အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
"ဝုန်း.."
မာနန်၏ ခန္ဓာကိုယ်က ကြိုးပျက်သွားသည့် စွန်တစ်ကောင်နှယ် မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားခဲ့သည်။
"ကောင်လေး..မင်းဘယ်ကကောင်လဲ မင်းသေချင်နေပြီလား မင်းက နတ်ဆေးအဖွဲ့က လူကိုတောင် ရိုက်ရဲတယ်ပေါ့လေ"
မာနန်က သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီး မြေပြင်ပေါ်ကနေ မနည်းရုန်းကန်၍ ထရပ်လာခဲ့သည်။
သူက သူနှင့်ဆန့်ကျင်ဘက်မှ ကျန်းချန်ကိုကြည့်ကာ ဒေါသအလွန်အမင်း ထွက်နေခဲ့၏။
"မင်းခုနက ပြောနေတဲ့ စန်းဟိုင်ကျွန်းရဲ့ အမှိုက်ဆိုတာက ငါပဲ"
ကျန်းချန်က မာနန်ကိုပေါ့ပါးစွာစိုက်ကြည့်၍ ပြောလိုက်သည်။
"မီးလျှံသားရဲကို ငါ့ဆီပြန်ပေးပြီး ငါ့ရှေ့ကနေ ထွက်သွားလိုက် မဟုတ်ရင် ငါက မင်းကို ပုံပျက်ပန်းပျက် သေစေရမယ်လို့ ကတိပေးတယ်"
"မင်းက စန်းဟိုင်ကျွန်းရဲ့ ကြယ်တစ်ရာဘုရင် ကျန်းချန်လား မင်းမှာ ဝူယွဲ့ကို လက်နက်ချစေဖို့အတွက် နည်းလမ်းတချို့ရှိမယ်လို့ ငါတကယ် မထင်ထားမိဘူး"
မာနန်က မထီမဲ့မြင်ပြုံး၍ ကျန်းချန်ကို လှမ်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ဒါပေမဲ့ ငါက ဝူယွဲ့မဟုတ်ဘူး.. ငါက နတ်ဆေးအဖွဲ့ဝင် ဖြစ်နေခဲ့ပြီ.. မင်းနတ်ဆေးအဖွဲ့ကို ဆန့်ကျင်ချင်လို့လား"
"နတ်ဆေးအဖွဲ့.."
နတ်ဆေးအဖွဲ့ဆိုသည်မှာ စန်းလန်အဖွဲ့အစည်း၏ အင်အားအကြီးဆုံး တပည့်အဖွဲ့ထဲမှ တစ်ဖွဲ့ ဖြစ်သည်။
နတ်ဆေးအဖွဲ့၏ခေါင်းဆောင် ရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏ နာမည်ကျော် အဂ္ဂိရတ်ပါရမီရှင်တစ်ဦး ဖြစ်၏။
စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် ပါရမီရှင်နှစ်ယောက်ကလွဲလျှင် ကြယ်တစ်ရာ ဘုရင်အဆင့် တပည့်ခြောက်ယောက်ကပင် ရှန့်ကွမ်းလဲ့ကို မျက်နှာသာပေးရ၏။
ဤကောင်လေးက နတ်ဆေးအဖွဲ့ကို ဂရုမစိုက်ဟု မာနန်အနေဖြင့် အမှန်တကယ် မယုံကြည်ခဲ့ပေ။
ကျန်းချန်က မာနန်နှင့် အပိုစကားများပြောရန် ပျင်းရိနေခဲ့သည်။
သူရဲ့ပုံရိပ်က လျှပ်တပြက်အတွင်း မာနန်၏ ခေါင်းထက်တွင် ပေါ်လာခဲ့ပြီး မာနန်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်၏။
"ဝုန်း"
မာနန် မြေပြင်ပေါ်သို့ လဲကျသွားသောအခါ ကျန်းချန်က ရိပ်ခနဲ ရောက်ရှိလာပြီး မာနန်၏ ရင်ဘတ်ကို ခြေဖြင့် ဆောင့်နင်းထားလိုက်၏။
"ကောင်လေး.. မင်းငါ့ကို ဒီလိုလုပ်ရဲတယ်ပေ့ါလေ.. နတ်ဆေးအဖွဲ့က မင်းကို ဘယ်တော့မှ အလွတ်ပေးတော့မှာ မဟုတ်ဘူး"
မာနန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် အလွန် မုန်းတီးသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ခြေထောက်ကို အနည်းငယ်ကြွကာ မာနန်၏ ရင်ဘတ်ကို နောက်တစ်ကြိမ် ဆောင့်နင်းချလိုက်သည်။
ထို့နောက် သူက မာနန်ကို မထီမဲ့မြင် လှမ်းကြည့်လိုက်သည်။
သူ၏ အမူအရာက ပို၍ အေးစက်လာခဲ့၏။
"အသုံးမကျတဲ့ လူတစ်ယောက် မဖြစ်ချင်ဘူးဆိုရင် နတ်ဆေးအဖွဲ့ရဲ့ အရှိန်အဝါကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့ .. မင်းလို နတ်ဆေးအဖွဲ့ရဲ့ ခွေးတစ်ကောင်လောက်ကို မပြောနဲ့ မင်းတို့ နတ်ဆေးအဖွဲ့ရဲ့ ခေါင်းဆောင် ရှန့်ကွမ်းလဲ့ ဆိုရင်တောင် ငါ့ကို စော်ကားရင် ကြီးမားတဲ့အဖိုးအခကို ငါက ပြန်လည် ပေးဆပ်စေမယ်.. မီးလျှံသားရဲကို ငါ့ဆီ ချက်ချင်းပြန်ပေးစမ်း.. ဒါက ငါမင်းကို ပေးနေတဲ့ နောက်ဆုံး အခွင့်အရေးပဲ"
သူရှေ့မှ နတ်ဆိုးဆန်သော လူငယ်ကို လှမ်းကြည့်ကာ အဆုံးသတ်တွင် မာနန်သည် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
"ခေါင်းဆောင်ကျန်း.. မီးလျှံသားရဲက ငါ့ဆီမှာ မရှိတော့ပါဘူး ငါက မီးလျှံသားရဲကို ရှန့်ကွမ်းလဲ့ဆီ လက်ဆောင်ပေးပြီး နတ်ဆေးအဖွဲ့ထဲကို ဝင်ခွင့်ရခဲ့တာပါ.. အခုနေ ငါ့ကို သတ်ရင်လည်း အသုံးမဝင်ပါဘူး ကျေးဇူးပြုပြီး ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"
မာနန်က မျက်နှာဖြူဖျော့စွာဖြင့် တောင်းပန်နေခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် နတ်ဆိုးတစ်ကောင် ဖြစ်၏။
သူ့အနေဖြင့် တောင်းပန်ခြင်းမပြုခဲ့လျှင် မသေလျှင်ပင် အသုံးမကျသည့် လူတစ်ယောက် ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
"မင်းက ငါ့ရဲမီးလျှံသားရဲကို တခြားတစ်ယောက်ဆီလက်ဆောင်အဖြစ် ပေးရဲတယ်ပေါ့လေ"
ကျန်းချန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူက မာနန်ကို ချက်ချင်းဆိုသလို ကန်ကျောက်လိုက်၏။
သူက မာနန်ဘက်သို့ တစ်ချက်လေးပင် လှည့်မကြည့်တော့ဘဲသူ၏ အကြည့်ကို ဝူယွဲ့ဆီသို့ ပြောင်းလဲလိုက်သည်။
ယင်းနောက်တွင် သူ၏ အေးစက်စက်အသံသည် ခြံဝင်းထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့သည်။
"ဝူယွဲ့.. မင်းနတ်ဆေးအဖွဲ့ဆီ သွားပြီး ရှန့်ကွမ်းလဲ့ကို မီးလျှံသားရဲ ငါ့ဆီပြန်ပေးဖို့ တောင်းဆိုလိုက်.. ငါသူ့ကို အချိန်တစ်နာရီပဲပေးမယ်.. တစ်နာရီအတွင်းမီးလျှံသားရဲ ငါ့ရှေ့မှာ ပေါ်လာတာကို ငါမြင်ချင်တယ်.. ဒီလိုမှ မဟုတ်ရင်တော့ နောင်တတရားက ဘာလဲဆိုတာ သူ့ကို ပေးသိရလိမ့်မယ်"
အခန်း(၆၈၂)ပြီး၏။
အခန်း(၆၈၃)
ကျန်းချန်က ဝမ်ယွမ်အဖွဲ့ကို သိမ်းပိုက်နေစဥ် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့်များ နေထိုင်သောနေရာရှိ နတ်ဆေးအဖွဲ့၏ နေအိမ်ခြံဝင်း တစ်ခုတွင် အဖြူရောင် အဂ္ဂိရတ်ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူငယ် တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေခဲ့သည်။
ထိုလူငယ်က တခြားသူ မဟုတ်ပေ၊ နတ်ဆေးအဖွဲ့၏ ခေါင်းဆောင် ရှန့်ကွမ်းလဲ့ ဖြစ်၏။
ရှန့်ကွမ်းလဲ့၏ နံဘေးမှမီတာ အနည်းငယ်အကွာတွင် မီတာအတော်လေး မြင့်မားသည့် မီးလျှံသားရဲကြီး တစ်ကောင်သည် ဒေါသတကြီး ဆက်တိုက် အော်ဟစ်နေခဲ့သည်။
ကျန်းချန်သာ ဤနေရာသို့ရောက်လာလျှင် ထိုသားရဲကြီးသည် သူ၏ မီးလျှံသားရဲမှန်း ချက်ချင်း သိသွားလိမ့်မည် ဖြစ်၏။
ဤအချိန်တွင် မီးလျှံသားရဲသည် တစ်စုံတစ်ရာသော မှော်စွမ်းအားဖြင့် ချုပ်နှောင်ခံထားရပုံရ၏။
မည်မျှပင် ရုန်းကန်ပါစေ ထိုစွမ်းအား၏ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ ခက်ခဲနေခဲ့သည်။
မီးလျှံသားရဲ အဆက်မပြတ် ရုန်းကန်နေစဥ်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်သည် လက်ဟန် စည်းတံဆိပ်များဖြင့် မီးလျှံသားရဲကို ဆက်တိုက် ထိုးနှက်နေခဲ့သည်။
အချိန်မည်မျှကြာသွားလည်း မသိရပေ၊ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာသည် ဖြူဖျော့လာခဲ့ပြီး နဖူးကနေ ချွေးများလည်း တသွင်သွင် စီးကျနေခဲ့၏။
"ဝေါင်း.."
ထိုအချိန်တွင် မှော်အစွမ်းဖြင့် ချုပ်နှောင်ခံထားရသော မီးလျှံသားရဲသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"ကျန့်ဟူ.. ဘာဖြစ်လို့လဲ.."
ထိုမြင်ကွင်းကိုမြင်လျှင် ရှန့်ကွမ်းလဲ့သည် မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
ကျန့်ဟူ ဟုအမည်ရသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"ခေါင်းဆောင် ဒီမီးလျှံသားရဲရဲ့ အရင်ပိုင်ရှင်က သားရဲသခင်ဖြစ်နိုင်တယ်.. သူ့ရဲ့အဆင့်က ကျွန်တော့်အောက် မနိမ့်လောက်ဘူး.. မီးလျှံသားရဲဆီမှာ သူချန်ထားရစ်ခဲ့တဲ့ စိတ်ဝိညာဥ် အမှတ်အသားကို ကျွန်တော် မချိုးဖျက်နိုင်ဘူး"
"မင်းတောင် ဒီမီးလျှံသားရဲကို မထိန်းချုပ်နိုင်ဘူးလား"
ကျန့်ဟူ၏ စကားကိုကြားလျှင် ရှန့်ကွမ်းလဲ့သည် အံ့အားသင့်သွားခဲ့သည်။
ကျန့်ဟူသည် ပဉ္စမအဆင့်၊အဆင့်မြင့် သားရဲသခင် ဖြစ်ပြီး ဆဋ္ဌမအဆင့်သို့ ရောက်ရန် တဆင့်သာလိုအပ်တော့သည်။
မီးလျှံသားရဲ၏ယခင်ပိုင်ရှင်အဆင့်သည် ကျန်းဟူထက်ပင် ပိုမြင့်ခဲ့လျှင် ဆဋ္ဌမအဆင့် သားရဲသခင် ဖြစ်နိုင်သည် မဟုတ်ပါလော..
သို့သော်လည်း မီးလျှံသားရဲကို သူ့ဆီသို့ ပေးခဲ့သည့် မာနန်သည် မီးလျှံသားရဲ၏ယခင်ပိုင်ရှင်က စန်းဟိုင်ကျွန်းမှ တပည့်သစ် တစ်ယောက်သာ ဖြစ်သည်ဟု ပြောခဲ့သည်။
စန်းဟိုင်ကျွန်းမှ တပည့်သစ် တစ်ယောက်သည် ဆဋ္ဌမအဆင့် သားရဲသခင် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
"စန်းဟိုင်ကျွန်းလို နေရာမှာ ဒီလိုပါရမီရှင်တစ်ယောက် ဘယ်လိုလုပ်ပြီး မွေးဖွားနိုင်မှာလဲ"
ရှန့်ကွမ်းလဲ့ အနည်းငယ် အံ့အားသင့်နေစဥ်မှာပင် သူ့ညီမ ရှန့်ကွမ်းဖုန်းသည် ခြံဝန်းအပြင်ကနေ ဒေါသတကြီး ခြေဆောင့်၍ ဝင်လာခဲ့သည်ကို တွေ့လိုက်ရသည်။
"အစ်ကို...ညီမလေး အနိုင်ကျင့်ခံခဲ့ရတယ်.. ညီမလေး အတွက်လက်စားချေပေးပါ"
ရှန့်ကွမ်းဖုန်းက ခြံဝင်းထဲကို ရောက်သည်နှင့် ရှန့်ကွမ်းလဲ့ကို တိုက်ရိုက် ငိုယိုကာ တိုင်တန်းလိုက်သည်။
"ဖုန်းအာ မင်းဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ"
ရှန့်ကွမ်းလဲ့က သူ့ညီမ၏ ဖရိုဖရဲ ဖြစ်နေသည့် ပုံစံကိုမြင်လျှင် မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့သည်။
"ငါ့ကိုပြောစမ်း..မင်းကို ဘယ်သူက နာကျင်အောင် လုပ်လိုက်တာလဲ"
သူရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏ ရွှေရောင်တပည့်များ ကြားတွင် နာမည်ကျော်တစ်ယောက် အဖြစ် သတ်မှတ်ခံရပြီး သူ့ကို မျက်နှာသာမပေးရဲသည့်သူ မရှိသလောက်ပင်။
သူ၏အရှိန်အဝါကြောင့် နတ်ဆေးအဖွဲ့ဝင်များကိုပင် စန်းလန်အဖွဲ့အစည်း၏ တပည့်များသည် မစော်ကားရဲကြပေ။
ထို့ကြောင့် သူ၏ အချစ်ဆုံးညီမလေး ရှန့်ကွမ်းဖုန်းသည် မင်းသမီးတစ်ပါးနှင့်ပင် ဆင်တူ၏။
သို့သော်လည်း ယခုအခါတွင် တစ်စုံတစ်ယောက်သည် သူ၏ ညီမလေးကို ဒဏ်ရာရစေခဲ့ပြီ ဖြစ်သည်။
ဤသည်က သူရှန့်ကွမ်းလဲ့ကို မျက်လုံးထဲပင် မထည့်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
"အစ်ကို ညီမလေးကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူက ကျန်းချန်လို့ခေါ်တဲ့ ရွှေရောင်တပည့် အဆင့်တစ်ယောက်ပဲ.. သူက ဝိညာဥ်စုစည်းခြင်းခန်းမရဲ့ တတိယထပ်မှာ ရှိတဲ့ ကျောက်တုံးစင်မြင့်ကို သိမ်းပိုက်ခဲ့တဲ့အပြင် ညီမလေးကို ဒဏ်ရာလည်း ရစေခဲ့တယ်"
ရှန့်ကွမ်းဖုန်းက ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
"ညီမလေး အဲဒီကောင်ကို ညီမလေးရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခိုင်းစေချင်တယ်"
"ညီမလေး ပြောတဲ့ ကျန်းချန်က စန်းဟိုင်ကျွန်းက ကြယ်တစ်ရာဘုရင်အသစ်လား"
ထိုခဏတွင် ရှန့်ကွမ်းလဲ့၏ မျက်လုံးများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ အေးစက်စက်အသံသည် ခြံဝင်းထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"ဟမ့်..ကြယ်တစ်ရာဘုရင် အသစ်ကများ ငါရှန့်ကွမ်းလဲ့ကို ဆန့်ကျင်ရဲတယ်ပေါ့လေ.. ဖုန်းအာ ဘာမှစိတ်မပူနဲ့.. အစ်ကို အဲဒီကောင်ကို ကြီးမားတဲ့ အဖိုးအခ ပေးဆပ်စေမယ်"
အခန်း(၆၈၃)ပြီး၏။
အခန်း(၆၈၄)
ကျန်းချန်ကို ရှန့်ကွမ်းလဲ့သည် မျက်လုံးထဲပင် မထည့်ပေ။
ကြယ်တစ်ရာဘုရင်ဆိုသည်မှာ စန်းလန်အဖွဲ့အစည်းတွင် ထူးခြားသောပါရမီရှင် ဖြစ်သော်လည်း သူ၏ အရှိန်အဝါကြော င့်အနည်းငယ်မျှပင် ကြောက်ရွံ့မည် မဟုတ်ပေ။
ဆိုရလျှင် နောက်ခံအခြေအနေ လုံးဝမရှိသည့် စန်းဟိုင်ကျွန်းမှကြယ်တစ်ရာဘုရင်သာ ဖြစ်သည်မဟုတ်ပါလော။
စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင် ၆ယောက်ပင် သူရှန့်ကွမ်းလဲ့ကို အနိုင်မကျင့်ရဲကြပေ။
သို့ဖြစ်ရာ စန်းဟိုင်ကျွန်းမှ ကျန်းချန်က သူ့ညီမကို အနိုင်ကျင့်ရဲသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် မဟုတ်ပါလား။
"ကျန့်ဟူ မီးလျှံသားရဲကို မင်းနဲ့ထားခဲ့မယ်.. င့ါညီမ ရှန့်ကွမ်းဖုန်းကို အနိုင်ကျင့်ရဲတဲ့ ကျန်းချန်မှာ ဘယ်လိုစွမ်းရည်တွေ ရှိနေလည်းဆိုတာ ငါကြည့်ချင်တယ်"
ရှန့်ကွမ်းလဲ့၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူကရှန့်ကွမ်းဖုန်းကို ခြံဝန်းအပြင်ဘက်သို့ ခေါ်သွားခဲ့သည်။
သို့သော် ရှန့်ကွမ်းလဲ့ ခြံဝန်းအပြင်သို့ မရောက်ခင်မှာပင် နတ်ဆေးအဖွဲ့ဝင် တစ်ယောက်သည် အလျင်အမြန် ဝင်လာခဲ့သည်။
"ခေါင်းဆောင် စန်းဟိုင်အဖွဲ့ရဲ့ ဝူယွဲ့က ကျွန်တော်တို့ဆီကို ရောက်လာပြီး ခေါင်းဆောင်ရဲ့ မီးလျှံသားရဲကို သူတို့ခေါင်းဆောင်ရဲ့ မီးလျှံသားရဲ ဆိုပြီး ပြန်တောင်းနေတယ်"
ရှန့်ကွမ်းလဲ့က ခဏမျှ မှင်တက်သွားခဲ့ပြီးမှ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ဝူယွဲ့က ဝမ်ယွမ်အဖွဲ့ရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား ဘယ်အချိန်ကစပြီး စန်းဟိုင်အဖွဲဖြစ်သွားတာလဲ"
စန်းလန်အဖွဲ့အစည်း လက်အောက်ရှိ တပည့်အဖွဲ့များ၏ အခြေအနေကို ရှန့်ကွမ်းလဲ့သည် အလွန် ရှင်းရှင်းလင်းလင်း သိထားခဲ့ပြီ။
စန်းဟိုင်အဖွဲ့သည် စန်းဟိုင်ကျွန်းမှ ကြယ်တစ်ရာဘုရင် ကျန်းချန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းသစ် တစ်ဖွဲ့ဖြစ်သည်။
ဝူယွဲ့၏ ဝမ်ယွမ်အဖွဲ့သည် အင်အား သိပ်မကောင်းသော်လည်း စန်းဟိုင်အဖွဲ့နှင့် ယှဥ်လျှင် အဆပေါင်းများစွာ ပိုကောင်းနေသေး၏။
သို့သော်လည်း ယခုအခါတွင် ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင် ဝူယွဲ့သည် စန်းဟိုင်အဖွဲ့ဝင် ဖြစ်သွားခဲ့ချေပြီ။
"ဝူယွဲ့က ကြယ်တစ်ရာဘုရင် ကျန်းချန်ရဲ့ အလားအလာကြောင့် မှီခိုဖို့ ဆုံးဖြတ်ခဲ့တာများလား"
"အဲဒါတော့ ဒီလက်အောက်ငယ်သား မသိပါဘူး"
နတ်ဆေးအဖွဲ့ဝင်လူငယ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"ဒါပေမဲ့ ခေါင်းဆောင် အဲဒီဝူယွဲ့က အတော်လေးမာနကြီးတယ် သူက ခေါင်းဆောင်ကိုမှာလိုက်သေးတယ်"
"ဟုတ်လား သူကဘာမှာလိုက်လဲ"
ရှန့်ကွမ်းလဲ့က ပေ့ါပေါ့ပါးပါးပင် မေးလိုက်သည်။
"သူ..သူက ခေါင်းဆောင်ကို တစ်နာရီအတွင်း မီးလျှံသားရဲပြန်ပေးရမယ်လို့ပြောတယ်.. ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ခေါင်းဆောင်က နောင်တတရားက ဘာလဲဆိုတာ ခေါင်းဆောင်ကို သိစေရမယ်တဲ့"
နတ်ဆေးအဖွဲ့ဝင်၏ စကားကိုကြားလျှင် ရှန့်ကွမ်းလဲ့၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
"စန်းဟိုင်အဖွဲ့ရဲ့ ခေါင်းဆောင်က မောက်မာလှချည်လား"
ရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏နာမည်ကျော် အဂ္ဂိရတ်သခင်တစ်ဦးဖြစ်သည်။
သူက အသက်နှစ်ဆယ်မှာပင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြှင့်ခံခဲ့ရပြီး အနာဂတ်တွင် သတ္တမအဆင့် အဂ္ဂိရတ်သခင်ဖြစ်ရန် အလားအလာ အလွန်များ၏။
ရှန့်ကွမ်းလဲ့၏ ထူးချွန်သော အဂ္ဂိရတ်ပါရမီကြောင့် ရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်းတွင် အဆက်အသွယ် အလွန်ကျယ်ပြန့်သည်။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြှင့်ခံရပြီးကတည်းပင် ရှန့်ကွမ်းလဲ့ကို ဤကဲ့သို့ မျက်စိထဲပင် မထည့်သူ တစ်ယောက်မှ မကြုံခဲ့ဖူးပေ။
"ရှန့်ကွမ်းချီကို ချက်ချင်းအကြောင်းကြားပြီး ငါတို့အဖွဲ့ဝင်တွေနဲ့အတူ စခန်းတံခါးဝမှာ စောင့်ခိုင်းထားလိုက်.. ငါက သူ့ကိုစာရင်းရှင်းဖို့ ရှာချင်နေပေမဲ့ သူကိုယ်တိုင် တံခါးဝအထိ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး နောက်တစ်နာရီ အကြာမှာ သူငါ့ကို ဘယ်လိုမျိုးနောင်တရစေမလည်း ဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်"
ကျန်းချန်က ဝူယွဲ့ကို နတ်ဆေးအဖွဲ့ဆီ သတင်းပို့ရန် စီစဥ်ပြီးနောက်တွင် ခြံဝန်းထဲ၌ ကျင့်ကြံရန်အတွက် လျှို့ဝှက်အခန်းတစ်ခုကို ရှာတွေ့ခဲ့သည်။
ဤသို့ဖြင့် တစ်နာရီက အလျင်အမြန် ကုန်လွန်သွားခဲ့၏။
ကျန်းချန်က တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးပြု၍ အားနည်းနေသောအခြေအနေကနေ ပြန်လည်သက်သာလာခဲ့၏။
"အချိန်ကျပြီ ရှန့်ကွမ်းလဲ့ကို နောင်တရအောင်လုပ်ရမယ်"
ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီး နေရာမှထရပ်ကာ လျှို့ဝှက်ခန်းအပြင်ဘက်သို့ လျှောက်လာခဲ့သည်။
ထိုအခါ ကျန်းချန်က လျှို့ဝှက်အခန်း၏ တံခါးဝတွင် ဝူယွဲ့ကို မြင်လိုက်ရာ မေးခွန်းထုတ်လိုက်သည်။
"ရှန့်ကွမ်းလဲ့က မီးလျှံသားရဲကို ပြန်မပေးဘူးလား"
"မပေးဘူး ခေါင်းဆောင်"
ဝူယွဲ့က စိတ်ထဲကနေ ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
ရှန့်ကွမ်းလဲ့သည် စန်းလန်အဖွဲ့အစည်း၏ တပည့်များ ကြားထဲတွင် အရေးပါသူတစ်ဦး ဖြစ်သည်။
ကျန်းချန်၏ စကားတစ်ခွန်းထဲဖြင့် မီးလျှံသားရဲကို အဘယ်ကြောင့် ပြန်ပေးနိုင်ပါမည်နည်း။
"ဒီလိုဆိုမှတော့ နတ်ဆေးအဖွဲ့ကို ငါကိုယ်တိုင်သွားမယ်.. ငါကျန်းချန်ရဲ့ ပစ္စည်းကို ဘယ်သူမှ ယူပိုင်ခွင့်မရှိဘူး"
ကျန်းချန်က အေးစက်စက် ပြောလိုက်ပြီးနောက်တွင် လျှို့ဝှက်ခန်း၏ အဝကနေ တန်းတန်းမတ်မတ် လျှောက်ထွက်လာခဲ့သည်။
အခန်း(၆၈၄)ပြီး၏။