ချိုးဖျက်ခြင်းလက်သီး။
Vol. 55 Ch. 770
" ဘုံး!"
နတ်ဆိုးဗုဒ္ဓကျောင်းတော် ဘိုးဘေး ၅ ယောက်တို့၏ ထိန်းချုပ်မှုအောက်တွင် ပိုမိုကြောက်လန့်စရာကောင်းသော စွမ်းအင်အရှိန်အဝါကြီးများသည် ဧကရာဇ်အစီအရင်အတွင်း၌ ပေါက်ဖွားထွက်ပေါ်လာခဲ့သည်။ လောကတစ်ခုလုံးခါရမ်းတုန်လှုပ်နေခဲ့သည်။ တားမြစ်နယ်မြေအတွင်းရှိ မြေသည်ပင့်ကူမျှင်ကဲ့သို့အက်ကွဲလျက်ရှိကာ မြင်ကွင်းမှာချောက်ချားဖွယ်အတိဖြစ်နေခဲ့သည်။
" ဘုန်း!"
နဂါးဟိန်းသံကဲ့သို့ အော်ဟစ်သံကြီးသည် လောကတစ်ခွင်ပဲ့တင်ထပ်သွားခဲ့ကာ ကြီးမားသောရွှေရောင် နဂါးကြီးတစ်ကောင်သည် ဧကရာဇ်အစီအရင်အတွင်း၌ ဝဲလည်လှည့် ပျံသန်းနေခဲ့သည်။ ချောက်ချားဖွယ်ရာနဂါးစွမ်းအင်များသည် လောကတစ်ခွင်ပျံ့လွင့်တိုက်ခတ်သွားခဲ့ကာ လေဟာပြင်သည်တုန်ခါရမ်းလာခဲ့သည်။
ဧရာမရွှေရောင်နဂါးကြီးမှာ ဧကရာဇ်စီရင်ကြီးအေပါ်၌ ပျံသန်းလျက်ရှိချေသည်။ ၎င်းက အထင်မြင်သေးစွာ စူးစိုက်ကြည့်နေခဲ့သည်။ ၎င်း၏သွေးနီရောင်မျက်ဝန်းများအတွင်း၌ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကိန်းဝပ်နေခဲ့သည်။ လောကကြီး၏အပူချိန်သည် ရေခဲမှတ်ထိတိုင်လျော့ကျသွားခဲ့သည်။
မနီးမဝေးတွင် ဖိုလျိုသည်ရွှေရောင်နဂါးကြီး၏ စွမ်းအားအရှိန်အဝါကိုခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးတုန်တက်သွားခဲ့သည်။ ၎င်းရွှေရောင်နဂါးကြီးက သူ့ကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာကို သိရှိနေသော်လည်း အကြောက်တရားများကိုထိန်းချုပ်မရနိုင်ခဲ့ပါ။
ဤရွှေရောင်နဂါးကြီးသည် အစစ်အမှန်နဂါးတစ်ကောင်နှင့်တူညီသည်။ အကြေးခွံများက အသက်ဝင်၍ ၎င်းအကြေးခွံများပေါ်တွင် ထူးခြားသောသင်္ကေတများထိုးထွင်းထားလျက်ရှိသည်။ ခါရမ်းလှုပ်ရှားနေသော နဂါးအမြီးကြီးသည် လေထုကို ဆက်တိုက်အက်ကွဲစေခဲ့သည်။
လန်လဲ့သည် တည်ငြိမ်စွာရှိနေဆဲသာ။ သူကလက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တတ်ရပ်နေခဲ့သည်။ သူ၏အမူအရာသည် အနည်းငယ်တောင်ပြောင်းလဲခြင်းမရှိခဲ့ပါချေ။ ရန်သူတစ်ယောက်ဖြစ်မနေပါက ဖိုလျိုကတောင် သူ၏အေးစက်ပြီးလွှမ်းမိုးခြယ်လှယ်တတ်သော စိတ်သဘောထားကို လေးစားကြည်ညိုရမည်ဖြစ်သည်။ ဤလူက အဘယ့်ကြောင့်များ ဤမျှထိသတ္တိကောင်းနေရပါသနည်း။
" ဝုန်း!"
ရွှေရောင်နဂါးကြီးတွင် အသိဉာဏ်ကိန်းဝပ်နေသည့်ပုံပေါ်သည်။ လန်လဲ့၏စိတ်အေးလက်အေးအမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ၎င်းနဂါးကြီးက ချက်ချင်းဒေါသထွက်သွားခဲ့သည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လျက် နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးကို မြည်ဟိန်းထွက်ပေါ်စေခဲ့သည်။ ကြီးမားသော နဂါးခန္ဓာကိုယ်ကြီးသည် လေထုအတွင်းခိုရစ်၍ ပါးဟစ်ဟကာ တိုက်ရိုက်မျိုသွင်းရန် သက်ဆင်းလာခဲ့သည်။
ဤအချိန်တွင် နဂါးကြီး၏ခွန်အားစွမ်းအင်များသည် ကောင်းကင်ပေါ်မှ မြစ်တစ်စင်းပြိုကျသကဲ့သို့ စီးဆင်းလျက်ရှိသည်။ လန်လဲ့ဦးခေါင်းအထက်ရှိလေထုသည် တိုက်ရိုက်အက်ကွဲသွားခဲ့ကာ ကြီးမားသောအနက်ရောင်အက်ကြောင်းရာများ ဖြစ်လာခဲ့သည်။
ဤကဲ့သို့ခွန်အားများ၏ ရှေ့မှောက်တွင် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်ရှိသော စွမ်းအားရှင်များကတောင် ကျိန်းသေပေါက်တုန်လှုပ်ချောက်ချားရပါလိမ့်မည်။
" အဟက်!"
နဂါးကြီးက လန်လဲ့ကိုဝါးမျိုတော့မည့်အချိန်တွင် လန်လဲ့၏မျက်ဝန်းများက ကျဉ်းမြောင်းသွားခဲ့ပြီး အေးစက်စွာလှောင်ရယ်လိုက်သည်။ သူဟာလက်တစ်ဖက်ကိုဆန့်တန်းထုတ်လျက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ နဂါးကြီးရှိရာသို့ ထိုးနှက်ချလိုက်သည်။
" ဘုန်း!"
ပင်လယ်သမျှ နက်ရှိုင်းသောစွမ်းအင်များသည် လက်သီးလုံးထံမှ ပေါက်ကွဲထွက်လာခဲ့ကာ ဧရာမလက်သီးကြီးသည် နေတစ်စင်းကဲ့သို့ တစ်လက်လက်တောက်ပနေခဲ့သည်။ ၎င်းကရွှေရောင်နဂါးကြီးကို ထိခတ်မိသွားခဲ့သည်။
" ဘုန်း!"
ဖိုလျိုနှင့်ဘိုးဘေးငါးယောက်တို့၏ မျက်လုံးအကြည့်အောက်တွင် လန်လဲ့၏လက်သီးလုံးသည်
ရွှေရောင်နဂါးကြီးနဲ့ ပွတ်တိုက်မိသွားခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးသည် တားမြစ်နယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းခွန်အားလှိုင်းမှာ ထိတ်လန့်စရာကောင်းနေခဲ့ပြီး ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အရာအားလုံးဖျက်ဆီးခံလိုက်ရသည်။ လေထုကြီးသည် ပြိုလဲ၍ပေါက်ကွဲသွားခဲ့သည်။
နတ်ဆိုးဗုဒ္ဓတားမြစ်နယ်မြေကြီးတစ်ခုလုံးသည် အပြင်းအထန်ခါရမ်းနေခဲ့သည်။ ဧကရာဇ်အစီအရင်ကြီး၏ အကူအညီကြောင့်မဟုတ်ပါက ဤဖိအားကြီးသက်သက်ကတောင် တားမြစ်နယ်မြေကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်သည်။
တားမြစ်နယ်မြေကြီးသည် မထိမခိုက်ရှိနေခဲ့သော်လည်း နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏ တစ်ဝက်ခန့်သည် ဤကြောက်လန့်စရာစွမ်းအင်လှိုင်းကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ကျောင်းတော်၏တပည့်အချို့သည် ထွက်ပြေးမလွှတ်မြောက်နိုင်ခဲ့သည်ဖြစ်ရာ တိုက်ရိုက်ပင်ပေါက်ကွဲ၍သေဆုံးသွားခဲ့သည်။
နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အကြီးအကဲများသည် နှလုံးသားရှိအကြောက်တရားများကို ဖိနှိပ်ခဲ့ကြကာ သူတို့၏ကိုယ်ပိုင်စွမ်းအင်ကိုအသုံးပြု၍ တပည့်များကိုကာကွယ်ပေးနေခဲ့သည်။ သူတို့အားလုံးက ဘာတွေဖြစ်နေသလဲဆိုတာ တွေးမရအောင်ဖြစ်နေခဲ့သည်။
နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အကြီးအကဲများအားလုံး စိုးရိမ်ပူပန်နေခဲ့သော်လည်း သူတို့အားလုံးသည် တားမြစ်နယ်မြေအတွင်းဝင်ရောက်မသွားရဲခဲ့ကြပါ။ သူတို့သည်တားမြစ်နယ်မြေအတွင်းဝင်ရောက်ရန် အခွင့်အာဏာမရှိပါချေ။ ဒါအပြင် ၎င်းစွမ်းအားလှိုင်းကလည်း ကြောက်လန့်စရာကောင်းသည်ဖြစ်ရာ တသိမ့်သိမ့်တုန်တက်သည်အထိ ကြောက်လန့်နေခဲ့သည်။
" ဘုန်း!"
တားမြစ်နယ်မြေအတွင်း၌ ပေါက်ကွဲသံတရဆက်သည် ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော လက်သီးအလင်းတန်းကြီးနှင့် ရွှေရောင်နဂါးကြီးသည် လေထု၌ထိပ်တိုက်တွေ့ခဲ့သည်။ နှစ်ဖက်စလုံးသည် တစ်ယောက်ကိုတစ်ယောက်ထိခိုက်အောင်မလုပ်နိုင်သည့်ပုံ ပေါ်နေသော်လည်း အသေအချာကြည့်ရှုပါက ရွှေရောင်နဂါးကြီး၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းအစဉ် ပျက်စီးယိုယွင်းလာသည်ကို တွေ့ရပေလိမ့်မည်။
ဤမြင်ကွင်းသည် ဘိုးလေး၅ ယောက်ကို မျက်မှောင်ကြုံ့သွားစေခဲ့သည်။ သူတို့ ၅ ယောက် ခွန်အားစုပေါင်းပြီး ဧကရာဇ်အစီအရင်ကြီးကို အသက်သွင်းလိုက်ပါက လန်လဲ့ကိုပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်ခဲ့၏။ လန်လဲ့၏ ခွန်အားက ဤမျှကြောက်လန့်စရာကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဧကရာဇ်အစီအရင်ကြီးရဲ့ တိုက်ခိုက်ရေးအင်အားကိုတောင် ခုခံနိုင်တယ်တဲ့လား။
နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ အကြီးအကဲများသည် အံကိုတင်းတင်းကြိတ်ကာ မျက်ဝန်းအကြည့်များသည် အားကောင်းခက်ထန်လာခဲ့သည်။ သူတို့က ကိုယ်ပိုင်စွမ်းအင်များကို အရူးအမူးလှည့်ပတ်လိုက်သည်။ ဧကရာဇ်အစီအရင်ကြီးပေါ်သို့ သူတို့၏စွမ်းအင်များကို ပေါင်းစည်းချလိုက်လေသည်။
" ဝုန်း!"
ဘိုးဘေး ၅ ယောက်၏ စွမ်းအားပေါင်းစည်းခြင်းကြောင့် ရွှေရောင်နဂါးကြီး၏အရှိန်အဝါများသည် ပိုမိုအားကောင်းလာခဲ့သည်။ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံကြီးသည် နဂါးကြီး၏ပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။
"သေလိုက်တော့!" လန်လဲ့သည် မျက်ဝန်းများကိုအေးစက်စွာ မှေးကျုံ့လျက်လှောင်ရယ်ပြောဆိုလိုက်သည်။
ယင်းနောက် သူသည်လက်ကိုဆန့်တန်း၍ ဆွဲဆုတ်လိုက်ရာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြားရှိ စွမ်းအားများသည် သူ၏လက်ခုပ်အတွင်းသို့ စုရုံးသွားခဲ့ကြသည်။ လန်လဲ့၏လက်ဖဝါးပေါ်၌ မျက်တောင်တစ်ခတ်အတွင်းတွင် အလင်းလုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ အလင်းလုံးပေါ်တွင် မိုးကြိုးများကကွန့်မြူးနေကြသည်။ ခမ်းနားကြီးကျယ်သောစွမ်းအင်ကြီးသည် အလင်းလုံးလေးအပေါ်လှည့်ပတ်လျက်ရှိရာ ချောက်ချားဖွယ်ကောင်းနေခဲ့သည်။ အလင်းလုံးလေးပတ်လည်ရှိ လေဟာပြင်သည် တစစီယိုယွင်းပျက်စီးနေခဲ့သည်။
များမကြာမီတွင် လန်လဲ့က အေးစက်စွာနဂါးကြီးကို စိုက်ကြည့်လျက် အလင်းလုံးလေးကို လက်သီးအတွင်းကျစ်ကျစ်ပါအောင်ဆွဲသွင်းလိုက်သည်။
" ဘုံး!"
အလင်းလုံးလေးသည် လက်သီးစွမ်းအားနှင့်ပေါင်းစပ်မိသွားသည့်အခါ ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ အလင်းတန်းများဖြာဆင်းလာခဲ့သည်။
ဘိုးဘေး ၅ ယောက်၏အကြည့်များအောက်တွင် လန်လဲ့သည် အညှာအတာမဲ့စွာဖြင့် ရွှေရောင်နဂါးကြီးကို ထိုးနှက်ပစ်ခဲ့သည်။
" ဘုံး!"
ကျယ်လောင်သောပေါက်ကွဲသံကြီးသည် မြည်ဟီးပဲ့တင်ထပ်ထွက်ပေါ်လာခဲ့ကာ ရွှေရောင်နဂါးကြီးသည်တစ်စစီအက်ကွဲသွားခဲ့သည်။ ၎င်းသည်ကြယ်မှုန်ကလေးများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာလှပသော မြင်ကွင်းတစ်ရပ်ကိုပုံဖော်နေခဲ့လေသည်။
သို့သော်အဆိုပါလှပသောမြင်ကွင်းသည် ဖိုလျိုနှင့်ဘိုးဘေး ၅ ယောက်အတွက်တော့ ချောက်ချားစရာကောင်းနေခဲ့သည်။ သူတို့အားလုံး၏ခန္ဓာကိုယ်များသည် ရုပ်ထုကြီးများကဲ့သို့ ရှိမြဲနေရာတွင် ရပ်တန့်သွားခဲ့ကြသည်။ သူတို့ဟာ အတော်လေးကြာသည်ထိ စိတ်အာရုံကိုမစုစည်းနိုင်ခဲ့ကြပါ။
" ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဖိုလျို၏မျက်ဝန်းများသည် ပြူးကျယ်နေခဲ့ကာ မယုံကြည်နိုင်စွာရေရွတ်မိခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အကြောက်တရားတို့ဖြင့် တုန်ယင်နေခဲ့သည်။
လန်လဲ့၏ခွန်အားက ဒီလောက်ထိကောင်းမွန်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ချေ။ ဤသည်မှာ အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင် ၅ ယောက် ပေါင်းစုအင်အားဖြင့်ပြုလုပ်ထားသော ပြိုင်ဘက်ကင်းအစီအရင်ကြီးတစ်ခုဖြစ်သည်။ မှော်ဝင်လက်နက်ကိုဆွဲကိုင်ထားသော အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင် တစ်ယောက်ကတောင် ဤမျှလောက်လွယ်ကူစွာ ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။
" မင်း မင်းက ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ယောက်လား"
ထိတ်လန့်သွားပြီးနောက် ဖိုလျို၏နှုတ်ဖျားမှ အံ့ဩနေသောအသံကြီး ထွက်ပေါ်လာခဲ့ချေသည်။