← Chapters

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

"ခေါင်းဆောင် နတ်ဆေးအဖွဲ့ရဲ့ခေါင်းဆောင် ရှန့်ကွမ်းလဲ့ကအရမ်းအင်အားကြီးပြီး စန်းလန်အဖွဲ့အစည်းရဲ့ တပည့်တွေကြားမှာတောင် အရမ်းမြင့်မားတဲ့ အဆင့်အတန်းရှိတယ်"

ဝူယွဲ့က ခဏမျှ တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်။

"ခေါင်းဆောင်အနေနဲ့ ဒီကိစ္စကို ကျော်သွားလိုက်ရင် ကောင်းမယ်လို့ထင်တယ်"

ကျန်းချန်က အင်အားကြီးသော်လည်း စန်းလန်အဖွဲ့အစည်းရှိ ကြယ်တစ်ရာဘုရင် အနည်းငယ်ထဲမှ တစ်ယောက်သာ ဖြစ်သည်။

ထို့ပြင် ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်ခဲ့သည်မှာ မကြာသေးပေ။

သူ၏လက်ရှိစွမ်းရည်ဖြင့် ရှန့်ကွမ်းလဲ့ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

ရှန့်ကွမ်းလဲ့သာ အမှန်တကယ် ဒေါသထွက်သွားလျှင် သူပါရော၍ ပျက်စီးသွားမည့် အခြေအနေကို ဝူယွဲ့ စိုးရိမ်နေမိသည်။

"နတ်ဆေးအဖွဲ့မကလို့ ဘာအဖွဲ့ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. မင်းကြောက်နေရင် စန်းဟိုင်အဖွဲ့ကနေ ထွက်သွားလိုက်"

ကျန်းချန်က ဝူယွဲ့ကို အေးစက်စက် ကြည့်လိုက်ပြီးနောက်တွင် ချာကနဲလှည့်ထွက်ကာ ဝူယွဲ့၏မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

"မသိနားမလည်တဲ့သူက ကြောက်ရွံ့မှုမရှိဘူးဆိုတာ သိပ်မှန်တာပဲ.. ရှန့်ကွမ်းလဲ့နဲ့ စာရင်းရှင်းဖို့ မင်းဘယ်ကနေ သတ္တိရလာသလဲ ဆိုတာ ငါတကယ်သိချင်မိတယ်.. မင်းကို ငါသတိပေးခဲ့ပြီးပြီ...သေမင်းခံတွင်းဝဆီ မင်းကိုယ်တိုင်သွားပြီးမှ တခြားသူတွေကို အပြစ်မတင်နဲ့.. ရှန့်ကွမ်းလဲ့.. မင်းငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်"

ထွက်ခွာသွားသည့် ကျန်းချန်၏ နောက်ကျောကို လှမ်းကြည့်ကာ ဝူယွဲ့၏မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ကျန်းချန်ကို မလွဲမရှောင်သာ လက်နက်ချခဲ့ရသည်။

ထို့ကြောင့် သူ၏ နှလုံးသားထဲတွင် ကျန်းချန်အပေါ်၌ မုန်းတီးနေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် နတ်ဆေးအဖွဲ့၏ ခေါင်းဆောင် ရှန့်ကွမ်းလဲ့ကို စိန်ခေါ်လိုက်ပြီ ဖြစ်၏။

ယင်းမှာ သူ့ကို ဝမ်ယွမ်အဖွဲ့အား ထိန်းချုပ်ရန် အခွင့်အရေး ပေးလိုက်သည်နှင့် အတူတူပင် မဟုတ်ပါလား။

ကျန်းချန်ကို ရှန့်ကွမ်းလဲ့က ရှင်းလင်းလိုက်သ၍ သူ့အနေဖြင့်ဘာမှ စိုးရိမ်စရာမရှိတော့ပေ။

အချိန်တန်၍ သူက ဝမ်ယွမ်အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်းလျှင် မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။

"ခေါင်းဆောင်.. ကျန်းချန်က အဖွဲ့ဝင်အားလုံးနဲ့အတူ နတ်ဆေးအဖွဲ့ကို သွားနေပြီ"

ထိုအချိန်တွင် ဆံပင်တိုနှင့် လူငယ်တစ်ယောက်သည် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

ထိုဆံပင်တိုနှင့် လူငယ်မှာ ဝူယွဲ့၏ ယုံကြည်စိတ်ချရသော လက်ထောက် ဖြစ်သည့် ဟန်တုံ ဖြစ်၏။

"ဒီကောင်က သေချင်နေတာပဲ.. ဒါတောင် နတ်ဆေးအဖွဲ့ကို သူနဲ့အတူတူ လိုက်သွားတဲ့သူ ရှိသေးတယ်လား"

ဝူယွဲ့က မထီမဲ့မြင်ပြုံးကာ မေးခွန်းထုတ်လိုက်သည်။

"ခေါင်းဆောင် စန်းဟိုင်ကျွန်းက တပည့်တွေက မဆိုင်းမတွပဲ ကျန်းချန်ရဲ့ နောက်ကို လိုက်သွားကြတယ်.. ဒါတင်မကဘူး ကျွန်တော်တို့ ဝမ်ယွမ်အဖွဲ့ရဲ့ ဒုခေါင်းဆောင် နှစ်ယောက်လည်း သူ့နောက်ကို လိုက်သွားခဲ့ပြီ"

"ဘာ.."

ဝူယွဲ့က အံ့အားသင့်သွားပြီး မျက်နှာက ချက်ချင်းပင် အရုပ်ဆိုးသွားခဲ့သည်။

ဟန်တုံပြောသည့် ဒုခေါင်းဆောင် နှစ်ယောက်သည် သူတို့ ဝမ်ယွမ်အဖွဲ့၏ ရွှေရောင်အဆင့် တပည့်နှစ်ယောက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

ထိုနှစ်ယောက်က ကျန်းချန်ကို အမှန်တကယ် သစ္စာခံသွားလိမ့်မည်ဟု ဝူယွဲ့ ဘယ်လိုမှ ထင်မထားခဲ့ပေ။

ဤတစ်ခေါက်တွင် ကျန်းချန်သည် နတ်ဆေးအဖွဲ့မှ ရှန့်ကွမ်းလဲ့ကိုပြသနာရှာရန်သွားရောက်နေ၏။

ဆိုရလျှင် ကျန်းချန်ထံ၌ အနိုင်ရရန် အခွင့်အရေးလုံးဝမရှိပေ။

"ဟန်တုံ အဲဒီနှစ်ကောင်က ဦးနှောက်ပျက်သွားတာများလား"

"ခေါင်း‌ဆောင် ဒုခေါင်းဆောင်နှစ်ယောက်က ပထမတော့ နတ်ဆေးအဖွဲ့ဆီ လိုက်သွားဖို့ အစီအစဥ်မရှိခဲ့ဘူး.. ဒါပေမဲ့ လျှိုလင်ကျူးလို့ခေါ်တဲ့ မိန်းကလေးနဲ့ စကား အနည်းငယ် ပြောပြီးတဲ့နောက်မှာ ချက်ချင်းဆိုသလို ကျန်းချန်ရဲ့ နောက်ကိုလိုက်သွားကြတယ်.. အဲဒီကောင် ကျန်းချန်က လုံးဝမရိုးရှင်းဘူး.. သူ့မှာ ဝှက်ဖဲတစ်ခုခု ရှိနေလိမ့်မယ်လို့ ကျွန်တော် သံသယရှိတယ်"

ဟန်တုံက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီကောင့်မှာ ဘယ်လိုလှည့်ကွက်တွေ ရှိနိုင်မှာလဲ.. ဒီကောင်ဘယ်လောက် တော်နေပါစေ.. ရှန့်ကွမ်းလဲ့နဲ့ ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"

ဝူယွဲ့က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော်တို့လည်း သူ့ကို အစက အထင်သေးခဲ့မိတာပဲ ဒါပေမဲ့ ရလဒ်က ဘယ်လိုမျိုး ထွက်လာလည်း ဆိုတာ ခေါင်းဆောင်လည်း သိပါတယ်.. ဒီကမ္ဘာမှာ မဖြစ်နိုင်တာ မရှိဘူးလို့ ကျွန်တော်ထင်တယ် ခေါင်းဆောင်"

ဟန်တုံက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။

ဟန်တုံ၏ စကားကိုကြားလျှင် ဝူယွဲ့သည် အချိန်အတော်ကြာတွေးတောနေခဲ့သည်။

ဝူယွဲ့သည် ဝမ်ယွမ်အဖွဲ့မှ ဒုခေါင်းဆောင် နှစ်ယောက် ဖြစ်သည့် ရွှေအဆင့်တပည့် နှစ်ယောက် အကြောင်းကို ကောင်းစွာနားလည်သည်။

ထို့နှစ်ယောက်သည် လင်းယုန်ကို မမြင်ဘဲ ယုန်ကို မပစ်သည့်သူများ ဖြစ်ကြသည်။

၎င်းတို့က အကျိုးအမြတ်မရှိဘဲ ကျန်းချန်၏နောက်ကို လွယ်လွယ်ကူကူ လိုက်မည့်သူများ မဟုတ်ကြပေ။

"ကျန်းချန်မှာ ရှန့်ကွမ်းလဲ့ရဲ့ အားသာချက်ကို အမှန်တကယ်ကိုင်တွယ်နိုင်တဲ့ နည်းလမ်း တကယ်ပဲ ရှိနေတာလား.. ငါတို့ နတ်ဆေးအဖွဲ့ဆီ သွားကြည့်ကြစို့"

ဝူယွဲ့က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ခြံဝင်းထဲက‌နေ လျင်မြန်စွာ ​ထွက်ခွာသွားခဲ့သည်။

အခန်း(၆၈၅) ပြီး၏။

အခန်း(၆၈၆)

နတ်ဆေးအဖွဲ့၏ နေအိမ်တံခါးဝတွင် နတ်ဆေးအဖွဲ့ဝင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဒါဇင်နှင့်ချီသော လူငယ်များသည် တံခါးဝရှေ့တွင် ရပ်နေခဲ့သည်။

ထိုလူငယ်များ၏ အရှိန်အဝါသည် အားမနည်းပေ။

အနိမ့်ဆုံးသူပင် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။

အရှေ့ဆုံးမှ ရှန့်ကွမ်းလဲ့နှင့် အနည်းငယ် ရုပ်ရည်ဆင်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့်ကို ရောက်ရှိနေပြီး ဝမ်ယွမ်အဖွဲ့၏ ခေါင်းဆောင် ဝူယွဲ့ထက် လုံးဝ မနိမ့်ပေ။

ထိုအနက်ရောင် ဝတ်စုံဝတ် လူငယ်က ရှန့်ကွမ်းချီ ဖြစ်ပြီး ရှန့်ကွမ်းလဲ့နှင့် ဆွေမျိုး တော်စပ်သူ ဖြစ်သည်။

ရှန့်ကွမ်းလဲ့ ထံမှ အမိန့်ကို ရရှိပြီးနောက်တွင် ရှန့်ကွမ်းချီသည်နတ်ဆေးအဖွဲ့မှ ထိပ်တန်းတပည့်အဖွဲ့ကို ဦးဆောင်ကာ တံခါးဝတွင် ကျန်းချန် ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

"အစ်ကိုချီ.. ဒီတစ်ခါ ခေါင်းဆောင်ရဲ့ တွက်ကိန်းမှားသွားပြီထင်တယ်.. ကျွန်တော့်စိတ်ထင် ကျန်းချန် ဆိုတဲ့ ငနဲ မလာရဲလောက်ဘူး"

ရှန့်ကွမ်းချီ၏ အနောက်မှ နတ်ဆေးအဖွဲ့ဝင် တစ်ယောက်က ပြောလိုက်သည်။

နတ်ဆေးအဖွဲ့ တည်ထောင်ကတည်းကပင် မည်သူမှ သူတို့ နတ်ဆေးအဖွဲ့ကို အကြီးအကျယ် ဒုက္ခမပေးရဲပေ။

ထို့အပြင် ကျန်းချန်သည် စန်းဟိုင်ကျွန်းလို အမှိုက်နယ်​မြေမှပေါ်ထွက်လာသော ရွှေရောင်အဆင့် တပည့် တစ်ယောက်သာ ဖြစ်ရာ သူတို့နတ်ဆေးအဖွဲ့ကို အဘယ်ကဲ့သို့ ရမ်းကားရဲပါမည်နည်း။

"တစ်နာရီ မကြာခင် ပြည့်တော့မယ်.. ခဏလောက် ထပ်စောင့်လိုက်ရအောင်"

ရှန့်ကွမ်းချီက လက်နှစ်ဖက်ကို နောက်ပစ်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

ကျန်းချန်က နတ်ဆေးအဖွဲ့၏ စခန်းဆီ လာရောက် ရမ်းကားရဲမည်ဟု ရှန့်ကွမ်းချီ မယုံကြည်ခဲ့သော်လည်း ရှန့်ကွမ်းလဲ့၏ အမိန့်ကို မချိုးဖောက်ရဲပေ။

မည်သို့ပင်ဖြစ်စေ သူက တံခါးဝတွင် တစ်နာရီ စောင့်ရလိမ့်မည် ဖြစ်သည် မဟုတ်ပါလား။

နတ်ဆေးအဖွဲ့၏ နေအိမ်တံခါးဝတွင် ရှန့်ကွမ်းချီတို့ လူစု အုပ်စုလိုက် ရပ်နေခြင်းသည် ဖြတ်သွားဖြတ်လာ တပည့် အများစု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ရှန့်ကွမ်းချီက လူအများကြီးကို နတ်ဆေးအဖွဲ့ရဲ့ နေအိမ်တံခါးဝမှာ စောင့်ခိုင်းထားတာ ဆိုတော့ နတ်ဆေးအဖွဲ့ကို ဘယ်သူကလာပြီး ဒုက္ခပေးမှာမို့လဲ"

"ပေါက်ကရတွေ.. ဒီစန်းလန်အဖွဲ့အစည်းမှာ ဘယ်သူက နတ်ဆေးအဖွဲ့ရဲ့ နေရာထိ လာပြီး ရမ်းကားရဲမှာလဲ"

"............"

အားလုံး စကားပြောနေစဥ်မှာပင် သူတို့နားထဲသို့ ခြေသံများ အလျင်အမြန် ပဲ့တင်ထပ်လာသည်။

ထိုခဏတွင် နတ်ဆေးအဖွဲ့၏ နေအိမ်ဆီ တန်းတန်းမတ်မတ် လျှောက်သွားနေတဲ့ အုပ်စုတစ်စုကို အားလုံးက တွေ့လိုက်ရသည်။

ရှေ့ဆုံးမှလူမှာ မီးလျှံသားရဲကို တောင်းရန် ရှန့်ကွမ်းလဲ့ဆီ ရောက်လာခဲ့သည့် ကျန်းချန် ဖြစ်သည်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် အားလုံးသည် မျက်လုံးပြူးကာ အံ့အားသင့်သွားကြ၏။

"တကယ်ပဲ နတ်ဆေးအဖွဲ့ရဲ့ စခန်းကို ဒုက္ခပေးမဲ့သူ ရှိနေတာလား"

---------------------

"ကောင်လေး.. မင်းက စန်းဟိုင်ကျွန်းကနေ ရောက်လာတဲ့ ကြယ်တစ်ရာဘုရင်အသစ် မဟုတ်လား"

ရှန့်ကွမ်းချီက သူ့ဆီ လာနေသည့် ကျန်းချန်တို့ အဖွဲ့ကို လှမ်းကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"ငါတို့ နတ်ဆေးအဖွဲ့ကို လာရဲလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"

ရှန့်ကွမ်းချီ၏ စကားကို ကြားလျှင် ပတ်ဝန်းကျင်ရှိ ပရိသတ်များသည် အံ့အားသင့်သွားကြ၏။

"စန်းဟိုင်ကျွန်းကနေ ကြယ်တစ်ရာဘုရင်အသစ် ထွက်ပေါ်ခဲ့တယ်လို့ ကြားတယ်.. သူက ငါ့တို့ အရှေ့က ကောင်လေးလား"

"ဒီကောင်လေးကို အရမ်းသတ္တိရှိတယ်လို့ ထင်ခဲ့တာ.. သူက စန်းလန် အဖွဲ့အစည်းကို အခုမှ ဝင်လာတဲ့ လူသစ်တစ်ယောက် ဖြစ်နေတာပဲ"

"အခုမှ စန်းလန် အဖွဲ့အစည်းကို ရောက်လာတဲ့ ကြယ်တစ်ရာဘုရင်အသစ်က နတ်ဆေးအဖွဲ့ကို ဆန့်ကျင်ချင်နေတယ်လား.. ဒီကောင်လေးက အကောင်းအဆိုးကို နားမလည်တဲ့ပုံပဲ"

"..........."

ကြယ်တစ်ရာဘုရင်သည် စန်းလန်အဖွဲ့အစည်း၏ ထူးချွန်သော ပါရမီရှင် အနည်းငယ်ထဲက တစ်ယောက် ဖြစ်သည်။

ကြီးပြင်းလာသည့် ကြယ်တစ်ရာဘုရင် ဆိုလျှင် ရှန့်ကွမ်းချီနှင့် စကားပြောဖို့ အရည်အချင်း ရှိနိုင်၏။

ယခု သူတို့ရှေ့မှ ကောင်လေးကမူ ယခုမှသာ စန်းလန်ဂိုဏ်းသို့ ရောက်ရှိလာသည့် ကြယ်တစ်ရာဘုရင် အသစ် ဖြစ်သည်။

ဤအချိန်တွင် ရှန့်ကွမ်းလဲ့နှင့် ရင်ဆိုင်ရန် မလုံလောက်သေးပေ။

ပတ်ဝန်းကျင်မှ လူများ၏ မထီမဲ့မြင်ပြုမှုနှင့် လှောင်ပြောင်မှုများသည် ကျန်းချန်၏ အမူအရာကို အနည်းငယ်မျှပင် မပြောင်းလဲစေခဲ့ပေ။

သူက ရှန့်ကွမ်းချီကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။

သူ၏ ခပ်ထေ့ထေ့ ရယ်သံသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့၏။

"ဟားဟား.. မင်းတို့ နတ်ဆေးအဖွဲ့က နဂါးသိုက်နှင့် ကျားသိုက်မှ မဟုတ်တာ.. ငါဘာလို့ ငါ မလာရဲရမှာလဲ"

"အပို စကားတွေ မပြောချင်ဘူး.. မင်းကို ဆယ်မိနစ်ပေးမယ်၊ ရှန့်ကွမ်းလဲ့ကို ထွက်လာပြီး ငါ့ကို လာတွေ့ခိုင်းလိုက်"

အခန်း(၆၈၆) ပြီး၏

အခန်း(၆၈၇)

ကျန်းချန်၏ မောက်မာသော စကားသံကို ကြားလျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် တစ​ပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

စန်းလန်အဖွဲ့အစည်းကို ယခုမှ ဝင်လာသည့် လူသစ်တစ်ယောက်က နတ်ဆေးအဖွဲ့၏ နေအိမ်ကို ရောက်လာပြီး ရှန့်ကွမ်းလဲ့ကို ထွက်တွေ့ခိုင်းနေသည် မဟုတ်ပါလား။

အားလုံးက အံ့အားသင့်မှုကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ မျက်လုံးထဲတွင် ကရုဏာ သက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။

မသိသည့်သူများသည် တကယ်ပဲ အကြောက်အလန့် မရှိဟူသော စကားအတိုင်းပင်၊ ဤကောင်လေးသည် စန်းလန်အဖွဲ့အစည်း၏ တပည့်များကြားတွင် နတ်ဆေးအဖွဲ့က မည်မျှ ကြောက်စရာကောင်းသော အဖွဲ့အစည်း ဖြစ်သည်ကို သိပုံမရပေ။

ဤကောင်လေးလို ယခုမှ တိုးမြှင့်ခံထားရသည့် ကြယ်တစ်ရာ ဘုရင်အသစ်တစ်ယောက် မပြောနှင့်၊ စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ရွှေရောင်အဆင့် တပည့်များ ဖြစ်သည့် ကြယ်တစ်ရာဘုရင် ခြောက်ယောက်ပင် နတ်ဆေးအဖွဲ့ဆီ လာပြီး မရမ်းကားရဲချေ။

ထို့ကြောင့် ယခု ဤကောင်လေး၏ အပြုအမူသည် သေခြင်းတရားကို လက်ယပ်ခေါ်သည်နှင့် မခြားပေ။

"ဟမ့်.. ကျန်းချန်.. မင်းက ကြယ်တစ်ရာဘုရင် ဖြစ်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ် မြင့်မြတ်တယ်လို့ ထင်နေလား"

"မင်း ဘယ်သူပဲဖြစ်ဖြစ် နတ်ဆေးအဖွဲ့မှာ ရမ်းကားရဲရင် ငါတို့နတ်ဆေးအဖွဲ့က ကြီးမားတဲ့ အဖိုးအခ ပေးဆပ်စေမယ်"

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် ရှန့်ကွမ်းချီ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အနောက်မှ နတ်ဆေးအဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။

"နတ်ဆေးအဖွဲ့ဝင်တို့.. တိုက်"

နတ်ဆေးအဖွဲ့ဝင်များ၏ အရှိန်အဝါသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။

သူတို့အားလုံးက လက်နက်များကို ဝှေ့ယမ်းပြီး ကျန်းချန်တို့လူစုဆီ အမဲဖျက်ရန် ပြေးဝင်လာကြ၏။

"လွင့်စင်စမ်း"

ကျန်းချန်က ပြေးဝင်လာတဲ့ နတ်ဆေးအဖွဲ့ဝင်များကို စူးစိုက်ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဓားဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံသော နယ်ပယ်ခွန်အားနှင့် နဂါးမီးတောက် အရှင်သခင် ခန္ဓာကိုယ်၏ သွေးစွမ်းအားကို ဖော်ထုတ်လိုက်၏။

"ဝုန်း"

ကျန်းချန်၏ ဓားဆန္ဒ လွှမ်းမိုးမှုအောက်တွင် နတ်ဆေးအဖွဲ့ဝင်များသည် နှစ်ပေသုံးပေ တိုက်ရိုက် ဆုတ်ခွာသွားရသည်။

အားအနည်းဆုံး နှစ်ယောက် သုံးယောက်ကမူ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်ကနေ သွေးအနည်းငယ် ထွက်ကျလာခဲ့၏။

ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့သောအရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာ၏။

ထို့အပြင် ပတ်ဝန်းကျင်တွင် ကြည့်နေသော လူတိုင်းကလည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။

"နောက်ဆုတ်စမ်း"

နတ်ဆေးအဖွဲ့ဝင် ဆယ်ယောက်ကျော်က ကျန်းချန်၏ ကြုံးဝါးသံကို ကြားသည်နှင့် ရှေ့ဆက် မတိုးရဲဘဲ နောက်ဆုတ်သွားခဲ့၏။

သိထားရမည်မှာ နတ်ဆေးအဖွဲ့ဝင်များသည် အနည်းဆုံး စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်ကို ရောက်ရှိနေသည့် ထိပ်တန်းတပည့်များ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် စကားတစ်ခွန်းဖြင့်ပင် စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်မှ ထိပ်တန်း တပည့်များကို နောက်ဆုတ်စေခဲ့၏။

"ဒါ.. ဒါက တကယ်ပဲ လူသစ်တစ်ယောက် စွမ်းဆောင်နိုင်တဲ့ အရာလား"

"ကြယ်တစ်ရာဘုရင်ဆိုရင်တောင် ဒီလောက်ထိ မွန်းစတား မဆန်းသင့်ဘူး"

"ဒီကောင်လေးရဲ့ အင်အားက ဘယ်လိုလုပ် ဒီလောက်ထိ အားကောင်းနေရတာလဲ"

သူ၏လူများက ကျန်းချန်ကို ကြောက်ရွံ့နေသည်ကို မြင်လျှင် ရှန့်ကွမ်းချီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

စန်းလန်အဖွဲ့အစည်းထဲကို မကြာခင်ကမှ ဝင်ရောက်လာသည့် ကြယ်တစ်ရာဘုရင်ရဲ့ အင်အားသည် ရှန့်ကွမ်းချီ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။

ထိုကောင်လေး ထံမှ ပေါက်ကွဲထွက်လာသော ဓားဆန္ဒနှင့် သွေးစွမ်းအားကို သူပင် တုန်လှုပ်ချောက်ချားသလို ခံစားနေရသည်။

"ကျန်းချန်.. မင်းလို စန်းလန် အဖွဲ့အစည်းကို သိပ်မကြာခင်ကမှ ဝင်လာတဲ့ လူသစ် တစ်ယောက်အနေနဲ့ ဒီလို တိုက်ခိုက်ရေးစွမ်းအားမျိုး ရှိမယ်လို့ ငါ မထင်ထားဘူး.. ဒါက တကယ်ပဲ ငါ့ကို အံ့အားသင့်စေတယ်"

ရှန့်ကွမ်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်၏။

"ဒါပေမဲ့ ဒီလို အစွမ်းအစ ရှိရင်တောင် မင်းအနေနဲ့ ငါတို့ နတ်ဆေးအဖွဲ့မှာ ရမ်းကားဖို့ အခွင့်အရေး မရှိသေးဘူး"

ကျန်းချန်က အေးစက်စက် အကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ဆဋ္ဌမအဆင့် သွေးနဂါးဓားသည် သူ့လက်ထဲတွင် ပေါ်ပေါက်လာ၏။

မကြာခင်မှာပင် ကျန်းချန်သည် လက်ထဲမှ သွေးနဂါးဓားဖြင့် ရှန့်ကွမ်းချီကို ချိန်ရွယ်လိုက်သည်။

သူ၏ အေးစက်စက် အသံသည် လေထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။

"ရှန့်ကွမ်းချီ.. မင်းနဲ့ ဒီမှာ အပိုစကားတွေ ပြောဖို့ ငါ စိတ်မဝင်စားဘူး"

"မင်း ရှန့်ကွမ်းလဲ့ကို ထွက်လာခိုင်းလိုက်.. မဟုတ်ရင် ငါ့လက်ထဲက ဓားကို အသုံးပြုပြီး နတ်ဆေးအဖွဲ့ကို ဝင်ရှာရတော့မယ်"

အခန်း(၆၈၇) ပြီး၏

All Chapters