သွေးကြာပန်းကိုသန့်စင်ခြင်း
Vol. 55 Ch. 764
"ဘုန်း!"
မျက်တောင်တစ်ခတ်အတွင်း၌ တောင်ကြားအတွင်း၌ မတ်တတ်ရပ်နေခဲ့သော ဒါဇင်ကျော်သည့်ပါရမီရှင်များအားလုံးသည် တစ်ပြိုင်တည်းဟစ်ကြွေးခဲ့ကြကာ တစ်ယောက်ပြီးတစ်ယောက် ကိုယ်ပိုင်အစွမ်းထက်သော တိုက်ကွက်များကိုထုတ်ဖော်ခဲ့ကြပြီး ဝမ်ဖုန်းကိုတိုက်ခိုက်ခဲ့ကြသည်။ ကောင်းကင်ပေါ်တွင် ဧရာမလက်ဖဝါးရာကြီးများ၊လွှမ်းမိုးခြယ်လှယ်နိုင်သောလက်သီးအရိပ်များနှင့် ထက်မြသောဓားစွမ်းအင်များရှိနေခဲ့သည်။ လေဟာပြင်သည် တိုက်ကွက်ပေါင်းများစွာတို့ကြောင့် တစ်စစီပုံပျက်ယိုယွင်းသွားခဲ့သည်။
"ဘုန်း!"
ချန်းယောင်သည်လည်း သူ၏ကိုယ်ပိုင်ခွန်အားကိုအားကုန်အသုံးပြု၍ တိုက်ကွက်တစ်ခုကိုပြုလုပ်ခဲ့သည်။ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှ မြင့်တက်ထွက်ပေါ်လာလျက်ရှိသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် ၎င်းစွမ်းအင်များက ဧရာမလက်သီးအလင်းတန်းကြီးအဖြစ် ဖွဲ့စည်းသွားခဲ့သည်။ တောက်ပသောအလင်းတန်းသည် လက်သီးလုံးပေါ်တွင် နေတစ်စင်းကဲ့သို့ ဝင်းဖြာလျက်ရှိသည်။ ၎င်းက ဝမ်ဖုန်းထံသို့ ထိတ်လန့်စရာကောင်းသော စွမ်းအင်ကိုသယ်ဆောင်လျက် ပြိုဆင်းလာခဲ့သည်။
ဤကဲ့သို့ ပြင်းထန်သောတိုက်ကွက်မျိုးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဝမ်ဖုန်းက မျက်လုံးတောင်ပင့်၍မကြည့်ရှုခဲ့ပါ။ သူက လက်မောင်းကိုအသာအယာခါရမ်းလိုက်ပြီး လက်သီးတချက်ကိုဘန်းခနဲမြည်သံနှင့်အတူ ထိုးသွင်းခဲ့တယ်။ ကျဆင်းလာသော တိုက်ကွက်များအားလုံးသည် ဝမ်ဖုန်း၏လက်သီးအလင်းလုံးကို မရပ်တန်စေနိုင်ခဲ့ပါ။ ထိတ်လန့်စရာကောင်းသော တိုက်ကွက်များသည် တခဏအတွင်း၌ အပိုင်းပိုင်းအစအစ ပြတ်တောက်သွားခဲ့ပြီး လူငယ်ပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် သွေးပွက်ပွက်အန်ခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် တန်ပြန်ဖိအားကြောင့် အဝေးသို့လွင့်စင်ထွက်သွားကာ တောင်နံရံနှင့်ရိုက်ခတ်နေခဲ့ကြသည်။
"ဘုန်း!"
ပေါက်ကွဲသံကြီးများသည် ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ တောင်တန်းကြီးတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် ပါရမီရှင်များခန္ဓာကိုယ်နှင့် အဆက်မပြတ်ရိုက်ခတ်မှုကြောင့် တစ်သိမ့်သိမ့်တုန်ခါသွားခဲ့သည်။ မြေပြင်၏တစ်စိတ်တစ်ပိုင်းသည် လွင့်စင်ထွက်သွားခဲ့ကာ ဖုန်မှုန့်များနှင့်မြူခိုးမြူငွေများသည် ကမ္ဘာလောကအတွင်း ရစ်သိုင်းလွှမ်းခြုံလျက်ရှိသည်။
ချန်းယောင်ကဲ့သို့ သန်မာသောလူကတောင် ဝမ်ဖုန်း၏လက်သီးချက်ကြောင့် အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ နှုတ်ခမ်းထောင့်စွန်းမှ သွေးများလည်း စီးပြိုကျလျက်ရှိကာ အမူအရာသည် စက္ကူတစအလားဖြူဆုတ်နေခဲ့သည်။
"ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချန်းယောင်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအကြည့်တစ်ခု ဖြတ်သန်းသွားခဲ့ကာ တီးတိုးရေရွတ်ပြောဆိုလိုက်မိသည်။
သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောက်တရားတို့ကြောင့် တစ်ဆတ်ဆတ်ခါရမ်းနေခဲ့သည်။ သူသည် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်တွင်ရှိသော ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း ဝမ်ဖုန်း၏လက်သီးလုံးတစ်လုံးကိုတောင် မခုခံနိုင်ခဲ့ပါလား။ ဤကဲ့သို့ကြောက်လန့်စရာကောင်းသော ပါရမီရှင်မျိုးသည် သွေးမျှော်စင်အတွင်း၌ အဘယ်ကြောင့်ထွက်ပေါ်လာရသနည်း။
ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် သူသည် ဧကရာဇ်ဘုံလောကကြီး၌ရှိသော ပါရမီရှင်အားလုံးကိုမသိလျှင်တောင်မှ မြို့အရှင်တိုက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြသော ပါရမီရှင်အတော်များများကိုတော့သိကြပါသည်။ ၎င်းထိပ်တန်းပါရမီရှင်များအားလုံးသည် ဝမ်ဖုန်းကိုဘယ်သူမှ မယှဉ်ပြိုင်နိုင်ကြပါ။
ဦးချိုတစ်ချောင်းပါသော သွေးမကောင်းဆိုးဝါးသည် တောင်ကြားလေးအတွင်း၌ ငြိမ်သက်စွာလှဲလျောင်းနေခဲ့သည်။ ၎င်း၏သွေးနီရောင်မျက်ဝန်းများအတွင်း၌ ကြောက်လန့်နေသောအကြည့်တစ်ခုရှိနေခဲ့သည်။ ၎င်းက ဝမ်ဖုန်းကိုကြောက်လန့်တကြား လှမ်း၍ကြည့်ရှုနေခဲ့သည်။ ပြင်းထန်သောလက်သီးလုံးသည် သွေးနီရောင်မကောင်းဆိုးဝါး၏နှလုံးသားကိုတောင် တုန်ယင်စေခဲ့သည်။ ဒီလူသားက အရမ်းကိုသန်မာလွန်းတယ်။
ထိုလူသားကသာ ကောင်းကင်ဝိညာဉ်သွေးကြာပန်းကိုရယူလိုလျှင် သူပေးလိုက်ရမည်လား။
ဦးချိုတစ်ချောင်းပါသော မကောင်းဆိုးဝါးသည် ဤအတွေးကိုတွေးတောလိုက်မိသည်။ အသက်နှင့်နှိုင်းယှဉ်ရပါက ရတနာပစ္စည်းက အဘယ်မျှလောက် အဖိုးတန်ပါဦးမည်လော။
"ရတနာပစ္စည်းကို မရယူနိုင်တဲ့အတွက် မင်းတို့လုံလောက်အောင်မသန်မာတာကိုပဲ အပြစ်တင်လိုက်သင့်တယ်"
ဤအချိန်တွင်ဝမ်ဖုန်းသည် ချန်းယောင်နှင့်အုပ်စုကို ထူးမခြားနားစွာစိုက်ကြည့်လိုက်ပြီး တိုးဖွစွာရေရွတ်ပြောဆိုလိုက်သည်။
"ဘုန်း!"
ယင်းစကားလုံးများ ကျဆင်းသွားခြင်းနှင့်အတူ ဝမ်ဖုန်းက ထပ်မံ၍လက်သီးတချက်ပစ်သွင်းခဲ့သည်။ ကြောက်လန့်စရာကောင်းသောစွမ်းအားများသည် ဧရာမလက်သီးလုံးကြီးအဖြစ် ဖွဲ့တည်သွားခဲ့ကာ ကောင်းကင်နှင့်နေမင်းကိုတောင် ဖုံးကွယ်သွားခဲ့သည်။ ကမ္ဘာလောကကြီးသည် ဤအခိုက်အတန့်တွင် အလင်းရောင်မှိန်ဖျော့သွားခဲ့သည်။
အဝေးတစ်နေရာမှတောင် လူအများသည် ၎င်းလက်သီးအလင်းတန်းမှ ကြောက်လန့်စရာကောင်းသောအဖျက်စွမ်းအားကို ခံစားနိုင်ခဲ့သည်။ ဤစွမ်းအားသည် ချန်းယောင်နှင့် အခြားပါရမီရှင်များကို စိတ်ပျက်အားလျော့စေမိရုံသာမက တောင်ကြားအတွင်း၌ရှိနေသော သွေးနီရောင်မကောင်းဆိုးဝါးကိုလည်း စိတ်ပျက်သွားစေခဲ့သည်။
ဤကဲ့သို့ ထိတ်လန့်စရာကောင်းသော လူသားမျိုးနွယ်နှင့်ရင်ဆိုင်ရသည့်အခါ သူ့တွင် ခုခံရန်အခွင့်အရေးရှိပါဦးမည်လော။
"ဘုန်း!"
ချန်းယောင်တို့အဖွဲ့၏ စိတ်ပျက်အားလျော့နေသော အကြည့်များအောက်တွင် ဧရာမလက်သီးရာကြီးသည် ဘန်းကနဲမြည်သံနှင့်အတူ ပြိုဆင်းလာခဲ့သည်။ ၎င်းမှာ တန်ထောင်ချီလေးလံသော ဧရာမတောင်တန်းကြီးတစ်ခု ပြိုဆင်းလာခဲ့ခြင်းနှင့်တူညီနေခဲ့သည်။ မြေပြင်သည်ခါရမ်းသွားခဲ့ကာ မြေဆီလွှာအလွှာများသည် ပျက်စီးသွားခဲ့သည်။ ၎င်းပြင်းထန်သော ဖိအားကြီး၏အောက်တွင် ချန်းယောင်နှင့်အုပ်စုသည် သွေးမြူ
ထုများအဖြစ် ပေါက်ကွဲသွားခဲ့ကာ တောင်ကြားအတွင်းမှ တိုက်ရိုက်သုတ်သင်ခြင်းခံခဲ့ရသည်။
ဧရာမလက်သီးအရာကြီးသည် မိုင်တစ်ထောင်ပတ်လည်မြေပြင်၌ စွန်းထင်းကျန်ရစ်ခဲ့သည်။ အလွန်အမင်းသန်မာသော လေပြင်းများကလည်း မုန်တိုင်းတစ်ခုတိုက်ခိုက်လိုက်သကဲ့သို့ အရပ်လေးမျက်နှာသို့ ဝဲလွင့်တိုက်ခတ်ပြီးလျှင် ပတ်ပတ်လည်ရှိ အရာရာတိုင်းကိုဖျက်ဆီးခဲ့သည်။
ပြင်းထန်သောလေပြင်းသည် ဦးချိုတစ်ချောင်းပါသော သွေးနီရောင်မကောင်းဆိုးဝါးကို တုန်ခါသွားစေခဲ့သည်။ သူဟာ လေထုထဲရှိ သွေးမြူထုကြီးများကို စူးစိုက်ကြည့်လိုက်ပြီးလျှင် အကြောက်တရားများသည် သွေးနီရောင်မျက်ဝန်းများအတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ သူ၏အဆုံးသတ်ကလည်း ထိုသေဆုံးသွားသောလူသားများနှင့် တူညီနေမှာကိုကြောက်လန့်နေမိသည်။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကြာမြင့်သည့်အခါ ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်း ဝေ့ဝဲတိုက်ခိုက်လျက်ရှိသော စွမ်းအင်မုန်တိုင်းသည် ရပ်တန့်သွားခဲ့သည်။ တောင်ကြားတစ်ခုလုံးသည် စောနကလက်သီးချက်ကြောင့် အပျက်အစီးများအဖြစ် တိုက်ရိုက်ပင်ပြောင်းလဲသွားခဲ့သည်။
ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့ကာ သူ၏အမူအရာကမပြောင်းလဲဘဲ တည်ငြိမ်နေခဲ့သည်။ သူ၏မျက်ဝန်းများသည် သွေးနီရောင်မကောင်းဆိုးဝါးကို ထူးမခြားနားစွာ စူးစိုက်ကြည့်နေခဲ့သည်။
အဆိုပါ ခံစားချက်တစ်စုံတစ်ရာ မပါဝင်သောအကြည့်သည် သွေးနီရောင်မကောင်းဆိုးဝါး၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်တက်သွားစေခဲ့သည်။ ဒီလူသားက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ။ အဲဒီအကြည့်က သေမင်းရဲ့အကြည့်လိုမျိုးပဲ ဘယ်လောက်ကြည့်ကြည့် ကြောက်စရာကောင်းလွန်းတယ်။
တခဏကြာတွေးတောလိုက်ပြီးနောက် သွေးနီရောင်မကောင်းဆိုးဝါးသည် သူ၏ကိုယ်ပိုင်အသက်ကိုကယ်တင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။၎င်းက ဒူးတစ်ဖက်ထောက်ချ၍ထိုင်ခဲ့ကာ ဦးခေါင်းကိုမြေပြင်တွင် ပြားပြားဝပ်လျက်ထိကပ်လိုက်ပြီး ဝမ်ဖုန်းကို အညံ့ခံသည့်ပုံစံကိုဖော်ပြလိုက်သည်။
"ဒီမကောင်းဆိုးဝါးက တကယ်ကိုစိတ်ဝင်စားစရာပဲ"
မြင်ကွင်းကိုတွေ့မြင်ခဲ့ရသည့်အခါ ကုချိုးနှင့်အခြားသူများသည် တစ်ယောက်ကိုတစ်ယောက်လှမ်း၍ကြည့်ရှုလိုက်ကြသည်။ အချိန်အတော်ကလေးကြာသည့်အခါ ကုချိူးက သတ်ပြင်းချလိုက်မိပြန်သည်။
ဝမ်ဖုန်းသည် အနည်းငယ်တောင် အံ့သြသွားခြင်းမရှိခဲ့ပါ။ ဤလောကအတွင်းရှိ စိတ်ဝိညာဉ်တိုင်းသည် ရှင်သန်လိုသော စိတ်ဆန္ဒကိုပိုင်ဆိုင်ထားကြသည်။ သူသည် ကိုယ်ပိုင်ကျင့်ကြံမှုကိုေဖာ်မပြခဲ့သော်လည်း သူဖော်ထုတ်ခဲ့သော တိုက်ကွက်၏ခွန်အားသည် သွေးနီရောင်မကောင်းဆိုးဝါးကိုကြောက်လန့်သွားစေရန် လုံလောက်ခဲ့သည်။ သွေးနီရောင်မကောင်းဆိုးဝါးသာ မတုံးအသေးသရွေ့ သူ့ကိုကျိန်းသေပေါက် တိုက်ခိုက်လာမှာမဟုတ်ပါ။
လက်တချက်ဝှေ့ရမ်းလိုက်ခြင်းနှင့်အတူ သူသည် သွေးနီရောင်မကောင်းဆိုးဝါးကို ကမ္ဘာဘောလုံးလေးအတွင်းသို့ ပစ်သွင်းခဲ့သည်။ ယင်းနောက် ဝူဖန်းနှင့် မကောင်းဆိုးဝါးမျိုးနွယ်စုကိုလေ့ကျင့်ရန်အတွက် လက်လွှဲပေးခဲ့သည်။ အကြီးအကဲငါးဦး၏ နည်းစနစ်များဖြင့်ဆိုပါက သွေးနေရောင်မကောင်းဆိုးဝါးကိုလေ့ကျင့်သင်ကြားပေးရန် လွယ်ကူပါလိမ့်မည်။
ယင်းနောက် ဝမ်ဖုန်း၏ပုံရိပ်သည် ဖြတ်ခနဲပျောက်ကွယ်သွားခဲ့ကာ ကောင်းကင်ဝိညာဉ်သွေးကြာပန်း၏အရှေ့၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ကြာပန်းအရှေ့၌ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝမ်ဖုန်းသည် သူ၏နှာသီးဝကိုကျီစယ်နေသော သန်မာသည့် စိတ်ဝိညာဉ်စွမ်းအင်များကိုခံစားခဲ့ရသည်။ သူ၏မွေးညှင်းပေါက်များအားလုံးသည် ပြင်းထန်သောစွမ်းအားအဟုန်ကြောင့် ပွင့်ထွက်သွားခဲ့ကာ သန်မာသော စိတ်ဝိဉာဉ်စွမ်းအင်တို့ကိုအရူးအမူးစုပ်ယူနေခဲ့သည်။
၎င်းစိတ်ဝိညာဉ်စွမ်းအားသည် အင်မတန်သန့်စင်ရုံသာမက လျှို့ဝှက်ဆန်းကြယ်သော နိယာမလမ်းစဉ်တစ်ခုလည်းပါဝင်နေခဲ့သည်။ သူ၏စိတ်အာရုံအတွင်းရှိနေသော ကံတရားဝိညာဉ်ကတောင်မှ ဤသွေးကြာပန်း၏လျှို့ဝှက်ဆန်းကြယ်သော နိယာမလမ်းစဉ်ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။
"ဒီဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက် ဒီဂိုဏ်းချုပ်က သွေးကြာပန်းကိုဒီနေ့မှာပဲ စုပ်ယူလိုက်တော့မယ်"
ဝမ်ဖုန်းသည် မျက်ဝန်းများကိုအနည်းငယ် မှေးကျဥ်းလိုက်ပြီးနောက် ချက်ချင်းပြောဆိုလိုက်သည်။ သူသည် သွေးကြာပန်းအတွင်း၌ အဘယ် သို့သော်လျှို့ဝှက်ဆန်းကြယ်သည့်လမ်းစဉ် ပါဝင်နေသလဲဆိုတာကို သိရှိလိုခဲ့သည်။ အဘယ်ကြောင့်များ ကံတရားဝိညာဉ်ကတောင်လှုပ်လှုပ်ရှားရှားဖြစ်သွားရပါသနည်း။
သိထားရမည်မှာ ကံတရားဝိဉာဉ်သည် ကမ္ဘာလောကအတွင်းရှိ လျို့ဝှက်ဆန်းကြယ်သောလမ်းစဉ်များအနက် တစ်ခုဖြစ်သည်။ ၎င်းသည် ကုချိုးပိုင်ဆိုင်ထားသော လျှို့ဝှက်ခြင်းလမ်းစဉ်ထက်တောင် ပို၍လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ ဤကမ္ဘာလောကကြီးရှိ သက်ရှိများအားလုံးသည် ကံတရား၏လက်ခုပ်အတွင်းမှ မလွတ်မြောက်နိုင်ကြပါ။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကတောင် ကံတရား၏နှောင်ဖွဲ့ခြင်းကိုခံထားရသည်။
ဤလောကအတွင်း၌ အကြောင်းနှင့်အကျိုးဖြစ်ပျက်မှုမှန်သမျှသည် ကံတရားလမ်းစဉ်၏သက်ရောက်မှုအတွင်း ရှိနေခဲ့သည်။
"ဟုတ်ကဲ့ပါ"
ဝမ်ဖုန်း၏စကားကိုကြားသိရသည့်အခါ ယွဲ့ယင်းနှင့်တခြားသူများသည် လစ်လျူမရှုရဲတော့ဘဲ ဝမ်ဖုန်း၏ပတ်ပတ်လည်တွင် ဝန်းရံ၍ကာကွယ်ပေးခဲ့ကြသည်။ သူတို့က ဝမ်ဖုန်းကိုအတွင်းတွင်ထား၍ ဂရုတစိုက်စောင့်ကြပ်ပေးနေခဲ့သည်။
"ဘုန်း!"
ဒါကိုမြင်တော့ တုံ့ဆိုင်းခြင်းမရှိတော့ဘဲ ဝမ်ဖုန်းသည် လက်တစ်ဖက်ကိုဆန့်တန်း၍ သူ့ကိုယ်တွင်းရှိစွမ်းအင်များကို လှည့်ပတ်စေလိုက်ကာ ကောင်းကင်ဝိညာဉ်သွေးကြာပန်းကို သူ၏အရှေ့သို့ဆွဲယူလိုက်သည်။ ယင်းနောက် တင်ပျဉ်ချိတ်၍ထိုင်လိုက်တာ ကြာပန်းကိုသန့်စင်ရန်ကြိုးပမ်းခဲ့သည်။
ဝမ်ဖုန်း၏စွမ်းအားများသည် ကောင်းကင်ဝိညာဉ်သွေးကြာပန်းနှင့် ထိတွေ့ခဲ့မိသည့်အခါ ကြာပန်းသည် သွေးစီးကြောင်းတစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"ဘုန်း!"
၎င်းသွေးစီးကြောင်းသည် ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားခဲ့သည့်အခါ ဝမ်ဖုန်းခန္ဓာကိုယ်တစ်ခုလုံးရှိသွေးများသည် ပွက်ပွက်ဆူလာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် မီးပြင်းဖိုကြီးတစ်ခုတည်းသို့ ရောက်ရှိနေသည့်အလားခံစားခဲ့ရကာ နှလုံးကွဲကြေလုမတတ် နာကျင်မှုကိုလည်းခံစားခဲ့ရသည်။ ဝမ်ဖုန်း၏မျက်နှာသည် ရှုံ့တွလာခဲ့ချေသည်။