မိုးသောက်ခေတ်
Vol. 105 Ch. 1619
အင်မော်တယ်ပြက္ခဒိန်၏ ပထမနှစ်တွင်…
အမှတ်ငါးကြယ်တာရာစက်ဝန်း၏ နတ်ဘုရင်က ကျဆုံးသွားသည့်အခါ အင်မော်တယ်ဘုရင်က ထင်ပေါ်ကျော်ကြားလာခဲ့သည်။
ထို့နောက် အင်မော်တယ်အရှင်သခင်(၁၂)ပါးက ခေတ်(၁၂)ခေတ်ကို တည်ထောင်ခဲ့ကြသည်။ ခေတ်တစ်ခုစီတွင် နှစ်ပေါင်း(၁၂၀၀၀)ကြာအောင် လှည့်ပတ်ခဲ့ပြီး ယင်းက မဟာစက်ဝန်းတစ်ခုသဖွယ် ဖွဲ့စည်းနေသည်။
မည်သည့်ခေတ်တွင်မဆို အပိုင်းလေးပိုင်းပါရှိသည်။ ယင်းတို့က တာအိုစတင်ခြင်း၊ တာအိုမှီဝဲခြင်း၊ တာအိုကောင်းကင်ဘုံနှင့် တာအိုအဆုံးသတ်တို့ ဖြစ်ကြသည်။
အပိုင်းတစ်ခုစီက နှစ်ပေါင်း(၃၀၀၀)ကြာမြင့်ပြီး အပိုင်းလေးပိုင်းက မဟာစက်ဝန်းတစ်ခုထဲမှာ သေးငယ်သော စက်ဝန်းတစ်ခုကို ဖွဲ့စည်းနေကြသည်။
ထို့အတူ စည်းမျဉ်းတစ်ခု ထွက်ပေါ်လာသည်။ အနာဂတ်တွင် မည်သည့်အင်မော်တယ်အရှင်သခင်အသစ်တစ်ပါး ပေါ်ထွန်းလာပါစေ အင်မော်တယ်ပြက္ခဒိန်ထဲတွင် ခေတ်တစ်ခေတ်ကို ထပ်ပေါင်းထည့်လိမ့်မည်။
အင်မော်တယ်ဘုရင်က အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေသောကြောင့် သူက ခေတ်တစ်ခေတ်တွင် အင်မော်တယ်အရှင်သခင်တစ်ပါးကို အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးအား ကိုယ်စားအုပ်ချုပ်စေသည်။
ယနေ့သည်ကား ကမ်းစပ်ကိုးခုခေတ်၊ တာအိုအဆုံးသတ်၏ သက္ကရာဇ်(၂၉၉၉)ခုနှစ်၊ ဆယ့်တစ်လမြောက် ဖြစ်သည်။
ယင်းက နောက်ထပ် ခေတ်သစ်တစ်ခုဖြစ်သော မိုးသောက်ခေတ်မစတင်မီ တစ်လသာ လိုအပ်တော့သော အချိန်ဖြစ်သည်။
ခေတ်တစ်ခုမှ အခြားခေတ်တစ်ခုသို့ ကူးပြောင်းခြင်းသည် အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသည်။
နောင်ခေတ်ကို အုပ်ချုပ်မည့် အင်မော်တယ်အရှင်သခင်နှင့် လက်ရှိခေတ်၏ အုပ်ချုပ်သူဖြစ်သော အင်မော်တယ်အရှင်သခင်က ယင်း၏ အရေးကြီးမှုကို အသိအမှတ်ပြုကြရသည်။
သို့ဖြစ်၍ နောင်ခေတ်ကို အုပ်ချုပ်မည့် ရာဇပလ္လင်ဖြစ်သော မိုးသောက်အင်မော်တယ်နန်းတော်ထဲတွင် မီးပုံးများနှင့် အလှတန်ဆာများကို နေရာတိုင်းမှာ ချိတ်ဆွဲထားကြသည်။ အင်မော်တယ်နန်းတော်ထဲတွင် အဟောင်းကို နှုတ်ဆက်ပြီး အသစ်ကို ကြိုဆိုသော လေထုဖြင့် ပြည့်နှက်နေသည်။ ယင်းက အလွန်ပျော်ရွှင်စရာကောင်းသော ခံစားမှုကို ပေးသည်။
အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ထို့အတူ အာဏာလွှဲပြောင်းခြင်းက ပြီးမြောက်တော့မည် ဖြစ်သည်။
မကြာသေးခင်က နှစ်များတွင် မိုးသောက်အင်မော်တယ်အရှင်သခင်၏ လက်အောက်မှ အင်မော်တယ်အများစုက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးဆီသို့ သွားရောက်ခဲ့ကြပြီး အာဏာလွှဲပြောင်းခြင်းအတွက် ကြိုပြင်ဆင်ခဲ့ကြသည်။
အထူးသဖြင့် မိုးသောက်အင်မော်တယ်အရှင်သခင်၏ တပည့်လေးယောက်က အရေးပါသော နေရာများမှ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ အင်မော်တယ်နန်းတော်ထဲမှာ ကျန်နေခဲ့သော စတုတ္ထမြောက်တပည့်မှလွဲ၍ ကျန်တပည့်သုံးယောက်သည် ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ အမိန့်အောက်မှာ မဟာအင်မော်တယ်စစ်တပ်သုံးခု၏ အခွင့်အာဏာကို လွှဲပြောင်းယူခဲ့ကြသည်။
ယင်းက ခေတ်တစ်ခေတ် ပြောင်းလဲသွားသည့်အခါတိုင်း ဆောင်ရွက်ရသောအရာ ဖြစ်သည်။
ယခု အရာအားလုံးက အစီအစဉ်တကျ ရှိနေသည်။ နောက်ဆုံးကျန်ရှိသည်မှာ တစ်လဟူသောအချိန်က ကုန်ဆုံးသွားရန် ဖြစ်သည်။
တစ်လကုန်ဆုံးသွားပြီးနောက် အမှတ်ငါးကြယ်တာရာစက်ဝန်းက ခေတ်သစ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။
ထိုအချိန်ကျလျှင် မိုးသောက်အင်မော်တယ်အရှင်သခင်က အမှတ်ငါးကြယ်တာရာစက်ဝန်းကို နောင်နှစ်ပေါင်း(၁၂၀၀၀)ကြာသည်အထိ အုပ်ချုပ်လိမ့်မည်။
သို့သော်လည်း မျှော်လင့်မှု၊ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသော မိုးသောက်အင်မော်တယ်နန်းတော်ထဲတွင် စူးရှသော အော်ဟစ်ငိုကြွေးသံက အင်မော်တယ်နန်းတော်၏ အရှေ့ပိုင်းမှ မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးထံမှ ပဲ့တင်ထပ်နေသည်။
ဝမ်းနည်းစရာကောင်းသော အော်ဟစ်ငိုကြွေးသံက အလွန်ကျယ်ပြောစွာ ပျံ့လွင့်သွားလေရာ နန်းတော်ထဲမှ ဧရိယာအများအပြား၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
သို့တိုင် အင်မော်တယ်နန်းတော်ထဲမှ ကျင့်ကြံသူအများစုက ယင်းကို မကြားချင်ယောင် ဆောင်နေကြသည်။ တချို့ဆိုလျှင် မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်ကြပြီး သက်ပြင်းချကာ ခေါင်းခါလိုက်ကြသည်။ ထို့နောက် သူတို့က လုပ်လက်စကိစ္စများကို ပြန်ဆောင်ရွက်လိုက်ကြသည်။
အများဆုံး လူတချို့က စနောက်ကျီစယ်စွာ မှတ်ချက်ပေးလိုက်ကြသည်။ ထိုစဉ် လူငယ်တစ်ယောက်က မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးထံသို့ အလျင်စလို ပြေးသွားနေကြောင်း သူတို့သတိထားမိသွားကြသည်။
“ သခင်လေး ထပ်ပြီး အပြစ်ပေးခံရပြီလား ”
“ ဒီတစ်ကြိမ် သူဘာမွှေပြန်ပြီလဲ ”
“ ကျုံးချီ… အလျင်စလို ပြေးဖို့ မလိုပါဘူး… ဒီတစ်ကြိမ် ဘာဖြစ်တာလဲဆိုတာ ဒီကို လာပြီး ငါတို့ကို ပြောပြဦး ”
လမ်းတစ်လျှောက်တွင် လူတိုင်း၏ မေးခွန်းများဖြင့် ရင်ဆိုင်ရသောအခါ ကျုံးချီဟု အမည်ရသော လူငယ်က ခါးသီးစွာ ပြုံးလိုက်ပြီး တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်သည်။ သို့သော်လည်း မိုးကြိုးအပြစ်ပေးချောက်ကမ်းပါးဆီသို့ ပြေးသွားနေသော သူ၏ ခြေလှမ်းက မရပ်တန့်သွားပေ။
သူက ချောက်ကမ်းပါးဆီသို့ ချဉ်းကပ်သွားသည်နှင့်တစ်ပြိုင်နက် မိုးကြိုးပစ်သံက ပိုပြီးကျယ်လောင်လာသလို အော်ဟစ်ငိုကြွေးသံကလည်း ပိုပြီးကျယ်လောင်လာသည်။
နောက်ဆုံးမှာတော့ လူငယ်က မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ အတားအဆီးထဲသို့ ခြေချတော့မည့်အချိန် နားဝင်ဆိုးသော အော်ဟစ်ငိုကြွေးသံက ရုတ်တရက် ရပ်တန့်သွားသည်။
လူငယ်က အံ့ဩသွားသည်။ သူက အရှေ့သို့ ခပ်သွက်သွက် လျှောက်လိုက်ပြီး အတားအဆီးထဲသို့ ဝင်ရောက်သွားသည်။ ထိုအခါ သူ၏ အမြင်အာရုံက တစ်ခဏ ဝေဝါးသွားပြီး နောက်အခိုက်အတန့်မှာ ပြန်ကြည်လင်သွားသည်။ ထို့နောက် သူ၏ မျက်လုံးကို ကြိုဆိုနေသည်မှာ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော အပြာရောင်လျှပ်စီးဖြစ်သည်။
အဆုံးမဲ့သော လျှပ်စီးက ကောင်းကင်ပေါ်မှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေပြီး လေထဲမှာ ချိတ်ဆွဲခံထားရသော ပုံရိပ်ထံသို့ တရစပ် ပစ်ခတ်နေသည်။
ထိုပုံရိပ်က လျှပ်စီးဖြင့် ရစ်ပတ်ခံထားရပြီး သူ၏ ဝတ်စုံက စုတ်ပြဲပျက်စီးနေသည်။ သူ၏ ဆံပင်သည်လည်း ဖရိုဖရဲဖြစ်နေသည်။
ယခု အကြောင်းအရင်းတချို့ကြောင့် သူက ဆက်ပြီး မအော်ဟစ်တော့ပေ။ သို့သော်လည်း အဆုံးမဲ့သော မိုးကြိုးသွားများ၏ ဆက်တိုက် ပစ်ခတ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ အသက်ရှူသံက မြန်ဆန်နေကြောင်း မည်သူမဆို မြင်နိုင်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြားရှိပြီး သွေးက တတောက်တောက် စီးကျနေသည်။
သွေးက သူ၏ ပါးစပ်ထောင့်မှလည်း စီးကျနေသည်။
သခင်လေးက အသက်ရှူနေသေးကြောင်း မြင်သွားသောအခါ ကျုံးချီက စိတ်သက်သာရာရသွားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက လေထဲမှ ပုံရိပ်ကို အရိုအသေပေးလိုက်သည်။
“ သခင်လေး… ပန်းပေါင်းတစ်ရာနန်းတော်ကို သခင်လေးရဲ့ အမိန့်အတိုင်း ချိပ်ပိတ်လိုက်ပါပြီ… သခင်လေး မိုးကြိုးအပြစ်ဒဏ် ခံနေတဲ့အတောအတွင်း ဘယ်သူမှ ပန်းပေါင်းတစ်ရာနန်းတော်ကို မဝင်ရောက်နိုင်ပါဘူး ”
မိုးခြိမ်းသံက ဆက်လက် ပဲ့တင်ထပ်နေပြီး လျှပ်စီးသွားများက ဆက်လက် ကျဆင်းလာနေကြသည်။
လေထဲမှာ ချိတ်ဆွဲခံထားရသော ပုံရိပ်က ကျုံးချီ၏ စကားကို မကြားဟန် ရ၏။ ဤအခိုက်အတန့်မှာ သူက မျက်လုံးမှိတ်ထားသည်။
လျှပ်စီးသွားများက မည်မျှကြမ်းတမ်းစွာ ရိုက်ခတ်သွားပါစေ သူက မျက်လုံးကို တင်းကျပ်စွာ မှိတ်ထားဆဲပင်။
သူက မျက်လုံးမှိတ်ထားစဉ် စိတ်ခံစားမှုအမျိုးမျိုးက လေပွေများသဖွယ် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာကြသည်။ ထိုထဲမှာ စိတ်ရှုပ်ထွေးခြင်း၊ အကူအညီမဲ့ခြင်းနှင့် ကစဉ့်ကလျားဖြစ်ခြင်း အစရှိသည်တို့ ပါဝင်ကြသည်။
“ ဘာလို့ ငါက ထွက်ပေါ်လာတာနဲ့ချက်ချင်း အပြစ်ပေးခံရတာလဲ ”
ပြင်းထန်သော နာကျင်မှုက ရွှီချင်း၏ စိတ်နှလုံးကို မွန်းကြပ်သွားစေသည်။
လွန်ခဲ့သော စက္ကန့်အနည်းငယ်တုန်းက သူက တတိယအလွှာ၏ မြောက်ပိုင်းပင်လယ်ထဲမှ ဂိတ်တံခါးထဲသို့ ဖြတ်လျှောက်သွားနေခဲ့ကြောင်း ရှင်းလင်းစွာ မှတ်မိနေသည်။ သူက ကောင်လေးပြောသော စာလုံးများကို ရွတ်ဆိုလိုက်သည့်အခါ ဤနေရာတွင် ပြန်ပေါ်လာသည်။
ဤခန္ဓာကိုယ်က သူ့ဟာ မဟုတ်ပေ။
အမှန်မှာ ဤခန္ဓာကိုယ်ထဲမှ ဝိညာဉ်သည်ပင် သူ့ဟာ မဟုတ်ပေ။
အသိစိတ်သည်သာ သူ့အပိုင်ဖြစ်သည်။
ဤသည်မှာ သူက ဘဝကူးပြောင်းသွားသည့်အလားပင်။ နောက်အခိုက်အတန့်မှာ ဤခန္ဓာကိုယ်ပိုင်ရှင်၏ မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများက သူ၏ အသိစိတ်ပင်လယ်ထဲ၌ ဒီရေအလား ပေါ်လျှိုးလာကြသည်။
အချိန်တစ်ခဏကြာပြီးနောက် ဤခန္ဓာကိုယ်ပိုင်ရှင်နှင့်ပတ်သက်သော အရာအားလုံးက ရွှီချင်း၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ကောင်လေးက သူ့ကို မလှည့်စားခဲ့ပေ။
ဤခန္ဓာကိုယ်ပိုင်ရှင်၏ သရုပ်က အမှန်တကယ်ပင် မိုးသောက်အင်မော်တယ်အရှင်သခင်၏ တစ်ဦးတည်းသောသား ဖြစ်သည်။
ဤနေရာက စတုတ္ထအလွှာဖြစ်သည်။
ယင်းက အတိတ်ကာလ၏ အပိုင်းအစတစ်ခု ဖြစ်သည်။
ရွှီချင်းက သူ၏ အသိစိတ်ပင်လယ်ထဲမှ မှတ်ဉာဏ်များကို ချေဖျက်နေစဉ် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်တိုက် ကျရောက်နေသော လျှပ်စီးသွားများက ရုတ်တရက် ရပ်တန့်သွားသည်။
လျှပ်စီးတစ်ခုတည်းသာ ရပ်တန့်သွားခြင်း မဟုတ်ပေ။ ကောင်းကင်၊ အချိန်နှင့် လေဟာနယ်သည်ပင် ရပ်တန့်သွားကြသည်။
သူ၏ စာသင်ဖက်ဖြစ်သော ကျုံးချီသည်လည်း လှုပ်ရှားမှုကင်းမဲ့နေသည်။
ပုံရိပ်တစ်ခုသည် ကောင်းကင်၏ ဗလာနတ္ထိထဲမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။
ထိုပုံရိပ်က ဝေဝါးနေပြီး သူ့ကို ရှင်းလင်းစွာ မြင်နိုင်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော တည်ရှိမှုအရှိန်အဝါက ဖော်မပြနိုင်အောင် အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ ထိုအရှိန်အဝါထဲ၌ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒ၊ လောက၏ စိတ်ဆန္ဒနှင့် ကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ စိတ်ဆန္ဒက ကိန်းအောင်းနေဟန် ရသည်။ ဤသည်မှာ ထိုပုံရိပ်က ကြယ်တာရာစက်ဝန်း၏ အရှင်သခင်ဖြစ်သည့်အလားပင်။
သူက ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောသည်။
“ သားမိုက် ”
“ မင်းရဲ့ အပျော်အပါးမက်မှုကို နေ့တိုင်းလိုလို ငါသည်းခံပေးခဲ့တယ်… ပန်းပေါင်းတစ်ရာနန်းတော်ကို မင်းဖန်တီးခဲ့တာကိုတောင် ငါ့သားလေး နည်းနည်း ပျော်ပါးပါစေဆိုပြီး ငါမမြင်ချင်ယောင် ဆောင်ပေးခဲ့တယ်… ဒါပေမဲ့… ”
“ … မင်းက… ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ရဲ့ သမီးကိုတောင် အနိုင်ကျင့်ဝံ့တယ် ”
“ မင်းက ကလေးမရဲ့ နှလုံးသားကိုရော ခန္ဓာကိုယ်ကိုရော လှည့်စားခဲ့တယ် ”
“ မင်းက သူ့ကို အရယူနိုင်ခဲ့လို့ ငါနည်းနည်း အထင်ကြီးခဲ့ပေမဲ့… အခု မင်းက သူ့ကို နှစ်ခါမတွေးဘဲ စွန့်ပစ်လိုက်တယ်… ဘယ်လောက် အကြင်နာမဲ့လိုက်လဲ ”
“ အခု ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်က သူ့သမီးနဲ့အတူ ငါ့ဆီရောက်လာပြီး ဖြေရှင်းချက်လာတောင်းနေတယ် ”
ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက စိုးရိမ်ကြောင့်ကြနေပြီး လွန်စွာ သတိထားလိုက်သည်။
သူက ထွင်းဖောက်မြင်ခံရမည်ကို စိုးရိမ်ကြောင့်ကြသည်။ အတိတ်သို့ ပြန်သွားသော ဤနည်းလမ်းက အင်မော်တယ်နန်းတော်၏ လုပ်ဆောင်မှုဖြစ်ပြီး ယင်းက စည်းဘောင်အတွင်းမှာ ဖြစ်သော်လည်း သူမသေချာပေ။
မည်သို့ဖြစ်ပါစေ အင်မော်တယ်အရှင်သခင်က အင်မော်တယ်အရှင်သခင်မဟုတ်ပါလော။
ထို့ပြင် ကောင်လေးက သူ့နည်းတူ ဤနေရာမှာ ထွက်ပေါ်လာပြီး ဇာတ်ကောင်တစ်ခုကို ပိုင်ဆိုင်ထားသလော သူမသေချာပေ။
အကယ်၍ ကောင်လေးမှာသာ ဇာတ်ကောင်ရှိမည်ဆိုလျှင် ထုံးစံအားဖြင့် မိုးသောက်အင်မော်တယ်အရှင်သခင်က ၎င်းအတွက် အသင့်တော်ဆုံး ဖြစ်သည်။
မည်သို့ဖြစ်ပါစေ ကောင်လေးက မိုးသောက်အင်မော်တယ်အရှင်သခင်၏ နောက်ဆုံးအသိစိတ်အမျှင်တန်း မဟုတ်ပါလော။
သို့သော်လည်း ရွှီချင်းက မသေချာပေ။
ထို့ပြင် ယခု သူက သူ့ဇာတ်ကောင်၏ မှတ်ဉာဏ်များကို ချေဖျက်နေရသောကြောင့် မိုးသောက်အင်မော်တယ်အရှင်သခင်၏ ဒေါသဖြင့် ရင်ဆိုင်ရသောအခါ နှုတ်ဆိတ်နေရုံသာ တတ်စွမ်းတော့သည်။
“ အခုတော့ ဘယ်လိုနှုတ်ဆိတ်နေရမလဲ သိသွားပြီပေါ့ ”
မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံက အေးစက်နေသည်။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ လျှပ်စီး၏ စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ကောင်းကင်ပေါ်၌ ရပ်တန့်နေသော လျှပ်စီးသွားများက အရွယ်အစားနှစ်ဆခန့် ပိုကြီးမားသွားကြသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက အနောက်လှည့်လိုက်ပြီး မိုးကြိုးအပြစ်ပေးချောက်ကမ်းပါး၏ ဝေးရာဆီသို့ လျှောက်သွားသည်။
သူ၏ အသံသည်သာ ချောက်ကမ်းပါးနားတွင် ပျံ့လွင့်သွားသည်။
“ တကယ်လို့ မင်းက နှုတ်ဆိတ်နေမယ်ဆိုရင်လည်း နောင်တရတဲ့အထိ နှုတ်ဆိတ်နေလိုက်… မင်းအတွက် မင်္ဂလာပွဲကို ငါစီစဉ်ထားတယ်… မင်းသဘောကျကျ မကျကျ ငါဂရုမစိုက်ဘူး… ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်ရဲ့ သမီးကို မင်းသေချာပေါက် လက်ထပ်ရမယ် ”
“ မင်းရဲ့ စက်ဆုပ်ဖို့ကောင်းတဲ့ ပန်းပေါင်းတစ်ရာနန်းတော်ကိုတော့… ဖျက်သိမ်းဖို့ လဝက် ငါအချိန်ပေးမယ် ”
“ ကျုံးချီ… မင်းက သူ့ရဲ့ စာသင်ဖက်ဆိုပေမဲ့… ဒီတစ်ကြိမ်မှာတော့ သူ့ကို မျက်စိအောက်ကနေ အပျောက်မခံဘဲ သေချာစောင့်ကြည့်နေပါ ”
မိုးသောက်အင်မော်တယ်အရှင်သခင်၏ အသံက ပဲ့တင်ထပ်သွားပြီး လောကပေါ်သို့ ကျရောက်သွားသည့်အခါ ရပ်တန့်နေသော လျှပ်စီးက အောက်သို့ ပြန်ကျဆင်းလာသည်။ ဝုန်းဟူသော မြည်ဟိန်းသံနှင့်အတူ လျှပ်စီးသွားက ရွှီချင်းကို ရက်စက်ကြမ်းကြုတ်စွာ ရိုက်ခတ်သွားသည်။
ဘေးပတ်ဝန်းကျင်က ပုံမှန်အတိုင်း ပြန်လည်ပတ်သွားသည်။ ထိုထဲမှာ ကျုံးချီဟူသော လူငယ်လည်း ပါဝင်သည်။
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရိုသေလေးစားစွာ ခေါင်းမော့လိုက်သည်။ သူသည်လည်း စိုးရိမ်ကြောင့်ကြနေသည်။
သူက မိုးသောက်အင်မော်တယ်အရှင်သခင်ကို တစ်ခါမှ မမြင်ဖူးပေ။
အဘယ့်ကြောင့်ဆိုသော် မိုးသောက်အင်မော်တယ်အရှင်သခင် ထွက်ပေါ်လာသည့်အခါတိုင်း ဘေးပတ်ဝန်းကျင်က ရပ်တန့်သွားလိမ့်မည်။
ဤတစ်ကြိမ်တွင် သူ၏ စိတ်အာရုံကို စောစီးစွာ ပြန်ရသွားခြင်းမှာ မိုးသောက်အင်မော်တယ်အရှင်သခင်က သူ၏ နာမည်ကို ပြောသွားခဲ့သောကြောင့် ဖြစ်သည်။
သူက စတုတ္ထအလွှာထဲမှာ အချိန်တစ်ခဏကြာအောင် ရှိနေခဲ့ပြီး သူ၏ သရုပ်ကို အတည်ပြုနိုင်ခဲ့သည်။ သို့ဖြစ်၍ ဤအတိတ်အဖြစ်အပျက်ထဲမှ လူများက သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ကြောင်း ရှင်းလင်းစွာ သူသိထားသည်။
သို့သော်လည်း အင်မော်တယ်အရှင်သခင်နှင့် ရင်ဆိုင်ရသည့်အခါ သူက အလိုအလျောက် စိုးရိမ်ကြောင့်ကြလာသည်။
ဤသခင်လေးသည်တော့…
ဖေဖေကျားက ခွေးနှင့်တူသော သားကို မပျိုးထောင်ဘူးဟူသော ဆိုးရိုးစကား ရှိ၏။ သို့သော်လည်း ကျုံးချီ၏ မှတ်ဉာဏ်ထဲတွင် ဤသားအဖက ထိုဆိုးရိုးစကားနှင့် သွေဖယ်နေသည်။
သခင်လေးသည် ကျင့်ကြံခြင်းတွင် ထူထဲသော ပါရမီကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူက သူ၏ အလိုဆန္ဒများကို မထိန်းချုပ်နိုင်သောကြောင့် ဘာမှမဖြစ်ထွန်းခဲ့ပေ။ သူသိထားသော သမိုင်းမှတ်တမ်းအရဆိုလျှင် သခင်လေးက နောက်တစ်လကြာလျှင် သေဆုံးသွားလိမ့်မည်။
ကမ်းစပ်ကိုးခုအင်မော်တယ်အရှင်သခင်၏ သမီးနှင့် ထိမ်းမြားလက်ထပ်သော မင်္ဂလာပွဲနေ့တွင် အခမ်းအနားမပြီးမြောက်ခင် မိုးသောက်အင်မော်တယ်နန်းတော်တစ်ခုလုံး မဟာကပ်ဘေးထဲသို့ ကျရောက်သွားလိမ့်မည်။
“ အခုကစပြီး တစ်လကြာရင် သူတစ်ယောက်ပဲ သေဆုံးသွားမှာ မဟုတ်ဘူး… အင်မော်တယ်နန်းတော်တစ်ခုလုံးပဲ… ဘယ်သူမှ အသက်မရှင်ဘူး… လူတိုင်းက အင်မော်တယ်ဘုရင်ရဲ့ သုတ်သင်ခံရလိမ့်မယ်… ”
“ ဒီတော့ ငါလုပ်ရမှာက ငါ့ဇာတ်ကောင်အတိုင်း ကောင်းကောင်း သရုပ်ဆောင်ပေးပြီး ဒီနေရာမှာ ငါ့ရဲ့ တာအိုကို ပြီးမြောက်အောင် လုပ်ရမယ် ”
“ ပြီးတော့ တခြားလူတွေရဲ့ သရုပ်တွေက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ခံထားရတယ်… အခုလောလောဆယ် အကြမ်းဖျဉ်းပဲ ငါခန့်မှန်းနိုင်သေးတယ်… ဒါပေမဲ့ ငါ့ကို လာမနှောင့်ယှက်သရွေ့ သူတို့ကို လိုက်ရှာနေစရာ မလိုဘူး ”
ထိုသို့တွေးမိသောအခါ ကျုံးချီက လေထဲမှာ ချိတ်ဆွဲခံထားရသော သခင်လေးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ သခင်လေး… အင်မော်တယ်အရှင်သခင်က ဒီတစ်ကြိမ်မှာ လုံးဝစိတ်ဆုံးဖြတ်ထားပြီးပါပြီ… ဘာလို့ အမိန့်အတိုင်း မလိုက်နာတာပါလဲ ”
ထိုအသံက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ ယင်းက ခေတ်ကာလများကို ဖြတ်ကျော်လာသည့်အလား အနည်းငယ် မသဲကွဲပေ။
ဤအခိုက်အတန့်မှာ သူက ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို အပြည့်အဝ စုပ်ယူနိုင်သွားသည်။ သို့သော်လည်း ဤမိုးသောက်သားတော်၏ ဘဝကို မည်သို့အကဲဖြတ်သင့်ကြောင်း ရွှီချင်း သေချာမသိပေ။
သူက ကျင့်ကြံခြင်းကို လုံးဝ အလေးအနက်မထားခြင်း မဟုတ်သလို အပျော်အပါးမှာသာ လုံးဝ စိတ်နှစ်ထားခြင်းလည်း မဟုတ်ပြန်ပေ။
သူက နှစ်ပေါင်းသုံးရာအတွင်းမှာ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ခဲ့ပြီး ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်ရန် သိပ်မကွာဝေးတော့ပေ။
သူ၏ နေ့စဉ်ဘဝတွင် သူက သိမ်မွေ့ညင်သာပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာကြီးမားသူအဖြစ် ပြုမူနေထိုင်သည်။ သူက ဆွဲဆောင်မှုရှိပြီး မိန်းကလေးတိုင်း သဘောကျနိုင်သော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း သူ့မှာ အလွန်ထင်ရှားသော ပြစ်ချက်တစ်ခု ရှိသည်။
ယင်းက တဏှာရာဂ ပြင်းထန်ခြင်း ဖြစ်သည်။
ဤသခင်လေး၏ ကိုယ်ပိုင်မှတ်ဉာဏ်များအရ တစ်ဖက်လူသည် သူ၏ အသည်းနှလုံးကို အစိတ်အပိုင်းအများကြီး ခွဲထားသည်။ အစိတ်အပိုင်းတစ်ခုစီက မိန်းကလေးတစ်ယောက်အပေါ် သူ၏ အချစ်ကို ရည်ညွှန်းသည်။
သို့ဖြစ်၍ သူ၏ မှတ်ဉာဏ်များက တဏှာရာဂပန်းချီကားများနှင့် အလားသဏ္ဍာန်တူသည်။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ မှတ်ဉာဏ်အားလုံးကို သူချေဖျက်ပြီးနောက် ကျုံးချီ၏ အသံက ပိုပြီးရှင်းလင်းလာသည်။ သို့ဖြစ်၍ သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့အောက်မှ လူငယ်ကို ကြည့်လိုက်သည်။
ဤခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူ့မှာ စာသင်ဖက်တစ်ယောက် ရှိသည်။
သို့ဖြစ်၍ ရွှီချင်းက ထိုလူငယ်၏ အစစ်အမှန်သရုပ်ကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။ တစ်ဖက်လူက လီမုန့်တုဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။
သို့သော်လည်း သူက ယင်းကို ဖော်ထုတ်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ရွှီချင်းက အက်ရှရှအသံဖြင့် စကားပြောသည်။
“ ငါပင်ပန်းနေပြီ ”
ကျုံးချီက မျက်တောင်ခတ်လိုက်သည်။ သခင်လေးက ယခင်ကနှင့် အနည်းငယ် ခြားနားသွားကြောင်း သူခံစားမိသည်။ သို့သော်လည်း သူသေချာသော တစ်စုံတစ်ခုရှိသည်။
ဤသမိုင်းအဖြစ်အပျက်ထဲတွင် လူသုံးယောက်နေရာ၌ မည်သူမှ ဇာတ်ကောင်အဖြစ် သရုပ်မဆောင်နိုင်ကြပေ။
သူတို့က အင်မော်တယ်ဘုရင်၊ မိုးသောက်အင်မော်တယ်အရှင်သခင်နှင့် သခင်လေး ဖြစ်သည်။
အင်မော်တယ်ဘုရင်နှင့် မိုးသောက်အင်မော်တယ်အရှင်သခင်အတွက် အကြောင်းပြချက် ပေးစရာမလိုပေ။ သူတို့က အထွတ်အမြတ် တည်ရှိမှုများ ဖြစ်ကြသည်။
သခင်လေးသည်တော့ မိုးသောက်အင်မော်တယ်အရှင်သခင်၏ အကာအကွယ်ကို ရရှိထားသည်။
ဤသို့ သူသေချာပြောနိုင်ခြင်းမှာ တတိယအလွှာတွင် သရုပ်တစ်ခုကို သူတို့ရယူခဲ့သော လုပ်ငန်းစဉ်နှင့် သက်ဆိုင်မှုရှိသည်။ ထို့ကြောင့် ဤသို့နားလည်ခြင်းက သူတစ်ယောက်တည်း မဟုတ်ပေ။ တခြားကြယ်ပွင့်များသည်လည်း ထိုအတိုင်း နားလည်ထားကြသည်။
‘ အဲ့ဒါက မိုးကြိုးအပြစ်ဒဏ်နဲ့ စောစောက အင်မော်တယ်အရှင်သခင်ရဲ့ ဆူပူကြိမ်းမောင်းမှုကြောင့် ဖြစ်မယ် ’
ထိုသို့တွေးမိသောအခါ ကျုံးချီက ဆက်ပြီး သံသယမဖြစ်တော့ဘဲ ပြောသည်။
“ သခင်လေး… ဒီကို ငါလာတဲ့လမ်းမှာ မိုးကြိုးခန်းမဆောင်ကို ဝင်မေးကြည့်ခဲ့ပါတယ်… မိုးကြိုးအပြစ်ဒဏ်က ခုနစ်ရက်ကြာမြင့်လိမ့်မယ်လို့ သူတို့ပြောပါတယ် ”
“ ပြီးတော့ ခုနစ်ရက်မြောက်နေ့က ကောင်းကင်အရွေးချယ်ခံလီနဲ့ တိုက်ခိုက်ဖို့ မင်းချိန်းဆိုထားတဲ့ နေ့ပါ… တိုက်ပွဲကို ရက်ရွှေ့ဆိုင်းဖို့ ကောင်းကင်အရွေးချယ်ခံလီကို ငါအကြောင်းကြားပေးရမလား ”
ယင်းကို ကြားသောအခါ ရွှီချင်းက သခင်လေး၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားလိုက်သည်။ ထိုအခါ တစ်ဖက်လူက ကောင်းကင်ဘုံအသိုက်ဂိုဏ်းမှ ပါရမီရှင်တစ်ယောက်ဖြစ်သော လီရှောင်ဖုန်းနှင့် ရန်စတစ်ခုရှိခဲ့ကြောင်း သူရှာတွေ့သွားသည်။ သူတို့ကြားမှ ရန်စသည် ပြိုင်ဘက်ကင်းအောင် ချောမောလှပသော အမျိုးသမီးတစ်ယောက်ကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးက နှစ်တစ်ထောင်မြေခွေးမိန်းမပျိုလေး ဖြစ်သည်။
ထိုမြေခွေးမိန်းမပျိုလေးကို ကောင်းကင်အရွေးချယ်ခံလီက ပိုင်ဆိုင်သည်။
သို့ဖြစ်၍ နှစ်ဖက်စလုံးက တိုက်ခိုက်ရန် လျှို့ဝှက်သဘောတူခဲ့ကြသည်။ တိုက်ပွဲမှာ အနိုင်ရသည့်လူက မြေခွေးမိန်းမပျိုလေးကို ပိုင်ဆိုင်နိုင်လိမ့်မည်။
“ ဒါဘယ်လို တိုက်ပွဲလဲ… ”
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူက စကားပြောတော့မည့်အချိန် ရုတ်တရက် အတွေးနက်သွားပြီး ရွှံ့မြေခွေးကို စဉ်းစားမိသွားသည်။
‘ မဟုတ်မှ သူရော ဒီရောက်နေတာလား ’