← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

"ဟားဟား..ကျန်းချန် မင်းက ငါတို့ ဝမ်ယွမ် အဖွဲ့အစည်းကို စန်းလန်အဖွဲ့အစည်းရဲ့ သမိုင်းဖြစ်စေချင်တာလား ရယ်စရာပဲ"

ပိန်ပါးပါးလူငယ်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။

မကြာခင်မှာပင် သူက လက်ဝှေ့ရမ်းလိုက်ပြီး ပတ်ဝန်းကျင်မှ ဝမ်ယွမ် အဖွဲ့ဝင်များကို ပြင်းထန်စွာ အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

"ညီနောင်တို့ ငါတို့ ဝမ်ယွမ်အဖွဲ့ရဲ့ ပိုင်နက်မှာ ရမ်းကားတဲ့ ဒီနှစ်ယောက်ကို ဖမ်းလိုက်ကြစမ်း.."

"ဟုတ်ကဲ့ စီနီယာအကို"

ပိန်ပါးပါးလူငယ်၏ အမိန့်ကိုကြားလျှင် ခြံဝင်းထဲရှိ ဝမ်ယွမ်အဖွဲ့ဝင် ဒါဇင်နှင့်ချီပြီး ကျန်းချန်ဆီသို့ အမဲဖျက်ရန် ပြေးဝင်လာခဲ့ကြသည်။

သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသော ဝမ်ယွမ်အဖွဲ့ဝင်များကို ကျန်းချန်က လှမ်းကြည့်လိုက်၏။

သို့သော်လည်း အမူအရာကမူ ဘာမှမပြောင်းလဲခဲ့ပေ။

သူက နေရာမှာပင် တည်ငြိမ်သော အမူအရာဖြင့် ရပ်နေခဲ့သည်။

ဝမ်ယွမ် အဖွဲ့ဝင်တစ်ယောက်၏ လက်ထဲမှဓားရှည်က သူ၏ ရင်ဘတ်နှင့် သုံးပေအောက် အကွာသို့ ရောက်လာသောအခါမှသာ ကျန်းချန်သည် လက်နှစ်ချောင်းကို အသာအယာ ဆန့်ထုတ်၍ ဓားရှည်ကို ညှပ်ကာ ရင်ဝကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်၏။

"ဝုန်း"

ဝမ်ယွမ်အဖွဲ့ဝင်က နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။

ကျန်းချန်က သူတို့၏ အဖော်ကို တစ်ကွက်တည်းဖြင့် နှိမ်နင်းလိုက်သည်ကို မြင်လျှင် ပြေးဝင်လာသည့် ၀မ်ယွမ်အဖွဲ့ဝင်များသည် အနည်းငယ် အံ့အားသင့်သွားကြသည်။

"ညီနောင်တို့ ငါတို့ အတူတူတက်ကြစို့"

ဝမ်ယွမ် အဖွဲ့ဝင်တစ်ယောက်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီး အဖွဲ့သားများကို စေ့ဆော်လိုက်သည်။

ဤသို့ဖြင့် အဖွဲ့ဝင် ဒါဇင်နှင့်ချီပြီး ကျန်းချန်ဆီသို့ အုံနှင့်ကျင်းနှင့် ပြေးဝင်လာခဲ့ကြသည်။

ကျန်းချန်က ဝမ်ယွမ်အဖွဲ့ဝင်များ၏ အုပ်စုလိုက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း နောက်သို့ ဆုတ်မသွားခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ကို ပန်းပွင့်များကြားတွင် ကူးလူး ပျံသန်းနေသော လိပ်ပြာတစ်ကောင်လို အသုံးချ၍ ဝမ်ယွမ် အဖွဲ့ဝင်များကြားတွင် လှည့်ပတ် သွားလာ၍ တိုက်ခိုက်ခဲ့သည်။

သူ၏ ရွှေရောင်လက်သီးချက်များက သူ၏အနီးမှ ဝမ်ယွမ် အဖွဲ့ဝင်များကို တိုက်ရိုက် သက်ရောက်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် နာကျင်စွာ အော်ဟစ်သံများနှင့် အရိုးကျိုးသံများသည် လေထဲတွင် တစ်သံပြီးတစ်သံ ပဲ့တင်ထပ်လာခဲ့၏။

နှစ်မိနစ်ပင် မကြာလိုက်ဘဲ ဒါဇင်နှင့်ချီသော ဝမ်ယွမ်အဖွဲ့ဝင်များသည် မြေပြင်ပေါ်တွင် ခွေခွေလေး လဲလျောင်းကာ လူးလိမ့် အော်ဟစ်နေခဲ့ကြသည်။

ကျန်းချန်က ဒါဇင်နှင့်ချီသော ဝမ်ယွမ်အဖွဲ့ဝင်များကို ဤမျှအထိ ပေါ့ပေါ့ပါးပါး ကိုင်တွယ်ခဲ့သည်ကို မြင်လျှင် ပိန်ပါးပါးလူငယ်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ကျန်းချန်.. မင်းကို ငါလျှော့တွက်မိခဲ့တယ်.. မင်းမှာ အစွမ်းအစ နည်းနည်းပါးပါး ရှိမယ်လို့ ငါမထင်ထားမိဘူး"

ပိန်ပါးပါးလူငယ်က ကျန်းချန်ကို မှုန်ကုပ်ကုပ် အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ မင်းက.."

ပိန်ပါးပါးလူငယ်၏ စကားမဆုံးခင်မှာပင် ကျန်းချန်၏ ပုံရိပ်သည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ပိန်ပါးပါးလူငယ်၏ မျက်လုံးများသည် ရုတ်တရက်ကျုံ့သွားခဲ့ပြီး ဖော်မပြနိုင်သော အအေးဓာတ်ကို နှလုံးသားထဲကနေ ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် တစ္ဆေကဲ့သို့ လျင်မြန်သော ပုံရိပ်တစ်ခုသည် သူ၏ နောက်ကျောတွင် ပေါ်လာခဲ့ပြီး လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

ပိန်ပါးပါးလူငယ်က ဘာမှပင် မတုန့်ပြန်နိုင်ခဲ့ဘဲ အင်အားကြီးမားသော လက်သီးချက်ကို ခံစားလိုက်ရပြီး အဆုံးသတ်တွင် မီတာအနည်းငယ် အကွာသို့ လွင့်စင်ကာ မြေပြင်ပေါ်သို့ ဗိုင်းခနဲ လဲကျသွားခဲ့၏။

"မင်း.. မင်း.."

ပိန်ပါးပါးလူငယ်က မြေပြင်ပေါ်ကနေ ဖရိုဖရဲအခြေအနေဖြင့် ထလာခဲ့သည်။

သူ၏ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ကြောက်လန့်သော အရိပ်အယောင် တစ်ခုသည် သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့၏။

"ဒီကောင်လေးက တကယ်ပဲ စန်းလန်အဖွဲ့အစည်းကို အခုမှဝင်ရောက်လာတဲ့ လူသစ်တစ်ယောက်ရော ဟုတ်ရဲ့လား"

သူက စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းအဆင့် ငွေရောင်တပည့် တစ်ယောက်ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်‌နှောင်းပိုင်းကို ရောက်ရှိနေသည့်သူ ဖြစ်သော်လည်း ပြိုင်ဘက်၏ လှုပ်ရှားမှုကို မခုခံနိုင်ခဲ့ပေ။

"ဒီကောင်လေးက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ"

ပိန်ပါးပါးလူငယ်က အံ့အားသင့်သွားခဲ့သည်။

သူက ကျန်းချန်၏ခွန်အားကြောင့် အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်၏ မောက်မာသောလေသံသည် သူ၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။

"အခုချက်ချင်း ဝမ်ယွမ်အဖွဲ့ရဲ့ ခေါင်းဆောင်ဝူယွဲ့ကို အကြောင်းကြားလိုက်..သူ့မှာ နှစ်မိနစ်ပဲ အချိန်ကျန်တော့တယ် နှစ်မိနစ်အတွင်း ငါ့ရှေ့မှာ ပေါ်မလာရင် နောက်ကျသွားပြီလို့သာ မှတ်လိုက်တော့.."

အခန်း(၆၇၆)ပြီး၏။

အခန်း(၆၇၇)

"မင်းက လေလုံးတော့ထွားသားပဲ.. မင်းငါ့ကို ဘယ်လိုမျိုး ပေးဆပ်စေမလည်း ဆိုတာ ငါကြည့်ချင်သေးတယ်"

ကျန်းချန်၏ အေးစက်စက်စကားသံ ဆုံးသည်နှင့် ခြံဝန်းထဲကနေ ဒေါသတကြီး ရေရွတ်လိုက်သော အသံတစ်သံ ထွက်‌ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဒေါသထွက်နေသော မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် ဝမ်ယွမ် အဖွဲ့ဝင်များကို ဦးဆောင်ကာ ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

"မင်းက ဝမ်ယွဲ့အဖွဲ့ရဲ့ခေါင်းဆောင် ဝူယွဲ့လား"

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းအနေနဲ့ ငါ့ရဲ့မီးလျှံသားရဲကို ငါ့ဆီပြန်ပေးပြီး စန်းဟိုင်အဖွဲ့ထဲကို ဝင်မယ်ဆိုရင် ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့ဘူးလို့ ငါသဘောထား​ပေးလိုက်မယ်"

"ကောင်လေး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. ငါတို့ဝမ်ယွမ်အဖွဲ့ဝင် အနည်းငယ်လောက်ကို နာကျင်အောင်လုပ်နိုင်တာနဲ့ပဲ ငါတို့ရဲ့ခေါင်းဆောင်ကို ဒီလို စကားမျိုး ပြောရဲတယ်လား.. မင်းက စန်းဟိုင်ကျွန်းက အမှိုက်ပဲ.. ဒီမှာစကားပြောဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ.. ခေါင်းဆောင် ဒီကောင်နဲ့အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောမနေနဲ့တော့.. ကျွန်တော်တို့ ဝမ်ယွမ်အဖွဲ့ရဲ့ နေရာမှာ ရမ်းကားရဲတဲ့ အတွက် ဒီကောင့်ကိုကျွန်တော်တို့ မောင်းထုတ်ပစ်လိုက်မယ်"

"........"

ကျန်းချန်၏ မောက်မာသောစကားများကို ကြားလျှင် ဝူယွဲ့၏ နောက်လိုက်ဖြစ်သည့် ဝမ်ယွမ်အဖွဲ့ဝင်များသည် ဒေါသတကြီး ရေရွတ်လိုက်ကြသည်။

သူတို့အားလုံးက ကျန်းချန်ကို မျက်လုံးပြူး၍ ကြည့်နေကြပြီး ဝူယွဲ့က ကျန်းချန်ကို တိုက်ခိုက်ရန် အမိန့်ပေးမည်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

"ကျန်းချန် မင်းသိပ်ပြီး မာန်တက်မနေနဲ့.. ဒီနေ့ကိစ္စကို ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားချင်ရင် ငါဝူယွဲ့က သဘောတူသလား ဆိုတာကို မင်းအရင်ဆုံး မေးရမယ်"

ဝူယွဲ့က အေးစက်စက် ပြုံးလိုက်ပြီး ကျန်းချန်ကို စေ့စေ့ စိုက်ကြည့်ကာ ပြောလိုက်၏။

"ဒီနေ့ မင်းက ငါ့ရဲ့ပိုင်နက်မှာ လာရမ်းကားတယ်.. ဒီနေ့ ငါက မင်းကို သင်ခန်းစာ မပေးဘူးဆိုရင် ငါဝူယွဲ့အနေနဲ့ စန်းလန်အဖွဲ့အစည်းမှာ ဘယ်လိုမျက်နှာနဲ့ ဆက်ပြီး ရပ်တည်ရမှာလဲ"

ကြယ်တစ်ရာဘုရင် ဆိုသည်မှာ သန်းနှင့်ချီသော လူများထဲမှ ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြသည်။

သူအနေဖြင့် သူရှေ့မှ ကောင်လေးကို အချိန်တစ်နှစ်မျှပေးလိုက်လျှင် ဤကောင်လေးသည် ကြောက်စရာကောင်းသော အဆင့်သို့ ‌ရောက်ရှိသွားနိုင်၏။

ဝူယွဲ့သည် ကျန်းချန်ကို ရန်သူအဖြစ် ရွေးချယ်လိုက်ကတည်းကပင် ကျန်းချန်ကို ကြီးထွားလာသည်အထိ အခွင့်အရေးပေးရန် ဘယ်တုန်းကမှ မစဥ်းစားခဲ့ပေ။

ဤတစ်ခေါက်တွင် သူက မီးလျှံသားရဲကို ဝမ်ယွမ်အဖွဲ့ဆီ ခေါ်လာရသည့် အဓိကအကြောင်းအရင်း တစ်ခုမှာ ကျန်းချန်ကို တံခါးဝထိ မျှားခေါ်ပြီး ကျန်းချန်၏ အလားအလာ ရှိသည့် ပါရမီကို အဆုံးသတ်ပစ်ရန် ဖြစ်သည်။

"ကောင်းပြီလေ.. မင်းက ငါပေးတဲ့ အခွင့်အရေးကို ငြင်းဆန်ဖို့ စဥ်းစားထားတဲ့ပုံပဲ"

ကျန်းချန်က ဝူယွဲ့ကို လှမ်းကြည့်ကာ စကားကို ပေါ့ပေ့ါပါးပါးပင် ပြောလိုက်သည်။

"ဟားဟား ရယ်စရာပဲ.. မင်းလိုကောင်ကများ ငါဝူယွဲ့ကို အခွင့်အရေး ပေးချင်တယ်တဲ့လား"

ဝူယွဲ့က မထီမဲ့မြင် အမူအရာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလို စိန်ခေါ်စကားကို ပြောလိုက်သည်။

"မင်းပေးတဲ့ အခွင့်အရေးကို ငါက ငြင်းပယ်ရင်တောင် မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

"အဲဒါဆိုရင်တော့ နာခံမှု မရှိတဲ့ အတွက် မင်းကို ရိုက်နှက်ရလိမ့်မယ်"

ကျန်းချန်က စကားဆုံးသည်နှင့် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ပြီး ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်သည့် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် လေပြင်းများက တိုက်ခိုက်လာပြီး ကြောက်စရာကောင်းသော အသက်စွမ်းအင်များသည် ကျန်းချန် ဆီသို့ စုဝေးလာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် လျင်မြန်စွာပင် မြင့်တက်လာခဲ့၏။

အသက်ရှုချိန် အနည်းငယ် အတွင်းမှာပင် ကျန်းချန်၏ အရှိန်အဝါသည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကနေ စွမ်းအင်သိပ်သည်းခြင်း ဆဌမအဆင့်ထိ တိုက်ရိုက် မြင့်တက်သွားခဲ့သည်။

အရှိန်အဝါ မြင့်တက်လာသည်နှင့်အမျှ ကျန်းချန်က ဝူယွဲ့၏ ခန္ဓာကိုယ်ကို ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ပြီး နောက်တွင် တစိကိုယ်လုံးရှိ အင်အားများကို စုစည်းကာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ဖြင့် ဝူယွဲ့ကို ထိုးနှက်လိုက်သည်။

ကျန်းချန်၏ လက်သီးထဲတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ခံစားမိလျှင် ဝူယွဲ့၏အမူအရာသည် အဆုံးသတ်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

သူက တစ်ကိုယ်လုံးရှိ အသက်စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်ကာ လက်ဝါးထဲတွင် ထည့်သွင်းလိုက်ပြီး ကျန်းချန်၏ လက်သီးချက်ကို အလျင်အမြန် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

အင်အားနှစ်ခု လေထဲတွင် ထိပ်တိုက် ဆုံမိပြီးနောက်တွင် ဝူယွဲ့၏ ခန္ဓာကိုယ်သည် ခုနှစ်လှမ်း ရှစ်လှမ်းခန့် အကွာသို့ နောက်ဆုတ်လိုက်ရသည်။

သူက သူ့နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားသော်လည်း အဆုံးသတ်တွင် ကြောက်ရွံ့သော အရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။

အခန်း(၆၇၇)ပြီး၏။

အခန်း(၆၇၈)

"ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

သူတို့ရှေ့မှမြင်ကွင်းကိုကြည့်ကာ ခြံဝန်းထဲရှိ ဝမ်ယွမ်အဖွဲ့ဝင်အားလုံးသည် အံ့အားသင့်သွားခဲ့သည်။

သူတို့ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင်ဝူယွဲ့သည် စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်ပြီး စန်းလန်အဖွဲ့အစည်း၏ အလုံးစုံ တိုက်ခိုက်ရေးအင်အား၌ အဆင့်သုံးဆယ်ကျော်၌ ရှိသည့် ရွှေရောင်အဆင့် တပည့် တစ်ယောက် ဖြစ်သည်။

သူတို့ရှေ့မှ လူငယ်ကမူ စန်းလန်အဖွဲ့အစည်းကို ယခုမှသာ ဝင်လာသည့် လူသစ်တစ်ယောက် ဖြစ်၏။

သို့ဖြစ်ရာ ဤမျှ ကြောက်စရာကောင်းသည့် အင်အားမျိုး အဘယ်ကြောင့် ရှိနေရပါသနည်း။

"မဖြစ်နိုင်ဘူး.. ဒါ.. ဒါ လုံးဝမဖြစ်နိုင်ဘူး"

တင်းဟုန်က သူ့ရှေ့မှအခြေအနေကို မျက်လုံးပြူး၍ ကြည့်ရင်း ပါးစပ်မှလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

"ဒီကောင်လေးရဲ့ပါရမီက စန်းလန်အဖွဲ့အစည်းရဲ့ ကြယ်တစ်ရာဘုရင်ထက် ပိုမိုအားကောင်းပုံပဲ.. သူ့ရဲ့တိုက်ပွဲဝင် စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတယ်"

ဝူယွဲ့က စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ထိုကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကို နောက်ထပ် အဆင့်သုံးဆင့်ထိ မြှင့်တင်ပေးနိုင်သည့် အားကောင်းသော လျှို့ဝှက်နည်းစနစ် တစ်ခုကိုပင် တတ်မြောက်ထားခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအားဖြင့် ဆိုလျှင် သူ့အနေဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲ၏။

"ဟိုကောင် တင်းဟုန်ပြောတော့ ကျန်းချန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပထမအဆင့် စွမ်းအင်သိပ်သည်းခြင်း အဆင့်မှာပဲရှိတယ် ဆိုပြီး ဘယ်လိုလုပ် တတိယအဆင့်ထိ ရောက်နေရတာလဲ"

ဝူယွဲ့က စိတ်ထဲကနေ တင်းဟုန်ကို တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

ဤအချိန်တွင် သူသည် တင်းဟုန်ကို အမှန်တကယ် သတ်ချင်နေခဲ့သည်။

တင်းဟုန်ကသာ သူ့ကို မှားယွင်းစွာ မပြောခဲ့လျှင် သူ့ကို အသေသတ်သွားလျှင်ပင် ကျန်းချန်၏ ရန်သူဖြစ်ရန် ရွေးချယ်ခဲ့မည် မဟုတ်ချေ။

စန်းလန်အဖွဲ့အစည်းကို ယခုမှသာ ဝင်ရောက်လာသည့် လူသစ်တစ်ယောက်တွင် ဤမျှအထိ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအား ရှိနေ၏။

ဤကောင်လေးကိုသာ အချိန်အနည်းငယ် ပေးလိုက်လျှင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ထိ ရောက်လာနိုင်မလဲ ဆိုသည်ကို ဝူယွဲ့ အမှန်တကယ် မတွေးဝံ့ပေ။

မှန်ပါသည်။ ဝူယွဲ့ မသိသော အချက်တစ်ချက်မှာ တင်းဟုန်သည် သူ့ကို လမ်းမှားရောက်စေခဲ့ခြင်း မဟုတ်ပေ။

ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းကို မဝင်ခင်အထိ စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်မှာသာ အမှန်တကယ် ရှိနေခဲ့သည်။

အကယ်၍သာ ဝူယွဲ့သည် ကျန်းချန်က စန်းလန်အဖွဲ့စည်းသို့ဝင်ပြီး ရက်အနည်းငယ် အတွင်း စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်ကနေ တတိယအဆင့်ထိ ထိုးဖောက်သွားသည်ကို သိလျှင် မျက်လုံးများ ကျွတ်ကျလုမတတ် အံ့သြသွားမလား မပြောနိုင်ပေ။

"ခေါင်းဆောင်ကျန်း ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စမှာ ငါတို့ ဝမ်ယွမ်အဖွဲ့က မှားယွင်းခဲ့ပါတယ်.. ငါ့ဘက်ကပဲ အလျှော့ပေးလိုက်ပါ့မယ်.. မင်းရဲ့ မီးလျှံသားရဲကို အခုချက်ချင်း ပြန်ပေးလိုက်မယ်.. ဒါ့အပြင် အခုကနေစပြီး ငါတို့ ဝမ်ယွမ်အဖွဲ့က မင်းတို့ စန်းဟိုင်အဖွဲ့ရဲ့ ရန်သူမဖြစ်စေရဘူးလို့ ကတိပေးပါတယ်.. ငါတို့တွေ မဟာမိတ်ဖွဲ့ကြတာပေ့ါ. ဘယ်လိုသဘောရလဲ"

ဝူယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး လက်သီးဆုပ်၍ ဂါဝရပြုကာ ကျန်းချန်ကို လေးလေးနက်နက် ပြောလိုက်သည်။

အစောပိုင်းက ကျန်းချန်ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် ဝူယွဲ့ကို ကျန်းချန်၏ ရန်သူ ဖြစ်စေမည့် စိတ်ကူးအား တိုက်ရိုက် ပျောက်ဆုံးစေခဲ့သည်။

ဤမျှအထိ ကြောက်စရာကောင်းသော မွန်းစတားနှင့် ရန်သူ ဖြစ်ခဲ့လျှင် အနည်းငယ် သတိမထားမိသည်နှင့် သူ့ကို ဘေးအန္တရာယ်သို့ ကျရောက်စေနိုင်သည် မဟုတ်ပါလော..

"ဟမ့်..မင်းက ငါ့လူတွေကို နာကျင်အောင်လုပ်ပြီး င့ါရဲ့ မီးလျှံသားရဲကိုလည်း ဖမ်းဆီးခဲ့တယ်.. ဒါပေမဲ့ အခုတော့ စကားတစ်ခွန်းတည်းနဲ့ အရာအားလုံးကို အဆုံးသတ်ဖို့ ကြိုးစားနေတယ်... ဒီလောက် စျေးပေါတဲ့အရာမျိုး ဘယ်နေရာမှာ ရှိနိုင်လို့လဲ.. မင်းငါ့ကို တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး အရာအားလုံးက နောက်ကျသွားခဲ့ပြီ"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက် သူက ညာဘက်လက်ကိုမြှောက်ကာ လက်သီးဖြင့် ဝူယွဲ့ကို နောက်တစ်ကြိမ် ထိုးလိုက်သည်။

ကျန်းချန်၏ အလျှော့မပေးလိုသော စိတ်ထားကိုမြင်လျှင် ဝူယွဲ့၏ အမူအရာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏နှုတ်မှလည်း အေးစက်စက် ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

"လန်ယွဲ့ဝူရွှမ်း လျှို့ဝှက်နည်းနစ်.."

ဝူယွဲ့က လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး လျှို့ဝှက်နည်းစနစ်ကို အလျင်အမြန် အသက်သွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ် အရှိန်အဝါသည် စွမ်းအင်သိပ်သည်းခြင်း ဆဌမအဆင့် အထိ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

ထို့နောက်တွင် ဝူယွဲ့သည် ရုတ်တရက် လက်သီးဆုပ်လိုက်ပြီးကျန်းချန်၏ လက်သီးချက်ကို တိုက်ရိုက်ပင် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ပြင်းထန်သော ခွန်အားများပါဝင်နေသည့် လက်သီးနှစ်လုံးသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြပြီး ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လေလှိုင်းများသည် ကျန်းချန်တို့ နှစ်ယောက်ကို ဗဟိုပြုကာ အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်တို့ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခြေဆယ်လှမ်းကျော် နောက်ဆုတ်လိုက်ရသည်။

ဝူယွဲ့က သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ဆန့်ကျင်ဘက်မှ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့၏။

"ခေါင်းဆောင်ကျန်း.. ဒီမှာပဲရပ်လိုက်ကြစို့.. မင်းက အင်အားကြီးမားတယ် ဆိုပေမဲ့လည်း ငါဝူယွဲ့က မင်းစိတ်ကြိုက် ညှစ်ချေလို့ရတဲ့ သစ်သီးမျိုး မဟုတ်ဘူး"

အခန်း(၆၇၈)ပြီး၏။

All Chapters