော နိယာမတချို့ကို စုပ်ယူလိုက်သည့်အလား ကျောက်စိမ်းပြားထံတွင် အမြင့်နိယာမ ရှိလာသည်။
ထိုသို့ဖြင့် တကယ့်ကျောက်စိမ်းပြားက ရွှီချင်း၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။
ရွှီချင်းသည် ဤလုပ်ငန်းစဉ်ကို အစမှအဆုံးအထိ လေးလေးနက်နက် အာရုံစူးစိုက်ထားခဲ့သည်။
အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးနောက် သူက ဤလုပ်ငန်းစဉ်ကို အခြေခံအားဖြင့် နားလည်သဘောပေါက်သွားသည်။
“ တကယ်ပဲ ဒီကျောက်စိမ်းပြားက ဗလာနတ္ထိကနေ ဖွဲ့စည်းသွားတာပဲ… အဲ့လိုဖွဲ့စည်းဖို့အတွက် အချိန်လေဟာနယ်အာဏာစက်ကို အသုံးပြုခဲ့တယ်… ဒါပေမဲ့ ဒီအချိန်လေဟာနယ်အာဏာစက်က ငါ့ရဲ့ အာဏာစက်နဲ့ ဦးတည်ရာကွဲပြားနေတယ် ”
“ ဒီထဲမှာ တခြားစွမ်းအင်တစ်ခု ပါဝင်နေတဲ့ပုံပဲ… ဖြစ်နိုင်တာက အဲ့ဒါက စိတ်ကူးနိုင်စွမ်းများလား ”
ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။
သူ၏ အချိန်လေဟာနယ်အာဏာစက်က အချိန်နှင့် လေဟာနယ်၏ ပေါင်းစပ်မှုဖြစ်သည်။ ထိုသို့ပေါင်းစပ်နိုင်ရန် ဒြပ်စင်ငါးမျိုးက အခြေခံအုတ်မြစ်ဖြစ်သည်။ သို့ဖြစ်၍ သူ၏ အာဏာစက်က အချိန်လေဟာနယ်အပေါ် ကျယ်ပြန့်သော ရှုထောင့်မှ အခြေခံသည်။
မိုးသောက်အင်မော်တယ်အရှင်သခင်သည်တော့ အဆင့်နိမ့်ဒိုင်မန်းရှင်းတစ်ခုထံမှ ရုပ်ဝတ္ထုပစ္စည်းများကို ဖန်တီးနိုင်သော သူ၏ စွမ်းရည်က အချိန်လေဟာနယ်အပေါ် အသေးစိတ်ကျသော ရှုထောင့်မှ အခြေခံဟန် ရသည်။
ရွှီချင်းက တွေးတောနေစဉ် ကောင်လေး၏ စိတ်ဆိုးသော အသံက သူ၏ လက်ဖဝါးပေါ်ရှိ ကျောက်စိမ်းပြားထဲမှ ပျံ့လွင့်လာသည်။
“ မင်းအရမ်းလွန်သွားပြီ… ငါ စကားဆုံးအောင် ပြောပါရစေဦး ”
“ ငါမင်းကို မပြောပြဘူးလို့ မပြောခဲ့ပါဘူး ”
“ ငါ့ကို နည်းနည်းလောက် မျက်နှာသာပေးလို့ မရဘူးလား… မင်း ဒီလိုလုပ်တာ မရှက်ဘူးလား… ဘာပဲပြောပြော မင်းကို ဒုတိယအလွှာထဲကနေ ကယ်ထုတ်ပေးခဲ့တာ ငါပါ ”
“ မင်းက နှလုံးသားမရှိတဲ့ လူပဲ ”
ကောင်လေး၏ စကားကို ကြားသောအခါ ရွှီချင်းက လေးနက်စွာ တွေးတောလိုက်သည်။ တစ်ဖက်လူ၏ စကားက အဓိပ္ပာယ်ရှိကြောင်း သူခံစားမိသည်။ ထို့ကြောင့် သူက ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူက အဝတ်အစားကို သပ်သပ်ရပ်ရပ် ပြုပြင်လိုက်ပြီးနောက် လက်သီးဆုပ်၍ ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
ထိုအရိုအသေပေးမှုက ကောင်လေးကို ထပ်မံ ဆွံ့အသွားစေသည်။
ရွှီချင်းက အရိုအသေပေးလိုက်ပြီးနောက် အရှေ့သို့ ပြန်လျှောက်သွားပြီး ကျောက်စိမ်းပြားကို ကောက်ယူလိုက်သည်။ ထို့နောက် သူက အားအနည်းငယ် ထည့်၍ ကျောက်စိမ်းပြားကို ဖျစ်ညှစ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ စီနီယာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပေးပါ ”
ထိုမြင်ကွင်းက ကောင်လေးကို နှုတ်ဆိတ်သွားစေသည်။
ရွှီချင်း၏ လက်ဖဝါးထံမှ ခွန်အားကို ၎င်းခံစားမိသည်။ အကယ်၍ ရွှီချင်းသာ အနည်းငယ် အားထပ်ထည့်လိုက်မည်ဆိုလျှင် ကျောက်စိမ်းပြားက လုံးဝအက်ကွဲသွားလိမ့်မည်။
‘ ဒီကောင်က အရိုအသေပေးပြီးတဲ့နောက် ပိုပြီးတည်ငြိမ်လာတယ်လို့ ဘာလို့ ငါခံစားမိနေတာလဲ… ’
၎င်း၏ ဦးခေါင်းက အနည်းငယ် ကြီးမားသည်ဟု ကောင်လေး ခံစားမိသည်။ သို့ဖြစ်၍ ၎င်းက တခြားလူများထက် ဉာဏ်ပိုကောင်းသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသည်။ သို့သော်လည်း ရွှီချင်း၏ လုပ်ဆောင်မှုများနှင့် အတွေးများက ၎င်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
‘ ဒီလူက အရှက်သိက္ခာတွေ ဂုဏ်သိက္ခာတွေကို လုံးဝဂရုစိုက်တဲ့လူ မဟုတ်ဘူး… သူက တောင်းပန်တာနဲ့ အရိုအသေပေးတာကို ဘာမှမဟုတ်သလိုမျိုး လုပ်နိုင်တယ်… ’
‘ ဒီတော့ ဒီလူက လောကကျင့်ဝတ်အတိုင်း လိုက်နာဆောင်ရွက်တာထက် ကိုယ်တိုင်ချမှတ်ထားတဲ့ ကျင့်ဝတ်ကိုပဲ လိုက်နာတာ ဖြစ်မယ်… အရိုအသေပေးပြီးတဲ့နောက် သူက လူသတ်ဖို့ ပိုပြီးစိတ်အေးသွားနိုင်တာများလား… ’
‘ ဒီလူက ငါ့ကို တကယ်ပဲ ပါးစပ်အဟောင်းသားဖြစ်အောင် လုပ်နိုင်တယ်… အထူးသဖြင့် သူ့ရဲ့ အတွေးတွေပဲ… အား… ငါအရမ်းစိတ်ညစ်တာပဲ ’
ကောင်လေးက အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သို့သော်လည်း ၎င်းက ဖျစ်ညှစ်ခံရမည်ကို စိုးရိမ်သောကြောင့် ဒေါသထွက်စွာ အော်ပြောသည်။
“ သေစမ်း… သေစမ်းကွာ… ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
“ မဟုတ်ဘူး… ငါမင်းကို ပြောတာ မဟုတ်ဘူး ”
ကောင်လေးက အမြန်ရှင်းပြသည်။
“ ငါ့အိမ်ထဲ အတင်းဝင်ရောက်လာတဲ့ ကြွက်စုတ်တွေကို ပြောတာ… မင်းကြည့်စမ်းပါ… အဲ့ဒီကြွက်စုတ်တွေက ဘယ်လောက်တောင် လောဘကြီးလိုက်လဲဆိုတာ… သူတို့က ငါ့အိမ်ကို မြေလှန်ရှာပြီးတော့ ငါ့ပစ္စည်းအားလုံးကို သယ်သွားကြတယ်… ”
“ သူတို့က သစ်ပင်ပန်းပင်တွေကိုတောင် အသက်ချမ်းသာမပေးဘူး… သူတို့က ကြမ်းခင်းတွေရော အမိုးတွေရော ခွာယူသွားကြတယ်… တချို့ဆိုရင် အိမ်တွေကို ဖျက်ဆီးပစ်ကြတယ်… ”
“ ဒါပေမဲ့ ကံကောင်းစွာပဲ ငါ့ရဲ့ ကလေးဘဝတုန်းက ကစားစရာတစ်ခုက အခုထိ အခိုးမခံရသေးဘူး… ဒီတော့ ငါတို့တွေ သဘောတူညီမှုတစ်ခု ပြုလုပ်ရအောင်… မင်းက အဲ့ဒါကို ငါ့အတွက် သွားယူပေးပါ… အပြန်အလှန်အနေနဲ့ ကြီးမားတဲ့ သရုပ်တစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ ငါမင်းကို ပြောပြပေးမယ် ”
“ မင်းဘယ်လိုသဘောရလဲ ”
ကောင်လေး၏ ကြီးမားသော မျက်နှာက ကျောက်စိမ်းပြားပေါ်မှာ ထွက်ပေါ်လာပြီး ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“ ရတနာက တောင်ပိုင်းကောင်းကင်တောင်မှာ ရှိတယ် ”
“ အဲ့ဒါက ဒီဧရိယာထဲမှာ မဟုတ်ပေမဲ့ မင်းကို အဲ့ဒီကို သွားရောက်နိုင်စေမယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ် ”
“ မြန်မြန်ဆုံးဖြတ်ပါ… သူခိုးတချို့က အဲ့ဒီနေရာကို ချဉ်းကပ်နေပြီလို့ ငါအာရုံခံမိတယ် ”
…..
“ တာအိုရောင်းရင်းတို့ အဲ့ဒီကို ငါတို့ရောက်တော့မယ် ”
တောင်ပိုင်းကောင်းကင်တောင်ပေါ်မှ တောင်ထွတ်တစ်ခုပေါ်တွင် ပုံရိပ်လေးခုက အရှေ့သို့ ခက်ခက်ခဲခဲ ခရီးဆက်နေကြသည်။
စောစောက စကားပြောလိုက်သူသည် ဝတ်စုံနက်နှင့်တစ်ယောက် ဖြစ်သည်။
ထိုလူက သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်။ သူ၏ လက်ထဲတွင်တော့ ငွေရောင်သံလိုက်အိမ်မြှောင်တစ်ခုကို ဆုပ်ကိုင်ထားသည်။ သူ၏ မျက်နှာက တင်းမာခက်ထန်ပြီး ဦးခေါင်းပေါ်တွင် ရွှေရောင်သရဖူကို ဆောင်းထားသည်။
သူက ကျောက်ဆောင်ကျောက်တုံးများကြား၌ ဖြတ်လျှောက်နေသည်။ သူ၏ တည်နေရာက ထိုအုပ်စု၏ အနောက်မှာဖြစ်သော်လည်း သူ၏ အကြည့်က သိမ်းငှက်မျက်လုံးများသဖွယ် အလွန်စူးရှပြီး သူ၏ အရှေ့မှ သုံးယောက်ကို စစ်ဆေးကြည့်ရှုနေသည်။
သူက ထိုလူများကို စစ်ဆေးကြည့်ရှုနေစဉ် သူ၏ လက်ချောင်းများက သံလိုက်အိမ်မြှောင်ပေါ်သို့ ပေါ့ပါးစွာ ထိတွေ့လိုက်သည်။ ထိုအခါ အသံတစ်သံ ထွက်ပေါ်လာပြီး အပြင်သို့ ပျံ့လွင့်သွားသည်။ ယင်းက သူ၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကို ပုံပျက်တွန့်လိမ်စေသည်။
ဤသည်မှာ သက်လတ်ပိုင်းအမျိုးသားက သူ၏ အခွင့်အာဏာကို ကြေညာနေသည့်အလားပင်။
တစ်ချိန်တည်းမှာ သူ၏ အရှေ့မှ သုံးယောက်က တုန်ယင်သွားကြသည်။
ထိုသုံးယောက်ထဲတွင် နှစ်ယောက်က အမျိုးသားဖြစ်ပြီး တစ်ယောက်က အမျိုးသမီးဖြစ်သည်။
အမျိုးသားတစ်ယောက်က ဆံပင်တိုပြီး အနည်းငယ် ဝသည်။ သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာရှိသည်။ သူ၏ မျက်နှာသည်တော့ ရာသီဥတုဒဏ်နှင့် ပင်ပန်းဆင်းရဲဒဏ်ကို ခံစားထားရသည့်အလား မွဲပြာသည်။
သူ၏ ဘေးမှ အမျိုးသမီးသည်တော့ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သည်။ သူ၏ မျက်နှာက သိမ်မွေ့နူးညံ့သည်။ သို့သော်လည်း သူ၏ မျက်လုံးက လိမ္မော်ရောင်ဖြစ်ပြီး သူ၏ အသားအရေက အနည်းငယ် ဝါကြင့်ကြင့် ဖြစ်သည်။
သူက ဆံပင်ကို သပ်ရပ်စွာ ဆံထုံးထုံးထားပြီး သူ၏ တာအိုဝတ်စုံက အစီအစဉ်ကျသော်လည်း သူ၏ မျက်လုံးထဲမှ စိတ်မသက်မသာဖြစ်သော အရိပ်အယောင်က သူ့အား ထူးဆန်းစေသည်။
နောက်ဆုံးတစ်ယောက်က အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူက ပိန်ပါးပြီး အနည်းငယ် ခါးကိုင်းသည်။ သူ၏ ဦးခေါင်းတစ်ခုလုံးက ဆံပင်ဖြူဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်က စိတ်ဓာတ်တတ်ကြွခဲ့သော သူက ယခု ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများက ပိုမိုများပြားလာလေရာ သူက အများကြီး ပိုဇရာအိုသွားဟန် ရ၏။
အကယ်၍ ရွှီချင်းသာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုအဖိုးအိုကို အကြည့်တစ်ချက်ဖြင့် မှတ်မိသွားလိမ့်မည်။
တစ်ဖက်လူသည် မြေဝိညာဉ်ဘိုးဘေးမှလွဲ၍ တခြားလူမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူတို့သုံးယောက်၏ အမူအရာက အရုပ်ဆိုးနေပြီး သူတို့၏ နှလုံးသားထဲမှာ စိတ်ပျက်မှုဖြင့် ပြည့်နှက်နေသည်။
ရှင်းလင်းစွာပင် သူတို့က ဤနေရာသို့ မလျှောက်လာချင်ကြပေ။
သူတို့က ရုန်းကန်ချင်သော်လည်း ခွန်အားကင်းမဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဝိညာဉ်နှင့် ဆက်သွယ်ထားသော ချည်မျှင်သုံးမျှင်က သံလိုက်အိမ်မြှောင်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ သူတို့က တစ်ဖက်လူအတွက် ကင်းထောက်ဖြစ်ပေးရန် ဆန္ဒမပါဘဲ ဆောင်ရွက်နေကြရသည်။
သူ၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သောအခါ မြေဝိညာဉ်ဘိုးဘေးက အံတင်းတင်းကြိတ်လိုက်သည်။
တတိယအလွှာသို့ သူဝင်ရောက်ပြီးနောက် အစတွင် အရာအာလုံးက အဆင်ပြေချောမွေ့ခဲ့သည်။ လီမုန့်တုက ထွက်သွားသော်လည်း သူ့မှာ သူ့ကိုယ်ပိုင် အစီအစဉ်တစ်ခု ရှိသည်။ အစတွင် အရာအားလုံးက အဆင်ပြေချောမွေခဲ့ပြီး သူက သူ၏ ပန်းတိုင်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
ယင်းက တိမ်တံခါးကလန်မှ သူရရှိခဲ့သော သတင်းအချက်အလက်ဖြစ်သည်။ အင်မော်တယ်နန်းတော်၏ တတိယအလွှာထဲတွင် မည်သူမှ မယူဆောင်ရသေးသော ဆေးပင်တစ်ပင် ရှိသည်။ ထိုဆေးပင်၏ အကျိုးအာနိသင်က တစ်စုံတစ်ယောက်၏ အဆင့်ချိုးဖြတ်ခြင်းတွင် အောင်မြင်နိုင်ခြေ ပိုမြင့်မားစေလိမ့်မည်။
ထိုဆေးပင်၏ တည်နေရာက လျှို့ဝှက်သည်။ အတိတ်တွင် တိမ်တံခါးကလန်၏ ဘိုးဘေးသည် ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်ခဲ့သောကြောင့် ဆေးပင်ကို ယူဆောင်ရန် လက်လျော့ခဲ့ရသည်။ ထို့ကြောင့် သူက ဤသတင်းအချက်အလက်ကို တိမ်တံခါးကလန်၏ နောင်သားမျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။
အဆုံးတွင် ထိုသတင်းအချက်အလက်ကို မြေဝိညာဉ်ဘိုးဘေးက ရရှိသွားခဲ့သည်။
သို့သော်လည်း သူအောင်မြင်တော့မည့်အချိန် အာဏာစက်ဓမ္မရတနာရှိသော အုပ်ချုပ်သူတစ်ပါးက ရုတ်တရက် ရောက်လာခဲ့သည်။
ထိုလူက ဆေးပင်ကို ဆွဲနုတ်သွားရုံသာမက သူ့ကို ဖိနှိပ်ပြီး သူ၏ ဝိညာဉ်ကို ချည်နှောင်ခဲ့သည်။
ထို့နောက် တစ်ဖက်လူက သူအပါအဝင် ကျင့်ကြံသူခုနစ်ယောက်ကို ထိန်းချုပ်ခဲ့သည်။ နောက်ဆုံးမှာတော့ ထိုလူက သူတို့ကို အရှေ့ပိုင်းဧရိယာထဲမှ ခေါ်ထုတ်သွားရန် အထူးနည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ ထို့နောက် သူတို့က ဤတောင်ဆီသို့ ခရီးဆက်ခဲ့ကြသည်။
မြေဝိညာဉ်ဘိုးဘေးနှင့် တခြားလူများသည် လမ်းတစ်လျှောက်တွင် ထိုလူအတွက် ကမ်းထောက်လုပ်ပေးခဲ့ကြရသည်။
အန္တရာယ်အမျိုးမျိုးဖြင့် တွေ့ဆုံပြီးနောက် လေးယောက်က သေဆုံးသွားကြသည်။
သူတို့သုံးယောက်က ကံကောင်းထောက်မ၍ အသက်ရှင်နေသေးသော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။
‘ အဲ့ဒီလူရဲ့ ပန်းတိုင်ဖြစ်တဲ့ တောင်ထိပ်ဆီ ငါတို့ရောက်တဲ့အခါ သူက ငါတို့ကို သေချာပေါက် နှုတ်ပိတ်ပစ်လိမ့်မယ် ’
မြေဝိညာဉ်ဘိုးဘေးက စိုးရိမ်ကြောင့်ကြလာသည်။ သို့သော်လည်း သူတတ်နိုင်သောအရာ ဘာမှမရှိပေ။
သူ့ဘေးမှ တခြားနှစ်ယောက်သည်လည်း ထို့အတူပင်။
သူတို့လုပ်နိုင်သည်မှာ အချိန်ဆွဲရုံမျှသာ ဖြစ်သည်။ သို့သော်လည်း အချိန်ဆွဲခြင်းက ဤနေရာမှာ ဘာအဓိပ္ပာယ်မှမရှိဟန် ရသည်။
သံလိုက်အိမ်မြှောင်ကိုင်ထားသော ဝတ်စုံနက်အမျိုးသားသည်တော့ ထုံးစံအားဖြင့် သူတို့သုံးယောက်၏ အတွေးများကို သိထားသည်။ သို့သော်လည်း သူက ယင်းကို လုံးဝဂရုမစိုက်ချေ။
သူသိထားသည်မှာ အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်လာကြသော လူများထဲတွင် ကြယ်ရှစ်ပွင့်နှင့် သူ့ကဲ့သို့ အာဏာစက်ဓမ္မရတနာကို ပိုင်ဆိုင်ထားသူများမှလွဲ၍ ကျန်လူများသည် သူ့အတွက် အသေးအမွှားသာ ဖြစ်သည်။
သို့ဖြစ်၍ သူ၏ အရှေ့မှ လူသုံးယောက်က မည်မျှရုန်းကန်နေပါစေ အချည်းနှီးသာ ဖြစ်၏။
“ ငါတို့ရောက်တော့မယ် ”
ဝတ်စုံနက်အမျိုးသားသည် တဖြည်းဖြည်း သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်တော့ပေ။ သူ၏ အကြည့်က တောင်ထိပ်ပေါ်သို့ ကျရောက်သွားသည့်အခါ ပြင်းထန်သော အလိုရမ္မက်စိတ်က ထွက်ပေါ်လာသည်။
ဤသည်မှာ အင်မော်တယ်နန်းတော်သို့ ပထမဆုံးအကြိမ် သူဝင်ရောက်ဖူးခြင်း မဟုတ်ပေ။
အတိအကျပြောရလျှင် ယင်းက ဒုတိယအကြိမ် ဖြစ်သည်။
ယခင်တစ်ခေါက်က ဖွင့်လှစ်ခဲ့သော အင်မော်တယ်နန်းတော်၏ တတိယအလွှာသည် တောင်ပိုင်းဧရိယာဖြစ်သည်။
ထိုအချိန်တုန်းက သူ၏ ကျင့်ကြံခြင်းက အစောပိုင်း အုပ်ချုပ်သူအဆင့်မှာသာ ရှိသေးပြီး သူက အလွန်သေးနုတ်သည်။ သူက လမ်းတစ်လျှောက်တွင် သတိကြီးစွာထားခဲ့သည်။ ထိုအချိန်တုန်းက သူက ကံကောင်းစွာဖြင့် အခွင့်အလမ်းတစ်ခုကို မတော်တဆ ရရှိခဲ့သည်။
သူက တောင်တည်ရှိသော နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူက တောင်ပေါ်မှ ဆင်းသက်နေစဉ် တောင်ထိပ်တစ်ခုပေါ်မှ ရေကန်ကို အမှတ်မထင် မြင်တွေ့သွားခဲ့သည်။ ရေကန်ထဲတွင် စက္ကူလှေတစ်စင်းက မျောလွင့်နေသည်။
သို့သော်လည်း တောင်ပေါ်မှ ပြန်ဆင်းရုံမှလွဲ၍ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။ တောင်ပေါ်တွင် အတားအဆီးအများအပြားနှင့် အဆုံးမဲ့သော အန္တရာယ်များက ပြည့်နှက်နေသည်။ ထို့ကြောင့် သူက ဤတောင်ပေါ်သို့ မတတ်နိုင်ခဲ့ပေ။
နောက်ဆုံးမှာတော့ သူက ဆန္ဒမရှိစွာ ထွက်သွားခဲ့ရသည်။
သို့သော်လည်း နောက်ပိုင်းနှစ်များတွင် သူက ထိုတောင်နှင့် စက္ကူလှေကို လုံးဝ မမေ့နိုင်ခဲ့ပေ။ သို့ဖြစ်၍ သူက စုံစမ်းလေ့လာခဲ့ပြီး မိုးသောက်အင်မော်တယ်အရှင်သခင်၏ သမိုင်းမှတ်တမ်းများကို ရှာဖွေခဲ့သည်။ ထိုနည်းဖြင့် သူက စက္ကူလှေအကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်လာသည်။
ထို့ပြင် သူက တစ်စုံတစ်ခုကို အတည်ပြုနိုင်ခဲ့သည်။
ထိုစက္ကူလှေက အာဏာစက်ဓမ္မရတနာ ဖြစ်သည်။
ထို့ပြင် ယင်းက အလွန်အစွမ်းထက်သည်။
သို့ဖြစ်၍ သူက ပြင်ဆင်မှုများကို သေချာပြုလုပ်ပြီးနောက် ဤနေရာသို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။ သူ၏ ရည်ရွယ်ချက်က စက္ကူလှေ ဖြစ်သည်။
ထိုအတွက် သူက အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဆီမှ အာဏာစက်ဓမ္မရတနာကို ငှားယူရန် ကြီးမားသော တန်ကြေးကို ပေးချေခဲ့ရသည်။ တစ်ချိန်တည်းမှာ သူက ထိုအာဏာစက်ဓမ္မရတနာကို အသုံးပြု၍ သူ့အတွက် ကင်းထောက်လုပ်ပေးရန် လူအများအပြားကို ဖမ်းဆီးထိန်းချုပ်ခဲ့သည်။
ယခု နောက်ဆုံးမှာတော့ သူက ဤအဆင့်ထိ ရောက်လာခဲ့သည်။
တောင်ထိပ်ဆီသို့ ရောက်တော့မည်ဟု တွေးမိသွားသောအခါ ဝတ်စုံနက်အမျိုးသားက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့အရှေ့မှ ကျင့်ကြံသူသုံးယောက်ကို ပြုံးပြလိုက်သည်။
“ လမ်းတစ်လျှောက် ငါ့ကို ကူညီပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်… အခု မင်းတို့ကို ပိုပြီးအလုပ်ကြိုးစားဖို့ ငါပြောမယ်… မင်းတို့ ဘာမှအများကြီး စဉ်းစားမနေနဲ့… တောင်ထိပ်ဆီ ရောက်ပြီးလို့ ငါလိုချင်တာကို ရပြီးသွားရင် မင်းတို့ကို လွတ်လပ်မှု ပြန်ပေးမယ် ”
သူတို့သုံးယောက်က နှုတ်ဆိတ်သွားကြသည်။
ထုံးစံအားဖြင့် သူတို့က ထိုစကားကို မယုံကြည်ပေ။
သို့သော်လည်း ဝတ်စုံနက်အမျိုးသားက စကားပြောနေရင်း သူ၏ လက်ထဲမှ သံလိုက်အိမ်မြှောင်ကို လှည့်လိုက်သည်။ ယင်းက ထိုသုံးယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တုန်ယင်သွားစေသည်။ သူတို့က ရွေးချယ်စရာမရှိသည့်အဆုံး အရှိန်မြှင့်လိုက်ကြသည်။
ထိုသို့ဖြင့် အချိန်က နှေးကွေးစွာ ကုန်ဆုံးသွားသည်။
အကယ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်၏ အမြင်အာရုံက မြင့်သထက် အမြင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် သူက မိုးကုပ်စက်ဝိုင်းဆီသို့ ရွေ့လျားနေကြသော တိမ်တိုက်များကို မြင်တွေ့နိုင်လိမ့်မည်။
ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် တောင်နှင့် တောင်ပေါ်မှ လူများက အလွန်သေးငယ်ကြောင်း မြင်နိုင်လိမ့်မည်။ အကယ်၍ ဤလောကတစ်ခုလုံးက တစ်စုံတစ်ယောက်၏ မြင်ကွင်းထဲ၌ ပြည့်နှက်သွားမည်ဆိုလျှင်…
ဤဧရိယာတစ်ခုလုံးက တောင်တစ်လုံးပေါ်မှာ တည်ရှိနေကြောင်း အံ့ဩဖွယ်ကောင်းစွာ မြင်တွေ့နိုင်လိမ့်မည်။
တောင်၏ ဘေးပတ်ဝန်းကျင်မှာ မြူခိုးဖြင့် ပြည့်နှက်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်၏ စိတ်အာရုံက ပိုပြီးအဆင့်မြင့်သော နေရာဆီသို့ တတ်လှမ်းသွားမည်ဆိုလျှင် သူက ဤလောက၏ အကန့်အသတ်များကို ချိုးဖောက်မြင်နိုင်သွားလိမ့်မည်။
ထိုအခါ တောင်တည်ရှိသော လောကက အသက်ဝင်နေသည့် ဆေးပန်းချီကားတစ်ချပ်ထက် မပိုကြောင်း မြင်တွေ့နိုင်လိမ့်မည်။
ဆေးပန်းချီကို နံရံပေါ်မှာ ရေးဆွဲထားသည်။ ပန်းချီကားတည်ရှိသော နေရာက အင်မော်တယ်နန်းတော်၏ တောင်ပိုင်းဧရိယာထဲမှ အခန်းတစ်ခန်း ဖြစ်သည်။
ထိုနန်းတော်ခန်းမက အကောင်းတိုင်း တည်ရှိနေပြီး မည်သည့်အပျက်အစီးမှ မရှိပေ။ ခန်းမ၏ နံရံများပေါ်တွင် အရွယ်အစားကြီးမားသော တိုတမ်ဆေးပန်းချီများ ရှိကြသည်။
ထိုထဲမှ ဆေးပန်းချီတစ်ခုထဲတွင် တိမ်တိုက်များနှင့် ထိစပ်နေသော တောင်တစ်လုံး ရှိသည်။
ထိုတောင်ကို တောင်ပိုင်းကောင်းကင်ဟု ခေါ်သည်။
ရွှီချင်းက ခန်းမထဲမှာ ထွက်ပေါ်လာပြီးနောက် ဆေးပန်းချီ၏ အရှေ့မှာ ရပ်လိုက်ပြီး ယင်းကို စိုက်ကြည့်လိုက်သည်။
“ အဲ့ဒီက စက္ကူလှေကို မင်းမြင်တယ်မလား… အဲ့ဒါက ငါ့ရဲ့ ကစားစရာပဲ ”
ကောင်လေးက အမြန်ပြောသည်။
ရွှီချင်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဆေးပန်းချီထဲသို့ ဝင်ရောက်သွားသည်။