ရှင်းပြမရသောစိုးရိမ်ပူပန်မှု။
Vol. 55 Ch. 771
ဟုန်မန်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများကလွဲ၍ ဧကရာဇ်ဘုံလောကကြီးတွင် ဤမျှသန်မာသော အင်မောတယ်ဧကရာဇ်အထွဋ်အထိပ်စွမ်းအားရှင်တစ်ယောက် ရှိနေလိမ့်မည်ဆိုတာကို ဖိုလျိုတစ်ယောက်မယုံကြည်ပါ။
အဓိကနတ်ဘုရားမျိုးနွယ်စုကြီးလေးစု၏ ခေါင်းဆောင်များကတောင် ဤမျှလောက်ထိမသန်မာနိုင်ချေ။ အစကနေအဆုံးအထိ လန်လဲ့သည် တည်ငြိမ်နေခဲ့သည်။ သူတို့ဘယ်လောက်ပဲတိုက်ခိုက်ပါစေ လန်လဲ့က လွယ်လင့်တကူ တားဆီးနိုင်ခဲ့သည်။ ဤကဲ့သို့ခွန်အားသည် အင်မော်တယ်ဧကရာဇ် အထွဋ်အထိပ်စွမ်းအားရှင်တစ်ယောက် ပြုလုပ်နိုင်သည့်အရာမျိုးမဟုတ်ပါချေ။
ဒါပေမဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဧကရာဇ်ဘုံလောကကြီးတွင် သန်မာသော ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဆင်းသက်လာသည်နှင့်တပြိုင်နက် ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏ အရောင်အဝါပြောင်းလဲသွားပြီး ထူးဆန်းသောလက္ခဏာများကို ဖော်ပြလိမ့်မည်။ သို့သော်လည်း ၎င်းလက္ခဏာမျိုးကိုတွေ့မြင်ခဲ့ရခြင်းမရှိသလို လန်လဲ့၏ခန္ဓာကိုယ်၌လည်း ဘယ်အရှိန်အဝါမှပျံ့လွင့်ထွက်ပေါ်မနေခဲ့ပါ။
ဟာ!
ဖိုလျို၏စကားဆုံးသွားသည့်အခါ ဘိုးဘေးကြီးငါးယောက်သည် သတ်ပြင်းရှိုက်လိုက်မိပြီး လန်လဲ့ကို ကြောက်လန့်စွာလှမ်းကြည့်လိုက်မိသည်။ လန်လဲ့ဟာ ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။ သူတို့သာ အစောကတည်းကသိရှိထားခဲ့လျှင် လန်လဲ့ကို အဘယ်မှာလျှင်မလေးမစားပြုမူရဲပါမည်နည်း။ ဆရာသခင်တစ်ယောက်လိုတောင် ရိုသေစွာဆက်ဆံလိုက်ပါဦးမည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ မျက်နှာသာပေးမှုကိုသာ ရရှိခဲ့လျှင် သူတို့၏နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးသည် ပဉ္စမမြောက် နတ်ဘုရားမျိုးနွယ်ကြီးအဖြစ်တောင် ပြောင်းလဲတိုးတက်သွားနိုင်သည်။ ဒါအပြင် ဟုန်မန်ဘုရားနယ်ပယ်ကျင့်ကြံသူ၏နောက်ခံရှိနေပြီဖြစ်ရာ နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် ဘယ်အရာကိုများ ကြောက်လန့်ရပါဦးမည်နည်း။
အချိန်ကို နောက်ပြန်ရစ်၍မရသည်ကတော့ နှမြောစရာကောင်းလှသည်။ သူတို့ဟာ ထိုပုဂ္ဂိုလ်ကြီးကိုရန်စခဲ့မိသည်။ ဤကနေ့တွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး ပျက်စီးသွားမှာတောင်ဖြစ်နိုင်သည်။ ဤသို့တွေးမိလိုက်သည့်အခါ ဘိုးဘေးငါးယောက်နှင့် ဖိုလျိုတို့၏အမူအရာများသည် ကြိတ်မနိုင်ခဲမရဖြစ်လာခဲ့သည်။
လန်လဲ့က ပြုံးလိုက်ပြီး ဘာစကားမှပြောခြင်းမရှိဘဲ လက်ညှိုးညွှန်ပြလိုက်သည့်အခါ အလင်းတန်းလေးတစ်ခုသည် လက်ချောင်းထိပ်၌ ချက်ချင်းထွက်ခွာလာခဲ့သည်။ ၎င်းအလင်းတန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ခေါင်းဆောင်ဖြစ်သော ဖိုလျို၏ခန္ဓာကိုယ်ကို တိုက်ရိုက်ပေါက်ကွဲသွားစေခဲ့သည်။
ဤမြင်ကွင်းသည် ဖိုလင်းထျန်းနှင့်ဘိုးဘေးငါးယောက်ကို ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။ သူတို့က လန်လဲ့ကို ကြောက်လန့်စွာလှမ်းကြည့်လိုက်မိခဲ့သည်။ လန်လဲ့ဟာ တည်ငြိမ်ပြီး ဂရုဏာကြီးပုံပေါ်သော်လည်း ဤမျှအထိရက်စက်စွာပြုမူလိမ့်မည်ဟု ထင်မထားခဲ့ပါ။
"မသေချင်ရင် မင်းတို့ရဲ့စိတ်ဝိညာဉ်ကို ငါ့ဆီပေးအပ်လိုက်ကြစမ်း"
ဖိုလျိုကိုသတ်ဖြတ်လိုက်ပြီးနောက် လန့်လဲ့သည် ဖိုလင်းထျန်းနှင့်အခြားဘိုးဘေးများကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာပြောဆိုလိုက်သည်။ သူ၏စကားလုံးများထဲတွင် ဘယ်ခံစားချက်မှပါဝင်မနေဘဲ လွမ်းမိုးခြယ်လှယ်မှုများသာပါဝင်နေခဲ့သည်။
လန်လဲ့၏စကားကိုကြားလိုက်ရသည့်အခါ ဒေါသထွက်သွားရမည့်အစား ဖိုလင်းထျန်းတို့အားလုံးသည် စိတ်သက်သာရာရသွားခဲ့သည်။ လန်လဲ့၏ခွန်အားကို သူတို့အားလုံးမခုခံနိုင်ကြပါ။
သူတို့ငါးယောက်ပြုပြင်စီရင်ထားသော ဧကရာဇ်အစီအရင်ကြီးကတောင် လန်လဲ့၏ လွယ်လင့်တကူချိုးဖျက်ခြင်းကိုခံခဲ့ရသည်။ လန့်လဲ့က နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးကို ဖျက်ဆီးမပစ်ခဲ့တာကတောင် ကံကောင်းနေခဲ့ပြီဖြစ်သည်။ သူတို့သာရှင်သန်နိုင်သရွေ့ နတ်ဆိုးဗုဒ္ဓကျောင်းတော်က လန်လဲ့၏လက်အောက်ကိုရောက်ရှိသွားရင်ရော ဘာအရေးလဲ။
လန်လဲ့လို ခန့်မှန်းမရနိုင်တဲ့တည်ရှိမှုကြီးရဲ့နောက်ခံနဲ့ဆိုရင် သူတို့ရဲ့နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးက အင်အားရုတ်လျော့မသွားဘဲ ပိုပြီးတော့တောင်မှ မြင့်တက်လာလိမ့်ဦးမယ်။
ဤသို့တွေးမိလိုက်သည့်အခါ ဖိုလင်းထျန်းနှင့်အခြားသူများသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ စိတ်ဝိညာဉ်တစ်ဝက်ကိုထုတ်ပစ်၍ လန်လဲ့ထံပေးအပ်ခဲ့ကြသည်။
လန်လဲ့က ခေါင်းညိတ်၍ သူတို့၏ဝိညာဉ်များအားလုံးကို သိမ်းဆည်းယူခဲ့သည်။ စိတ်ဝိညာဉ်တစ်ဝက်ကိုပိုင်ဆိုင်ထားသည်ဖြစ်ရာ ဘိုးဘေးများ၏အသက်သည် သူ၏လက်ခုပ်အတွင်းသို့ရောက်ရှိသွားခဲ့လေပြီ။
ဆရာကသာ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို သူ၏အင်အားအဖြစ်အသုံးပြု၍ရနိုင်သည်ဟု အကြံပေးခဲ့ခြင်းမရှိလျှင် လန်လဲ့က နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီး၏ သေခြင်းရှင်ခြင်းကိုလုံးဝဂရုစိုက်လိမ့်မည်မဟုတ်ပါ။ သူ၏စရိုက်လက္ခဏာဖြင့်ဆိုလျှင် သူ့ကိုရန်စသူများအားလုံးကို သတ်ဖြတ်ပစ်လိုက်မည်ဖြစ်သည်။
ဟုတ်ပါပေသည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်က လန်လဲ့ဆရာသခင်၏ မိတ်ဆွေထံမှအမွေအနှစ်ကိုရရှိထားတာကြောင့်လည်း ပါဝင်နေသည်။ ပြောရပါလျှင် သူနှင့်နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ဇစ်မြစ်တစ်ခုတည်းမှဟု မှတ်ယူ၍ရနိုင်သည်။
"အခုအချိန်ကစပြီး မင်းက နတ်ဆိုးဗုဒ္ဓကျောင်းတော်ရဲ့ဂိုဏ်းချုပ်ပဲ"
"ငါတားမြစ်နယ်မြေထဲကို ဝင်ရောက်ချင်တယ်။ မင်းတို့ အမိန့်မပါဘဲနဲ့ ဒီထဲကိုခြေတစ်လှမ်းတောင်လှမ်းမလာခဲ့နဲ့"
ဖိုလင်းထျန်းကို အေးစက်စွာလက်ညှိုးထိုးလိုက်ပြီးနောက် လန်လဲ့က အော်ဟစ်ပြောဆိုလိုက်သည်။
သူ၏လက်ရှိခွန်အားဖြင့် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ဂိုဏ်းချုပ်ပြုလုပ်ရန် စိတ်မဝင်စားပါ။ လန်လဲ့၏မျက်ဝန်းထဲတွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်သည် သူ၏ကိုယ်ပိုင်ခွန်အားတိုးတက်ခြင်းလောက် အရေးမကြီးပါချေ။
"ဟုတ်ကဲ့ အမိန့်ကိုနာခံပါတယ်"
ဖိုလင်းထျန်း၏အမူအရာသည် လေးနက်တည်ကြည်သွားခဲ့ကာ ရိုသေလေးစားစွာဂါရဝပြုလျက်ပြောဆိုလိုက်သည်။
လန်လဲ့က အေးစက်စွာခေါင်းညိတ်လိုက်ပြီး ပုံရိပ်ဝေဝါး ပျောက်ကွယ်သွားခဲ့သည်။
လန်လဲ့ထွက်ခွာသွားပြီးနောက် ဖိုလင်းထျန်းနှင့်ဘိုးဘေးများအားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူတို့၏ အင်မော်တယ်ဧကရာဇ်အထွဋ်အထိပ်ကျင့်ကြံမှုဖြင့်တောင် လန့်လဲ့၏အရှေ့၌ ကြီးမားသောဖိအားကိုခံစားနေခဲ့ရသည်။ ၎င်းမှာ သူတို့၏ဦးခေါင်းထက်၌ ဓားများပျံဝဲနေခဲ့သည့်အလား မသက်မသာဖြစ်နေစေသည်။
"ဒီလူကဘယ်သူလဲ။ ဧကရာဇ်ဘုံလောကကြီးမှာ ဒီလောက်ကြောက်စရာကောင်းတဲ့လူ ဘယ်လိုကြောင့်ရှိနေရတာလဲ"
ဘိုးဘေးတစ်ယောက်သည် တားမြစ်နယ်မြေ၏အနက်ရှိုင်းဆုံးအပိုင်းသို့ စိုက်ကြည့်၍ ရေရွတ်ပြောဆိုလိုက်သည်။
သူတို့သည် အင်မော်တယ်ဧကရာဇ်အထွဋ်အထိပ်သို့ ရောက်ရှိခဲ့တာကြောင့် ဧကရာဇ်ဘုံလောကကြီး၏ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ပြီဟုတွေးထင်ခဲ့ကြသည်။ ကြည့်ရတာ သူတို့ရဲ့ခွန်အားက မလုံလောက်သေးပါလား။
"ဒီကိစ္စကို ဆက်ပြီးမဆွေးနွေးကြနဲ့တော့"
"အဲဒီအရှင်သခင်ရှိနေပြီဆိုတော့ ငါတို့ရဲ့နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးက ဧကရာဇ်ဘုံလောကကြီးရဲ့ အကြီးမားဆုံးအင်အားစုကြီးငါးစုထဲမှာ ပါဝင်လာနိုင်တယ်။ ဒါက ငါတို့နတ်ဆိုးဗုဒ္ဓကျောင်းတော်ကြီးအတွက် အခွင့်ထူးကြီးတစ်ခုပဲ"
ဖိုလင်းထျန်းသည် မျက်ဝန်းကိုမှေးကျဥ်း၍ တိုးဖွစွာ ရေရွတ်ပြောဆိုလိုက်သည်။
သူ၏စကားဆုံးသွားပြီးနောက် ကျန်ဘိုးဘေးများအားလုံးကလည်း ခေါင်းညိတ်လိုက်ကြသည်။
…
နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွင်း၌ ကမ္ဘာမြေပြိုကွဲလုမတတ် ကြောက်စရာဖြစ်ရပ်ကြီးဖြစ်ပျက်ခဲ့သော်လည်း ၎င်းသတင်းသည် ပြင်ပသို့ပြန့်နှံ့သွားခြင်းမရှိပါ။ နတ်ဆိုးဗုဒ္ဓကျောင်းတော်က သတင်းကို ကွယ်ဝှက်ထားခဲ့သည်။ ကျောင်းတော်၏ အနီးတစ်ဝိုက်တွင်ရှိသော ဂိုဏ်းကြီးဂိုဏ်းငယ်ကလေးများကတောင် ကြောက်စရာကောင်းသောအရှိန်အဝါဖိအားကိုသာ ခံစားရရှိခဲ့ကြသည်။
သို့သော်လည်း ဖိုလင်းထျန်းသည် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏အရှင်သခင်ရာထူးကို ရယူလိုက်ပြီးနောက် ကျောင်းတော်အတွင်းရှိလူများ၏ အကြောက်တရားများကိုဖိနှိပ်ထားခဲ့သည်။ ကျောင်းတော်ရှိ အပြောင်းအလဲများအားလုံးကို အပြည့်အဝကွယ်ဝှက်ထားခဲ့ချေသည်။
တစ်ချိန်တည်းတွင် သွေးမျှော်စင်သတ္တမအလွှာအတွင်း၌ ဝမ်ဖုန်းတို့အဖွဲ့သည် သွေးနီရောင် မေပယ်တောအုပ်ကြီးအတွင်း၌ လမ်းလျှောက်နေခဲ့ကြသည်။ တတိယအလွှာမှစတင်၍ ဝမ်ဖုန်းတို့၏အမြန်နှုန်းသည် မြင့်မားတိုးတက်လာခဲ့သည်။ သူတို့ဟာဘယ်အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရဘဲ တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့သည်။
ဝမ်ဖုန်းသာမက အခြားသောပါရမီရှင်များကလည်း သွေးမျှော်စင်၏သတ္တမအလွှာအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက်တက်လှမ်းလာနိုင်ခဲ့ကြသည်။ အချို့ဆိုပါက အဌမအလွှာအထိတောင် ရောက်ရှိသွားခဲ့ကြသည်။ အချို့သောလူငယ်ပါရမီရှင်များသည် ကြီးမားသောအကျိုးအမြတ်များကိုရရှိခဲ့ကြကာ ကျင့်ကြံမှုအဆင့်များ ကောင်းကင်ယံအထိမြင့်တက်သွားခဲ့သည်။။ အချို့ကတော့ ရုပ်ခန္ဓာစွမ်းအင်များကို ပိုင်ဆိုင်ထားကြတာ အချို့ကတော့ နတ်သားရဲများကဲ့သို့ ပြင်းထန်သောသွေးမျိုးဆက်ကို ပိုင်ဆိုင်လာကြသည်။
ဤအတွက်ကြောင့် များပြားသောလူငယ်ပါရမီရှင်လေးများသည် သွေးမျှော်စင်၏နဝမအလွှာသို့ အမြန်ရောက်ရှိ၍ ကောင်းကင်ကိုဆန့်ကျင်နေသော အခွင့်အထူးကြီးကို ရရှိပိုင်ဆိုင်လိုခဲ့ကြသည်။
အဆင့်ပေါင်းများစွာကို အောင်မြင်စွာဖြတ်ကျော်လာခဲ့ပြီးနောက် ဝမ်ဖုန်း၏နှလုံးသားထဲတွင် မတင်မကျခံစားမှုတစ်ခုပေါက်ဖွားလာခဲ့သည်။ အထူးသဖြင့် သတ္တမအလွှာသို့ရောက်ရှိလာပြီးနောက် ဝမ်ဖုန်း၏နှလုံးသားသည် လေးလံလာခဲ့သည်။ တစ်စုံတစ်ရာဆိုးဆိုးရွားရွားဖြစ်တော့မည်ဟု ခံစားနေခဲ့ရသည်။
ဤခံစားချက်ကြောင့် ဝမ်ဖုန်း၏ခန္ဓာကိုယ်ရှိ အကြောများအားလုံးသည် တောင့်တင်းသွားခဲ့သည်။ သူဟာ အနည်းငယ်တောင်သတိလက်လွတ်မဖြစ်ရဲခဲ့ပါ။ ပြောင်းလဲခြင်းဧကရာဇ်အထွဋ်အထိပ်သို့ ရောက်ရှိလာပြီးကတည်းက သူသည် ဤမျှလောက်ပြင်းထန်သော စိတ်ပူပန်မှုမျိုးမကြုံတွေ့ဖူးခဲ့ချေ။