သင်္ကေတ
Vol. 55 Ch. 772
မူလက ဝမ်ဖုန်းတို့သည် ထူးခြားမှုကိုသတိမထားမိခဲ့သော်လည်း သူတို့သည် မိုးကောင်းကင်ကိုဆန့်ကျင်နေသော အခွင့်ထူးကြီးများကို တစ်ခုပြီးတစ်ခုဆက်တိုက်ရလာခဲ့တာကြောင့် မူမမှန်မှုကို သတိထားမိလာခဲ့သည်။ ဤမျှော်စင်ကိုပြုလုပ်ခဲ့သူက အင်မော်တယ် ဧကရာဇ်အထွပ်အထိပ်စွမ်းအားရှင်ကြီးဖြစ်နေရင်တောင် ဤကဲ့သို့ကောင်းကင်ကိုဆန့်ကျင်နိုင်သော ရတနာပစ္စည်းများကို တစ်စုတစ်စည်းတည်းပိုင်ဆိုင်ထားဖို့ မဖြစ်နိုင်ပါ။
သွေးသစ်သီးပင်ဖြစ်ပါစေ၊ ကောင်းကင််ညာဥ်သွေးကြာပန်းပင်ဖြစ်ပါစေ၊ နတ်ဆိုးဘိုးဘေးဘုရားကျောင်းပင်ဖြစ်ပါစေ ၎င်းတို့အားလုံးသည် ဟုန်မန်နတ်ဘုရားကျင့်ကြံသူများအားလုံးကို ရင်ဘောင်တန်းနိုင်စွမ်းရှိသည်။ အင်မော်တယ်ဧကရာဇ်အထွပ်အထိတ်စွမ်းအားရှင်တစ်ယောက်ဆိုပါက ပြောစမှတ်တောင် ရှိမည်မဟုတ်ချေ။
ချုံကသာ သူမသေဆုံးခင်တွင် ဤမျှကြီးမားသောရတနာပစ္စည်းများကို ပိုင်ဆိုင်နိုင်ခဲ့သည်ဆိုပါက သူ၏အမွေအနှစ်တွင် ဆက်လက်ထားရှိမည် မဟုတ်ချေ။ သူကိုယ်တိုင်က ၎င်းရတနာပစ္စည်းများကိုအသုံးပြုပြီး ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းသွားခဲ့သည်မှာ ကြာလှပေလိမ့်မည်။
တစ်ခုတည်းသောရှင်းပြချက်မှာ သွေးမျှော်စင်အတွင်းသို့ ဤလျှို့ဝှက်ဆန်းကြယ်ရတနာပစ္စည်းများကို တခြားသူတစ်ယောက်က ထည့်သွင်းပေးခဲ့ခြင်းဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့်ဆိုလျှင် ချုံ၏အမွေအနှစ်သည် သွေးမျှော်စင်ဖြစ်သော်လည်း မျှော်စင်အတွင်းရှိ ရတနာပစ္စည်းများကတော့ သူ့အပိုင်မဟုတ်နိုင်ပါ။
ဒါအပြင် ဤသွေးမျှော်စင်ကို ချုံကိုယ်တိုင်ဆောက်ခဲ့တာ ဖြစ်ချင်မှဖြစ်လိမ့်မည်။
" ဘုံး!"
ဝမ်ဖုန်းတို့က ခန့်မှန်းနေသည့်အချိန်တွင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အသံကြီးသည် သွေးနီရောင် မေပယ်တောအုပ်၏အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းအော်ဟစ်သံကြီးနှင့်အတူ အစွမ်းထက်သော အသံလှိုင်းတစ်ရပ်လည်း ထွက်ပေါ်လာခဲ့ကာ မေပယ်သစ်ပင်ကြီးများသည် သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
အစကအရှေ့သို့လမ်းလျှောက်လာနေကြသော ဝမ်ဖုန်းနှင့်အခြားသူများသည် စွမ်းအင်လှိုင်းကိုခံစားမိသည့်အခါ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ သူတို့၏မျက်ဝန်းများက မေပယ်တောအုပ်၏အနက်ပိုင်းသို့ စူးစိုက်ကြည့်မိလိုက်ကြသည်။
" ဘာတွေဖြစ်နေတာလဲ"
ကွေ့ဝူသည် မျက်ဝန်းကိုမှေးကျဉ်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။ သူ၏ကျင့်ကြံမှုစွမ်းအားဖြင့် မေပယ်တောအုပ်၏အနက်ပိုင်းတွင်ရှိနေသော အရာကို ရှာဖွေမတွေ့ရှိနိုင်ခဲ့ပါ။ မေပယ်တောအုပ်သည် အနည်းငယ်တောင်အန္တရာယ်မရှိပုံ ပေါ်နေခဲ့သည်။ ဒါအပြင် တောအုပ်အတွင်း၌ ထူးခြားသောစွမ်းအင်တစ်ခုရှိနေတာကြောင့် အသိစိတ်ကို ခပ်ဝေးဝေးသို့မပို့လွှတ်နိုင်ခဲ့ချေ။
" တစ်ယောက်ယောက်တိုက်ခိုက်နေတာဖြစ်လိမ့်မယ်"
ယွဲ့ယင်း၏လှပသော မျက်ဝန်းကလေးများသည် မေပယ်တောအုပ်၏အနက်ရှိုင်းဆုံးအပိုင်းသို့ စူးစိုက်ကြည့်နေခဲ့ကာ တိုးဖွစွာပြောဆိုလိုက်သည်။ သူမ၏ လောင်ထျန်းဧကရာဇ်အထွပ်အထိပ်စွမ်းအားဖြင့်တောင် သွေးနီရောင်မေပယ်တောအုပ်၏အရံအတားကို ဖြတ်ကျော်မနိုင်ခဲ့ပါ။ သူမသည် အခြေအနေကို ယောင်ဝါးဝါးမျှသာခန့်မှန်းမိခဲ့သည်။
ဝမ်ဖုန်းကလည်း ဘာစကားမှပြောဆိုခြင်းမရှိခဲ့ချေ။ သူ၏အမူအရာက တည်ငြိမ်နေခဲ့ကာ လက်ကိုအသာဝှေ့ယမ်းပြ၍ အသံလှိုင်းကိုသွားရောက်ကြည့်ရှုရန် ဦးဆောင်သွားခဲ့သည်။
ယွဲ့ယင်းနှင့်အခြားသူများကလည်း ဆက်လက်စကားပြောဆိုခြင်းမရှိတော့ဘဲ ဝမ်ဖုန်း၏နောက်သို့လိုက်သွားခဲ့ကာ တောအုပ်အနက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ချိန်တည်းတွင် မေပယ်တောအုပ်၏အနက်ဆုံးအပိုင်းတွင် အုပ်စုနှစ်စုက ပြင်းထန်စွာတိုက်ခိုက်နေခဲ့သည်။ ပေါက်ကွဲသံကြီးများသည် လောကတစ်ခွင်ဟိန်းထွက်၍ ရှိချေသည်။ ပြင်းပြသောသွေးရနံ့သည် လေထုအတွင်းပျံ့လွင့်လျက်ရှိသည်မှာ လောကကြီးတစ်ခုလုံး စစ်မြေပြင်အဖြစ်ပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။
ထိုလူအုပ်စုနှစ်စုသည် အလွန်အမင်းပြင်းထန်စွာတိုက်ခိုက်နေခဲ့သည်။ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော လူငယ်ပါရမီရှင်များ၏အလောင်းများ ရှိနေခဲ့သည်။ ၎င်းအလောင်းများသည် တဖြည်းဖြည်းချင်းမြေပြင်ထဲနစ်မြှုပ်သွားကြသည်ဆိုသည်ကိုတော့ တိုက်ခိုက်နေသော လူငယ်ကလေးများက သတိမထားမိခဲ့ကြပါ။
ထိုလူအုပ်စု ၂ စုအနက် တစ်စုသည် ရှစ်ဖန်းကောင်းကင်နန်းတော်၏ပါရမီရှင်များဖြစ်ကာ ဦးဆောင်လာသူမှာ ပါရမီရှင်ဖန်းတောက်ယိဖြစ်သည်။ အခြားတစ်ဖက်ကတော့ ထာဝရညဥ့်ဦးယံမြို့မှ ပါရမီရှင်များ အင်အားစုပေါင်းထားခဲ့ခြင်းဖြစ်သည်။ တခြားတစ်ဖွဲ့၏ခေါင်းဆောင်ကတော့ မြွေနဂါးဓားဂိုဏ်း၏ထိပ်တန်းပါရမီရှင် ကျန်းရွှမ်ဖြစ်သည်။
ဤအချိန်၌ ကျန်းရွှမ်သည် ကောင်းကင်ပေါ်၌ မတ်တတ်ရပ်နေခဲ့ကာ ဓားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လျက်ရှိသည်။ လက်သီးလုံးတိုင်း၊ကန်ချက်တိုင်းတွင် ထက်မြသောဓားစွမ်းအင်များ ပါဝင်နေခဲ့သည်။ ၎င်းဓားစွမ်းအင်များသည် အင်မတန်မှချောက်ချားဖွယ်ကောင်းခဲ့သည်။ အရေးကြီးဆုံးအရာမှာ ဓားစွမ်းအင်များသည် ပြင်ပဖိအားသာဖြစ်ပြီး သူဖော်ထုတ်နေသောလက်သီးလုံးများ၏ အတွင်းအားကတောင် အင်မတန်မှကြောက်စရာကောင်းနေခဲ့သည်။
တစ်ဖက်တွင်ရှိနေသော ဖန်းတောက်ယိသည် အဖြူရောင်ချပ်ဝတ်တန်ဆာနှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ ရှည်လျားသောဓားရှည်ကို ကိုင်ဆောင်ထားခဲ့သည်။ ထိုသူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ကျန်းရွှမ်နှင့်အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။ သူတို့နှစ်ယောက်မှာ ကြယ်နှစ်စင်းကဲ့သို့ ပေါက်ကွဲရေးစွမ်းအင်များကို ဖော်ထုတ်လျက် တိမ်စိုင်များအကြား၌ တိုက်ခိုက်နေခဲ့သည်။
" ကျန်းရွှမ် မင်းကကောင်းကင်ဘုံဧကရာဇ်အထွပ်အထိပ်မှာပဲ ရှိနေသေးတာ။ ငါ့ကိုဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ် ။ ဒီလိုမှမဟုတ်ရင် ငါရက်စက်တဲ့အတွက် အပြစ်မတင်နဲ့တော့ " ဖန်းတောက်ယိသည် ကျန်းရွှမ်ကို စူးစိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။
ဖန်းတောက်ယိ၏မူလကျင့်ကြံမှုသည် ကောင်းကင်ဘုံဧကရာဇ်အထွပ်အထိပ်တွင်သာ ရှိခဲ့သော်လည်း ဆဋ္ဌမအလွှာသို့ ရောက်ရှိပြီးနောက် ရတနာပစ္စည်းတစ်မျိုးကို ရရှိနိုင်ခဲ့သည်။ ထို့အတွက်ကြောင့်သူသည် သွေးနီရောင်ဧကရာဇ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သည်။ သူသာကောင်းကင်ဘုံဧကရာဇ်အဆင့်၌သာ ရှိနေသေးလျှင် ကျန်းရွှမ်ကိုလေးစားနေဦးမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင်တော့ ကျန်းရွှမ်ကိုတောင် စိတ်ထဲတွင်ထည့်မထားတော့ပါ။
" ကျား!" ဖန်းတောက်ယိ၏ အော်ဟစ်သံကိုကြားလိုက်ရသည့်အခါ ကျန်းရွှမ်၏အမူအရာသည် အနည်းငယ်တောင်ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ သူက ခပ်ဖွဖွအော်ဟစ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွင်းရှိ တိုက်ပွဲဝင်စိတ်ခွန်အားများသည် ပိုမိုပြင်းထန်လာခဲ့သည်။
အဖွဲ့နှစ်ဖွဲ့သည် အနီရောင်မေပယ်တောအုပ်ကြီး၏ အနက်ရှိုင်းဆုံးအပိုင်းတွင်ရှိနေသော အနီရောင်ဓားအတွက်တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ ၎င်းအနီရောင်ဓား၏ကိုယ်ပေါ်တွင် မေပယ်ရွက်များကဲ့သို့ ထူးခြားသော သင်္ကေတများကိုထွင်းထုထားခဲ့သည်။ ၎င်းသည် အရှိန်အဝါအနည်းငယ်တောင်မရှိဘဲ သာမန်ဓားရှည်တစ်ခုနှင့်တူညီနေခဲ့သော်လည်း အနီးကပ်ကြည့်ပါက အဆိုပါဓားရှည်ထံမှ ဆွဲဆောင်မှုတစ်စုံတစ်ရာကို ခံစားရပေလိမ့်မည်။
" မင်းအစားရှက်လိုက်တာကွာ ။သေချင်နေတယ်ဆိုမှတော့ ငါကလည်းဖြည့်ဆည်းပေးရမှာပေါ့"
ကျန်းရွှမ်၏အမူအရာကိုမြင်တော့ ဖန်းတောက်ယိက ဒေါသထွက်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဘုံး!"
ယင်းအသံကြီးကျဆင်းလာသည့်အခါ အစွမ်းထက်သော အရှိန်အဟုန်သည် သူ၏ပတ်လည်၌ပေါက်ကွဲထွက်လာခဲ့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံးသည် ခါရမ်းသွားခဲ့ချေသည်။ လျှို့ဝှက်ဆန်းကြယ်သောသင်္ကေတများသည် ဖန်းတောက်ယိ၏ခန္ဓာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ၎င်းသင်္ကေတများသည် လေဟာပြင်တစ်ခွင်လုံး၌ ပျံ့နှံ့သွားခဲ့သည်။
ကြီးမြတ်သောကောင်းကင်နန်းတော်ကြီး ၈ ခုအနက် ဇာမဏီကောင်းကင်နန်းတော်မှလွဲ၍ ရှစ်ဖန်းနန်းတော်သည် လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်သည်။ သူတို့ကျင့်ကြံသည့် တာအိုလမ်းစဉ်မှာ သာမန်မျှမဟုတ်ဘဲ အဆောင်ယန္တရားတာအိုပညာဖြစ်သည်။
သူတို့၏သွေးများကို လမ်းစဉ်အဖြစ်အသုံးပြုကာ ကိုယ်တွင်းစွမ်းအင်များကို အမြစ်အဖြစ်အသုံးပြုသည်။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကိုတော့ စုတ်တံတစ်ချောင်းအဖြစ် အသုံးပြုလေ့ရှိသည်။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏စုတ်တံကို အသုံးပြုကာ သူတို့နားလည်ထားသောတာအိုပညာများကို မှင်အဖြစ်အသုံးပြု၍ အဆောင်လက်ဖွဲ့များကို စိတ်ရှိသလိုရေးဆွဲနိုင်သည်။
ဤကဲ့သို့ အဆောင်လက်ဖွဲ့ပညာသည် ချောက်ချားစရာကောင်းလောက်အောင်အစွမ်းထက်ခဲ့သည်။ ၎င်း၏အားနည်းချက်မှာ ဖွဲ့စည်းပုံသည် အချိန်အရမ်းကြာလွန်းခြင်းဖြစ်သည်။ သို့သော်လည်း အဆောင်လက်ဖွဲ့တစ်ခုကိုသာ အောင်မြင်စွာထွင်းထုနိုင်ခဲ့လျှင် လူအနည်းငယ်ကသာ ၎င်းမှ ပေါက်ကွဲထွက်လာသည့် စွမ်းအားကို ခုခံနိုင်ပါလိမ့်မည်။
ဖန်းတောက်ယိသည် ရှစ်ဖန်းကောင်းကင်နန်းတော်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်တာကြောင့် သူ၏အဆောင်လက်ဖွဲ့ပြုပြင်စီရင်ခြင်းအတတ်ပညာသည် ပြီးပြည့်စုံလုနီးပါးရောက်ရှိနေခဲ့သည်။ အခြားသောရှစ်ဖန်းကောင်းကင်နန်းတော်၏ပါရမီရှင်များသည် အဆောင်လက်ဖွဲ့ထွင်းထုရန် အချိန်ကာလများစွာကြာမြင့်နိုင်သော်လည်း သူကတော့တစ်ခဏချင်းပြီးဆုံးအောင် ရေးဆွဲနိုင်သည်။
" ဘုံး!"
ဖန်းတောက်ယိက သူ၏လက်ချောင်းများကို ရွေ့လျားစေလိုက်သည့်အခါ အဆုံးအစမဲ့သောသင်္ကေတများသည် သူ၏ပတ်လည်တွင်ထူးဆန်းသောပုံစံများဖြင့် လှည့်ပတ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏စွမ်းအင်များသည် ပိုမိုဆွဲစုခံလိုက်ရကာ ဖန်းတောက်ယိ၏ဘေးနားသို့ ပြေးဝင်လာခဲ့ချေသည်။
" ဘုံး!"
မျက်တောင်တစ်ခတ်အတွင်း၌ များပြားလှသော သင်္ကေတစွမ်းအင်များသည် ရိုးရှင်းသောစုတ်တံလေးတစ်ချောင်းအဖြစ် ပေါင်းစုသွားခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏စွမ်းအင်များသည် စုတ်တံ၏ထိပ်၌ ဆွဲစုမိလျက်ရှိချေသည်။
ဖန်းတောက်ယိ၏မျက်ဝန်းများသည် လေးနက်တည်ကြည်နေခဲ့သည်။ သူ၏စိတ်အစဉ်သည် ငြိမ်းအေးမှုအခြေအနေအတွင်း ကျရောက်သွားခဲ့သည်။ သူဟာ လက်ကိုဆန့်တန်းထုတ်၍ စုတ်တံကိုဆွဲယူလိုက်သည်။ တာအိုလမ်းစဉ်၏နက်နဲသောနိယာမများသည် သူ၏လက်တစ်လျှောက်စီးဆင်းသွားခဲ့ကာ စုတ်တံအတွင်းသို့ဝင်ရောက်သွားခဲ့သည်။
" သေလိုက်တော့!"
အော်ဟစ်သံဖွဖွထွက်ပေါ်လာခြင်းနှင့်အတူ ဖန်းတောက်ယိသည် လက်ထဲရှိစုတ်တံကိုကိုင်ဆောင်ကာ လေထုအတွင်း၌ စတင်၍ပုံများရေးခြယ်လိုက်သည်။
"ဘုံး!"
စုတ်ချက်တစ်ချက်စီတိုင်းတွင် လေဟာပြင်သည်ရူးသွပ်စွာခါရမ်းသွားခဲ့သည်။ စုတ်ချက်ကလေးတစ်ချက်စီတိုင်းမှာ ပြင်းပြသောသတ်ဖြတ်လိုသည့်စိတ်ဆန္ဒများပေါက်ကွဲထွက်လာခဲ့ကာ လောကတစ်ခွင်ရိုက်ခတ်သွားခဲ့သည်။ ကမ္ဘာလောကကြီး၏အပူချိန်သည် အရိုးထိအေးစိမ့်သွားလောက်အောင် လျော့နည်းသွားခဲ့သည်။
သန့်စင်ပြီးချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်မှုစိတ်ဆန္ဒများသည် ရှိသမျှလူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ နှစ်ဖက်စလုံး၏တိုက်ခိုက်နေသော ပါရမီရှင်များကိုတောင် သက်ရောက်သွားကြကာ တဒင်္ဂမျှရပ်တန့်လိုက်မိကြသည်။