← Chapters

ဧကရာဇ်ချုံ၏ဓား

Vol. 55 Ch. 774

ဧကရာဇ်ချုံ၏ဓား

Vol. 55 Ch. 774

"ငါပြောခဲ့တယ်လေ။ မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူးလို့"

ဖန်းတောက်ယိသည် လေပေါ်တွင်မတ်တပ်ရပ်နေကာ ကျန်းရွှမ်ကို ငုံ့မိုးကြည့်လျက် နက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်းသောအရှိန်အဟုန်ကို ဖော်ထုတ်နေခဲ့ချေသည်။

ဤအချိန်တွင် ဖန်းတောက်ယိက ဘယ်ခွန်အားကိုမှ ထုတ်ဖော်ပြသမနေရင်တောင် ကျန်းရွှမ်ကို အနိုင်ယူလိုက်နိုင်တာကြောင့် ထိပ်တန်းပါရမီရှင်များအကြား၌ နေတစ်စင်းကဲ့သို့တောက်ပနေခဲ့ပြီဖြစ်သည်။

"ရတနာပစ္စည်းတွေဆိုတာ ထိုက်တန်သူတွေပဲရတတ်တာ"

"ဒီဧကရာဇ်ချုံရဲ့ဓားက ငါဖန်း‌တောက်ယီရဲ့အပိုင်ဖြစ်လာဖို့အတွက် ကံပါလာခဲ့ပြီပဲ"

ကျန်းရွှမ်စကားမပြောနိုင်သေးခင်တွင် ဖန်းတောက်ယိက ဆက်လက်ပြောဆိုလိုက်သည်။

ကျန်းရွှမ်၏မျက်နှာသည် မလိုလားမနှစ်သက်မှုတို့ဖြင့်ပြည့်နှက်နေခဲ့သော်လည်း သူသည် ဖန်းတောက်ယိ၏တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရထားခဲ့သည်။ သူ့တွင် တိုက်ခိုက်ရန်ခွန်အား နည်းနည်းကျန်နေသေးရင်တောင် ဖန်းတောက်ယိ၏ပြိုင်ဘက် အဘယ်မှာဖြစ်နိုင်ပါမည်နည်း။

သူ ဤဧကရာဇ်ချုံ၏ဓားကို မရရှိနိုင်ခဲ့သည်က နှမျောစရာကောင်းသည်။ ဒီလိုမှမဟုတ်ပါက ဧကရာဇ်ချုံ၏ဓားကို မှီခိုအားထား၍ မြွေနဂါးဓားဂိုဏ်းတွင် မြင့်မားသောအဆင့်တစ်ခုသို့ ကျိန်းသေပေါက်ရောက်နိုင်လိမ့်မည်။

"ဧကရာဇ်ချုံရဲ့ဓား"

ဖန်းတောက်ယိ၏စကားဆုံးသွားသည့်အခါ လေထုထဲ၌ပုန်းကွယ်နေသော ရွှမ်းယွမ်၏မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားခဲ့ပြီး အံ့အားတသင့်ရေရွတ်လိုက်မိသည်။ ဝမ်ဖုန်းကသာ အကာအကွယ်ချထားခဲ့၍မဟုတ်ပါက ဖန်းတောက်ယိတို့အုပ်စု သတိထားမိသွားပေလိမ့်မည်။

"ဘာဖြစ်လို့လဲ။ ဒီဧကရာဇ်ချုံရဲ့ဓားက ဘာဖြစ်လို့လဲ"

ဝမ်ဖုန်းသည် မျက်ဝန်းများကိုမှေးကျဉ်းလိုက်ပြီး အနောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ မေးမြန်းလိုက်သည်။ သူသည် လေထုထဲ၌မျောလွင့်နေသော အနီရောင်ဓားကိုတွေ့မြင်ခဲ့ရသည့်အခါ ထိုဓား၏ထူးခြားဆန်းပြားမှုကို ခံစားရရှိနိုင်ခဲ့သည်။ သူသည် အနည်းငယ်အံ့ဩမိနေခဲ့သည်။

"ဒီဧကရာဇ်ရဲ့ချုံဓားက ချုံအသက်ရှိစဉ်ကအသုံးပြုခဲ့တဲ့ အဆောင်အယောင်ပစ္စည်းပဲ။ ချုံရဲ့နောက်ကိုလိုက်ပါခဲ့ပြီးတော့ အဲဒီဓားက အင်မော်တယ် ဧကရာဇ်အထွဋ်အထိပ်ဆင့်ကိုရောက်နေခဲ့ပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲကွာဝေးတော့တယ်။

"အဲဒီဓားက မြင့်မြတ်တဲ့ မှော်ရတနာတစ်မျိုးဖြစ်မလာသေးပေမဲ့ မြင့်မြတ်တဲ့မှော်ရတနာနဲ့ နှိုင်းယှဉ်နိုင်လုနီးပါးဖြစ်နေခဲ့ပြီ။ ချုံမှာ ကောင်းမွန်တဲ့တိုက်ပွဲဝင်ခွန်အားရှိနေရတာက အဲဒီဓားကြောင့်လည်းပါတယ်"

"အဲဒီအချိန်တုန်းက ချုံသေဆုံးသွားပြီးတော့ အင်မော်တယ်ဧကရာဇ်အဆင့် စွမ်းအားရှင်ကြီးတွေက ဒီဓားကိုလိုက်ရှာခဲ့ကြသေးတယ်။ အဓိကနတ်ဘုရားမျိုးနွယ်စုကြီးလေးစုရဲ့ စွမ်းအားရှင်တွေအပါအဝင်ပေါ့။ ဒါပေမဲ့ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒီဓားက ဒီနေရာမှာရှိနေလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"

ရွှမ်းယွမ်သည် နှလုံးသားထဲရှိတုန်လှုပ်မှုများကို ဖိနှိပ်ထားခဲ့ကာ လေဟာပြင်ရှိဓားကိုစိုက်ကြည့်လျက် ရှင်းပြပြောဆိုခဲ့သည်။

ဧကရာဇ်ချုံ၏ဓားကသာ အပြင်လောကတွင်ရှိနေခဲ့လျှင် မြင့်မြတ်သောလက်နက်တစ်ခု ဟုတ်မနေခဲ့ရင်တောင် ဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးကို ပွက်ပွက်ဆူသွားနိုင်စေသည်။ နတ်ဘုရားမျိုးနွယ်စုကြီးလေးစုက ၎င်းဓားကိုရရှိရန် အပြည့်အဝကြိုးစားပါလိမ့်မည်။ ဤသည်မှာ မြင့်မြတ်သော မှော်ရတနာထက်မနိမ့်ကျသော ဧကရာဇ်အဆင့်ရတနာတစ်ပါး ဖြစ်နေသည်မဟုတ်ပါလော။ ရရှိပိုင်ဆိုင်သွားပါက ခွန်အားများ အကြီးအကျယ်တိုးတက်လာနိုင်သည်။

"ဂိုဏ်းချုပ်၊ ဒီဓားက သိပ်ကိုအံ့သြစရာကောင်းလွန်းတယ်။ ကျွန်တော်မျိုးတို့လွဲချော်လို့မဖြစ်ဘူး"

ရွှမ်းယွမ်ပြောလိုက်သည်ကိုကြားလိုက်ရသည့်အခါ တစ်ဖက်တွင်ရှိသောကုချိုး၏မျက်ဝန်းများသည် တောက်ပလာခဲ့ပြီး လျင်မြန်စွာအကြံပေးပြောဆိုလိုက်သည်။

သူသည် ကောင်းကင်နတ်ဆိုးခေါင်းလောင်းကို ရရှိထားသော်လည်း မကျေနပ်နိုင်သေးပါ။ ဘယ်သူကများ ရတနာပစ္စည်းတွေကိုမကြိုက်ဘဲနေပါမည်နည်း။ ၎င်းဓားကိုရရှိသွားရင်တောင် ဂိုဏ်းချုပ်က သူ့ကိုလက်ဆောင်ပေးလာမှာမဟုတ်ဘူးဆိုတာ သူသိပါသည်။ သို့သော်လည်း ဆိုရိုးစကားများအတိုင်း ကံတရားကောင်းသည်အပြင်လူများဆီသို့ ရောက်မသွားသင့်ပါ။ ရှန်ရှန့်ကျုံ့ဂိုဏ်သားတစ်ယောက်က ၎င်းဓားကိုပိုင်ဆိုင်ထားခြင်းက အပြင်လူများပိုင်ဆိုင်ထားခြင်းထက် ပို၍ကောင်းပါသည်။

ဝမ်ဖုန်းသည် ကုချိုးကိုလျစ်လျူရှုထားခဲ့ကာ ကျန်းရွှမ်နှင့်ချုံ၏ဓားကို တစ်လှည့်စီလှမ်း၍ကြည့်ရှုနေခဲ့သည်။ တစ်ခဏကြာတွေးတောလိုက်ပြီးနောက် ကျန်းရွှမ်သာ ချုံ၏ဓားကိုရရှိသွားပါက သူကျင့်ကြံသော ဓားခန္ဓာသိုင်းနှင့်ပေါင်းစပ်လိုက်လျှင် ကျိန်းသေပေါက်မြင့်မားသောအဆင့်တစ်ခုအထိ တိုးတက်သွားနိုင်သည်။

သူသည် မြွေနဂါးဓားဂိုဏ်း၏ အကြီးအကဲနှင့်သဘောတူညီမှုတစ်ခုထားရှိခဲ့သည်။ သူ ထာဝရညဥ့်ဦးယံမြို့၏ မြို့အရှင်ပြိုင်ပွဲဝင်နေစဉ်တွင် မြွေနဂါးဓားဂိုဏ်း၏ ပါရမီရှင်များကိုတွေ့ပါက ကောင်းကောင်းကြီးဂရုစိုက်လိုက်ပါမည်ဟူ၍ဖြစ်သည်။

သူ ကြုံတွေ့မည်မကြုံတွေ့မည်ကတော့ ကံတရားနှင့်သာသက်ဆိုင်လေသည်။

ထိုငွေနဂါးဓားဂိုဏ်း၏အကြီးအကဲက ဝမ်ဖုန်းနဲ့ရှန်ရှန့်ကျုံ့ဂိုဏ်းကို ကူညီခဲ့ဖူးသည်။

ကျန်းရွှမ်၏ပါရမီသည် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးရှိ ထိပ်တန်းလူငယ်ပါရမီရှင်များအကြားတွင် အကောင်းတကာ့အကောင်းဆုံးထဲတွင် ပါဝင်သည်ဟုပြောဆို၍ရနိုင်သည်။ သို့သော်လည်း ဝမ်ဖုန်း၏မျက်ဝန်းထဲတွင်တော့ အဆင့်အတန်းမမှီသေးပါ။ လက်ရှိ ရှန်ရှန့်ကျုံ့ဂိုဏ်း၏ဘယ်တပည့်ကမဆို ကျန်းရွှမ်ထက် နိမ့်ကျသူမရှိပါချေ။ ဘာကိုလျှို့ဝှက်ဆန်းကြယ်တာလဲ။ အားအနည်းဆုံးကွေ့ဝူကတောင်မှ ကျန်းရွှမ်ကို ရင်ဆိုင်နိုင်လေသည်။

ကုချိုး၊လီချင်းနှင့် ရွှမ်းယွမ်တို့ဆိုပါက ပြောနေစရာတောင်မလိုတော့ပါ။

သို့သော်လည်း ချုံ၏ဓားကတော့ ထူးခြားဆန်းပြားသည်။ မြွေနဂါးဓားဂိုဏ်း၏သိုင်းပညာရပ်ကလည်း ထူးခြားဆန်းပြားသည်။ ၎င်းသိုင်းပညာသည် ခန္ဓာကိုယ်ကိုဓားတစ်ချောင်းအသွင်ပေါင်းစည်းကာ ရုပ်ခန္ဓာနှင့်ဓားကို အတူတကွစုပေါင်း၍ ကျင့်ကြံရခြင်းဖြစ်သည်။ လမ်းစဉ်နှစ်ခုကို တစ်ခုတည်းအဖြစ်ပြောင်းလဲထားရခြင်းဖြစ်သည်။ ဤကဲ့သို့ ထိပ်တန်းမှော်ဝင်ရတနာမျိုးကိုသာ ရရှိသွားခဲ့လျှင် ကျန်းရွှမ်၏ပါရမီသည် အင်မတန်ထူးခြားထက်မြက်လာမှာကိုစိုးရိမ်မိသည်။ ဤပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီး၌ ကျန်းရွှမ်သည် ထိပ်တန်းထဲမှာအကောင်းဆုံးတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မည်။

ဤသို့တွေးလိုက်ပြီးနောက် လုဖန်သည် မျက်ဝန်းကိုမှေးကျဉ်းလိုက်ပြီး လှုပ်ရှားမှုပြုလုပ်ရန်အလျင်မလိုနေခဲ့ချေ။ သူသည် အပြောင်းအလဲများကို ဂရုတစိုက်ဆက်လက်စောင့်ကြည့်နေခဲ့သည်။

"သနားစရာကောင်းလိုက်တာ"

"မင်းသာ ငါနဲ့အတူပြိုင်မလုခဲ့ရင် အသက်ကိုဆုံးရှုံးရမှာ မဟုတ်ဘူး"

ဖန်းတောက်ယိသည် လေထုထဲတွင်မတ်တပ်ရပ်နေခဲ့ကာ ကျန်းရွှမ်ကိုစိုက်ကြည့်လိုက်ပြီး ခေါင်းကိုခါရမ်းလျက် သက်ပြင်းချလိုက်သည်။

လူငယ်ပါရမီရှင်များအပေါ်ဖြတ်ကျော်၍ ထိပ်ဆုံးသို့တက်လှမ်းခြင်းကသာ တစ်စုံတစ်ယောက်ကိုပြိုင်ဘက်ကင်းဖြစ်လာစေနိုင်သည်။ လမ်းပေါ်တွင် ပြိုင်ဘက်မရှိပါက အဘယ်မျှလောက်အထီးကျန်ဆန်နေပါလိမ့်မည်နည်း။

သို့သော်လည်း ချုံ၏ဓားသတင်းသည် ပျံ့နှံ၍မရနိုင်ပါ။ ဒီလိုမှမဟုတ်ပါက များပြားသောပါရမီရှင်များသည် သူ့ထံသို့လာရောက်လုယူကြလိမ့်မည်။ ရှစ်ဖန်းကောင်းကင်နန်းတော်ကတောင် သူ့ကို ကာကွယ်ပေးနိုင်တော့မှာမဟုတ်ချေ။ ချုံ၏ဓားက ဆွဲဆောင်မှုကြီးမားလွန်းနေသည်မဟုတ်ပါလော။

သေဆုံးပြီးသူများကသာ လျှို့ဝှက်ချက်များကိုထိန်းသိမ်းနိုင်သည်။

ဤအချိန်တွင် ဖန်းတောက်ယိ၏နှလုံးသားထဲ၌ သတ်ဖြတ်လိုသောစိတ်ဆန္ဒများပြည့်နှက်နေခဲ့သည်။ သူသည် ကျန်းရွှမ်နှင့်ထာဝရညဥ့် ဦးယံမြို့၏ပါရမီရှင်များအပြင် ရှစ်ဖန်းကောင်းကင်နန်းတော်၏ တပည့်များကိုတောင် သတ်ဖြတ်ချင်နေခဲ့သည်။

"ဘုန်း!"

ဖန်းတောက်ယိ၏စကားဆုံးသွားသည့်အခါ သူသည် လက်ကိုဝှေ့ရမ်းလိုက်သည်။ စွမ်းအင်လှိုင်းလုံးများသည် ပင်လယ်ပြင်ကဲ့သို့သူ့ကိုဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားခဲ့သည်။ ခမ်းနားကြီးကျယ်သောစွမ်းအင်များသည် သူ၏လက်နှစ်ဖက်အကြား၌ စုရုံးရောက်ရှိလာခဲ့သည်။ သူလက်ဝှေ့ရမ်းလိုက်သည့်အခါတိုင်းတွင် အဆောင်လက်ဖွဲ့တစ်ခုထွက်ပေါ်လာလျက်ရှိသည်။ 

အဆောင်လက်ဖွဲ့များသည် ကျိန်းစက်သောအလင်းတန်းဖြင့် တောက်ပနေခဲ့ကာ များပြားသောစွမ်းအင်တို့ဖြင့်ရစ်သိုင်းနေခဲ့သည်။ ၎င်းအဆောင်လက်ဖွဲ့တို့၏ မှော်ဝင်စွမ်းရည်များသည် လေဟာပြင်ကိုဖြတ်သန်း၍ ထာဝရညဥ့်ဦးယံမြို့၏ပါရမီရှင်များကို ဖိနှိပ်ထားခဲ့ရုံသာမက ရှစ်ဖန်းကောင်းကင်နန်းတော်၏ပါရမီရှင်များကိုပါ ဖိနှိပ်ထားခဲ့သည်။

ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ ရှစ်ဖန်းကောင်းကင်နန်းတော်၏တပည့်များသည် စိုးရိမ်ပူပန်သွားခဲ့ကြသည်။

"အစ်ကိုဖန်း၊ ခင်ဗျား ...ခင်ဗျားဘာလုပ်နေတာလဲ"

များမကြာမီတွင် ရတနာပစ္စည်းကိုရရှိခဲ့ခြင်းကြောင့် ပျော်ရွှင်နေသောသူတို့၏နှလုံးသားသည် ဆက်လက်မပျော်မြူးနိုင်တော့ပါ။ အကြောင်းမူ များပြားသောအဆောင်လက်ဖွဲ့များသည် ထာဝရညဉ့်ဦးယံမြို့၏ ပါရမီရှင်များဆီပြေးဝင်သွားခဲ့ရုံသာမက သူတို့ထံသို့ပါပြေးဝင်လာခဲ့၍ဖြစ်သည်။ အေးစက်သော သတ်ဖြတ်မှုစိတ်ဆန္ဒများသည် သူတို့၏ခန္ဓာကိုယ်ကိုတုန်ယင်သွားစေခဲ့သည်။

"တောင်းပန်ပါတယ် ညီငယ်လေးတို့။ ချုံရဲဲ့ဓားသတင်းက ပြန့်နှံ့သွားလို့မဖြစ်ဘူး။ သေဆုံးပြီးတဲ့လူတွေကသာ လျှို့ဝှက်ချက်ကိုစောင့်ထိန်းနိုင်ကြမှာ"

ဖန်းတောက်ယိသည် အနောက်သို့လှည့်ကြည့်ခြင်းမရှိဘဲ ပြောဆိုလိုက်သည်။ သူ၏အေးတိအေးစက်စကားလုံးများက ရှစ်ဖန်းကောင်းကင်နန်းတော်၏တပည့်များကို တုန်ယင်သွားစေခဲ့သည်။

"သေစမ်းကွာ"

"ငါတို့အတူတူတိုက်ခိုက်ကြမယ်။ သူကတစ်ယောက်တည်းပဲလေ။ ငါတို့အများကြီးကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူး"

"ငါတို့အပြင်ပြန်ထွက်သွားရင် သူ့ကို နန်းတော်သခင်တွေဆီသတင်းပို့ပြီး ကြီးကြီးမားမားအပြစ်ဒဏ်စီရင်ခိုင်းရမယ်"

ဖန်းတောက်ယိ၏ ရက်စက်မှုနှင့်ပြတ်သားမှုများသည် ရှစ်ဖန်းကောင်းကင်နန်းတော်၏တပည့်များကို ဒေါသထွက်သွားစေခဲ့သည်။ ကောင်းကင်နန်းတော်၏တပည့်များသည် အတူတကွအင်အားစုပေါင်း၍ ဖန်းတောက်ယိကို ဖိနှိပ်ချင်လာခဲ့သည်။

All Chapters