သတင်းရောက်ရှိခြင်း
Vol. 3 Ch. 105
သဲသောင်ပြင်။
နက်ဆန်က သူ့လက်ထဲမှာ တုန်ယင်နေတဲ့ ဆေဘာဓားကို ကိုင်ထားပြီး အာရပ်စစ်သည်တော်ကြီးနဲ့ တိုက်ရိုက်တိုက်ခိုက် နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကို အနက်ရောင်အရိပ်က ဖုံးလွှမ်း ထားခဲ့ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အက်ကွဲကြောင်းတွေ ထနေပါတယ်။
“ဒီလိုပုံစံမျိုးနဲ့ဆိုရင် မင်းငါ့ကိုထိနိုင်ဖို့ နောက်ထပ် နှစ်တစ်ရာလောက်ကြိုးစားရဦးမယ်။”
ရော့ဝဲလ်က မြေပြင်ကို လမ်းလျှောက်တုတ်နဲ့ဆွနေရင်း နက်ဆန်ကို မခံချင်အောင် ဆွလိုက်တယ်။ နက်ဆန်က ဒေါသ ပိုထွက်လာပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တယ်။ အာရပ်ကြီးက နောက်ကိုပြန်ဆုတ်သွားရပေမဲ့ နက်ဆန်က အခွင့်အရေးကို မယူနိုင်သေးတဲ့အချိန်မှာပဲ မြေပြင်ကနေ လုပ်ကြံသတ်ဖြတ်သူက ဝိညာဥ်တစ်ခုလိုမျိုးထိုးထွက်လာပြီး သူ့ကို နောက်ကနေ အလစ်ဝင်တိုက်လိုက်တယ်။
“သခင်....” ဒူလာဟမ်နဲ့တိုက်ခိုက်နေတဲ့ နာတာရှာလည်း စိုးထိတ်သွားပြီး လေဓားသွားတွေကိုပစ်လွှတ်ကာ နက်ဆန်ကို လှမ်းကာကွယ်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်ကြောင့် ဒူလာဟမ်ဓားနဲ့ပိုင်းတာခံရပြီး လက်မောင်းတစ်ဖက် ပြုတ်ကျသွားပါတယ်။
“မင်းရှုံးသွားပြီ။ မင်းစကားအတိုင်း မင်းသူ့ကို မကာကွယ်နိုင်ခဲ့ဘူး။”
ရော့ဝဲလ်က လမ်းလျှောက်တုတ်ကို ဟန်ပါပါလွှဲယမ်း လိုက်ရင်းနဲ့ နက်ဆန်ကို ကျောခိုင်းလိုက်ပြန်တယ်။ အစကနေ အဆုံးအထိ မိနစ်သုံးဆယ်ကျော်ကြာ တိုက်ခိုက်ခဲ့ပေမဲ့ ရှုံးနိမ့်မှာကို နက်ဆန်မရှောင်လွှဲနိုင်ခဲ့ပါဘူး။
“နောက်နေ့ညမှ ပြန်တွေ့မယ်၊ လောလောဆယ်တော့ နှုတ်ဆက်ပါတယ်။” ရော့ဝဲလ်က ဦးထုပ်အနားသပ်ကို လက်နဲ့ထိကိုင်လိုက်ရင်း ဦးထုပ်ကိုမြှောက်ကာ နက်ဆန်ကို နှုတ်ဆက်လိုက်တယ်။ အဲဒီနောက်တော့ သူ့ရဲ့အဖော်တွေနဲ့ သဲသောင်ပြင်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
“ အသုံးမကျလိုက်တာ...” နက်ဆန်က မြေပြင်ပေါ်ကို မြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး သဲသောင်ပြင်ကို လက်သီးနဲ့ ထိုးလိုက်မိတယ်။ ဒါပေမဲ့ အနားကိုနာတာရှာရောက်လာပြီး သူ့ပခုံးပေါ် လက်တင်လိုက်တဲ့အတွက် ရူးမိုက်တာတွေ မလုပ်မိဖို့ စိတ်ခွန်အားရသွားခဲ့ပါတယ်။
“သခင်က လွန်ခဲ့တဲ့ငါးရက်ကထက်စာရင် အများကြီး ပိုပြီးတော့ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့အစေခံ တစ်ယောက်ကို ကိုယ်တိုင်ဖိနှိပ်တိုက်ခိုက်နိုင်နေပြီ မဟုတ်လား။”
နက်ဆန်က ခေါင်းညိတ်လိုက်မိတယ်။ အရင်က သူတို့အားလုံးပေါင်းမှ ဒူလာဟမ်ကို ဖိနှိပ်နိုင်တာပါ။ တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့ဆိုတာ အဝေးကြီးမှာ။ ဒါပေမဲ့ နက်ဆန်က နာတာရှာရဲ့လက်ကို ကြည့်လိုက်တယ်။ နာတာရှာက နာကျင်မှုကိုမခံစားရဟန်နဲ့ လက်ကိုပြန်ပြီး တပ်လိုက်ပေမဲ့ နက်ဆန်ကတော့...
“ငါမင်းကို မကာကွယ်လိုက်နိုင်ဘူး။”လို့ ပြောလိုက်တယ်။
နာတာရှာကတော့ ခေါင်းကိုခါယမ်းလိုက်ပြီးတော့ “ ကျွန်မက ဖုတ်ကောင်တစ်ကောင်မလို နာကျင်မှုတွေကို သည်းခံနိုင်ပါတယ်။”
“လက်အောက်ခံတွေကို မကာကွယ်နိုင်တဲ့သခင်က အသုံးမကျတဲ့သခင်ပဲ။”
“လက်အောက်ခံအနေနဲ့ ကျွန်မရဲ့တည်ရှိနေရတဲ့ ရည်ရွယ်ချက်က သခင့်အကျိုးအတွက် ပေးဆပ်ဖို့ပါပဲ။”
နာတာရှာက အမျိုးမျိုးနှစ်သိမ့်ဖို့ကြိုးစားပေမဲ့ နက်ဆန်ရဲ့ ရင်ထဲမှာရှိနေတဲ့ အားနည်းတယ်ဆိုတဲ့ ခံစားချက်က ပျောက်ကွယ်မသွားခဲ့ပါဘူး။ အဲဲဒီအစား နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ဆီနိတ်တာရော့ဝဲလ်ဟာ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို နားလည်လာခဲ့ပါတယ်။
“လောလောဆယ်တော့ မအိပ်ခင် မနက်စာစားရအောင်”
နာတာရှာက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါတယ်။ လက ကောင်းကင်တည့်တည့်ကနေ ကျဆင်းလျက်ရှိပြီး သန်းခေါင်ယံအချိန်ကို ကျော်လွန်သွားပြီဖြစ်ကာ မကြာခင် နေထွက်လာတော့မှာဖြစ်ကြောင်း အသိပေးနေသလိုပါပဲ။
နက်ဆန်က ခေါင်းညိတ်လိုက်ပြီး နာတာရှာနောက်ကနေ လိုက်တယ်။ မကြာခင်မှာပဲ သူတို့တွေက ကျောက်ဆောင်ကြီး တစ်ခုနောက်ကို ရောက်လာခဲ့တယ်။ အဲဒီနေရာမှာ ယာယီ ပြုလုပ်ထားတဲ့ တဲတစ်ခုရှိနေပြီး လူတစ်ယောက်အိပ်ဖို့ အိပ်ရာတစ်ခုနဲ့ မီးဖိုချောင်သုံးပစ္စည်းတချို့သာ ရှိနေတယ်။ ထပ်လောင်းပြောရရင်တော့ မြေပန်းအိုးလေးထဲမှာ စိုက်ထားတဲ့ မုန်လာဥပင်လို အပင်ပေါက်လေးတစ်ခုလည်း ရှိနေသေးတယ်။
ပင်လယ်နဲ့လည်းသိပ်မဝေးတာကြောင့် ကျောက်ဆောင်ကို ပင်လယ်လှိုင်းတွေ လာရောက်ထိခတ်တဲ့အသံကို ကြားလို့ နေရပါတယ်။ နက်ဆန်ဟာ ရော့ဝဲလ်ကိုအနိုင်ယူရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့အတူ လေ့ကျင့်နေခဲ့တာဖြစ်ပြီး ဇိမ်ခံဖို့အတွက် နည်းနည်းလေးမှ အစီအစဥ်မရှိပါဘူး။ အာဟာရဖြစ်ဖို့ စားလိုက်၊ ပင်ပန်းတာတွေပြေပျောက်ဖို့ အိပ်လိုက်နဲ့ ကျန်တဲ့အချိန်တွေမှာတော့ တစ်ချိန်လုံးလေ့ကျင့်နေတတ် ပါတယ်။
“သိပ်ပြီး ဖွယ်ဖွယ်ရာရာမဟုတ်ပေမဲ့ မှိုစွပ်ပြုတ်ပါ။”
နာတာရှာက အိုးအဖုံးကိုဖွင့်ပြီး သူ့ရဲ့အိမ်ချက်ဟင်းလျာကို နက်ဆန်ရဲ့ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။ ဟင်းရည်က အညိုရောင်ပျစ်ပျစ်ဖြစ်ပြီး ကန်စွန်းမှိုတချို့ကို ဟင်းရည်ထဲ တွေ့နိုင်ပါတယ်။ နာတာရှာက ဟင်းချက်ကောင်းသူလို့ ပြောလို့မရပေမဲ့ တစ်ညလုံးပင်ပန်းထားပြီဖြစ်တာကြောင့် နက်ဆန်က မှိုတစ်ပွင့်မှမကျန်တော့တဲ့အထိ စားခဲ့ပါတယ်။ အဲဲဒီနောက်တော့ မီးဖိုထဲမှာ တောက်လောင်နေသေးတဲ့ ထင်းမီးတောက်ကို ငေးမောကြည့်ရင်း ပြောလိုက်မိတယ်။
“ရော့ဝဲလ်ရဲ့စွမ်းအားက ငါမြင်ဖူးတဲ့ တခြားအယ်ဒါတွေ အားလုံးထက် အများကြီးပိုအစွမ်းထက်တယ်။ လေဒီ မာဂါရီတာတောင် အစွမ်းကုန်တိုက်ခိုက်ရင် အဲဒီလောက် စွမ်းအားမကြီးနိုင်ဘူးလို့ ငါခံစားနေရတယ်။”
လေဒီမာဂါရီတာက ယခင်မျိုးဆက်အယ်ဒါတွေထဲမှာ စွမ်းအားကြီးတဲ့တည်ရှိမှုတစ်ခုဖြစ်ပြီး မာဂါရီတာကိုယ်တိုင် သေဆုံးချင်စိတ်မရှိဘူးဆိုရင် နက်ဆန်အနေနဲ့ ဘယ်လိုမှ အနိုင်မရနိုင်တဲ့ ဖြစ်တည်မှုမျိုးပါ။ ဒါပေမဲ့ ရော့ဝဲလ်ကတော့ အဲဒီထက်ပိုပြီး စွမ်းအားကြီးနေပါတယ်။
နာတာရှာကလည်း နက်ဆန်ရဲ့ဘေးနားမှာ ဝင်ထိုင်တယ်။ မိုးကောင်းကင်ပေါ်က ကြယ်အလင်းရောင်တွေက ဒီမိန်းကလေးပေါ် ကျဆင်းနေပြီးတော့ ပြိုင်ဘက်ကင်း လှပတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနေပါတယ်။
“လက်ရှိခေတ်ရဲ့မှော်ဆရာအဆင့်ကို ဆုံးဖြတ်တဲ့ အဆင့်အတန်းက လက်ရှိမှော်ဆရာတွေရဲ့ခွန်အားအပေါ်မှာ မူတည်နေတာမဟုတ်လား။”
နာတာရှာရဲ့စကားကြောင့် နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ “ဟုတ်တယ်။ စည်းမျဥ်းတွေအရ လူတစ်ယောက်က အယ်ဒါတစ်ယောက်ကိုယှဥ်နိုင်ရင် အယ်ဒါအဆင့်စွမ်းအားရှိသူဖြစ်ပြီပဲ။”
နာတာရှာက မြေပြင်ကို လက်ညိုးနဲ့ထိုးရင်း ရောက်တတ်ရာရာ စာလုံးတွေကို ရေးသားနေရင်းက တစ်ခုထောက်ပြလိုက်ပါတယ်။
“ဒါပေမဲ့ အဲဒီစနစ်က ဟာကွက်ရှိတယ်လို့ မထင်ဘူးလား။ ပြောရရင် မျိုးဆက်တစ်ဆက်နဲ့တစ်ဆက် စွမ်းအားအဆင့်က တူတာမဟုတ်ဘူးလေ။ လွန်လေပြီးတဲ့မျိုးဆက်က ပိုပြီး အစွမ်းထက်နေပြီး လက်ရှိမျိုးဆက်က အားနည်းနေတာမျိုး ဆိုရင်ရော ဘယ်လိုလုပ်မလဲ။”
“ဒါက...” နက်ဆန့်ခေါင်းထဲမှာ အတွေးတစ်ခုဝင်သွားတယ်။ ပြီးတဲ့နောက်တော့ အဓိပ္ပါယ်ရှိတယ်လို့တွေးလိုက်မိပြီး ခေါင်းညိတ်လိုက်ပါတယ်။
“ခေတ်သစ်ကမ္ဘာကြီးမှာက နည်းပညာတွေ တိုးတက်လာပြီး နတ်ဘုရားတွေကို ယုံကြည်တဲ့သူဦးရေက နည်းပါးလာခဲ့ပြီ။ နတ်ဘုရားတွေက ကိုးကွယ်ယုံကြည်သူတွေမရှိလည်း ဆက်ပြီးတည်ရှိနေဦးမှာဆိုပေမဲ့ လူသားတွေနဲ့နတ်ဘုရား ကြားထဲမှာရှိနေတဲ့ ပေါင်းကူးတံတားက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာနေတယ်။ အဲဒီကနေ နတ်ဘုရားတွေ လူ့ပြည်မှာ ထုတ်ဖော်နိုင်တဲ့စွမ်းအားက အားနည်းလာတယ်။”
နက်ဆန်က အီနရီနတ်ဘုရား လူသားတစ်ယောက်ဖြစ်တဲ့ ရဟန်းမင်းကြီးကို ရှုံးနိမ့်ခဲ့တဲ့ကိစ္စကို ပြန်တွေးကြည့်တယ်။ အီနာရီက စွမ်းအားကြီးပေမဲ့ ကိုးကွယ်ယုံကြည်သူတွေ နည်းပါးသွားတဲ့အတွက် လူ့ဘုံမှာရှိနေတုန်း သူ့စွမ်းအားကို သူပြန်မဖြည့်နိုင်ခဲ့ဘူး။ နတ်ဘုံမှာဆိုရင်တော့ ဘာပြဿနာမှ ဖြစ်မှာမဟုတ်ပေမဲ့ လူ့ဘုံမှာတော့ အယ်ဒါတစ်ယောက်ရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပါတယ်။
“အဲဒီပေါင်းကူးတံတားအားနည်းမှုက လူသားတွေအပေါ် သက်ရောက်မှုရှိတယ်လို့ ကျွန်မထင်တယ်။ ဥပမာအနေနဲ့ နတ်ဘုရားတွေဆီက ကောင်းချီးကို နည်းနည်းပဲ ရတော့တာမျိုးပေါ့။”
နာတာရှာရဲ့သီအိုရီက တကယ်ဖြစ်နိုင်တယ်လို့ နက်ဆန် လက်ခံကြည့်မိတယ်။ “ဒါကြောင့် ရဟန်းမင်းကြီးပီးယပ်က ကိုးကွယ်ယုံကြည်သူတွေရဖို့ အသည်းအသန်လိုက်ပြီးတော့ စုဆောင်းနေတာလား။”
နက်ဆန်က ဘုရားကျောင်းဘက်ကို လှည့်ကြည့်လိုက်မိပါတယ်။ နာတာရှာကလည်း
“အဲဒီသီအိုရီသာအမှန်ဆိုရင် ဟိုးရှေးခေတ်တုန်းက အယ်ဒါတွေက ယနေ့ခေတ်အယ်ဒါတွေထက် အများကြီး ပိုပြီးတော့ စွမ်းအားကြီးနိုင်တယ်။ အခုခေတ်အယ်ဒါနဲ့ ရှေးခေတ်အယ်ဒါတစ်ယောက်သာ ရင်ဆိုင်တိုက်ရမယ်ဆိုရင် အခုခေတ်အယ်ဒါအများစုက အကြီးအကျယ်ရှုံးနိမ့်သွားဖို့ များပါတယ်။”
“ဆိုလိုတာက...”
နက်ဆန်က ရော့ဝဲလ်ပြသခဲ့တဲ့စွမ်းအားတွေနဲ့ရဟန်းမင်း ပီးယပ်တို့နှစ်ယောက်နဲ့စွမ်းအားတွေကို နှိုင်းယှဥ်ကြည့် မိပါတယ်။ သူတို့က တော်တော်ကြီးကိုအားကောင်းနေတယ်။
“အဲဲဒီနှစ်ယောက်က ရှေးအယ်ဒါတွေရဲ့အဆင့်မျိုးကို ရောက်နေတာလား။”
နက်ဆန်ရဲ့စကားအဆုံးမှာတော့ နာတာရှာက သဲသောင်ပေါ် လက်တင်ဘာသာနဲ့စာလုံးကို အပြီးသတ်ရေးသားပြီးဖြစ်ပြီး “ ရှေးအယ်ဒါ”လို့ အဓိပ္ပါယ်ရတဲ့စာသားပါ။
“အဲဒီလိုလို့ ကျွန်မထင်တယ်။ ဒီလိုမှမဟုတ်ရင် သခင့်လို လူတစ်ယောက်ကို သူတို့က ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာလဲ။”
ရော့ဝဲလ်ရဲ့စွမ်းအားဟာ ရှေးခေတ်နတ်ကိုးကွယ်သူတွေ အထွတ်အထိပ်ရောက်စဥ်တုန်းက အယ်ဒါတစ်ယောက်ရဲ့ စွမ်းအားမျိုးနဲ့ညီမျှတယ်လို့ ယူဆလိုက်ပြီးတဲ့နောက်မှာ နက်ဆန်ဟာ အမီလိုက်ဖို့အတွက် ကြားထဲမှာရှိနေတဲ့ အကွာအဝေးဟာ အတော်လေးခြားနားနေကြောင်း သတိပြုမိခဲ့ပြီးပါပြီ။
“ဒါဖြင့်ရင် ဘယ်လိုလုပ်ရမလဲ။ နတ်ဘုရားခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ လေ့ကျင့်ရုံနဲ့တင်တော့ သူ့ကိုနိုင်တော့မယ် မထင်ဘူး။”
နက်ဆန်က သူ့ရဲ့ကွဲအက်နေတဲ့ အသားအရေကို ကြည့်လိုက်မိတယ်။ နာတာရှာကလည်း ထိုင်နေရာက ထလိုက်ပြီးတော့ ကိုယ်တိုင်ဖော်စပ်ထားပုံရတဲ့ ပျားရည်နဲ့ဖယောင်းအရောအနှာ ဆေးချပ်တွေကို ယူလာပြီး နက်ဆန်ရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ ကြိုးစားတယ်။
“ဒါက အမှန်ပဲ။ သခင်က သခင့်စွမ်းအားကို သေချာ အသုံးချတတ်ဖို့ သင်ယူထားပြီးပြီ။ နတ်ဘုရားခန္ဓာနဲ့ လူသားခန္ဓာကို ပူးတွဲအသုံးပြုတယ်ဆိုတာ အကြံကောင်း တစ်ခုပဲ။ ဒါပေမဲ့ ညနတ်ဘုရားမနဲ့သခင့်ကြားက ပေါင်းကူးတံတားကို ပိုခိုင်မာအောင်လုပ်မှ ပိုပြီးတော့ စွမ်းအားကြီးလာလိမ့်မယ်လို့မြင်တယ်။”
“တစ်နည်းအားဖြင့် ကိုးကွယ်ယုံကြည်သူတွေ ပိုများလာစေဖို့ လုပ်ရမယ်ပေါ့။ ဗျူဟာတစ်ခုတော့ လိုမှာပဲ။”
“လုပ်နေကျအတိုင်း လုပ်ရင်းနဲ့ ညနတ်ဘုရားမရဲ့တည်ရှိမှု အကြောင်းကို သတင်းဖြန့်ဝေတာက ဗျူဟာကောင်းတစ်ခု ဖြစ်မယ်လို့မထင်ဘူးလား။”
နာတာရှာပေးလိုက်တဲ့အကြံကြောင့် နက်ဆန်က ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရပြီးတော့ နာတာရှာကို ကြည့်လိုက်တယ်။ အဲဒီနောက် နာတာရှာရဲ့ ပခုံးနှစ်ဖက်ပေါ် လက်တင်လိုက်ပြီး...
“မင်းပေးတာက အကြံကောင်းလို့ထင်တယ်။ ငါကြိုးစား ကြည့်လိုက်ဦးမယ်။”
အဲဒီနောက်တော့ ပင်ပန်းနေပြီဖြစ်တဲ့နက်ဆန်ဟာ ဘယ်လိုမှ မဟန်နိုင်တော့ဘဲ ရှေ့ကိုငိုက်ကျသွားတယ်။ “သေစမ်း၊ ငါဒီနေ့ စွမ်းအားအများကြီး သုံးလိုက်မိတာပဲ။”
“သခင့်ကို နားဖို့အတွက် ခေါ်သွားပေးပါ့မယ်။” နာတာရှာက နက်ဆန်ကို ဖေးမပြီးတော့ တဲအိမ်ထဲ ခေါ်သွားပေးတယ်။ ပုံမှန်ဆိုရင်တော့ ဒါက သာမန်အဆန်ဆုံးမြင်ကွင်းလို့ ပြောရမှာဆိုပေမဲ့...
အနီးအနားက ကျောက်ဆောင်ကြီးတစ်ခုရဲ့နောက်မှာ အကာအကွယ်ယူပြီး သူတို့ကို ချောင်းကြည့်နေခဲ့တဲ့ လူတစ်ယောက်ရှိနေပါတယ်။ အဲဒီမိန်းကလေးမှာက ခရမ်းရောင်ဖျော့ဖျော့ဆံပင်တွေရှိပြီး ခေါင်းမှာချိုပေါက်လို့ နေပါတယ်။ သူ့ပုံစံကြည့်ရတာ တော်တော်ဒေါသထွက်နေတဲ့ ပုံပေါ်ပြီး အံ့တင်းတင်းကျိတ်ရင်း ကျောက်ဆောင်ကြီးကို လက်ချည်းသက်သက်နဲ့ ဆွဲညှစ်လိုက်မိတယ်။
ခရက်...
ကျောက်ဆောင်ကြီး ပဲ့သွားပြီးအက်ကြောင်းတွေ ထလာတယ်။ အဲဒီမိန်းကလေးက မကျေမနပ်နဲ့ပဲ အသက်ရှုသံအောက်ကနေ ပြောလိုက်လေရဲ့။
“ဒီလိုမှန်းသိလို့ ဒါလင့်ကိုစိတ်မချဘဲ လင်ဘိုကနေ ထွက်ပြေးလာပြီး အခြေအနေလာကြည့်တာ။ ထင်ထားတဲ့ အတိုင်းပဲ တခြားမိန်းမတစ်ယောက်က ဒါလင့်နားမှာနေပြီး ကပ်ချွဲနေပြန်ပြီ။”
...
အမှောင်တောအုပ်အတွင်း။
ဒိုင်းသူတော်စင်ရူဘီနဲ့ လီချင်းချင်းတို့က တိုက်ခိုက်တာကို ရပ်လိုက်ကြတယ်။ ပင်ပန်းလို့ ရပ်တာလိုက်တာမျိုးမဟုတ်ဘဲ တိုက်ခိုက်ဖို့အတွက် ဘယ်ရန်သူမှ မကျန်တော့တဲ့အတွက်ပါ။
သူတို့က ပိရစ်မစ်ကြီးပေါ်မှာ ကျောချင်းယှဥ်ရပ်နေပြီး ပိရစ်မစ်ကြီးက အက်ကွဲလို့။ ပိရစ်မစ်ရဲ့လှေကားထစ်လို အဆင့်ဆင့်ပေါ်မှာတော့ ပင်လယ်မျှော့သေတွေနဲ့ ပုံပျက်နေတဲ့ မျက်လုံးနီဂိုဏ်းသားတွေရဲ့အလောင်းတွေက ပြည့်နှက်လို့ပါ။
“မဖြစ်နိုင်ဘူး... ဘာလို့ မင်းတို့က ဒီလောက်အစွမ်းထက် နေရတာလဲ။”
လီချင်းချင်းရဲ့မိုးကြိုးစွမ်းအင်အပြည့်ပါတဲ့လှံနဲ့ နှလုံးသား နေရာတည့်တည့်ကို ထိုးနှက်ခံထားရတဲ့ နတ်ဆရာကြီးက ရေရွတ်လိုက်တယ်။ သူက ဒီနေရာမှာ နောက်ဆုံးကျန်တဲ့ ရှေးဦးနတ်ဘုရားကိုးကွယ်သူပါ။
ဘောင်း...
ဒါပေမဲ့ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်အတ္တဘောကြီးက ဒဏ်မခံနိုင်တော့ဘဲ ပူဖောင်းတစ်လုံးလိုမျိုး ပေါက်ထွက် သွားပါတယ်။ ခါတိုင်းလိုပဲ ရူဘီက လီချင်းချင်းကို အညစ်အကြေးတွေ လာမစင်အောင် ဒိုင်းကို ထီးလိုမျိုးသုံးပြီး ကာကွယ်ပေးလိုက်ပါတယ်။
“အထွတ်အမြတ်ဒိုင်းကပေးတဲ့ ကောင်းချီးကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေ ဒီလူတွေကို နိုင်မှာမဟုတ်ဘူးပဲ။”
လီချင်းချင်းက ပြောလိုက်တယ်။ သူတို့နှစ်ယောက်လုံးက မာစတာအဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒိုင်းသူတော်စင် ကိုင်ဆောင်ထားတဲ့ဒိုင်းရဲ့စွမ်းအားက ကိုင်ဆောင်သူနဲ့ မဟာမိတ်တွေရဲ့စွမ်းအားကို မြှင့်တင်နိုင်စွမ်းရှိနေတယ်။
ရူဘီက ကျည်ကုန်နေပြီဖြစ်တဲ့ ခြောက်လုံးပြူးသေနတ်ကို ခါးကြားပြန်ထိုးလိုက်ရင်း “အဲဒီလိုတော့မဟုတ်ပါဘူး။ တွဲဖက်ဖြစ်တဲ့ ချင်းချင်းက စွမ်းအားကြီးလို့ပါ။” ရိုးသားစွာနဲ့ ချီးကျူးလိုက်တယ်။
ဒိုင်းသူတော်စင်တစ်ယောက် ဖြစ်တဲ့အားလျော်စွာပဲ ရူဘီက တခြားသူတော်စင်တွေနဲ့မတူဘဲ တိုက်စစ်ပိုင်းမှာ အလွန် အားနည်းပါတယ်။ သူလုပ်နိုင်တာဆိုလို့ မဟာမိတ်တွေကို ကာကွယ်ပေးရုံပဲရှိပြီး တိုက်ပွဲတွေမှာ ထိရောက်တဲ့စစ်သည် တစ်ယောက်ဖြစ်ဖို့ဆိုရင် သူ့အနားမှာအနည်းဆုံး စွမ်းအားမြင့်တိုက်ခိုက်သူတစ်ယောက် ရှိနေဖို့လိုတယ်။ ဒါကြောင့်လည်း ရူဘီက လီချင်းချင်းကို ဒီနေရာဆီ ခေါ်လာခဲ့တာပေါ့။
တိုက်ပွဲပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်က ရှေးဦး နတ်ဘုရားကိုးကွယ်သူဂိုဏ်းရဲ့ဌာနချုပ်တစ်ခုလုံးကို မီးပုံရှို့ခဲ့ပါတယ်။ အသက်ရှင်လွတ်မြောက်သူမရှိအောင် သေချာဂရုစိုက် လေ့လာပြီးတဲ့နောက်မှာတော့ တောထဲက ပြန်ထွက်ပြီး စက်လှေပေါ်တက်ခဲ့ပါတယ်။ လီချင်းချင်းက အလာတုန်းက လမ်းအတိုင်းပဲ စက်လှေကိုမောင်းပြီးတော့ ပြန်ထွက်ခဲ့တယ်။
တောအုပ်ထဲက ထွက်ပြီးမကြာခင်မှာပဲ မြစ်ရေပြင်ပေါ်မှာ မေးတင်လျက်ရှိတဲ့ ထွက်ကာစ နေဝန်းနီကြီးကို သူတို့တွေ မြင်လိုက်ရပါတယ်။
“ဒီလိုကျတော့ ဒီမြစ်ကြီးက လှသားပဲ။” လီချင်းချင်းက ပြောလိုက်တော့ ရူဘီကလည်း ခေါင်းညိတ်လိုက်ပြီး
‘ဒိဋ္ဌိဂိုဏ်းသားတွေ မရှိတော့တဲ့အတွက် ဒီနေရာက အများကြီးသာယာလာတော့မှာ။”
အီးဂဲ...
သူတို့အချင်းချင်း စကားပြောဆိုနေကြတဲ့ အချိန်မှာပဲ ကောင်းကင်ပေါ်မှာ ဧရာမသိမ်းငှက်ကြီးတစ်ကောင် သူတို့အပေါ်ဝဲပျံနေကြောင်း သတိထားမိလိုက်တယ်။
“ဘုရားကျောင်းက လွှတ်လိုက်တဲ့ စာပို့ငှက်များလား။”
ရူဘီက စဥ်းစားလိုက်ပြီး သူ့လက်မောင်းကို မြှောက်လိုက်တယ်။ သိမ်းငှက်က လေ့ကျင့်သား ပြည့်ဝစွာပဲ ရူဘီ့လက်ပေါ်မှာ လာနားပါတယ်။ ရူဘီက သိမ်းငှက်ခြေမှာ ချည်ထားတဲ့စာကို ဖြုတ်ယူကာ ဖတ်လိုက်ပြီးတဲ့နောက် မျက်နှာပျက်ယွင်းသွားတယ်။
“ဘုရားကျောင်းက အရေးပေါ်ဆင့်ခေါ်တဲ့စာပဲ။ ကွန်စတန်တီနိုဘယ်မှာ အမှောင်ကျောင်းတော်နဲ့ ဘုရားကျောင်းနှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်တဲ့။”
လီချင်းချင်းကလည်း အမှောင်ကျောင်းတော်ဆိုတာကို ကြားတော့ မျက်မှောင်ကြုတ်လိုက်ပါတယ်။ “အဲဒီအဖွဲ့က အရင်ဆယ်နှစ်လောက်ကတည်းက ပြိုကွဲသွားသင့်တာ မဟုတ်လား။”
“ကြည့်ရတာတော့ ပြန်ပြီးစုဖွဲ့နေတဲ့ပုံပဲ။ ငါတို့တွေ ဌာနချုပ်ကို အမြန်ပြန်မှဖြစ်မယ်” ရူဘီက ဆုံးဖြတ်ချက် ချလိုက်တယ်။