အခန်း (၆၈၈-၆၉၀)
Vol. 46 Ch. 688-690
"လက်ထဲက ဓားကို အသုံးပြုပြီး နတ်ဆေးအဖွဲ့ကို ဝင်ရှာရတော့မယ်"
ထိုစကားက မည်မျှပင် အထက်စီးဆန်လိုက်ပါသနည်း။
ကျန်းချန်က နတ်ဆေးအဖွဲ့ကို လာရမ်းကားရန် မည်သည့်နေရာကနေ သတ္တိရလာသလဲ သူတို့ တကယ် နားမလည်ပေ။
နတ်ဆေးအဖွဲ့၏ ခေါင်းဆောင် ရှန်းကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏ အင်အားအကြီးဆုံး အဂ္ဂိရတ် ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်သည်။
ရှန့်ကွမ်းလဲ့က အကူအညီတောင်းသည်နှင့် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ရွှေရောင်အဆင့် တပည့် ဆယ်ယောက်ပင် သူ့ကို ကူညီရန် နတ်ဆေးအဖွဲ့ဆီ ဝမ်းပမ်းတသာ ရောက်လာကြပေလိမ့်မည် ဖြစ်၏။
ဆိုရလျှင် ရှန့်ကွမ်းလဲ့သည် အသက်နှစ်ဆယ်အရွယ်မှာပင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာခဲ့သူပင်။
ရှန့်ကွမ်းလဲ့၏ အလားအလာသည် အနာဂတ်တွင် သတ္တမအဆင့် ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရိတ်သခင် ဖြစ်လာရန် သေချာသလောက် ဖြစ်၏။
စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ပါရမီရှင်များသည် သူ၏ ကျေးဇူးနှင့် သိပ်မကင်းကြပေ။
"ဒီ.. ဒီ အရူးကောင်က နတ်ဆေးအဖွဲ့ထဲ ဝင်ရှာချင်တာလား"
ကျန်းချန်၏ မောက်မာသော စကားများက နတ်ဆေးအဖွဲ့၏ နေရာသို့ ယခုမှ ရောက်လာသည့် ဝူယွဲ့ကို တိုက်ရိုက် တုန်လှုပ်သွားစေခဲ့သည်။
သူက အနည်းငယ် နောက်ဆုတ်ပြီး ကျန်းချန်နှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။
"ခေါင်းဆောင်.. ကျွန်တော်တို့ရော ဝင်တိုက်ရမှာလား"
ဝူယွဲ့နံဘေးမှ ဟန်တုံက တီးတိုးမေးလိုက်သည်။
"ချီး...အဲဒီ အရူးကောင်နဲ့ အတူတူ ငါကဘာလို့ မြုပ်နှံခံရမှာလဲ"
ဝူးယွဲ့က စိတ်တိုတိုဖြင့် ပြောလိုက်၏။
ကျန်းချန်ထံတွင် ရှန့်ကွမ်းလဲ့၏ လက်ထဲမှ မီးလျှံသားရဲကို ပြန်လည်ရယူရန် နည်းလမ်းတစ်ခုခု ရှိနေနိုင်သည်မှာ သူအစက ထင်ထားခဲ့သည်။
ကျန်းချန်တွင် ထိုကဲ့သို့ စွမ်းရည် တကယ်ရှိလျှင် ဝူးယွဲ့သည် ကျန်းချန်၏ နောက်ကို ယုံကြည်စွာ လိုက်ဖို့ ဆန္ဒရှိမည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်က နတ်ဆေးအဖွဲ့ကို တိုက်ရိုက် စော်ကားပြီး နတ်ဆေးအဖွဲ့၏ နေအိမ်ထဲ ဝင်ကာ ရှန့်ကွမ်းလဲ့ကို ရှာမည်ဟု ပြောလိုက်သည်။
ဤမျှလောက် မောက်မာသည့်သူမျိုး သူတစ်ခါမှ မမြင်ဖူးပေ။
မောက်မာချင်လျှင် မောက်မာနိုင်သည့် အစွမ်းအစ ရှိရပေမည်။
ရှန့်ကွမ်းလဲ့က မည်သူနည်း။
စန်းလန်အဖွဲ့အစည်း၏ တပည့်များကြားတွင် အလွန်တရာ နာမည်ကြီးပြီး ဆက်ဆံရေးကွန်ယက်လည်း အလွန် ကျယ်ပြန့်သည်။
ရှန့်ကွမ်းလဲ့၏ စကားတစ်ခွန်းတည်းဖြင့်ပင် စန်းလန်အဖွဲ့အစည်းတွင် ကျန်းချန်ကို အခြေအနေမလှ ဖြစ်သွားစေနိုင်၏။
ကျန်းချန်က ဦးနှောက်ပျက်နေပါသလော။
နတ်ဆေးအဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲသည်မှာ သေခြင်းတရားနှင့် မခြားပေ။
"ဟားဟား.. ကျန်းချန်.. နတ်ဆေး အဖွဲ့ကို တည်ထောင်ပြီးကတည်းက ငါတို့စခန်းမှာ ဒီလောက်ထိ မောက်မာရဲတာ မင်း ပထမဆုံးပဲ"
ရှန့်ကွမ်းချီက ခနဲ့တဲ့တဲ့ ရယ်မော၍ ပြောလိုက်သည်။
သူက ကျန်းချန်ကို ပြတ်သားစွာ စိုက်ကြည့်လိုက်၏။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ပြီးရင် စန်းလန်အဖွဲ့အစည်းမှာ မင်းအတွက် နေရာမရှိတော့ဘူး"
"ကောင်းကင်ခုတ်ပိုင်းဓားသိုင်း"
ကျန်းချန်က ရှန့်ကွမ်းချီ၏ အဓိပ္ပာယ်မဲ့ စကားများကို နားထောင်ရန် ပျင်းရိလွန်းနေ၏။
သူက အော်ဟစ်၍ကြုံးဝါးလိုက်ပြီး ကောင်းကင်ခုတ်ပိုင်းဓားသိုင်း၏ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားဖြင့် ရှန့်ကွမ်းချီဆီ တန်းတန်းမတ်မတ် ထိုးနှက်လိုက်သည်။
ကျန်းချန်က ရုတ်တရက် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ရှန့်ကွမ်းချီ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။
သူက သူ့ခန္ဓာကိုယ်၏ အသက်စွမ်းအားကို အလျင်အမြန် အသုံးပြုပြီး ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်ကို ခုခံတိုက်ခိုက်ခဲ့သည်။
သို့သော် ရှန့်ကွမ်းချီသည် ကျန်းချန်၏ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် ရှန့်ကွမ်းချီသည် မီတာအနည်းငယ်အကွာကို လွင့်ထွက်သွားခဲ့သည်။
သူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသော်လည်း သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြတုန်လှုပ်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲ့၏။
ဓားကွက် တစ်ကွက်ထဲဖြင့် စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့်ကျင့်ကြံသူနှင့် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့်ထဲတွင် အဆင့် ၃၀ ရှိသော ပါရမီရှင်ကို ကျန်းချန်က လွင့်စင်စေခဲ့သည်။
"ဒီကောင်လေးက စန်းလန်အဖွဲ့အစည်းကို အခုမှ ဝင်လာတဲ့ လူသစ်တစ်ယောက် မဟုတ်ဘူးလား.. ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေတာလဲ"
"လခွမ်း.. ဓားကွက်တစ်ကွက်ထဲနဲ့ ရှန့်ကွမ်းချီကို လွင့်စင်အောင် လုပ်လိုက်တယ်ဟ"
ကျန်းချန်၏ လက်ထဲမှ ဓားရှည်ကို ပင့်မြှောက်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်ကို ချက်ချင်း ပဲ့တင်ထပ်သွား၏။
"ရှန့်ကွမ်းလဲ့ကို ငါဝင်ရှာမယ်.. ဘယ်သူ ငါ့ကို တားရဲလဲ.. တားရဲရင် ရက်စက်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"
အခန်း(၆၈၈) ပြီး၏
အခန်း(၆၈၉)
"ကျန်းချန်.. မင်း ငါ့ရှေ့မှာ မာန်တက်ပြမနေနဲ့"
"ငါ အဆင်သင့်မဖြစ်တဲ့အချိန်မှာ မင်း အလစ်တိုက်ခိုက်လို့သာ ငါခံလိုက်ရတာ.. မင်းကိုယ်မင်း ဘဝင်မြင့်မနေနဲ့"
"နောက်ထပ် ဒီလို အခွင့်အရေးမျိုး ထပ်ရတော့မှာ မဟုတ်ဘူး"
ရှန့်ကွမ်းချီ၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ပြည့်နှက်လာသည်။
ကောင်လေး ခုနက ထုတ်သုံးခဲ့သည့် ဓားသိုင်းသည် အလွန် အားကောင်းသော်လည်း ကောင်လေး၏ ကျင့်ကြံခြင်း အဆင့်သည် စွမ်းအင်သိပ်သည်းခြင်း တတိယ အဆင့်မှာသာ ရှိသေး၏။
အစောပိုင်းက သူသာ အလစ်တိုက်ခိုက်မခံရလျှင် ကျန်းချန်ကသူ့ကို လွင့်စင်အောင်လုပ်နိုင်မည်မဟုတ်ဟု ရှန့်ကွမ်းချီ အမှန်တကယ် ယုံကြည်နေခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် ကျင့်ကြံသူဖြစ်သည့် သူက စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့် ကျင့်ကြံသူဖြစ်သည့် ကျန်းချန်ကို ရှူံးနိမ့်စရာ အကြောင်းမရှိချေ။
"ဟမ့်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ"
"မင်းကို ရှင်သန်ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ငါ့ကို တားဖို့ပဲရွေးချယ်ခဲ့တယ် ဆိုမှတော့ သွားသေလိုက်တော့"
ကျန်းချန်၏ မျက်လုံးများက အေးစက်နေခဲ့သည်။
ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒသည် သူ့ဆီကနေ နောက်တစ်ကြိမ် ပျံ့နှံ့သွားခဲ့၏။
သို့သော် ကျန်းချန် လှုပ်ရှားတော့မည့် အချိန်တွင် လေထဲကနေ အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်စမ်း"
ရုတ်တရက် ထွက်ပေါ်လာသည့် အေးစက်စက် အော်ဟစ်သံကြောင့် ကျန်းချန်က သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။
သူက အသံလာရာဆီသို့ ကြည့်လိုက်ရာ ချောမောသော လူငယ်တစ်ယောက်သည် နောက်လိုက်နောက်ပါများနှင့် အတူ နတ်ဆေးအဖွဲ့၏ နေအိမ်ထဲကနေ လှမ်းထွက်လာသည်ကို တွေ့လိုက်ရသည်။
လူငယ်၏ဘေးတွင် ကျန်းချန်က သိကျွမ်းသည့် သူတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုလူက တခြားသူ မဟုတ်ပေ။
ဝိညာဥ်စုစည်းခြင်း ခန်းမတွင် သူနှင့် ပြဿနာ တက်ခဲ့သည့် ရှန့်ကွမ်းဖုန်း ဖြစ်သည်။
"ကျန်းချန်.. ရှင်အတင့်ရဲလှချည်လား.. ငါတို့ နတ်ဆေးအဖွဲ့ထိ ရောက်လာပြီး ရမ်းကားရဲတယ်"
ရှန့်ကွမ်းဖုန်းက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ချက်ချင်း သတိထားမိပြီး တိုက်ရိုက် အော်ဟစ်လိုက်သည်။
သို့သော် ကျန်းချန်က စန့်ကွမ်းဖုန်းကို တစ်ချက်ပင် မကြည့်ခဲ့ပေ။
သူ၏ အကြည့်က ရှန့်ကွမ်းဖုန်း၏ နံဘေးမှ လူငယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
သူက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"မင်းက နတ်ဆေးအဖွဲ့ရဲ့ ခေါင်းဆောင် ရှန့်ကွမ်းလဲ့လား"
"မင်းက စန်းဟိုင်ကျွန်းကနေ မကြာသေးခင်ကမှ စန်းလန်အဖွဲ့အစည်းထဲကို ဝင်လာတဲ့ ကြယ်တစ်ရာဘုရင်အသစ် ကျန်းချန် မဟုတ်လား"
ရှန့်ကွမ်းလဲ့က ကျန်းချန်၏ မေးခွန်းကို မဖြေပေ။
သူက တူညီသည့်မေးခွန်းကိုသာ ပြန်မေးလိုက်သည်။
"မင်းက ဝိညာဥ်စုစည်းခြင်း ခန်းမရဲ့ တတိယထပ်က ကျောက်တုံးစင်မြင့်ကို သိမ်းပိုက်ပြီး ငါ့ညီမကို နာကျင်စေခဲ့တယ်.. မင်းက ငါ့ကို မျက်လုံးထဲ မထည့်တဲ့သဘောလား"
"မင်း ရှန့်ကွမ်းလဲ့က ဘာမို့လို့ ငါက မင်းကို မျက်လုံးထဲ ထည့်ရမှာလဲ"
ကျန်းချန်က မထီတရီ ပြုံး၍ ပြောလိုက်သည်။
"ရှန့်ကွမ်းလဲ့... ဒီနေ့ ငါ ဒီကို လာတာ ငါ့ရဲ့ မီးလျှံသားရဲကို ပြန်တောင်းမလို့ပဲ.. မီးလျှံသားရဲကို ငါ့ဆီ ပြန်ပေးလိုက်.. ဒါဆို ငါ ဒီကနေ ထွက်သွားပေးမယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ပတ်ဝန်းကျင်မှ လူတိုင်းသည် မှင်တက်သွားကြသည်။
သူတို့အားလုံး နီးပါးသည် ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ လှမ်းကြည့်နေ၏။
"ဒီကောင်က စန်းလန်အဖွဲ့အစည်းကို အခုမှ ဝင်လာတဲ့ လူသစ်တစ်ယောက်ပဲလေ.. ဘာတွေ မာန်တက်နေတာလဲ"
"သူ့ရဲ့ သိုင်းပါရမီက ထူးချွန်ပြီး ကြယ်တစ်ရာဘုရင် တစ်ယောက် ဖြစ်နေရင်တောင် ရှန့်ကွမ်းလဲ့ ရှေ့မှာ ဘာမှ မဟုတ်ဘူး ဆိုတာ နားမလည်တဲ့ပုံပဲ"
"ဒီကောင်က ရှန့်ကွမ်းလဲ့ကိုတောင် မျက်လုံးထဲ မထည့်ဘူးလို့ ပြောရဲတယ်ဟ"
---------------
"ဟားဟား...မီးလျှံသားရဲတစ်ကောင်ကို ငါ တကယ်ပဲ ရခဲ့တယ်.. ဒါပေမဲ့ တခြားတစ်ယောက်က ငါ့ကို ပေးခဲ့တာပဲ.. မင်းနဲ့ ဘာမှ မဆိုင်ဘူး"
"ဒါ့အပြင်.. မင်းနဲ့ တကယ် ပတ်သက်နေရင်တောင် ငါ့လက်ထဲ ရောက်လာသရွေ့ ဘယ်သူမှ ပြန်ယူလို့ မရဘူး"
ရှန့်ကွမ်းလဲ့က အထက်စီးဆန်စွာ ပြောလိုက်သည်။
သူက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်နေခဲ့၏။
"ကျန်းချန်.. မင်းက ကြယ်တစ်ရာဘုရင်ဖြစ်လို့ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တော့ ငါပြန်ပေးဖို့ စဥ်းစားပေးမယ်"
"မဟုတ်ရင်တော့ ထိပ်တန်း အဂ္ဂိရတ် ပါရမီရှင်တစ်ယောက်ကို စော်ကားတဲ့ အကျိုးဆက်က ဘယ်လောက် ကြီးမားလဲ ဆိုတာ မင်း သိစေရမယ်"
"ဟားဟား.. ထိပ်တန်း အဂ္ဂိရတ် ပါရမီရှင်က ဘာမို့လို့လဲ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
သူ၏ မောက်မာသောအသံသည် ပတ်ဝန်းကျင်ကို ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ငါ့မျက်လုံးထဲမှာတော့ ပါရမီရှင်တွေဆိုတာ ငါ့ရဲ့ ခြေထောက်အောက်က ခြေနင်းကျောက်တုံးပဲ"
အခန်း(၆၈၉) ပြီး၏
အခန်း(၆၉၀)
"ဒီကောင်က တကယ်ကို မောက်မာတာပဲ"
"ရယ်စရာကောင်းလိုက်တာ.. စန်းဟိုင်ကျွန်းရဲ့ အမှိုက်က ပါရမီရှင်တွေကို သူ့ရဲ့ ခြေနင်းကျောက်တုံးလို့ ကြုံးဝါးနေတယ်ဟ"
".............."
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် စန်းလန်အဖွဲ့အစည်း၏ တပည့်များထံမှ ဝေဖန်သံများ ထွက်ပေါ်လာသည်။
သူတို့က ကျန်းချန်ကို လှမ်းကြည့်ပြီး မထီမဲ့မြင် ပြုံးလိုက်ကြ၏။
ရှန်းဝူတိုက်ကြီးတွင် ပုန်းနေသော ကျားနဂါးများ နေရာတိုင်းတွင်ရှိပြီး ခေတ်အဆက်ဆက်တွင် တောက်ပသော ကြယ်ပွင့်များ ထွက်ပေါ်လေ့ရှိသည်။
ကျုံးကျိုးကုန်းမြေနှင့် ပိုမိုအားကောင်းသည့် ကြယ်လေးပွင့် အင်အားစု နယ်မြေကို မပြောနှင့်၊ ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန်အဖွဲ့အစည်း တစ်ခုတည်းမှာပင် ဘုရင်အဆင့် ပါရမီရှင် နှစ်ယောက်နှင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက် ရှိသည်။
စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း သိုင်းပါရမီရှင်တွေထဲတွင် မည်သူမှ ကျန်းချန်ထက် မနိမ့်ပေ။
ကျန်းချန်၏ သိုင်းပါရမီက ပရိသတ်ကို လွှမ်းမိုးနိုင်လျှင်ပင် ရှန့်ကွမ်းလဲ့၏ အဂ္ဂိရတ်ပါရမီကို ကျော်လွှားနိုင်ပါမည်လော။
"ပါရမီရှင်ဆိုတာ မင်း နင်းခြေဖို့အတွက် ခြေနင်းကျောက်တုံး ဟုတ်လား.. ဒီကောင်လေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ဘယ်နေရာက လာသလဲဆိုတာ ငါ တကယ် မသိဘူး"
"ဒီလို အထက်စီးဆန်တဲ့ စကားမျိုးကိုတောင် ပြောရဲတယ်"
---------------
"ဟားဟား ကျန်းချန်.. မင်း တကယ်ပဲ မာန်တက်နေတာကိုး"
ရှန့်ကွမ်းလဲ့က ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး စကားကို ကြားလိုက်ရကဲ့သို့ ရယ်မောနေခဲ့သည်။
သူက ကျန်းချန်ကို မထီမဲ့မြင် စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းက ငါ့စကားကို ရယ်စရာထင်နေတာကိုး.. ဒါဆိုလည်း မင်းကို ငါရဲ့ ခြေထောက်အောက်မှာ ဘယ်လို နင်းခြေမလဲဆိုတာ ကြည့်ဖို့ အခွင့်အရေးပေးမယ်"
"မင်းက အဂ္ဂိရတ် ပါရမီရှင်တစ်ယောက်ဆိုတော့ အဂ္ဂိရတ်ပညာရပ်မှာ အားသာတယ်လို့ ငါယူဆတယ်"
"ဒါကြောင့် မင်း သိပ်ဂုဏ်ယူနေတဲ့ အဂ္ဂိရတ်ပညာနဲ့ပဲ မင်းကို ငါ ရှုံးနိမ့်စေမယ်...မင်းရဲ့ အဂ္ဂိရတ်ပညာရပ်က ငါ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးဆိုတာ မင်းကို သိစေမယ်"
ကျန်းချန်က ရှန့်ကွမ်းလဲ့ကို အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့၏။
သူ၏ မောက်မာသော စကားသံက လူတိုင်း၏ နားထဲကို ဖြည်းညင်းစွာ ပဲ့တင်ထပ်ခဲ့သည်။
လူတိုင်းက ကျန်းချန်၏ စကားများကြောင့် လုံးဝ အံ့အားသင့်သွားကြ၏။
သူတို့က နားကြားမှားသလားဟုပင် ထင်ခဲ့ကြသည်။
ရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏ အသက်အငယ်ဆုံး ဆဋ္ဌမအဆင့် အဂ္ဂိရတ် ပညာရှင် ဖြစ်ပြီး အဂ္ဂိရတ် ပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။
သို့တိုင် သူတို့ရှေ့မှ ကျန်းချန်သည် ရှန့်ကွမ်းလဲ့ကို အဂ္ဂိရတ်ပညာရပ်တွင် ရှုံးနိမ့်စေမည်ဟုပင် ကြုံးဝါးနေသည်။
"ရယ်စရာကောင်းလိုက်တာ.. ရွယ်တူတွေထဲမှာ ရှန့်ကွမ်းလဲ့ကို ဘယ်သူက ရှုံးနိုင်အောင်လုပ်နိုင်မှာလဲ.. ဒီကောင် တကယ် ရူးသွပ်နေတာပဲ ဖြစ်ရမယ်"
"ကျန်းချန်.. မင်းလည်း အဂ္ဂိရတ်သခင် ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး.. မင်းကို ငါ လျှော့တွက်မိပြီထင်တယ်"
"ဒါပေမဲ့... ငါ ရှန့်ကွမ်းလဲ့က ငယ်ငယ်ကတည်းက အဂ္ဂိရတ်ကိုသင်ယူခဲ့ပြီး ရွယ်တူတွေထဲမှာ ဘယ်သူမှ ငါ့ကို အနိုင်မရဖူးဘူး.. မင်းက ဘာကောင်မို့ ငါ့ရှေ့မှာ ဒီလို စကားမျိုး ပြောရဲတာလဲ"
ရှန့်ကွမ်းလဲ့၏ အမူအရာက အေးစက်သွားသည်။
သူက ကျန်းချန်ကို မထီမဲ့မြင် အပြုံးဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
"မင်းက ဘယ်အဆင့် အဂ္ဂိရတ်သခင်လဲ ငါ မသိဘူး.. ပဥ္စမအဆင့်အောက် ဆိုရင်တော့ ငါ့ကို စိန်ခေါ်ဖို့ မင်းမှာ အရည်အချင်း မရှိဘူး"
"ငါက ဘယ်အဆင့် အဂ္ဂိရတ်သခင်လဲ ဆိုတာ အရေးမကြီးဘူး"
ကျန်းချန်က မဲ့ပြုံး ပြုံး၍ ပြောလိုက်သည်။
"အရေးကြီးတာက စန်းလန်အဖွဲ့အစည်းရဲ့ အသက်အငယ်ဆုံး အဂ္ဂိရတ်ပါရမီရှင် ဖြစ်တဲ့ မင်းက ငါနဲ့ အလောင်းအစားလုပ်ဖို့ သတ္တိရှိမရှိ ဆိုတာပဲ"
ထိုစကားကိုကြားလျှင် ရှန့်ကွမ်းလဲ့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။
"မင်းက ဘယ်လို လောင်းကြေးထပ်ချင်တာလဲ"
"အရမ်း ရိုးရှင်းပါတယ်.. မင်းနဲ့ ငါ အဂ္ဂိရတ်ပညာ ပြိုင်ကြမယ်.. မင်း အနိုင်ရရင် ငါက ဒူးထောက်ပြီး မင်းကို တောင်းပန်မဲ့အပြင် စန်းဟိုင်အဖွဲ့နဲ့အတူ မင်းရဲ့ နတ်ဆေးအဖွဲ့ထဲ ဝင်မယ်"
"မင်း ရှုံးရင်တော့ မီးလျှံသားရဲနဲ့ စန်းလန်ဒင်္ဂါးငွေ တစ်သိန်း ငါ့ကို ပေးရမယ်"
ကျန်းချန်က ရှန့်ကွမ်းလဲ့ကို စိန်ခေါ်သော အကြည့်ဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ.. မင်းသတ္တိရှိလား"
အဂ္ဂိရတ်ပညာရှင်များသည် ယေဘုယျအားဖြင့် အလွန် ကြွယ်ဝကြသည်။
ထို့ကြောင့် ရှန့်ကွမ်းလဲ့ လက်ထဲတွင် စန်းလန်ဒင်္ဂါးငွေ အများကြီး ရှိမည်မှာ သေချာ၏။
ကျန်းချန်က ဤအခွင့်အရေးကို အသုံးချပြီး ရှန့်ကွမ်းလဲ့ ဆီကနေ စန်းလန် ဒင်္ဂါးငွေ အချို့ကို ရယူရန် ကြံစည်နေခဲ့ခြင်းပင်။
အခန်း(၆၉၀) ပြီး၏