← Chapters

မေ့ပျောက်ခြင်း

Vol. 3 Ch. 103

မေ့ပျောက်ခြင်း

Vol. 3 Ch. 103

“ချစ်ရေ၊ ထတော့လေ။ နေဖင်ထိုးနေပြီ။”

အကြာကြီး အိပ်မောကျနေခဲ့တယ်လို့ ခံစားနေရတဲ့အချိန်မှာ လူတစ်ယောက်ရဲ့အသံကို ကျွန်မကြားခဲ့ပါတယ်။ တစ်စုံတစ်ယောက်က ကျွန်မကို လှုပ်နှိုးနေတယ်လို့ ခံစားရတဲ့အတွက် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ပတ္တမြားလို အနီရောင်တောက်ပနေတဲ့ မျက်လုံးအစုံနဲ့ ကျွန်မ အကြည့်ချင်းဆုံသွားမိတယ်။

ကျွန်မကိုယ်ပေါ်ကို တစ်စုံတစ်ယောက်က မိုးပြီးကြည့်နေပြီး အပြာရောင်မျက်လုံးတွေနဲ့ လည်ပင်းအထိသာရှည်တဲ့ အနီရောင်အနားသပ် ဂုတ်ဝဲရွှေရောင်ဆံပင်နဲ့ မိန်းကလေး။ အဲဒီမိန်းကလေးက ချိုင်းပြတ်အင်္ကျီခပ်ပါးပါးနဲ့ ဂျင်းဘောင်းဘီအတိုကို ဝတ်ဆင်ထားပြီးတော့ ဆယ်ကျော်သက်နှောင်းပိုင်းမှာပဲ ရှိဦးမယ့်ပုံပါပဲ။

“ရှင်က ဘယ်သူလဲဟင်...” ကျွန်မ ဒီမိန်းကလေးကို မှတ်မိဖို့အတွက် ကြိုးစားကြည့်ပေမဲ့ လုံးဝမမှတ်မိဘူး။ အရင်က တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်ကို မြင်နေရ သလိုမျိုးခံစားမိပါတယ်။ လူကိုသိဖို့မပြောနဲ့ နာမည်တောင် စဥ်းစားမရဘူးရယ်။

နောက်တော့ နာကျင်စွာနဲ့ ကျွန်မခေါင်းကို လက်နဲ့ဖိညှစ် ထားလိုက်မိပါတယ်။ ခေါင်းတွေတအားကိုက်ခဲနေပြီး ဘာကိုမှ တွေးမရလောက်အောင်ပါပဲ။

“အခုထိ နာနေသေးတာလား။ တအားဖိအားပေးလိုက် သလိုမျိုးများ ဖြစ်သွားသေးလား။”

အဲဒီမိန်းကလေးက ကျွန်မနဲ့နဖူးပေါ်ကို လက်တင်ကာ စမ်းသပ်လိုက်ပြီး စိုးရိမ်နေတဲ့ပုံစံနဲ့ မေးလိုက်ပါတယ်။ ကျွန်မ စဥ်းစားကြည့်မိတယ်။ ‘ဒီမိန်းကလေးက ကျွန်မကို ဘာလို့ဒီလော​က်အထိ ဂရုစိုက်ပေးနေရတာလဲ။’

ဟူး...

မိန်းကလေးက သက်ပြင်းချလိုက်တယ်။ နောက်တော့ သူက ကျွန်မကို ဝမ်းနည်းနေတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်ပြီးတော့...

“ကြည့်ရတာ သူတို့ပြောတာ အမှန်ပဲ ဖြစ်တဲ့ပုံပဲ။ ဆယ်ဗီက ငါနဲ့အရာအားလုံး​ကို မေ့သွားခဲ့ပြီပဲ။”

“ဆယ်ဗီ... အဲဒါက ဘယ်သူလဲဟင်။”

ဒီနာမည်ကိုလည်း ကျွန်မ မကြားဖူးဘူး။ ဒါပေမဲ့ ဆံပင်နီ အနားသပ်နဲ့မိန်းကလေးက ကျွန်မကို ရည်ညွန်းဖို့အတွက် သုံးခဲ့တာဖြစ်မှန်းတော့ ကျွန်မသိနေခဲ့ပါတယ်။ သူက ကျွန်မကို ထပ်ပြီးကြည့်လိုက်တယ်။ သူ့ကိုကြည့်ရတာ ကျွန်မသူ့ကို မမှတ်မိတဲ့အတွက် စိတ်ညစ်နေတဲ့ပုံပေါ်ပေမဲ့ ကျွန်မနဖူးက ဆံစတွေကို ဖယ်ရှားပေးလိုက်ရင်း...

“ဘာပဲဖြစ်ဖြစ် အချစ်လုံလုံခြုံခြုံနဲ့ အိမ်ကိုပြန်ရောက်လာလို့ တော်သေးတာပေါ့။”

ကျွန်မ သူပြောတာတွေကို နားမလည်ဘူး။ ဒါကြောင့် ကျွန်မ သူ့ကိုအကြောင်သား ကြည့်နေခဲ့မိပါတယ်။ နောက်တော့ အခုလိုမျိုး ပြောလိုက်မိပါတယ်။

“ရှင့်ကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။ ရှင်က ဘယ်သူလဲဟင်၊ ပြီးတော့ ကျွန်မကရော ဘယ်နေရာ ရောက်နေတာလဲ။ ပြီးတော့ ကျွန်မကိုယ်ကျွန်မပါ ဘာလို့ မမှတ်မိနိုင်ဖြစ်နေရတာလဲ။”

အတိတ်မေ့တယ်ဆိုတဲ့စကားလုံးကို ခပ်ရေးရေးမှတ်မိတယ် ဆိုပေမဲ့ တခြားဘာကိုမှ စဥ်းစားလို့မရခဲ့ပါဘူး။ ကျွန်မရဲ့ ခေါင်းထဲမှာ လုံးဝဗလာကြီး ဖြစ်နေသလိုပဲ။ မိန်းကလေးက ကျွန်မလက်ကို ဆွဲလိုက်ပြီး အိပ်ရာပေါ်ကနေ ဖြည်းညှင်းစွာ ထဖို့အတွက် ကူညီပေးပါတယ်။

လမ်းမလျှောက်ရတာ ကြာပြီဖြစ်တဲ့ဟန်နဲ့ ကျွန်မရဲ့ ခြေထောက်အစုံဟာ အားနည်းနေပြီးတော့ ခွေကျသွားမလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ မိန်းကလေးက ကျွန်မကို ဖေးမ ထားပေးတဲ့အတွက် လဲကျတော့မသွားခဲ့ပါဘူး။ သူက ကျွန်မ လက်ကို တယုတယကိုင်ထားတယ်။ သတိထားမိတာတစ်ခုက သူ့ရဲလက်သူကြွယ်မှာရော ကျွန်မရဲ့လက်သူကြွယ်မှာပါ စိန်တစ်လုံးပါတဲ့ ပလက်တီနမ်လက်စွပ်ပုံစံတူ ဝတ်ဆင် ထားပြီးသားဖြစ်နေတယ် ဆိုတာပါပဲ။

“လာ... ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်ကြည့်ပါဦး။”

သူက ကျွန်မကို သစ်သားထိုင်ခုံတစ်မှာ ထိုင်စေတယ်။ ကျွန်မရဲ့ရှေ့မှာတော့ ကြည့်မှန်တစ်ချပ်ရှိနေပြီးတော့ ခါးအထိမြင်နိုင်တဲ့ မှန်မျိုးပါ။ မှန်ထဲမှာရှိနေတဲ့ ကျွန်မက အနက်ရောင်ဆံပင်ရှည်တွေနဲ့ အပြာရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားပြီး ဝတ်ဆင်ထားတဲ့ ညအိပ်ဂါဝန်အဖြူနဲ့ သိပ်ကို လိုက်ဖက်နေတာပဲ။

“ဒါက... ကျွန်မလား...” ကျွန်မမျက်နှာကိုယ်ကျွန်မ လက်နဲ့ တို့ထိလိုက်ကြည့်မိတယ်။ နောက်တော့ မိန်းကလေးက ကျွန်မ အနားကိုတရင်းတနှီးကပ်လာပြီး ကျွန်မကိုနောက်က သိုင်းဖက်လိုက်ပါတယ်။ သူ့ရဲ့ပါးပြင်က ကျွန်မရဲ့ပါးပြင်ကို ထိတွေ့နေပြီး သင်းပျံတဲ့ သူ(မ)ရဲ့ကိုယ်သင်းနံကို ကျွန်မ ရနေတယ်။

“အချစ်က ရို့စ်အတွက် အဖိုးတန်ပိုင်ဆိုင်မှုလေးလေ။ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်သွားခဲ့တော့ တစ်ခုခုဖြစ်သွားပြီလို့တောင် ထင်ခဲ့မိတာ။ အခုလို ပြန်နိုးလာတော့ သိပ်ဝမ်းသာတာပဲ။”

ကျွန်မ သူပြောတဲ့စကားတွေကို ပြန်စဥ်းစားကြည့်မိတယ်။ ခေါင်းတွေထိုးကိုက်လာပြီး ဦးနောက်တွေ လောင်ကျွမ်း သလိုမျိုး ခံစားလိုက်ရပေမဲ့ ဘာမှတ်ဉာဏ်မှ ထွက်မလာဘူး။ ဒါကြောင့် သူပြောတဲ့အတိုင်း မတော်တဆမှုတစ်ခုခုကြောင့် ကျွန်မအတိတ်မေ့သွားတယ်လို့ ယူဆရမလိုပဲ။

“ဒါဆိုရင် ရှင်က...”

“ရို့စ်ရဲ့နာမည်အပြည့််စုံက ရိုစယ်လီယာ။ တို့တွေက နှစ်ဦးသဘောတူ စေ့စပ်ထားတဲ့ စုံတွဲတွေပေါ့။ ပြီးတော့ မကြာခင်မှာ လက်ထပ်ကြတော့မှာလေ။”

“အဲဒီလိုလား...” ကျွန်မ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ခဲ့ဘူး။ ပြီးတော့ စိတ်ထဲ မကောင်းသလိုမျိုး ခံစားလိုက်မိပြန်တယ်။ ကျွန်မက ရိုစယ်လီယာကို မမှတ်မိဘူး။ သူပြောတဲ့အတိုင်းဆို မကြာခင်မှာ ကျွန်မတို့က လက်ထပ်တော့မှာဖြစ်ပေမဲ့ ကျွန်မက ရိုစယ်လီယာပေါ်မှာ ခံစားချက်ဗလာဖြစ်နေသလို ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေလည်း ရှိမနေတော့ဘူး။ ဒီလိုအရာမျိုးက သူ့အတွက်တရားပါရဲ့လား။

“ဒါက... အဆင်ပြေပါ့မလားလို့ ကျွန်မတွေးမိတယ်။” တိုက်ရိုက်ထုတ်ဖော်ပြောဖို့အတွက် ကျွန်မကြိုးစား ကြည့်ချင်ပေမဲ့ ရိုစယ်လီယာရဲ့ခံစားချက်တွေကို ထိခိုက်သွားစေမှာလည်း ကျွန်မစိုးရိမ်နေမိပြန်တယ်။

ရိုစယ်လီယာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ထဲထားတဲ့ ပုံမပေါ်ပါဘူး။ အဲဒီအစား သူပြောလိုက်တဲ့စကားကြောင့် ကျွန်မ အံ့တောင်အံ့ဩသွားခဲ့သေးတယ်။

“ဟုတ်သားပဲ... အချစ်က ရို့စ်ကို မှတ်မှမမှတ်မိတော့တာ။ ရုတ်တရက်ကြီး သူစိမ်းတစ်ယောက်ကို လက်ထပ်ရသလို ဖြစ်နေမှာပေါ့။”

“.....” ကျွန်မမှာ ငြင်းစရာမရှိပါဘူး။ တကယ်လည်း ကျွန်မဖို့ အဲဒီလိုဖြစ်နေတာလေ။

“ဒါပေမဲ့ စိတ်မပူပါနဲ့။ ရို့စ်က အချစ်ကို ဖိအားမပေးပါဘူး။ လက်မထပ်သေးခင် ခဏလောက် ဟောဒီစံအိမ်ကြီးမှာ အတူတူနေကြမယ်။ ပြီးရင် တို့နှစ်​ယောက်ကြုံဖူးခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်ဖန်တီးမယ်။ ဒီလိုဆိုရင် အချစ် ရို့စ်ကို ပြန်မှတ်မိလာမှာပါ။”

“.....” ကျွန်မ တိတ်ဆိတ်စွာနဲ့ မှန်ထဲက ပုံရပ်တွေကိုသာ ပြန်ကြည့်နေခဲ့မိတယ်။ ရိုစယ်လီယာက ညင်သာစွာ ပြုံးနေပြီး ကျွန်မပုံစံကတော့ အလွန်အမင်းတုံးအနေပုံ ပေါ်ပါတယ်။

ဒေါက်... ဒေါက်... ဒေါက်...

အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာပါတယ်။ ရိုစယ်လီယာက ကျွန်မအနားကနေခွာပြီး တံခါးသွားဖွင့် ပေးလိုက်ပါတယ်။ နေကာမျက်မှန်တပ်ထားပြီး တက်တူးတွေနဲ့ သားရေဂျာကင်လက်ပြတ်ကို ဝတ်ဆင် ထားတဲ့ လူကြီးက ရိုစယ်လီယာကို ဦးညွှတ်လိုက်ပြီးတော့

“ဘော့စ်၊ မနက်စာ အဆင်သင့်ဖြစ်ပါပြီ။”လို့ ပြောလိုက်တယ်။

ရိုစယ်လီယာက ခေါင်းညိတ်လိုက်ပြီး အခန်းထဲက အင်္ကျီချိတ်တဲ့ တိုင်မှာချိတ်ထားတဲ့ သူ့ရဲ့သားရေဂျာကင်ကို လှမ်းယူလိုက်တယ်။ နောက်တော့ သူက ကျွန်မလက်ကို လှမ်းဆွဲလိုက်ပြီးတော့

“မနက်စာ စားကြရအောင်လား။”လို့ ပြောလိုက်ပါတယ်။

...

ကျွန်မက ကျွန်မရှေ့မှာရှိနေတဲ့ အီတလီစတိုင် စပါဂါတီ ခေါက်ဆွဲကို ကြည့်လိုက်မိတယ်။ ငရုတ်အချဥ်ရည်စမ်းထား ပြီးတော့ ကျိတ်ထားတဲ့ ကြက်သားတချို့ကို ရောစပ်ထားတာ တွေ့မြင်နိုင်တယ်။ ညီညီညာညာနဲ့ အလယ်မှာရွှေရောင် ကြက်ဥအနှစ်ရှိနေတဲ့ ကြက်ဥဟက်ပွိုင့်တစ်ခုကိုလည်း အပေါ်မှာတင်ထားပေးသေးတယ်။

ကြည့်ရုံနဲ့တင် စားချင်စရာကောင်းပြီးတော့ ကျွမ်းကျင်သူ တစ်ယောက်​ယောက်က ပြုလုပ်ထားသလိုမျိုး ခံစားရတယ်။ တွဲဖက်သောက်စရာအဖြစ် အက်ဖရက်ဆိုကော်ဖီတစ်ခွက်နဲ့ ထောပတ်ကွက်ကီးတချို့ကိုလည်း တွေ့ရသေးတယ်။

ဒီမနက်စာက ပြောစရာမလိုအောင်ကို ထိပ်တန်းအဆင့်ရှိတဲ့ မနက်စာမျိုးမှန်း ကျွန်မသိပေမဲ့ ရင်ထဲမှာ တစ်ခုခု လိုအပ် နေသလိုမျိုး ခံစားနေရပါတယ်။

“အချစ်၊ ဗိုက်မဆာဘူးလား။” ကျွန်မက ဟင်းပွဲတွေကို ငေးကြည့်နေတာ ကြာပြီဖြစ်ပေမဲ့ မတို့မထိတဲ့အတွက် ရိုစယ်လီယာက ကျွန်မကိုမေးလိုက်တယ်။

“ချစ်၊ ဘာဖြစ်လို့လဲ။ စားချင်တာ မဟုတ်လို့လား။”

ကျွန်မက ခေါင်းခါလိုက်တယ်။ “အဲဒီလိုမဟုတ်ပါဘူး။ ကျွန်မ အတွေးလွန်နေလို့ပါ။”

ဒီလိုပြောလိုက်ရင်းနဲ့ ကျွန်မက ကြက်ဥကြော်ရဲ့အလယ် အနှစ်ကို ခက်ရင်းနဲ့ထိုးဖောက်လိုက်တယ်။ ရွှေရောင် ကြက်ဥအနှစ်က ပန်းကန်ထဲမှာ ပြည့်လျှံသွားပြီးတော့ စားချင်စရာမြင်ကွင်းက ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ကြက်ဥအနှစ်စမ်းပြီးသားဖြစ်သွားတဲ့ စပါဂါတီကို ဇွန်းနဲ့လိမ်ပတ်ပြီး ပါးစပ်ထဲထည့်လိုက်ပေမဲ့....

“ဟင်....” ရုတ်တရက် ကျွန်မခေါင်းထဲမှာ အပိုင်းပိုင်းအစစ ဖြစ်နေတဲ့ မှတ်ဉာဏ်တွေပေါ်လာခဲ့တယ်။ ကျွန်မ မှတ်ဉာဏ် တွေထဲမှာလည်း မနက်စာစားနေတဲ့ မြင်ကွင်းတွေရှိနေပြီး ဝေဝါးနေပြီး စက္ကန့်ပိုင်းလောက်ပဲ ပြန်ပေါ်လာတာဆိုပေမဲ့ ကျွန်မစိတ်ထဲမှာ သိပ်ကိုပျော်ခဲ့ရတဲ့ အချိန်တွေမှန်းတော့ သိနေခဲ့ပါတယ်။

နောက်တော့...

နောက်တော့...

အေပရွန်ဝတ်ထားပြီး ဟင်းပွဲတွေကို စားပွဲပေါ်ချနေတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်ကို ကျွန်မရေးတေးတေးနဲ့ မြင်ခဲ့ရတယ်။ အဲဒီလူက စားဖိုမှူးမဟုတ်ဘဲ မိသားစုဝင်လို ရင်းနှီးတဲ့လူတစ်ယောက်လို့ ခံစားမိလိုက်ပါတယ်။

ဘုတ်...

ကျွန်မပါးစပ်ထဲမှာ စပါဂါတီကို ဝါးနေပေမဲ့ အရသာမရှိတော့ သလိုမျိုးခံစားမိလိုက်တယ်။ သေသေချာချာပြုလုပ်ထားတဲ့ စားစရာမျိုးဖြစ်ပေမဲ့ တစ်စုံတစ်ခုလိုအပ်နေသလိုမျိုး ဖြစ်နေပြီးတော့ စားချင်စိတ်မရှိတော့သလိုမျိုး ခံစား လာရပါတော့တယ်။

“စားလို့မကောင်းဘူးလား...” ရိုစယ်လီယာက ကျွန်မကို ကြည့်နေရင်း စိုးရိမ်လာပုံရပြီးတော့ ထိုင်ခုံကနေထကာ ကျွန်မအနားကိုရောက်လာပါတယ်။

“ကျွန်မ သူ့ကိုမော့ကြည့်လိုက်တယ်။ ကျွန်မရင်ထဲမှာ မကောင်းတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်လာတယ်။ တစ်စုံ တစ်ခုဆီကနေ ဝေးကွာလာရလို့ ဝမ်းနည်းလာသလိုမျိုး။ အိမ်လွမ်းဖျားကျသလိုမျိုး ခံစားချက်။

“ကျ... ကျွန်မနည်းနည်း ခံတွင်းပျက်နေတယ်နဲ့တူတယ်။”

ကျွန်မ ဒီလိုပဲပြောလိုက်တာဖြစ်ပေမဲ့ ရိုစယ်လီယာက အရမ်းကို ဒေါသထွက်သွားတဲ့ပုံစံနဲ့ မျက်နှာက မာထန်သွားခဲ့တယ်။ နောက်တော့ သူက တက်တူးတွေနဲ့ လူမိုက်လိုလူကြီးကိုကြည့်ပြီး...

“ဒေါ်နယ်... စားဖိုမှူးကို ချက်ချင်းအလုပ်ထုတ်ပစ်လိုက်။ တစ်နာရီအတွင်း နောက်တစ်ယောက်ရှာလာပြီး ဆယ်ဗီ အကြိုက်ချက်ပေးခိုင်း။”

“ဟုတ်... ဟုတ်ကဲ့။” ဒေါ်နယ်လို့အခေါ်ခံရတဲ့လူကြီးက ချက်ချင်းပဲ အခန်းထဲက​နေ ပြေးထွက်သွားတယ်။

“ရိုစယ်လီယာ... အဲဒီလိုလုပ်စရာမလိုပါဘူး။ ကျွန်မက ဒီအတိုင်း စားမဝင်ရုံလေးပါ။”

ကျွန်မက သူတို့ကိုတားဖို့ကြိုးစားပေမဲ့ ရိုစယ်လီယာက နားမထောင်ပါဘူး။ သူက ခေါင်းခါပြတယ်။

“တို့က ဆယ်ဗီခံတွင်းတွေ့စေမယ့် စားစရာမျိုးကို ချက်ဖို့အတွက် သူ့ကိုအမိန့်ပေးထားတာလေ။ ဒါကို သူအောင်မြင်အောင် မလုပ်နိုင်ဘူးဆိုကတည်းက ဆာဗွေနယ်စားအိမ်တော်မှာ အလုပ်လုပ်ဖို့အတွက် မထိုက်တန်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တယ်။”

ကျွန်မရင်ထဲ မကောင်းတဲ့ခံစားချက်တွေက ပိုပြီးတော့ ကြီးမားလာခဲ့တယ်။ တစ်ခုခု လွဲမှားနေသလိုမျိုးပဲ။ ကျွန်မ စားမဝင်တာလေးတစ်ခုကြောင့်နဲ့ ရိုစယ်လီယာက သူ့ရဲ့ ဝန်ထမ်းတစ်ယောက်ကို အလုပ်ထုတ်ပစ်လိုက်တာလား။ ဒါမျိုးက ဂရုစိုက်လွန်းပြီး အကာအကွယ်ပေးလွန်တာမျိုးလို့ ပြောနိုင်ပေမဲ့ အသားမကျသလိုမျိုး ခံစားနေရတာကတော့ အမှန်ပါပဲ။

ကျွန်မက ရိုစယ်လီယာကို ကြည့်လိုက်မိတယ်။ မှတ်ဉာဏ်ထဲ ရှိနေတဲ့ ပြန့်ကျဲနေတဲ့အပိုင်းအစတွေအရ မိသားစုဝင်လိုမျိုး လူတစ်ယောက်က ကျွန်မအတွက် ဟင်းချက်ပေးခဲ့တယ်တဲ့။ အဲဒီတစ်ယောက်က အခုလိုမျိုး ဂရုစိုက်လွန်းတဲ့ ရိုစယ်လီယာ ကိုယ်တိုင်များဖြစ်နေမလား။

တခြားဘယ်သူ့ကိုမှလည်း ကျွန်မမသိတာမလို့ သူများဖြစ်နေမလားဆိုပြီး တွေးခဲ့မိရုံပါ။

“ရိုစယ်လီယာ....”

“အင်း၊ ဘာဖြစ်လို့လဲ။” ကျွန်မက သူ့နာမည်ကို ခေါ်တဲ့အတွက် ကျွန်မကိုလှည့်ပြီးတော့ ကြည့်လိုက်တယ်။

“အခုလို​မေးရင် ထူးဆန်းသလိုမျိုး ဖြစ်နေမလားမသိပေမဲ့ အရင်က ရှင်ကျွန်မအတွက် မနက်စာချက်ကျွေး ဖူးလားဟင်။”

ရိုစယ်လီယာက ကျွန်မရဲ့မေးခွန်းကြောင့် ကျွန်မကို အံ့ဩနေတဲ့ပုံစံနဲ့ ပြန်ကြည့်လိုက်ပါတယ်။ အတန်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှ သူက ကျွန်မကို ခေါင်းခါ ပြလိုက်ပါတယ်။

“ဟင့်အင်း... မချက်ကျွေးဖူးဘူး။ ပြောရရင် တို့က ဟင်းမချက်တတ်ဘူးလေ။ ဒါပေမဲ့ ချစ်အတွက် စားချင်တာတွေ အားလုံးဝယ်ကျွေးနေကျ။”

“အဲဒီလိုလား...” ဒါဆိုရင် ကျွန်မကို မနက်စာချက်ကျွေးဖူးတဲ့ လူက သူမဟုတ်ဘူးပေါ့။ ဒါပေမဲ့... အဲဒီလိုဆိုရင် အဲဒါက ဘယ်သူလဲ။ ကျွန်မထပ်ပြီး စဥ်းစားကြည့်ဖို့လုပ်ပေမဲ့ ခေါင်းကိုက်လာတာပဲ အဖက်တင်ပါတယ်။

‘ထားလိုက်တော့... မတွေးတာပဲ ကောင်းမယ်နဲ့တူတယ်။' ကျွန်မ အခုလိုတွေးလိုက်ပြီး လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ စားပွဲပေါ်က မနက်စာတွေကတော့ ဒီအတိုင်းရယ်။

ခဏနေတော့ တက်တူးတွေနဲ့ဒေါ်နယ်ကြီးက အဖြူရောင် စားဖိုမှူးဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူဝဝကြီး တစ်ယောက်ကို ခေါ်လာပြီးတော့ ကျွန်မတို့နဲ့မိတ်ဆက်ပေးတယ်။

“ဘော့စ်၊ ဒီစားဖိုမှူးက ကျုပ်တို့ဆာဗွေနယ်ထဲမှာ လောလောဆယ်ရှာလို့ရတဲ့ အကောင်းဆုံးစားဖိုမှူးပဲ။ မက်ချယ်လင်ကြယ်သုံးပွင့်ရဖူးတဲ့ဆိုင်မှာ စားဖိုမှူးချုပ် လုပ်နေတာ ဆယ်နှစ်ကျော်ပြီ။”

“ကောင်းတယ်။ မင်းကို အလုပ်ခန့်လိုက်ပြီ။ ဒါပေမဲ့ ဆယ်ဗီအကြိုက်မချက်နိုင်လို့ကတော့ မင်းကိုချက်ချင်း ပြန်ပြုတ်မယ့်အပြင် မင်းဆိုင်ကိုပါ ပြန်သွားလို့မရအောင် လုပ်ပစ်မယ်။”

အတင်းဆွဲခေါ်လို့ပါလာပုံရတဲ့ မက်ချယ်လင်ကြယ်သုံးပွင့်ရ စားဖိုမှူးကြီးက ရိုစယ်လီယာကို ကြောက်လန့်နေပုံရပြီးတော့ ကျွန်မကို ဦးညွှတ်လိုက်တယ်။

“သခင်မလေးဆယ်ဗီ၊ ဘာစားချင်ပါသလဲခင်ဗျ။”

ကျွန်မစဥ်းစားကြည့်လိုက်တယ်။ စားချင်တဲ့ စားစရာတွေက အများကြီးပဲ။ ခေါင်းထဲပေါ်တဲ့အတိုင်းသာ ပြောလို​က်မယ် ဆိုရင် ဟင်းပွဲရာကျော်သွားမလားပဲ။ ဒါပေမဲ့ အဲဲဒီလိုလုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် စိတ်ကူးပေါက်ရာ ဟင်းပွဲတစ်ပွဲကိုပဲ ပြောလိုက်တယ်။

“အားလူးချောင်းကြော်နဲ့ ငါးအသားကပ်ကြော် စားချင်တယ်။” စားဖိုမှူးကြီးမျက်နှာမှာ အံ့ဩသွားတဲ့ အရိပ်အ​ယောင်ပေါ်လာတယ်။ ကျွန်မ သူ့ကို နားလည်နိုင်တယ်။ အဲဒီဟင်းပွဲက မက်ဒေါ်နယ်လိုမျိုး အမြန်စာစားသောက်ဆိုင်တွေမှာ ရောင်းချတဲ့ အမြန်စာဟင်းပွဲဖြစ်နေလို့လေ။

All Chapters