ပြောင်းလဲမှုများ
Vol. 55 Ch. 765
"၀ုန်!"
၀မ်ဖုန်းခန္ဓာကိုယ်အတွင်းရှိစွမ်းအားများသည် ဤအခိုက်အတန့်တွင် ထိန်းချုပ်မရ ဆူပွက်လာခဲ့ကာ အပူလှိုင်းလုံးတစ်လုံးသည် ၀မ်းဖုန်း၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ဖွားလာခဲ့သည်။၎င်းပူပြင်းတောက်လာမှုကို ၀မ်ဖုန်းကတောင်မှ ခက်ခဲစွာတောင့်ခံနေခဲ့ရသည်။
ရုပ်ပိုင်းဆိုင်ရာနာကျင်မှုသည် ဒုတိယမျှသာဖြစ်သည်။၀မ်ဖုန်းကို အမှန်တကယ် တောင်မခံနိုင်ခဲ့သည်က စိတ်၀ိညာဉ်၏ ပျင်းပြသော နာကျင်မှုဖြစ်သည်။
ဤအခိုက်အတံ့တွင် သူ၏ ကံတရား၀ိညာဉ်တစ်ခုလုံးသည် သွေးနီရောင်အလင်းအတန်းများ၏ဖုံးလွှမ်းခြင်းကို ခံထားရသည်။သူ၏ ၀ိညာဉ်က ကြောက်လန့်စရာကောင်းသော စိတ်၀ိညာဉ်မီးများ၏ လောင်မြိုက်ခြင်းကိုခံနေရကာ ပွက်ပွက်ဆူမတတ် တောက်လောင်နေခဲ့သည်။
"စိတ်ကိုတင်းထားစမ်း!"
"လမ်းတစ်လျှောက်မှာ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ငါ၀မ်ဖုန်းက အသက်ရှင်နိုင်ခဲ့တယ်။ သွေးကြာပန်းရဲ့ ဒီကနေ့ လွှမ်းမိုးမှုကိုရော ငါသေချာပေါက် ဖြတ်ကျော်နိုင်ရမယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး!"
၀မ်ဖုန်းသည် စိတ်အတွင်းမှ တစ်ကြိမ်ပြီးတစ်ကြိမ် ကျုံး၀ါးခဲ့သည်။သူဟာ အံကိုကျိတ်လျက် ပြင်းပြသော နာကျင်မှုကိုတောင့်ခံနေခဲ့သည်။ဤကဲ့သို့ အဘယ်ကြောင့်ဖြစ်လာသည်ကို သူ မသိခဲ့သောကြောင့် ကြံ့ကြံ့ခံတောင့်ခံခြင်းဖြင့်သာ ပြီးစီးအောင်မြင်မည်ကို သူသိသည်။
အသွင်ပြောင်းလဲခြင်း။
တောင်မခံနိုင်ခဲ့ပါက သေခြင်းတရားဖြင့်သာ အဆုံးသတ်ပြီး တောင့်ခံနိုင်ခဲ့ပါက ကြီးမားသော အောင်မြင်မှုတို့ကိုရရှိလိမ့်မည်။
"ဘုန်း!"
အပူလှိုင်းလုံးများသည် ၀မ်ဖုန်း၏ စိတ်အာရုံအတွင်း၌ပျံ့နှံ့သွားခဲ့သည်။သွေးနီရောင် အလင်းတန်းများသည် ပို၍ပို၍ စူးရှပြင်းထန်လာခဲ့သည်။၎င်းသွေးနီရောင် အလင်းတန်းများမှ ထုတ်လွှင့်နေသော အပူစွမ်းအားများသည် ယခင်ကထက် ကြောက်လန့်စရာ ပိုကောင်းလာခဲ့သည်။၀မ်ဖုန်း၏ ကံတရား၀ိညာဉ်တစ်ခုလုံးက ကွဲကြေလုနီးပါး ဖြစ်လာသည်။တဖြည်းဖြည်း အငွေ့ပြန်သွားပြီးနောက် မူလက သိပ်သည်းထူထပ်နေသော ကံတရား၀ိညာဉ်သည် မျက်စိဖြင့် တွေ့မြင်နိုင်သည်ထိ ပုံပျက် ယိုယွင်းသွားခဲ့သည်။မျက်တောင်တစ်ခက်တွင်း၌ ၎င်းက သာမန်လူသားတစ်ယောက်၏ဝိညာဥ်နှင့် ကွာခြားခြင်းမရှိတော့ပါ။
ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံနေသည့် ၀မ်ဖုန်းသည် သူ၏ ကံတရား၀ိညာဉ်က အရွယ်အစားကျုံ့သွားပြီး စိတ်၀ိညာဉ်စွမ်းအားများ ဆုံးရှုံးသွားသည်ကို
သတိမထားမိခဲ့ပါ။ကြွင်းကျန်ခဲ့သော စိတ်၀ိညာဉ်စွမ်းအားများသည် ပို၍ပို၍သန့်စင်လာခဲ့ကာ သွေးကြပန်း၏ စွမ်းအားများသည် အဆက်မပြတ် တိုး၀င်လျက် ရှိသည်။
၀မ်ဖုန်း၏ စိတ်၀ိညာဉ်ကသာ ပြောင်းလဲသွားခဲ့ခြင်းမဟုတ်ဘဲ သူ၏စိတ်အသိပင်လယ်အတွင်း၌ရှိနေသော နေရာလွတ်သည်လည်း သွေး၀ိညာဉ်ကြာပန်းကြောင့် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာခဲ့သည်။၀မ်ဖုန်းသည် သူ၏ ဦးခေါင်းတစ်ခုလုံးက ပေါက်ကွဲလုမတတ် ခံစားခဲ့ရသည်။သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပူပြင်းတောက်လောင်လာကာ ချွေးများဖြင့် စိုရွှဲလျက်ရှိသည်။
သူဟာ အချိန်မရွေးတောင့်မခံနိုင်တော့မှာကို စိုးရိမ်ထိတ်လန့်နေမိသည်။
ဒါက၀မ်ဖုန်းကို နောင်တရသွားစေခဲ့သည်။ကောင်ကင်၀ိညာဉ်သွေးကြာပန်းကသာ ဤမျှအထိကြောက်လန့်စရာကောင်းတာကို သူ သိရှိထားပါလျှင် ၎င်းကို အခုချက်ချင်း စုပ်ယူခဲ့မှာ မဟုတ်ပါ။
သူ၏ခွန်အားသည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်များသာမက သေမျိုးဧကရာဇ်စွမ်းအားရှင်ကိုတောင် ရင်ဆိုင်ရန်လုံလောက်နေခဲ့သော်လည်း သူ၏ အခြေခံကျင့်ကြံမှုသည် ပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်မျှသာ ရှိပါသေးသည်။
လက်ရှိ၌သူသည် စိတ်၀ိညာဉ်ပြောင်းလဲခြင်း၌ ခြေလှမ်းတစ်၀က်အကွာအဝေးသို့ရောက်ရှိနေခဲ့သည်။
ကောင်းကင်၀ိညာဉ်သွေးကြာပန်းသည် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်စွမ်းအားရှင်များ၏ ဝိညာဉ်ကိုတောင် မြင့်မြတ်သော ဟုန်မန်နတ်ဘုရား၀ိညာဉ်သို့ပြောင်းလဲနိုင်ရန် ကူညီပေးနိုင်လေရာ ၄င်းကြာပန်း၌ပါ၀င်နေသော စိတ်၀ိညာဉ်စွမ်းအားသည် သဘာ၀ကျစွာဖြင့် ကြောက်လန့်စရာကောင်းအောင် များပြားသည်။
သာမန်လူများ တွေးထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။
"ဘုန်း!"
သို့သော်လည်း ဤအခိုက်အတန့်တွင် ၀မ်ဖုန်း၏ စိတ်အာရုံအတွင်း၌ရှိနေသော ဇာမနီ ငှက်ဥကလေးသည် ပြင်းထန်သော မီးအလင်းတန်းကို ခံစားခဲ့ရပုံပေါ်သည်။
၎င်းသည်တောက်ပသော အနီရောင်အလင်းတန်းအဖြစ် ပေါက်ကွဲသွားသည်။
ယင်းနောက် ဥခွံကလေးပေါ်တွင်ရှိနေသော လျှို့၀ှက်ဆန်းကြယ်သည့် သင်္ကေတများသည် အသက်၀င်လာပုံပေါ်ကာ အလင်းတန်းများတောက်ပလာခဲ့သည်။
ဇာမနီငှက်ဥကလေးထံမှ ပြန်လည်မွေးဖွားခြင်းမီးတောက်များသည် ပူပြင်းတောက်လောင်သော အရှိုန်အဟုန်ဖြင့် တောက်ပလာခဲ့သည်။၎င်းမီးတောက်များသည် အလွှာအသီးသီးရစ်ပတ်ကာ ၀န်ဖုန်း၏ကံတရား၀ိညာဉ်ကို ထပ်မံ၍မီးမြိုက်ပေးလိုက်သည်။
"အားလုံးပြီးသွားပြီ"
စိတ်၀ိညာဉ်၏အပြောင်းအလဲကို ခံစားခဲ့ရသည့်အခါ ၀မ်ဖုန်းသည်စိတ်အားပျက်စွာဖြင့် ရေရွတ်မိလိုက်သည်။ကောင်းကင်၀ိညာဉ်သွေးကြပန်း၏မီးတောက်များကတောင် ထိတ်လန့်စရာကောင်းလှပေပြီ။ဒါကို အဆိုပါသောက်ကျိုးနည်း ဇာမနီဌက်ဥက ထပ်မံ၍ မီးတောက်များကို ပေါင်းထည့်ခဲ့ပြန်သည်။
ကောင်းကင်၀ိညာဉ်သွေးကြာပန်းမှ ဖော်ထုတ်ပေးနေသော စိတ်၀ိညာဉ် ပြင်ဆင်ရေးမီးတောက်နှင့် ဇာမနီဌက်ဥကလေးမှ ဖော်ထုတ်ပေးနေသော ပြန်လည်မွေးဖွားခြင်းမီးတောက်တို့၏ ပေါင်းစုခြင်းကြောင့် ၀မ်ဖုန်းသည် ညှင်းပန်းနနှိပ်စက်မှုကို သည်းမခံနိုင်တော့ဘဲ မေ့မြောသွားခဲ့သည်။
သို့သော်လည်း သူ၏ခန္ဓာကိုယ်ကပြိုလဲသွားခဲ့ခြင်းမရှိဘဲ တင်ပျဥ်ချိတ်လျက်သား အနေအထားဖြင့်သာ ရှိနေခဲ့သည်။၀မ်ဖုန်းကို ကာကွယ်စောက်ရှောက်ပေးနေသော ယွဲ့ယင်းနှင့် အခြားသူများသည် ၀မ်ဖုန်းတစ်ယောက် မေ့မြောသွားခံပြီဆိုတာကို မသိရှိခဲ့ပါ။
သတိလစ်မေ့မြောသွားသော ၀မ်ဖုန်းသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ကမ္ဘာမြေပြိုကွဲလုမတတ်ပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း မသိရှိခဲ့ပါ။
သူ့စိတ်အတွင်းရှိနေသော ကံတရား၀ိညာဉ်သည် မူလကအင်မတန်မှကြီးမားနေခဲ့ကာ များပြားသော မသန့်စင်မှုများ ပါ၀င်နေခဲ့သည်။သို့သော်လည်းကောင်ကင်၀ိညာဉ်သွေးကြာပန်းမီးတောက်နှင့် ပြန်လည်မွေးဖွားခြင်းမီးတောက်တို့၏ လောင်မြိုက်မှုကြောင့် ကံတရား၀ိညာဉ်သည် သေးကျုံ့သွားခဲ့သော်လည်း အလွန်အမင်း သန့်စင်လာခဲ့သည်။
ကံတရား၀ိညာဉ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သန့်စင်သော စိတ်၀ိညာဉ်စွမ်းအားမှတစ်ပါး ကံတရား၏ လျှို့၀ှက်ဆန်းကြယ်သော သင်္ကေတတို့ဖြင့်သာ ပေါင်းစုနေခဲ့သည်။အသေအချာစူးစမ်းကြည့်ရှုပါက ကံတရား၀ိညာဉ်အတွင်း၌ လျှို့၀ှက်ဆန်းကြယ်သော မီးခိုးရောင် သင်္ကေတ သေးသေးကလေးများ များပြားစွာရှိနေသည်။ ၎င်းတို့မှာ အင်မတန်သေးငယ်တာကြောင့် သေချာစိုက်ကြည့်ခြင်းမရှိပါက တွေ့မြင်ရလိမ့်မည် မဟုတ်ချေ။
ဒါ့အပြင် ၀မ်ဖုန်း၏နဂါးအရိုး၊တစ်ဖက်လောက ရုပ်ခန္ဓာနှင့် လျို့ယင်းနှလုံးသားတို့ကလည်း ကောင်းကင်၀ိညာဉ်သွေးကြာပန်း၏ သန့်စင်ပေးမှုအောက်တွင် ပို၍ သန်မာလာခဲ့သည်။သူ့ကိုယ်တွင်းရှိ စွမ်းအင်များသည် သန့်စင်မှု အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
လက်ရှိတွင် ၀မ်ဖုန်းခန္ဓာကိုယ်အတွင်းရှိခွန်အားသည် တိုးတက်လာခဲ့ပုံမပေါ်လည်း အမှန်စင်စင်မှာတော့ ခွန်အားတိုးတက်လာခြင်းထက်တောင် အကျိုးကျေးဇူးမှာ ပို၍များပြားနေသည်။
"ကံတရားရဲ့၀ိညာဉ်က ဆန်းကြယ်တယ် ။တာအိုက သန့်စင်မှုတစ်ခုကိုမွေးဖွားပေးခဲ့တယ်။ သန့်စင်တဲ့ဘ၀တစ်ခုက နှစ်ခုကို မွေးဖွားပေးတယ်။ ဘ၀နှစ်ခုက ဘ၀သုံးခုကိုဖြစ်ပေါ်စေတယ်။ ဘ၀သုံးခုကတော့ အရာရာတိုင်းကို ဖြစ်ပေါ်စေတယ်။ သက်ရှိ အရာရာတိုင်းမှာစိတ်၀ိညာဉ်ပါ၀င်နေတယ်။ မူလပထမက တစ်ဦးတစ်ယောက်ရဲ့၀ိညာဉ်ကို သန့်စင်ပေးပြီး ဒုတိယအကြိမ်ကတော့ အခြား၀ိညာဉ်ရဲ့စိတ်၀ိညာဉ်ကို သန့်စင်ပေးတယ်။ တတိယကတော့၀ိညာဉ်အပေါင်းရဲ့ စိတ်၀ိညာဉ်ကို သန့်စင်ပေးတယ်။ အဲ့ဒီနောက်မှာ တစ်ယောက်ယောက်က တာအို ဖြစ်လာနိုင်တယ်။ဘာက တာအိုလဲ။တာအိုဆိုတာ စိတ်၀ိညာဉ်ပဲ။စိတ်၀ိညာဉ်ကိုယ်တိုင်ကလည်း တာအိုပဲ။စိတ်၀ိညာဉ်ကို မတွေ့မမြင်နိုင်သလို တာအိုကိုလည်းမတွေ့မြင်နိုင်ဘူး။တာအိုဟာ သဘာ၀နဲ့တစ်သားတည်း ရှိတယိ"
၀မ်းဖုန်း မေ့မြောနေချိန်တွင် လျှို့၀ှက်ဆန်းကြယ်သော အသံကြီးသည် ၀မ်ဖုန်း၏ ကံတရားဝိညာဥ်အတွင်း၌ရှိနေသော မီးခိုးရောင်သင်္ကေတများထံမှ ပျံ့လွင့်လာခဲ့ကာ ၀မ်ဖုန်း၏ စိတ်အာရုံအတွင်းပဲ့တင်ထွက်သွားခဲ့သည်။၎င်းလျှို့၀ှက်ဆန်းကြယ်သော အသံကြီးတွင် ထူးခြားသောစွမ်းအင်များပါ၀င်ခဲ့ပုံပေါ်သည်။၎င်းအသံလှိုင်း ဖြတ်သန်းသွားသည့်အခါ ဝမ်ဖုန်း၏ စိတ်အာရုံရှိ အတွင်းပျက်စီးနေသော အရာများသည် တဖြည်းဖြည်းပြန်၍ ပြုပြင်ကောင်းမွန်လာခဲ့သည်။
၎င်းအသံလှိုင်း၏ လွှမ်းမိုးမှုအောက်တွင် ၀မ်ဖုန်း၏ကံတရား၀ိညာဉ်ကတောင်မှ အနည်းငယ်ပို၍ သန်မာလာခဲ့သည်။
အသံလှိုင်း၏ လွှမ်းမိုးမှုကြောင့်ထင်သည်။ သတိမေ့မြောနေသော ၀မ်ဖုန်းသည် တဖြည်းဖြည်းနိုးထလာခဲ့သည်။မူးရစ်ရီေ၀နေသော အနေအထားဖြင့် ၀မ်ဖုန်းသည် ဆန်းကြယ်၍ ဒဏ္ဍာန်ရီဆန်သော အသံကြီးကို ကြားသိခဲ့ရသည်။သို့သော်လည်း သူက ဂရုတစိုက်နားထောင်တော့မည့် အချိန်တွင် ၄င်းအသံက ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ၀မ်ဖုန်းသည် သူ ညှင်းပန်းနှိပ်စက်မှုကိုခံစားခဲ့ရကြောင်း သတိရသွားခဲ့သည်။ သူဟာ သူ့ကိုယ်သူ အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့ပြီးနောက် တွေ့မြင်ခဲ့ရသည့် အရာကြောင့် ထိတ်လန့်သွားခဲ့သည်။
သူ၏ကံတရား၀ိညာဉ်သည် အဆပေါင်းများစွာ ပို၍ သေးငယ်သွားခဲ့ကာ ၎င်းအတွင်းပါ၀င်နေသော စိတ်၀ိညာဉ်စွမ်းအားများသည်
ယခင်ကထက် ပို၍သန်မာအားကောင်းလာခဲ့သည်။
သူသည် သန်မာသော လောင်ထျန်းဧကရာဇ် စွမ်းအားရှင်ကို စိတ်၀ိညာဉ်ခွန်အားချည်း သီးသန့်ဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။
ဒါပမယ့်၀မ်ဖုန်းသည် အင်မော်တယ်ဧကရာဇ်စွမ်းအားရှင်များနှင့် ရင်ဆိုင်နေရလျှင်သော်မှ ၎င်းစွမ်းအားရှင်များ၏ အရှိန်အဝါ ဖိနှိပ်မှုကို ခံစားရတော့မှာ မဟုတ်ကြောင်း ေရရေးမျှခံစားနေခဲ့ရသည်။
သူ၏ ကံတရား၀ိညာဉ်သည် မြင့်မြတ်သော ဟုန်မာန်နတ်ဘုရား၀ိညာဉ်အဖြစ် အသွင်ေပြာင်းခဲ့ခြင်း မရှိသော်လည်း ၎င်းအတွင်း၌ မြင့်မြတ်သော၀ိညာဉ်၏ လုပ်ဆောင်ချက်များ ကိန်း၀ပ်နေခဲ့သည် ။ဤအခိုက်အတန့်တွင် သူ၏ ၀ိညာဉ်ကို ဧကရာဇ်တစ်ပိုင်း၊ မြင့်မြတ်သော ဟုန်မာန်၀ိညာဉ်တစ်ပိုင်းအဖြစ် စပ်ကြား မှတ်ယူ၍ ရနိုင်သည်။
သူ့ကိုယ်တွင်းရှိ ခွန်အားများသည် အနည်းငယ်တောင် တိုးတက်မသွားခဲ့သော်လည်း သူ့စိတ်၀ိညာဉ်ခွန်အားက အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ဒါက ၀မ်ဖုန်း၏ တိုက်ပွဲ၀င်ခွန်အားကို ပို၍သန်မာအားကောင်းလာေစခဲ့သည်။ယခင်က သူသည် သေမျိုးဧကရာဇ် စွမ်းအားရှင်များကို ရင်ဆိုင်နိုင်ရုံမျှသာဖြစ်သော်လည်း လက်ရှိအချိန်တွင် သေမျိုးဧကရာဇ်စွမ်းအားရှင်များကို အနိုင်ယူနိုင်ပြီ ဖြစ်သည်။
ဒါတင်မကသေးဘဲ ၀မ်ဖုန်းသည် သူ၏ စိတ်အာရုံအတွင်း၌ ချိပ်ပိတ်ခံထားရသောမှတ်ဥာဏ်အပိုင်းအစတစ်ခု ရှိနေသည်ကို ခပ်ရေးရေးမျှ ခံစားလိုက်ရသည်။
၎င်းမှတ်ဥာဏ်အပိုင်းအစကို သူ၏လက်ရှိ ကျင့်ကြံမှုမျှဖြင့် ဖွင့်ကြည့်ရန် မဖြစ်နိုင်သေးပါ။ ၎င်းမှတ်ဥာဏ်အပိုင်းအစကိုသာ ဖွင့်လှစ်နိုင်ခဲ့လျှင် သူသည် ထူးကဲကောင်းမွန်သော အကျိုးကျေးဇူးတစ်ရပ်ကို ရရှိလာလိမ့်မည်ဟု ခံစားလိုက်ရသည်။