ဒိုင်းသူတော်စင်
Vol. 3 Ch. 104
မှောင်မိုက်တဲ့ မိုးသစ်တောကြီးတစ်ခုရဲ့အောက်ခြေ။
ခြုံနွယ်ပိတ်ပေါင်းတွေက ထူထပ်လွန်းတဲ့အတွက်ကြောင့် သွားဖို့အတွက် လမ်းဆိုတာ မရှိသလောက်ပါပဲ။ သစ်ပင်တွေ မြင့်မားစွာပေါက်ရောက်နေတဲ့အတွက် နေပျောက်မြင်ရဖို့ မပြောနဲ့ သဘာဝအလင်းရောင်ဆိုတာမရှိဘဲ မှောင်မိုက်လို့ နေပါတယ်။
ဒီလိုနေမမြင်ရတဲ့သစ်တောရဲ့အလယ်တည့်တည့်မှာ မြစ်ကြီးတစ်ခု ဖြတ်သန်းစီးဆင်းနေပြီး မြစ်ကမ်းပါးရယ်လို့ မမြင်ရတဲ့အထိ ကျယ်ပြောလှပါတယ်။ မြစ်ရဲ့အတွင်းမှာတင် သစ်ပင်တွေက ပေါက်ရောက်နေပြီး ရှင်းပြရခက်တဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနေပါတယ်။
အဲဒီမြစ်ကြီးရဲ့အလယ်မှာတော့ ငါးဖမ်းလှေငယ်လေး တစ်စင်းရှိနေပြီးတော့ လှေပေါ်မှာတော့ လူသုံးယောက် အတူတူရှိနေပါတယ်။
သူတို့ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလင်းရောင် မရှိတဲ့အတွက်ကြောင့် ပိန်းပိန်းပိတ်မှောင်မည်းနေခဲ့ပေမဲ့ လှေပေါ်မှာထွန်းထားတဲ့ ခေတ်ဟောင်းဖြစ် ငါးဝပ်မီးသီးဝါ တစ်လုံးကြောင့် တစ်ယောက်ကိုတစ်ယောက် မြင်နေရတယ်။
သူတို့ထဲက ခေါင်းဆောင်ဖြစ်ပုံရတဲ့ မိန်းကလေးက ရီနေးဆန့်ခေတ် စစ်သည်တော်တွေဝတ်လေ့ရှိတဲ့ သံနက်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီးတော့ ကျောမှာ အနီရောင်ခြုံလွှာကို ခြုံထားပါတယ်။ သူ့ရဲ့ခရမ်းရောင် မျက်လုံးတွေက သတ္တိသွေးကြောင့် တောက်ပနေပြီး နီညိုရောင်ဆံပင်တွေကတော့ သံချပ်ကာပေါ်ကို ဖြာကျနေပါတယ်။
ဘယ်ဘက် လက်ထဲမှာ ထောင့်မှန်စတုဂံပုံသဏ္ဍာန် ဒိုင်းနက်ကြီးကို လက်ဖျံနဲ့တွဲချည်ထားပြီး ဒိုင်းရဲ့အလယ်မှာ အဖြူရောင်အလင်းတချို့ ထုတ်လွှင့်ပေးနေတဲ့ ကျောက်မျက်ရတနာတစ်ခုကို တပ်ဆင်ထားတယ်။ ညာဘက်လက်ထဲမှာတော့ အနုစိပ်ပုံဖော်ထားတဲ့ အကြီးစား ခြောက်လုံးပြူးသေနတ်တစ်လက်ကို ကိုင်ထားပါတယ်။
အသက်အရွယ်အားဖြင့်တော့ နှစ်ဆယ်ကျော်အစောပိုင်းမှာ ရှိပုံပေါ်ပြီး အသားအရေက နေလောင်ထားဟန်နဲ့ ညိုလျက်ရှိပြီး ဖြောင့်မတ်တဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ဟန်ပန်မျိုးရှိပါတယ်။
ဒုတိယတစ်ယောက်ကလည်း မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတစ်ယောက်နဲ့မတူတာက ပိုပြီးတော့ မိန်းကလေးဆန်ပါတယ်။ ရွယ်တူလောက်ပဲ ဖြစ်ပြီးတော့ အနက်ရောင်မျက်လုံးတွေရယ် စစ်ကြိုခေတ် အာရှတိုက်မှာခေတ်စားခဲ့တဲ့ ဆံပင်အကြေဂုတ်ဝဲပုံစံရယ်က တခြားသူတွေကြားထဲမှာ ထင်းထွက်နေပါတယ်။
သားရေဒူးကာလက်မောင်းကာတွေကို အကာအကွယ်အဖြစ် ဝတ်ဆင်ထားပြီးတော့ တရုတ်ချီပေါင်အင်္ကျီခရမ်းရောင်ကို ဝတ်ဆင်ထားပါတယ်။ လည်ပင်းမှာတော့ အနက်ရောင် သားရေလည်ပတ်တစ်ခုရှိလို့နေပြီး ဖြုတ်လို့မရအောင် သော့ခတ်ခြင်းခံထားရတယ်။
လက်ထဲမှာတော့ လက်နက်အဖြစ် လှံတစ်ချောင်းရှိနေပြီး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်နေပါတယ်။
တတိယတစ်ယောက်ကတော့ တံငါသည်တွေစောင်းတတ်တဲ့ ခါးမောက်ကိုစောင်းထားတဲ့ ဦးလေးကြီးဖြစ်ပြီးတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။ ပြီးတော့ ကြောက်လွန်းလို့ ဒူးတွေ တခိုက်ခိုက်တုန်နေသေးတယ်။
“တူမလေးတို့၊ ခုချိန်ပြန်လှည့်မယ်ဆိုရင် အချိန်ရှိပါသေးတယ်။ အမှောင်တောအုပ်ထဲကို ဝင်သွားတဲ့သူတွေမှန်သမျှ ပြန်ထွက်လာနိုင်တာ မဟုတ်ဘူးရယ်။”
လူကြီးက ခပ်ဝဲဝဲပေါ်တူဂီစကားကိုပြောရင်း မိန်းကလေး နှစ်ယောက်ကို တားမြစ်ဖို့ ကြိုးစားလိုက်တယ်။ သံချပ်ကာနဲ့ မိန်းကလေးက ချီပေါင်ဝတ်စုံနဲ့မိန်းကလေးကို မော့ကြည့်ပြီး
“ချင်းချင်း... သူဘာပြောတာလဲ။”
ချင်းချင်းဆိုတဲ့ မိန်းကလေးက လူကြီးကို အထင်သေးတဲ့ အကြည့်နဲ့စိုက်ကြည့်လိုက်ပြီး “ဒီလူက အမှောင်တောအုပ်ထဲ မသွားဖို့အတွက် ကျွန်မတို့ကို ဖျောင်းဖျနေတာပါ။ သူ့ကို ကြည့်ရတာ ကျွန်မတို့နဲ့ လိုက်ချင်ပုံမပေါ်ဘူး။”
ချပ်ဝတ်နဲ့အမျိုးသမီးက ကြောက်လန့်နေတဲ့ လူကြီးကို ကြည့်လိုက်တယ်။ “သူ့ကို တောအုပ်အဝင်ဝအထိ ငါတို့ကို လိုက်ပို့မယ်ဆိုရင် ပေးမယ်ပြောထားတဲ့ပိုက်ဆံရဲ့နှစ်ဆ ပေးမယ်လို့ပြောလိုက်။”
ချင်းချင်းကလည်း ခေါင်းညိတ်လိုက်ပြီး လူကြီးဘက်ကို လှည့်ကာ ပေါ်တူဂီစကားနဲ့ ပြောလိုက်တယ်။ “သခင်မရူဘီက ရှင်ကျွန်မတို့ကို ခရီးဆုံးတဲ့အထိလိုက်ပို့ရင် နှစ်ဆတိတိ ပိုပေးမယ်လို့ပြောတယ်။”
ဒါပေမဲ့ လူကြီးကတော့ ခေါင်းခါနေဆဲပါပဲ။ “မင်းတို့ လူငယ်တွေက ဘာလို့ကိုယ့်ပြဿနာကိုယ်ရှာကြတာလဲ မသိဘူး။ ဒီကိစ္စက ပိုက်ဆံနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ မင်းတို့ဘာသာမင်းတို့ ခရီးဆက်ချင်ရင်ဆက်ကြ ကျုပ်ကတော့ မလိုက်နိုင်ဘူး။”
အဖိုးကြီးက ပြောပြောဆိုဆိုနဲ့ လှေကိုရပ်လိုက်ပြီး အရေးပေါ်သုံးဖို့အတွက်ယူလာတဲ့ လေထိုးအသက်ကယ် လှေကိုလေမှုတ်သွင်းကာ လှော်တပ်ကလေး လက်ထဲကိုင်ပြီး မြစ်ထဲ ခုန်ချသွားလေရဲ့။
လုချင်းချင်းနဲ့ရူဘီကတော့ အဲဒီမြင်ကွင်းကို အေးစက်စွာနဲ့ ကြည့်နေခဲ့ကြပါတယ်။ “သခင်မက သူ့ကို ဒီအတိုင်းလွှတ်ပေးထားမလို့လား။”
ရူဘီက စိတ်ပျက်နေတဲ့ပုံစံနဲ့ သက်ပြင်းချလိုက်ရင်း “ထားလိုက်ပါ။ သူပြေးချင်ရင်လည်းပြေးပေါ့။ ဒါပေမဲ့ ဒီလူ ဒီနေရာအထိရောက်လာနိုင်တာ ငါတို့ကြောင့်ဆိုတာတော့ သူမေ့နေတဲ့ပုံပဲ။ ဒီတောအုပ်အစပ်ကို တစ်ခါလာဖူးပြီး ကံကောင်းလို့ပြန်လွတ်ဖူးရုံနဲ့ နောက်တစ်ကြိမ် ကိုယ့်ဘာသာ ပြန်သွားနိုင်မယ်လို့ အာမခံချက်မှမရှိတာ။”
ရူဘီက တောအုပ်ရဲ့တစ်နေရာကို လှမ်းကြည့်လိုက်တယ်။ အဲဒီနေရာမှာ အနီရောင်မျက်လုံးတချို့ရှိနေပြီးတော့ သူတို့ကို အဝေးကနေ စောင့်ကြည့်နေကြပါတယ်။ ချင်းချင်း ကလည်း အဲဒီအနီရောင်မျက်လုံးတွေကို ကြည့်လိုက်ရင်းနဲ့
“ရှေးဦးနတ်ဘုရား ကိုးကွယ်သူတွေ။”လို့ ရေရွတ်လိုက်တယ်။
ရူဘီက ခေါင်းညိတ်လိုက်တယ်။ “ သူတို့က ငါတို့ဘာလို့ လာလဲဆိုတာကို သိကြတယ်။ ဒီရုပ်ထုလေး ရှိနေတာကို သူတို့အာရုံခံမိကြတယ်လေ။”
ရူဘီ့လက်ထဲမှာ ရှေးဟောင်းရွံရုပ်ကလေးတစ်ခု ရှိနေပြီး အမျိုးအမည်ဖော်ပြရခက်တဲ့ ပင်လယ်ရေသတ္တဝါနဲ့တူတဲ့ နတ်ရုပ်တစ်ရုပ်ရှိနေပါတယ်။ နတ်ရုပ်မှာ ပင်လယ်ဖျံအစွယ်၊ ရေဘဝဲခေါင်း၊ ငါးအကြေးခွံ ပင်လယ်ရေသတ္တဝါမျိုးစုံရဲ့ အစိတ်အပိုင်းတွေပါဝင်ပြီး အားလုံးစုပေါင်းလိုက်တဲ့ အခါမှာတော့ ဘာမှန်းမသိတဲ့သတ္တဝါတစ်ကောင်ရဲ့ပုံစံ ဖြစ်တည်လာခဲ့ပါတယ်။
“ဒီဂိုဏ်းက ငါးနှစ်ပြည့်တိုင်းတစ်ခါ အမှောင်တောအုပ်က ထွက်လာပြီးတော့ အနီးအနားက မြို့ရွာတွေကို ရွာလုံးကျွတ် သတ်ဖြတ်ပြီးတော့ ယစ်ပူဇော်တာမျိုးလုပ်ကြတယ်။ ဒီတော့ သူတို့ကို ဆက်လွှတ်ထားပေးဖို့ မဖြစ်နိုင်တော့ဘူး။”
နောက်တော့ သူက ချင်းချင်းကိုကြည့်လိုက်ပြီး “ချင်းချင်း၊ စက်လှေမောင်းတတ်တယ်မဟုတ်လား။ ပဲ့ကိုင်ပြီး ရှေ့ကို တည့်တည့်မောင်း။ အမှောင်တောအုပ်ကိုရောက်ဖို့က သိပ်မလိုတော့ဘူးလို့ ငါခံစားနေရတယ်။”
ချင်းချင်းက ခေါင်းညိတ်လိုက်ပြီး ပဲ့ပိုင်းဆီကိုသွားတယ်။ ချင်းချင်းပဲ့ကို ကိုင်လိုက်တယ်ဆိုရင်ပဲ သူတို့နောက်ဘက် အတော်ဝေးဝေးတစ်နေရာကနေ ငယ်သံပါအောင်အော်တဲ့ အသံကို ကြားလိုက်ရပါတယ်။
“ကြည့်ရတာ ငါတို့ရဲ့မိတ်ဆွေကြီးတော့ တစ်စစီဆွဲဖြဲ ခံလိုက်ရပြီနဲ့တူတယ်။”
ရူဘီက တည်တည်ငြိမ်ငြိမ်ရှိနေပေမဲ့ ချင်းချင်းကတော့ စိုးရိမ်နေပုံပေါ်ပြီး အဝါရောင် အဆောင်တချို့ကို အိတ်ထဲက ဆွဲထုတ်ကာ လေထဲ ဖြန့်ကျဲလိုက်တယ်။ အဆောင်တွေပေါ် ရှိနေတဲ့ အနီရောင်မင်တွေက တောက်ပလာပြီးတော့ ဧရာမ ရွှေရောင်အလင်းပိုက်ကွန်ကြီးဖြစ်တည်လာကာ လှေကို ကာကွယ်ပေးလိုက်ပါတယ်။
“မကြောက်ပါနဲ့၊ ငါတို့အတူတူရှိနေသမျှ ဒိဋ္ဌိတွေကို နှိမ်နင်းနိုင်မယ်လို့ ငါယုံကြည်တယ်။”
ရူဘီရဲ့စကားကြောင့် ချင်းချင်းလည်းပြန်ပြီး သတ္တိစိတ် ဝင်လာကာ လှေကိုပြန်စမောင်းပါတယ်။ ပြီးနောက် ချင်းချင်းက အရင်နှစ်တချို့ကနေစလို့ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြန်လည်စဥ်းစားကြည့်မိပါတယ်။
“ ကျောင်းတုန်းက ရူဘီစိန်ခေါ်တာကို လက်ခံမိတာ ရူးနေလို့ပဲ ဖြစ်မယ်” ချင်းချင်းက ငယ်ရွယ်သေးတဲ့ အတိတ်က သူ့ကိုယ်သူပြန်ပြီးတော့ အပြစ်တင်လိုက်မိတယ်။ ပြီးတော့ သူ့လည်ပင်းက သော့ကိုလည်း ထိလိုက်မိပါတယ်။
“ချင်းချင်း... အတိတ်ကအကြောင်းတွေ ပြန်စဥ်းစား နေပြန်ပြီလား။”
ရူဘီက မေးလိုက်တော့ ချင်းချင်းက ဘေးပတ်ဝန်းကျင်ကို လေ့လာနေရင်းကနေ ပြောလိုက်တယ်။ “ဆိုပါတော့...”
“အဲဒီတုန်းက နင်သာ စာသင်ခန်းထဲကို တကယ် အလုပ်ဖြစ်တဲ့ ဖုန်းရွှေအဆောင်တွေ ယူမလာခဲ့ရင် နင့်ကို စိန်ခေါ်ဖြစ်မှာ မဟုတ်ဘူးရယ်။”
ချင်းချင်းက ယင်ယန်အတတ်ပညာဆရာတစ်ယောက်ရဲ့ တိုက်ရိုက်အမွေခံဖြစ်ပြီး တာအိုအဆောင်လက်ဖွဲ့တွေကို ဖန်တီးနိုင်ပါတယ်။ ဘုရားကျောင်းရဲ့ဒိုင်းသူတော်စင် ရူဘီက ချင်းချင်းအစွမ်းကို သတိထားမိပြီး စိန်ခေါ်ခဲ့တာပေါ့။
ဒါပေမဲ့ လောင်းကြေးစားကြေးလည်းပါသေးတယ်။ ချင်းချင်းက ပြောလိုက်ပါတယ်။
“အင်း၊ ရှင်နိုင်ရင် ကျွန်မရဲ့တာအိုအယူဝါဒကို စွန့်လွှတ်ပြီး ရိုမြူလက်ဘုရားကျောင်းထဲ ဝင်ရမယ်ဆိုပြီးတော့လေ။ ဒါပေမဲ့ ကျွန်မက အဲဒါကိုငြင်းလိုက်တော့ ရှင်က ကျွန်မ လည်ပင်းမှာ ကျွန်သခင်လည်ပတ်ကို လာတပ်တော့တာပဲ။”
ပြောရရင် ရှက်စရာကောင်းတယ်ဆိုပေမဲ့ လီချင်းချင်းက ၂၁ ရာစုမှာ တိုက်ရိုက်ကျွန်အပြုခံလိုက်ရတဲ့ ရူဘီရဲ့ကျွန်ပါ။ ရူဘီကတော့ ပခုံးတွန့်ပြလိုက်တယ်။
“ဒါတော့ ဘယ်တတ်နိုင်မလဲ။ စိန်ခေါ်ပွဲမစခင် ပေးထားတဲ့ ကတိကိုဖောက်ဖျက်တာကိုး။ ဒီတော့ နင်က ငါ့ကိုအကြွေး တင်နေသလိုဖြစ်သွားပြီး ရောမဥပဒေအရ ကျွန်ပြုလို့ရသွားတာ။”
ချင်းချင်းက လက်သီးဆုပ်လိုက်ပြီး ရူဘီကို မကျေမနပ် ကြည့်လိုက်တယ်။ “အဲဒါနဲ့ပဲ ဒါက လုပ်သင့်တဲ့အရာ ဖြစ်မသွားဘူးလေ။”
ချင်းချင်းပုံစံက ကြောက်တဲ့ပုံစံမဟုတ်တော့ဘဲ ရူဘီကို ဒေါသထွက်နေတဲ့ပုံစံ ဖြစ်သွားပါတယ်။ ရူဘီက ချင်းချင်း ဒေါသထွက်နေတဲ့ပုံကိုကြည့်ရင်း ရယ်မောလိုက်ပါတယ်။ နောက်တော့
“ဒါပေမဲ့ ငါပြောထားတဲ့အတိုင်းပဲ ငါးနှစ်တည်းပါ။ အဲဒါပြီးရင် နင့်ကို ဘုရားကျောင်းအဖွဲ့ရဲ့တရားဝင် အဖွဲ့ဝင်အဖြစ် ရာထူးပေးလို့ရမယ်။ ဒါဆိုရင် စာချုပ်ကနေ လွတ်သွားလိမ့်မယ်။”
“ဘယ်သူက ဘုရားကျောင်းအဖွဲ့ဝင် ဖြစ်ချင်တယ်လို့ ပြောလို့လဲ။”
ချင်းချင်းက ရူဘီကို စိတ်ဆိုးနေတဲ့ပုံပေါ်ပေမဲ့ သူတို့ရဲ့ပုံစံက သိပ်ကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်ကြကြောင်း ဖော်ပြနေခဲ့ပါတယ်။ ချင်းချင်းက ရူဘီကို ဒေါသထွက်တာ လုံလောက်ပြီလို့ တွေးလိုက်ပြီးတဲ့နောက်မှာ သူ့အလုပ်သူ ပြန်အာရုံစိုက်ဖို့ ကြိုးစားလိုက်တယ်။ နောက်တော့ သူက အခုလိုရေရွတ်လိုက်ပါတယ်။
“တောထဲမှာ အနီရောင်မျက်လုံးတွေ ပိုများလာတာပဲ။”
ရူဘီကတော့ တည်ငြိမ်စွာနဲ့ ရှိနေဆဲပါ။ သူက ဒိုင်းကို သေချာကိုင်ပြီး ထရပ်လိုက်တယ်။ သူတို့အနီးအနား ပတ်ဝန်းကျင်က တောအုပ်က သူတို့နဲ့ပိုနီးလာနေပြီ။ အရင်က ကမ်းကိုမမြင်ရခဲ့ပေမဲ့ အခုအချိန်မှာတော့ မြစ်ကမ်းပါးကို မြင်လာနိုင်ပါပြီ။ အရိုးခေါင်းတွေချိတ်ဆွဲထားတဲ့ သစ်ပင်တွေရှိတဲ့ မြစ်လက်တက်တစ်ခုကိုတွေတော့ ချင်းချင်းက အဲဒီထဲ ချိုးကွေ့ဝင်ရောက်လိုက်ပါတယ်။
“ဒါ ဟိုလူပြောတဲ့ အရိုးခေါင်းမြစ်လက်တက်ဆိုတာမလား။ အဲဒီအဆုံးမှာ အမှောင်တောအုပ်ရှိနေတာပဲ။”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သတိပေးတဲ့အနေနဲ့ ကြည့်လိုက်ကြပြီးတော့ လက်နက်တွေကို အသင့်ပြင်ထားလိုက်တယ်။ လီချင်းချင်း အနားမှာ အဝါရောင်အဆောင်တွေက ပျံသန်းကာ အသင့်နေရာယူထားပြီး ရူဘီကတော့ ဒိုင်းကို ရင်ဝမှာ အသင့်ကာထားတယ်။
မကြာခင်မှာပဲ လှေကရေတိမ်ပိုင်းကို ရောက်ရှိလာပြီးတော့ သဲသောင်တစ်ခုနားမှာ သောင်မတင်အောင် ရပ်လိုက်တယ်။
“ အမှောင်တောအုပ်ကို ရောက်ပြီထင်တာပဲ။ အခုကနေ စပြီးတော့ လမ်းစလျှောက်ရတော့မယ်။”
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီးတော့ လှေပေါ်ကနေ ခုန်ဆင်း လိုက်ကြပါတယ်။ မြစ်ကမ်းပါးရဲ့မြေကြီးတွေက ရေတွေစိမ့်ဝင်နေတဲ့အတွက် အလွန်တရာနူးညံ့ ပျော့ပြောင်းနေတယ်။ သူတို့နှစ်ယောက်က လေးလံတဲ့ ချပ်ဝတ်တွေကို ဝတ်ဆင်ထားကြတဲ့အတွက်ကြောင့် တစ်ခါတရံ ခြေသလုံးထိ နစ်မြုပ်သွားတာမျိုးနဲ့ ကြုံရတယ်။
မျက်လုံးနီတွေကလည်း သူတို့နဲ့နီးလာနေပြီ ဖြစ်ကြပြီး ရံဖန်ရံခါမှာ အကြည့်ချင်းဆုံမိလု နီးနီးပါပဲ။ တစ်ခါတော့ မျက်လုံးနီတစ်ယောက်က သူတို့နဲ့တအားနီးနီးကို ကပ်လာတဲ့ အတွက်ကြောင့် ခြေဆုံးခေါင်းဆုံးအနက်ရောင်ဝတ်ရုံကြီး ခြုံထားတဲ့လူတစ်ယောက်ဖြစ်မှန်း သူတို့သတိထားမိ လိုက်ကြပါတယ်။
အဲဒီလူက တအားအနားကပ်လာတဲ့အတွက် ရူဘီက ချင်းချင်းရှေ့ကိုတက်ကာ ဒိုင်းကိုမြောက်လိုက်တယ်။ ဒိုင်းရဲ့ကျောက်မျက်ကနေ အလင်းရောင်ထွက်လာပြီး အဲဒီမျက်လုံးနီလူကို တစ်ခဏတာ အမြင်အာရုံပျောက် သွားစေတယ်။ ချင်းချင်းက ဒါကိုအခွင့်ကောင်းယူပြီး လှံနဲ့ထိုးနှက်လိုက်တော့ သွေးတွေထွက်လာရမယ့်အစား ခန္ဓာကိုယ်ထဲကနေ ပင်လယ်မျော့တွေအများကြီး ထွက်လာခဲ့တယ်။ ပြီးတော့ မျက်လုံးနီလူကြီးက မသေဘဲ လှံကိုတင်းတင်းဆုပ်ကိုင်ထားပြီး အတင်းတိုးဝင်လာတဲ့ အတွက်ကြောင့် လှံက သူ့ကျောကုန်းနောက်က ပြန်ပြီး ဖောက်ထွက်လာတယ်။ ဒါပေမဲ့ နာကျင်မှုကိုခံစားရတဲ့ပုံ မပေါ်ပါဘူး။
“ ရှေးဦးနတ်ဂိုဏ်းသားတွေက ပင်လယ်မျော့ကို သူတို့သွေးကျွေးပြီး မသေနိုင်တဲ့ခန္ဓာကိုယ်ရအောင် ကျင့်ကြံတယ်လို့ ကြားဖူးတယ်။ မိုးကြိုးအဆောင်နဲ့ပစ်။”
ရူဘီဆီကနေ ညွန်ကြားချက်ရတာနဲ့ ချင်းချင်းက ချက်ချင်းပဲ အဝါရောင်အဆောင်တစ်ခုနဲ့ မျက်လုံးနီလူကို ပစ်လိုက်တယ်။
အဆောင်က လူ့ခန္ဓာကိုယ်နဲ့ထိတာနဲ့ လျှပ်စီးဓာတ်တွေ ဖြာထွက်လာပြီး အဲဒီလူရဲ့ခန္ဓာကိုယ်က ဖောင်းကာပြီး ပေါက်ကွဲထွက်သွားတယ်။
ဖောင်း...
အညစ်အကြေးတချို့ လာစင်ပေမဲ့ ရူဘီက ချင်းချင်းကို မထိအောင်လို့ ဒိုင်းနဲ့ဝင်ကာပေးလိုက်တယ်။
“ အသုံးဝင်သားပဲ။ အခုကနေစပြီး အနားတအားကပ်လာတဲ့ လူရှိရင် အဲဒီအဆောင်နဲ့သာပစ်။”
“ကောင်းပြီ။”
သူတို့နှစ်ယောက်က ခရီးဆက်တယ်။ မကြာခင်မှာပဲ သူတို့က တောနက်ပိုင်းရောက်ပြီး မြေကြီးတွေက ပြန်မာလာတယ်။ ဒါကြောင့် ခရီးပိုတွင်လာပြီး နာရီပိုင်းအကြာမှာပဲ အင်ကာ အင်ပါယာရဲ့လက်ရာလို့ယူဆရတဲ့ ပိရစ်မစ်ပုံဘုရားကျောင်း တစ်ခုရှေ့နားကို ရောက်လာခဲ့ကြတယ်။
ဘုရားကျောင်းရဲ့ပတ်ပတ်လည်မှာတော့ လူအရိုးခေါင်း တွေကို စုပုံထားတဲ့ ပိရစ်မစ်တွေအများကြီးရှိနေသေးပြီး အုတ်သားပိရစ်မစ်နဲ့ရွယ်တူပါပဲ။ အဲဲဒီနေရာမှာ မျက်လုံးနီ ဂိုဏ်းသားရာကျော်က လက်နက်မျိုးစုံကိုင်ထားပြီးတော့ သူတို့ကိုစောင့်ကြိုနေပါတယ်။
“ရက်စက်လိုက်တာ...” ချင်းချင်းက အဲဒီအရိုးခေါင်းတွေကို တစ်ချက်ကြည့်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ အနည်းဆုံး လူသိန်းဂဏန်းက ဒီနေရာမှာ သတ်ဖြတ်ခံခဲ့ရပုံပါပဲ။
ရူဘီကတော့ ဒီမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်နေပုံမပေါ်ဘဲ အဲဒီအစား တည်တည်ငြိမ်ငြိမ်နဲ့ အခြေအနေကို ရှင်းပြ လိုက်ပါတယ်။
“ပင်လယ်မျှော့တွေကို သွေးကြောထဲသွင်းပြီး ကျင့်ကြံတဲ့ မသေမျိုးခန္ဓာကျင့်စင်က တကယ်တော့ ကိုယ့်ခန္ဓာကိုယ်ကြီး အလုပ်လုပ်တာ ရပ်မသွားအောင်လို့ ပင်လယ်မျော့တွေနဲ့ အတင်းဖိအားပေး လည်ပတ်ခိုင်းထားတာနဲ့တူတယ်။”
ချင်းချင်းက သူ့ရှေ့က မျက်လုံးနီတွေကို နောက်တစ်ခါ ထပ်ကြည့်လိုက်တယ်။ ရူဘီရှင်းပြတာကို နားထောင်ပြီးတဲ့ အချိန်မှာတော့ သူ့အကြည့်တွေက ပြောင်းလဲသွားခဲ့ပါပြီ။ မျက်လုံးနီတွေက သူတို့ကို အရင်စမတိုက်သေးဘဲနဲ့ တစ်ခုခုကို စောင့်နေပုံရတဲ့အတွက် သူကလည်း ရူဘီ ရှင်းပြတာကို ဆက်ပြီးနားထောင်နေလိုက်တယ်။
“ မျှော့တွေက လူသွေးကို ဆက်တိုက်စုပ်ယူနေတော့ ခန္ဓာကိုယ်ထဲမှာ သွေးအသစ်တွေက ဆက်တိုက်ဖြစ်နေပြီး အိုမင်းနှုန်းကျဆင်းသွားတယ်။ ဒါပေမဲ့ မျှော့တွေကို ခန္ဓာကိုယ်ထဲ ဖြစ်တည်နေတဲ့သွေးလောက်နဲ့ ကျွေးမွေးဖို့ မလုံလောက်တော့ မြို့တွေရွာတွေပေါ်က လူတွေကိုပါ ဖမ်းဆီးပြီး သားကောင်အဖြစ်အသုံးချရတဲ့အထိ ဖြစ်လာတော့တာပဲ။”
“အဲဒါနဲ့တင် မလုံလောက်ပဲ သူတို့က သွေးအသစ်ဖြစ်တည်ဖို့ လိုအပ်တဲ့အာဟာရကိုရဖို့ မျှော့တွေသွေးစုပ်ပြီးလို့ကျန်တဲ့ ခန္ဓာကိုယ်တွေကိုပါ စားသုံးပစ်ကြတယ်။”
ရူဘီက စကားကို အဆုံးသတ်လိုက်တယ်။ ချင်းချင်းရဲ့ လက်ထဲမှာရှိနေတဲ့လှံကလည်း တုန်ခါလာတယ်။ ဒါပေမဲ့ ကြောက်စိတ်ကြောင့်မဟုတ်ဘဲ ဒေါသကြောင့်ပါ။
“ဒီလိုလုပ်ရပ်မျိုးက... လူသားတွေရဲ့လုပ်ရပ်လို့တောင် ပြောလို့မရတော့ဘူး။”
“အေး... ဒါကြောင့်လည်း ငါတို့က သူတို့ကို ဒိဋ္ဌိတွေလို့ ခေါ်တာလေ။”
သူတို့နှစ်ယောက် စကားတချို့ကို ဖလှယ်ပြီးတဲ့အချိန်မှာ မြေကြီးထဲက လူတစ်ယောက်ရဲ့ခေါင်း ထိုးထွက်လာတယ်။ လူ့ခေါင်းဆိုတာထက် အရိုးတွေပေါ်မှာ ပင်လယ်မျှော့တွေ ကပ်နေတဲ့ ရွံစရာခေါင်းကြီးလို့ပြောရမလား။ ကိုယ်ပေါ်မှာ အသားရယ်လို့မကျန်တော့ဘဲ နီရဲတဲ့ မျက်လုံးနှစ်လုံးနဲ့ ခေါင်းထဲရှိတဲ့ဦးနောက်သာ ကျန်တော့တဲ့ပုံပေါ်တဲ့ အရာကြီးပါပဲ။
“နတ်ဆရာကြီးကို ဂါရဝပြုပါတယ်။” တခြားဂိုဏ်းသားတွေက အဲဒီအရာကြီးကို ဂါရဝ ပြုလိုက်ကြတယ်။ နတ်ဆရာကြီးကတော့ မိန်းကလေး နှစ်ယောက်ကို ကြည့်လိုက်ပြီး အလွန်အိုမင်းနေပြီဖြစ်တဲ့ အသံနဲ့။
“အဝေးက ဧည့်သည်တွေက ဒီတောအုပ်ထဲကို အသေခံဖို့ ရောက်လာကြတာပါလား။ ကြာပြီ... ကြာခဲ့ပြီ။ ရိုမြူလက် ဘုရားကျောင်းက နောက်ဆုံးပို့လိုက်တဲ့သူကို ငါသတ်ခဲ့တာ ရာစုနှစ် သုံးခုလား... လေးခုလား... ရှိခဲ့ပြီပဲ။”
ရူဘီက ဒိုင်းကိုကိုင်ပြီး ချင်းချင်းရှေ့မှာ ရပ်လိုက်တယ်။ “ ဒီနေရာမှာ အဲဒီကောင်တစ်ကောင်ပဲ အယ်ဒါအဆင့်ရှိတာ။ ကျန်တာတွေက ပမွှားလေးတွေပဲ။ ခါတိုင်းလိုပဲ နင်က တိုက်ခိုက်။ ငါက နင့်ကို ကာကွယ်ပေးထားမယ်။” သူ့ဒိုင်းကနေ အထွတ်အမြတ်အလင်းရောင်တွေ တောက်ပလာပြီး နှစ်ယောက်လုံးကို လွှမ်းခြုံသွားတယ်။
“အထွတ်အမြတ်ဒိုင်းကောင်းချီး။”
ချင်းချင်းကလည်း လှံကိုမြှောက်ပြီး လှံသွားပေါ်မှာ အဆောင်တစ်ခုကို ကပ်လိုက်တယ်။ နောက်တော့ သူ့လက်ဖဝါးကို အနည်းငယ်ဖြတ်ကာ သွေးကို လှံသွားပေါ်သုတ်လိမ်းလိုက်ပြီး...
“ မိုးကြိုးအဆောင်ကို သူတို့ကြောက်တယ်လို့ ပြောတယ်နော်။ လှံသွားပေါ်မှာ မိုးကြိုးအဆောင် တပ်ထားပြီးတော့ စမ်းကြည့်ရအောင်။”
ချင်းချင်းရဲ့လှံသွားမှာ ချက်ချင်းဆိုသလို မိုးကြိုးစွမ်းအင်တွေ စုစည်းလာတော့တယ်။