အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
"ဟုတ်လို့လား ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက ငါကြိုက်သလို ညှစ်ချေလို့ရတဲ့ သစ်သီးပျော့ပဲ"
ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားနှင့် လက်သီးဆန္ဒ ဒုတိယအဆင့် ခွန်အားကို တစ်ပြိုင်နက် ထုတ်ဖော်ကာ ဝူယွဲ့ကို နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"လခွမ်း..ခုနက ဒီကောင်လေးက သူရဲ့အစွမ်းအစကို အပြည့်အဝ ပြသခဲ့တာ မဟုတ်ဘူးလား"
နောက်တစ်ကြိမ် ထိုးနှက်လာသည့် ကျန်းချန်ကိုမြင်လျှင် ဝူယွဲ့သည် ရုတ်တရက် ခေါင်းကျိန်းသွားသလိုပင် ခံစားလိုက်ရသည်။
သို့သော် ဤအချိန်တွင် ဝူယွဲ့၌ စဉ်းစားနေဖို့ အချိန်မရှိတော့ပေ။
"ကောင်းကင်မီးလျှံကြယ်ခွဲလက်သီး.."
ဝူယွဲ့က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို လေထဲတွင် ဝှေ့ရမ်းလိုက်ရာ တောက်ပသော မီးတောက်တစ်ခုသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့သည်။
တစ်ခဏအတွင်း ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများသည် လေထဲတွင် စုစည်းသွားပြီး မရေမတွက်နိုင်သောမီးတောက် လက်သီးများအဖြစ်သို့ ပြောင်းလဲကာ ကျန်းချန် ဆီသို့ ရောက်ရှိလာခဲ့သည်။
ဥက္ကာပျံတစ်ခုကဲ့သို့ သူ့ဆီသို့ သက်ရောက်လာသည့် မရေမတွက်နိုင်သော မီးတောက်လက်သီးများနှင့် ရင်ဆိုင်လိုက်ရလျှင် ကျန်းချန်၏ လှုပ်ရှားမှုသည် ခေတ္တ ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လက်သီးချက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်ပြီး လေထဲမှ ဆင်းသက်လာသည့် မီးတောက်လက်သီးများကို ရင်ဆိုင်လိုက်သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ကျန်းချန်၏ လက်သီးချက်အောက်တွင် လေထဲမှ ဆင်းသက်လာသည့် မီးတောက်လက်သီးများသည် တစ်ခုပြီးတစ်ခုပေါက်ကွဲထွက်သွားပြီး မီးရှုးမီးပန်းကဲ့သို့ တောက်ပသော အလင်းအရောင်ကို ထုတ်လွှတ်နေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လေဆန္ဒဒုတိယအဆင့်၏ ခွန်အားကိုထုတ်ဖော်ကာ ပြင်းထန်သောလေပြင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဝူယွဲ့၏ လက်သီးချက်များ လွှမ်းခြုံထားသော နေရာကနေ ပျောက်ကွယ်သွားခဲ့၏။
"ကျန်းချန် မင်းရပ်လိုက်ပါ မင်းဆက်ပြီး တိုက်ခိုက်မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် ဆုံးရှုံးမှုတွေပဲ ဖြစ်လာလိမ့်မယ် ဒါက နှစ်ဖက်စလုံး အတွက် ကောင်းမှာမဟုတ်ဘူး"
ဝူယွဲ့က ကောင်းကင်မီးလျှံ ကြယ်ခွဲလက်သီးကို အသုံးပြုပြီး ကျန်းချန်ကို နောက်ဆုတ်စေပြီးနောက်တွင် လေးလေးနက်နက် ပြောလိုက်သည်။
"နှစ်ဖက်စလုံးက ဆုံးရှုံးမှုတွေဖြစ်လိမ့်မယ် ဟုတ်လား.. မင်းရဲ့စကားက မှားနေပြီ"
ကျန်းချန်က ဝူယွဲ့ကို အသာအယာ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် သူက ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်၏။
"တောင်တန်းနဲ့မြစ်များလှုပ်ခါစေ"
ထို့နောက်တွင် ကျန်းချန်သည် ဝူယွဲ့ဆီသို့ လက်သီးချက်တစ်ချက်ကို ထိုးလွှတ်လိုက်သည်။
ထိုအခါ ဝူယွဲ့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို ခုခံရင်ဆိုင်ရန်အတွက် ကောင်းကင်မီးလျှံ ကြယ်ခွဲလက်သီးကို နောက်ထပ်တစ်ကြိမ် အလျင်အမြန် အသုံးပြုလိုက်ရ၏။
"ဝုန်း.."
ကောင်းကင်အဆင့်ကျင့်စဥ်ကနေ ထုတ်ဖော်ထားသည့် လက်သီးနှစ်လုံးသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လေလှိုင်းက ပတ်ဝန်းကျင်တွင် တိုက်ခိုက်သွားပြီး ခြံဝန်းထဲရှိ ဝမ်ယွမ်အဖွဲ့မှ အားနည်းသော ကျင့်ကြံသူများကို တုန်ယင်စေကာ ချက်ချင်းဆိုသလိုပင် သွေးများ အန်ထွက်စေခဲ့သည်။
သို့သော် စွမ်းအင်လေလှိုင်း၏ ဗဟိုချက်တွင် ရှိနေသည့် ဝူယွဲ့ကမူ မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့၏။
သို့သော်လည်း မြေပြင်ပေါ်သို့ ပြန်ကျလာသော ဝူယွဲ့သည်အသက်ရှူဖို့ အချိန်မရခင်မှာပင်တောက်ပသော ရွှေရောင်လက်သီးချက် တစ်ချက်သည် သူ့ဆီသို့ နောက်တစ်ကြိမ်
ရောက်ရှိလာခဲ့၏။
ထိုလက်သီး ထွက်ပေါ်လာသည်နှင့် ဝူယွဲ့သည် လက်သီးဖြတ်သန်းသွားသော လေထု၌ အက်ကြောင်းတစ်ခု ပေါ်လာသည်ကိုပင် ကြောက်မက်ဖွယ်တွေ့လိုက်ရသည်။
သူ၏အရှေ့မှ လေထုသည်လည်း လက်သီး၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ပျက်စီးသွားတော့မည်ပုံရ၏။
"လခွမ်း.. ဘာလို့ ဒီကောင်လေးမှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ကောင်းကင်အဆင့် ကျင့်စဥ်ရှိနေရတာလဲ"
ဝူယွဲ့က ထိတ်လန့်သွားပြီး သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်မှ အင်အားများကို စုစည်းကာ နီညိုရောင်အကာအကွယ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးစွမ်းအားသည် ဝူယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
ထိုအခါ ဝူယွဲ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ အကာအကွယ်သည် စက္ကန့်ဝက်ပင် မခံနိုင်ဘဲ ပျောက်ကွယ်သွားခဲ့၏။
အကာအကွယ် ကျိုးပျက်သွားပြီးနောက်တွင် ဝူယွဲ့သည် ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း ကောင်းကင်ကနေ လွင့်စင်သွားခဲ့သည်။
အခန်း(၆၇၉)ပြီး၏။
အခန်း(၆၈၀)
"ဝုန်း.."
ဝူယွဲ့က ဆယ်မီတာအကွာအဝေးရှိ မြေပြင်ပေါ်သို့ လေးလံစွာပြုတ်ကျသွားပြီးနောက်တွင် မာကြောသော ကျောက်သားကြမ်းပြင်ကို မီတာသုံးဆယ်ခန့်ရှိသည့် ချိုင့်ကြီးတစ်ခု အဖြစ် တိုက်ရိုက် ဖျက်ဆီးလိုက်သည်။
သူက နောက်ထပ် တစ်ကြိမ် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ဤအချိန်တွင် ကျန်းချန်ကိုကြည့်နေသည့် သူ၏ အကြည့်တွင် ကြောက်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ဝူယွဲ့ကို အေးစက်စက် လှမ်းကြည့်လိုက်ပြီး ရွှေရောင်အလင်းများ တောက်ပနေသော သူ၏ခန္ဓာကိုယ်ဖြင့် ဝူယွဲ့ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
ကျန်းချန်က သူ့ဆီသို့ တစ်လှမ်းချင်း လှမ်းလာနေသည်ကို မြင်လျှင် ဝူယွဲ့သည် အတော်လေး ကြောက်လန့်သွားခဲ့၏။
သူက ချက်ချင်းဆိုသလို ကျန်းချန် ရှေ့တွင် ဒူးထောက်လိုက်ပြီး ကျန်းချန်ကို တောင်းပန်လိုက်သည်။
"ခေါင်း.. ခေါင်းဆောင်ကျန်း ကျွန်တော်အရှုံးပေးပါတယ်.. ဝမ်ယွမ်အဖွဲ့ကို ဖျက်သိမ်းပြီး ခေါင်းဆောင်ကျန်းရဲ့ စန်းဟိုင်အဖွဲ့ထဲကို ဝင်ဖို့ဆန္ဒရှိပါတယ်.. ကျွန်တော့်ရဲ့အသက်ကို ခေါင်းဆောင်ကျန်း ချမ်းသာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
သူ့ရှေ့မှ ကောင်လေးက အတော်ပင် ကြောက်စရာကောင်း၏။
ယနေ့တွင် သူက လက်နက်ချဖို့ မရွေးချယ်ခဲ့လျှင် သူ့အနေဖြင့် မသေလျှင်ပင် စန်းဟန် အဖွဲ့အစည်း တစ်ခုလုံးတွင် သူ့အတွက် နေရာမရှိတော့မည်ကို စိုးရိမ်နေမိသည်။
ခြံဝင်းထဲမှ ဒါဇင်နှင့်ချီသော ဝမ်ယွမ်အဖွဲ့ဝင်များသည် ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေသည့် သူတို့၏ ခေါင်းဆောင်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပြည့်နှက်နေပြီး မျက်နှာတစ်ခုလုံးကလည်း အလွန်ပင် ဖြူဖျော့နေခဲ့သည်။
သူတို့ ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင်ဝူယွဲ့သည် စွမ်းအင်သိပ်သည်းခြင်း ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်ပြီး ရွှေရောင်အဆင့် တပည့်တစ်ယောက်လည်း ဖြစ်သည်။
ဝမ်ယွမ်အဖွဲ့ဝင်များ မမျှော်လင့်ထားသည်မှာ သူတို့၏ မျက်လုံးထဲတွင် အလွန်အင်အားကြီးမားသည်ဟု ယုံ ကြည်ထားသည့် သူတို့၏ ခေါင်းဆောင်သည် ရွှေရောင်တပည့်အဖြစ် ယခုမှ တိုးမြှင့်ခံထားရသည့် ကျန်းချန်ကို လုံးဝ ရှုံးနိမ့်သွားပြီး ကျန်းချန်၏ ရှေ့တွင် ဒူးထောက်ကာ တောင်းပန်နေခြင်းပင်။
ဝမ်ယွမ်အဖွဲ့ကို ဖျက်သိမ်းပြီး စန်းဟိုင်အဖွဲ့ထဲသို့ ဝင်ရောက်ခြင်းသည် သူတို့ ဝမ်ယွမ်အဖွဲ့က လုံးဝ ဖယ်ရှားခံလိုက်ရပြီး စန်းဟိုင်အဖွဲ့အစည်း သမိုင်းဖြစ်သွားသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။
ဝမ်ယွမ်အဖွဲ့သည် စန်းလန်အဖွဲ့အစည်းအောက်ရှိ တပည့်အဖွဲ့များထဲတွင် အင်အား မကြီးသော်လည်း သူတို့အဖွဲ့မှ လူများကို စန်းလန် အဖွဲ့အစည်းတွင် ရှင်သန်နိုင်ရန် အနည်းဆုံး အာမခံနိုင်သည်။
ဝမ်ယွမ်အဖွဲ့ မရှိတော့လျှင် သူတို့ဝမ်ယွမ်ကျွန်းမှ လူများသည် အမြစ်မရှိသည့် ရေပေါ်မှ အပင်များလို ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အနာဂတ်တွင် ဝမ်ယွမ်ကျွန်းမှ လူများအနေဖြင့် စန်းလန်အဖွဲ့အစည်းထဲကို ဝင်လာခဲ့လျှင် ယခင်က စန်းဟိုင်ကျွန်းမှ လူများကဲ့သို့ အနိုင်ကျင့်ခံရမည်ကို သူတို့စိုးရိမ်မိ၏။
သို့ဖြစ်ရာ ဝမ်ယွမ်အဖွဲ့ဝင် အများအပြားသည် ဝမ်ယွမ်အဖွဲ့ ဖျက်သိမ်းမည်ကို မလိုလားခဲ့ပေ။
သို့သော်လည်း ကျန်ရှိနေသည့် ရွှေရောင်အဆင့် တပည့်နှစ်ယောက် အပါအဝင် မည်သူကမှ ကျန်းချန်ကို မဆန့်ကျင်ရဲပေ။
သူတို့အားလုံးက ဝူယွဲ့၏ နည်းတူပင် ကျန်းချန်၏ ရှေ့တွင်ရိုးရိုးသားသား ဒူးထောက်လိုက်ကြသည်။
သူတို့ ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင်ဝူယွဲ့ပင် ကျန်းချန်ကို ရှုံးနိမ့်သွားပြီ ဖြစ်ရာ သူတို့၏ ခုခံမှုသည် အဓိပ္ပါယ်မရှိတော့ပေ။
ဝမ်ယွမ်အဖွဲ့က အရှုံးပေးလိုက်သည်ကို မြင်လျှင် ကျန်းချန်သည် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကိုပြန်လည် ရုတ်သိမ်းလိုက်သည်။
သူက စန်းဟိုင်အဖွဲ့အစည်းကို စန်းလန် အဖွဲ့အစည်းတွင် ထိပ်တန်းအဖွဲ့ တစ်ဖွဲ့ ဖြစ်စေရန် ရည်မှန်းထားခဲ့သည်။
ထို့ကြောင့် အဖွဲ့ကို ကြီးထွားစေချင်လျှင် စန်းဟိုင်ကျွန်းမှတပည့်များဖြင့် လုံလောက်မည် မဟုတ်ပေ။
ဝူယွဲ့၏ ဝမ်ယွမ်အဖွဲ့ကို သိမ်းသွင်းနိုင်လျှင် စန်းဟိုင်အဖွဲ့သည်လျှင်မြန်စွာ ကြီးထွားလာနိုင်မည် ဖြစ်၏။
ဝူယွဲ့နှင့် တခြားသူများ၏ သစ္စာစောင့်စည်းမှုအတွက် ကျန်းချန်သည် လုံးဝ စိတ်မပူခဲ့ပေ။
သူ စန်းလန် အဖွဲ့အစည်းအတွက် တစ်ရက်ရှိနေသ၍ ဝူယွဲ့သည် သူ့ကို သစ္စာဖောက်ရဲရန် သတ္တိရှိမည် မဟုတ်ချေ။
"အားလုံးပဲ ထကြပါ.. တစ်နေ့ကျရင် မင်းတို့ရဲ့ ရွေးချယ်မှုအတွက် င့ါကို ကျေးဇူးတင်လိမ့်မယ်လို့ ငါကတိပေးတယ်"
ကျန်းချန်က ဝူယွဲ့တို့လူစုကို တည်ငြိမ်စွာတစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် လျှိုရှို့ဘက်သို့ လှည့်ကာ ကြည့်လိုက်သည်။
"လျှိုရှို့..လျှိုလင်ကျူးကို သွားပြီး အကြောင်းကြားလိုက်.. သူတို့အားလုံးကို ဒီကို ခေါ်လာခဲ့.. အခုအချိန်ကစပြီး ဒီနေရာက စန်းဟိုင်အဖွဲ့ရဲ့ ယာယီနေအိမ် ဖြစ်လာလိမ့်မယ်"
"ခေါင်းဆောင်.. ကျွန်တော်.. ကျွန်တော် အခုပဲသွားလိုက်ပါ့မယ်"
လျှိုရှို့က ကျန်းချန်၏ အမိန့်ကို ကြားပြီးနောက်တွင်အဆုံးသတ်၌ မှင်တက်ရာကနေ ပြန်လည် သတိဝင်လာခဲ့သည်။
သူက ကျန်ချန်ကို ပြန်ဖြေလိုက်ပြီးနောက်တွင် အလျင်အမြန်ပင် ခြံဝင်းအပြင်သို့ ဦးတည်သွားခဲ့သည်။
သူအစက ထင်ထားသည်မှာ ကျန်းချန်က ဝူယွဲ့နှင့်လက်ရည်တူလောက် ရင်ဆိုင်နိုင်လျှင်ပင် စန်းဟိုင်အဖွဲ့အစည်း အတွက် ရှင်သန်ဖို့ နေရာတစ်နေရာ ရနိုင်သည်ဟူ၍ ဖြစ်၏။
သို့သော်လည်း ကျန်းချန်က ဝမ်ယွမ်အဖွဲ့အစည်း တစ်ခုလုံးကို လက်နက်ချစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ယခုအခါ လျှိုရှို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့ စန်းဟိုင်ကျွန်းမှ လူများသည် စန်းလန်အဖွဲ့အစည်းတွင် အမှန်တကယ် ကြီးပွားတိုးတက်လာတော့မည်ဟု တွေးနေမိသည်။
အခန်း(၆၈၀)ပြီး၏။
အခန်း(၆၈၁)
လျှိုရှို့က ဝမ်းသာအားရဖြင့် ဝမ်ယွမ်အဖွဲ့၏ နေအိမ်မှထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ဝူယွဲ့ကို ကြည့်လိုက်သည်။
"ဝူယွဲ့ မင်းငါ့ကို မီးလျှံသားရဲ ပြန်ပေးဦး"
"ခေါင်းဆောင် ခဏလေးစောင့်ပါ.. ခေါင်းဆောင်ရဲ့ မီးလျှံသားရဲက ငါတို့ ဝမ်ယွမ်အဖွဲ့ရဲ့ သားရဲပါရမီရှင် မာနန်ရဲ့ လက်ထဲမှာရှိပါတယ်.. မာနန်ကို ခေါင်းဆောင်ဆီ ပို့ခိုင်းလိုက်ပါမယ်"
ဝူယွဲ့က ထိုစကားကို ပြောပြီးနောက်တွင် အနည်းငယ်မျှပင် မပေ့ါဆရဲဘဲ သူ့နံဘေးမှ နှစ်ယောက်ကို အလျင်အမြန် အမိန့်ပေးလိုက်သည်။
"မင်းတို့နှစ်ယောက် အခုချက်ချင်းသွားပြီး မာနန်ကို ငါ့ဆီခေါ်လာခဲ့"
"ဝူယွဲ့ ဘာလို့ဒီလောက် အလောတကြီး ငါ့ကိုရှာနေရတာလဲ"
ဝူယွဲ့၏ စကားဆုံးသည်နှင့် ခြံဝန်းတံခါးကနေ ရယ်သံတစ်သံ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် တောက်ပြောင်သော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ခြံဝင်းထဲကို လှမ်းဝင်လာခဲ့ပြီး ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
"မာနန်.. မင်းရောက်လာတာ အတော်ပဲ.. ငါပေးထားတဲ့ မီးလျှံသားရဲကို ခေါင်းဆောင်ကျန်းဆီ ပြန်ပေးလိုက်ပါ"
ဝူယွဲ့က ပိုးထည်ဝတ်စုံဝတ် လူငယ်မာနန်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ထိုစကားကိုကြားလျှင် မာနန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြန်လည် မေးလိုက်၏။
"ဝူယွဲ့ မင်းစကားက ဘာအဓိပ္ပါယ်လဲ.."
"မင်းကြားတဲ့အတိုင်းပဲ"
ဝူယွဲ့က အေးစက်စက် ပြောလိုက်သည်။
"ဝမ်ယွမ်အဖွဲ့က ဒီနေ့ကစပြီး စန်းဟိုင်အဖွဲ့ထဲကို ပေါင်းစည်းသွားတော့မယ် မင်းကို တစ်မိနစ် အချိန်ပေးမယ် မီးလျှံသားရဲကို ခေါင်းဆောင်ကျန်းဆီ ချက်ချင်းပြန်ပေးလိုက်"
ယခုအခါတွင် ဝူယွဲ့သည် မာနန်ကို အမှန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။
ဤကောင်လေးက ဝမ်ယွမ်အဖွဲ့၏ သားရဲပါရမီရှင် ဖြစ်၍ သူတို့က အမြဲတစေ အားကိုးခဲ့ရသည်။
မာနန်၏ ပဉ္စမအဆင့်သားရဲသခင် ဟူသောဂုဏ်ပုဒ်သာ ထည့်မတွက်ခဲ့လျှင် ဝမ်ယွမ်အဖွဲ့မှ သူနှင်ထုတ်မိမည်မှာ ကြာပြီဖြစ်၏။
"ဝူယွဲ့ မင်းဘာတွေ ထကြောင်နေတာလဲ...ငါတို့ ဝမ်ယွမ်အဖွဲ့က စန်းလန်အဖွဲ့အစည်းရဲ့ အပြင်ဘက် ကျွန်းသုံးကျွန်းထဲမှာ အင်အားအကြီးဆုံးပဲ.. မင်းက တကယ်ပဲ စန်းဟိုင်ကျွန်းက အမှိုက်တွေရဲ့ လက်အောက်ကို ဝင်ချင်တာလား"
မာနန်က ဝူယွဲ့ကို မယုံကြည်နိုင်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
"ဒီကောင့်ရဲ့ ခေါင်းက မြည်းအကန်ခံလိုက်ရတာလား"
လွန်ခဲ့သော နာရီဝက်ခန့်တွင် ဝူယွဲ့သည် သူ့ကို စန်းဟိုင်ကျွန်းမှ လူများအား ရှင်းလင်းခိုင်းခဲ့သည်။
သို့သော်လည်း နာရီဝက်ခန့် အကြာတွင် ဝူယွဲ့သည် ဝမ်ယွမ်အဖွဲ့ကို စန်းဟန်အဖွဲ့အစည်းထဲ ပေါင်းစည်းလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထာားခဲ့ပေ။
"စန်းဟိုင်ကျွန်းက အမှိုက်တွေက ဝူယွဲ့ကို ခေါင်းငုံ့ခိုင်းဖို့ အင်အားမျိုး ရှိနေတာလား.. ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး"
ထိုအချိန်တွင် ဝူယွဲ့သည် ဒေါသများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
"မင်းနဲ့အပိုစကားတွေ မပြောချင်ဘူး.. မီးလျှံသားရဲကို မြန်မြန်ထုတ်ပေးစမ်း.."
"ဟမ့်..စန်းဟိုင် အဖွဲ့အစည်းမှာ မင်း လေလွင့်ခွေး ဖြစ်ချင်တာက မင်းရဲ့ကိစ္စပဲ.. ငါနဲ့ဘာမှမဆိုင်ဘူး.. မင်းကို ငါက အခုအချိန်မှာ ကြောက်စရာ လုံးဝမလိုတော့ဘူး...အခု ငါက စီနီယာ ရှန့်ကွမ်းရဲ့ နတ်ဆေးအဖွဲ့ကိုဝင်ပြီး နတ်ဆေးအဖွဲ့ဝင် ဖြစ်သွားခဲ့ပြီ.. အခုမီးလျှံသားရဲက ငါ့အပိုင်ဖြစ်သွားပြီ.. မင်းပြန်ယူဖို့ မစဥ်းစားနဲ့တော့ ဝူယွဲ့.. အခြေအနေကို နားလည်ရင် ပါးစပ်ပေါက် ပိတ်ထားလိုက်.. ငါတို့ နတ်ဆေးအဖွဲ့က မင်းစော်ကားလို့ ရတဲ့အဖွဲ့ မဟုတ်ဘူး"
မာနန်၏ စကားကိုကြားလျှင် ဝူယွဲ့သည် ဒေါသများ ထွက်လွန်း၍ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။
"မာနန် မင်းက ငါတို့ ဝမ်ယွမ်အဖွဲ့ကို သစ္စာဖောက်လိုက်တာပဲ"
"မင်းက ဝမ်ယွမ်အဖွဲ့ကို ဖျက်သိမ်းပြီး စန်းဟိုင်ကျွန်းက အမှိုက်တွေရဲ့ လက်အောက်ကို ဝင်မှတော့ ငါမင်းကို သစ္စာဖောက်တာ ဘာများထူးဆန်းလို့လဲ"
မာနန်က မထီတရီ ပြုံးလိုက်ပြီး ဝူယွဲ့ကို လျစ်လျူရှုကာ ခေါင်းမော့ရင်ကော့၍ ခြံဝင်းထဲကို လျှောက်ဝင်သွားခဲ့သည်။
သူ ယခုဝင်ရောက်ထားသည့် နတ်ဆေး အဖွဲ့အစည်းသည် စန်းလန်အဖွဲ့အစည်းတွင် အင်အားအကြီးဆုံး တပည့်အဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်သည်။
ဝူယွဲ့လို ကိုယ့်ထက် အင်အားကြီးသူကိုမှ အနိုင်ကျင့်တတ်သောလူစားက သူ့ကို တစ်စုံတစ်ရာ လုပ်နိုင်မည်ဟု မာနန် လုံးဝမယုံကြည်ခဲ့ပေ။
"အခုအချိန်ကစပြီး ဒီနေရာက ငါကျန်းချန်ရဲ့ နေရာပဲ.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ငါ့နေရာမှာ ရမ်းကားရဲရင်တော့ သေရမယ်"
မာနန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခြံဝန်းထဲတွင် လမ်းလျှောက်နေစဥ်မှာပင် လေထုထဲ၌ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် မာနန်၏ရှေ့၌ ပုံရိပ်တစ်ခုသည် တစ္ဆေကဲ့သို့ လျင်မြန်စွာဖြင့် လျှပ်တပြက် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်က မာနန် မတုန့်ပြန်နိုင်ခင်မှာပင် ပြင်းထန်သောလက်သီးချက်ဖြင့် မာနန်၏ ရင်ဝကို ထိုးချလိုက်၏။
အခန်း(၆၈၁)ပြီး၏။