အခန်း (၇၀၃-၇၀၅)
Vol. 47 Ch. 703-705
"ဘာသဘောမှမဟုတ်ဘူး.. ဒီညီငယ််လေးကို မင်းတို့နှစ်ယောက် အနိုင်ကျင့်တာ ကြည့်မနေနိုင်လို့ပဲ"
ကျောက်ယွိလုံက အေးစက်စက် ပြုံး၍ ပြောလိုက်သည်။
စန်ယာက ကျန်းချန်ကို အဘယ်ကြောင့် ရှာဖွေနေမှန်း သူ မသိသော်လည်း ကျောက်ယွိလုံသည် အဂ္ဂိရပ်ပညာရပ်နှင့် သိုင်းပညာ နှစ်မျိုးလုံးတွင် အလွန်ထူးခြားသည့် ပါရမီရှင် အသစ် ကျန်းချန်ကို အလွန် အထင်ကြီးမိသည်။
သူ့အနေဖြင့် ကျန်းချန်ကို ကူညီခြင်းသည် ပြိုင်ဘက် စန်းယာကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသာမက ကျန်းချန်လို အလားအလာရှိသည့် ကြယ်ပွင့်အသစ်နဲ့လည်း မိတ်ဆွေဖွဲ့နိုင်မည် ဖြစ်ရာ ဤကဲ့သို့ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်မည့် အခွင့်အရေးကို အဘယ်ကြောင့် မလုပ်ဘဲ နေရပါမည်နည်း။
"ကျောက်ယွိလုံ.. ငါ မင်းနဲ့ ရင်းနှီးလာတာ ကြာပြီ.. မင်း ဘာလုပ်နေလဲဆိုတာ ငါသိတယ်"
"ငါ့ဘာသာ ဘာလုပ်လုပ် မင်းကို ငါက ဂရုစိုက်နေရမှာလား"
စန်းယာ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခုသည် အလွန်အမင်း တောက်ပလာသည်။
ထို့နောက် လေထုကိုပင် ခဲသွားစေနိုင်သည့် အေးစက်သော အရှိန်အဝါတစ်ခုသည် ချက်ချင်းဆိုသလို ကျောက်ယွိလုံ ဆီသို့ ဦးတည်ပျံ့နှံ့သွားခဲ့၏။
"ဟားဟား စန်းယာ.. ငါ ကျောက်ယွိလုံက ဒီနေ့ ငါလုပ်ချင်တာကို လုပ်မယ်.. မင်းဝင်ရှုပ်ရင်တော့ ဒီအဖေက မင်းနဲ့ ကစားပေးရတာပေါ့"
ကျောက်ယွိလုံက ရယ်မော၍ ပြောလိုက်သည်။
ချက်ချင်းဆိုသလို ပတ်ဝန်းကျင် လေထု၏ အပူချိန်ကို ရုတ်တရက် တိုးမြင့်လာစေသည့် ပူပြင်းသောအရှိန်အဝါက ကျောက်ယွိလုံ ထံကနေ ထွက်ပေါ်လာ၏။
"ဝုန်း"
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ နှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားပြီး မမြင်နိုင်သော အရှိန်အဝါလှိုင်းများသည် ချက်ချင်းပင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။
မကြာခင်မှာပင် နှစ်ယောက်စလုံးက ခြေနှစ်လှမ်း သုံးလှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော စန်းလန်တပည့်များသည် လေထဲတွင် ပျံ့နှံ့နေသော လေလှိုင်းများကြောင့် တုန်လှုပ်သွားကြ၏။
အားနည်းသော တပည့်အချို့သည် မျက်နှာများပင် အလွန် ဖြူဖျော့သွားကြသည်။
"စန်းယာ.. မင်းက သိပ်ပြီး မတိုးတက်လာတဲ့ပုံပဲ.. မင်းရဲ့ အင်အားက ဒီလောက်ပဲ ရှိတာလား"
စန်းယာကို လှမ်းကြည့်ရင်း ကျောက်ယွိလုံက ခနဲ့လိုက်သည်။
"ဟမ့်.. ကျောက်ယွိလုံ.. မင်း မာန်တက်မနေနဲ့"
"မင်းကို သုံးနှစ်လုံး ဖိနှိပ်ထားနိုင်မှတော့ တစ်သက်လုံးလည်း ဖိနှိပ်ထားနိုင်တယ်.. မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ၊အချိန်တန်ရင် မင်းက အရှုံးသမားပဲ မဟုတ်လား"
စန်းယာက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်ရေရွတ်လိုက်သည်။
ထို့နောက် ယခင်ကထက် ပိုမို အားကောင်းသည့် အရှိန်အဝါ တစ်ခု ထပ်မံ ပေါက်ကွဲထွက်လာခဲ့၏။
"ဂျိန်း"
စန်ယာက နောက်တစ်ချီ တိုက်ခိုက်တော့မည့်အချိန်တွင် ကွင်းပြင်ထဲ၌ ရုတ်တရက် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
အားလုံးက အသံထွက်ပေါ်လာရာဆီ လှမ်းကြည့်လိုက်ရာ ပိတ်ထားသော အင်ပါယာခန်းမ၏ တံခါးက နောက်ဆုံးတွင် ဖြည်းညင်းစွာ ပွင့်လာသည်ကို တွေ့လိုက်ရ၏။
"ဟားဟား.. အင်ပါယာခန်းမ ဖွင့်ပြီကွ"
"ပြီးခဲ့တဲ့နှစ်က အင်ပါယာပိုင်နက်စွမ်းအားရဲ့ ဖိနှိပ်မှုအောက်မှာ ငါ ခြေလှမ်းငါးဆယ်ပဲ လှမ်းနိုင်ခဲ့တယ်.. ဒီနှစ် ဘယ်လောက် လှမ်းနိုင်မလဲ မသိဘူး"
"ဟားဟား...ဒီတစ်ခေါက်တော့ ခြေလှမ်းတစ်ရာကို ကျော်ဖြတ်ပြီး တကယ့် အင်ပါယာပိုင်နက် စွမ်းအားကို ခံစားဖို့ အင်ပါယာခန်းမထဲကို ဝင်ရမယ်"
"............."
အင်ပါယာခန်းမတံခါး ဖွင့်လှစ်သည်နှင့် မရေမတွက်နိုင်သော စန်းလန် တပည့်များသည် အင်ပါယာခန်းမဆီ အလျင်အမြန် ပြေးဝင်သွားကြသည်။
"ကျောက်ယွိလုံ.. ဒီနေ့ ကိစ္စကို နောက်တစ်ရက်မှ မင်းနဲ့ ရှင်းမယ်"
အင်ပါယာခန်းမ ဖွင့်လှစ်သည်ကို မြင်လျှင် စန်းယာက ကျောက်ယွိလုံနဲ့ ဆက်လက် မတိုက်ခိုက်လိုတော့ပေ။
သူ့ပုံရိပ်က ချက်ချင်းပင် အနက်ရောင်အရိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အင်ပါယာခန်းမ၏ တံခါးဆီ ဦးတည်သွားခဲ့သည်။
ထိုအချင်းအရာကို မြင်လျှင် ကျောက်ယွိလုံကလည်း အားကျမခံပင် ချက်ချင်းဆိုသလို အင်ပါယာခန်းမဆီ ဦးတည်လိုက်၏။
တခဏအတွင်း ဘုရင်အဆင့် ပါရမီရှင် တပည့်နှစ်ယောက်နှင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက် အပါအဝင် စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးသည် အင်ပါယာခန်းမ၏ တံခါးဆီ အလျင်အမြန် ပြေးသွားကြသည်။
"ငါတို့လည်း သွားကြစို့"
သူ့ရှေ့မှ အခြေအနေကို မြင်လျှင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ လျှိုလင်ကျူးတို့နှင့်အတူ အင်ပါယာခန်းမဆီသို့ ပြေးလွှားလာကြသည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်တို့သည် အင်ပါယာ ခန်းမနှင့် ခြေလှမ်းတစ်ရာအကွာသို့ ရောက်လာခဲ့ပြီး အင်ပါယာခန်းမ၏ အစီအရင် လွှမ်းခြုံမှုအောက်ကို ရောက်ရှိသွားကြသည်။
မမြင်နိုင်သော ဖိအားတစ်ခုသည် လေထဲကနေ သက်ရောက်လာပြီး ထိုကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြောင့် စန်းဟိုင်အဖွဲ့၏ အားနည်းသော အဖွဲ့ဝင်အချို့သည် ရုတ်တရက် အသက်ရှူမဝသော ခံစားချက်ကို ခံစားလိုက်ရ၏။
အခန်း(၇၀၃) ပြီး၏
အခန်း(၇၀၄)
အင်ပါယာပိုင်နက်စွမ်းအား။
ဤသည်မှာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျော်လွန်နေသည့် အင်အားတစ်ခု ဖြစ်သည်။
စန်းဟိုင်အဖွဲ့ဝင်များ၏ ကျင့်ကြံခြင်း အဆင့်သည် ယေဘုယျအားဖြင့် နိမ့်ကျပြီး အဖွဲ့ဝင် အများစုသည် စန်းလန်အဖွဲ့အစည်းကို ယခုမှ ဝင်လာသည့် လူသစ်များသာ ဖြစ်၏။
အင်ပါယာပိုင်နက်စွမ်းအား၏ အစွန်အဖျားဖိအားအနည်းငယ်ကိုပင် သူတို့အားလုံးသည် တောင့်ခံရန် အခက်အခဲရှိနေခဲ့သည်။
အလွန်လျင်မြန်စွာပင် အားနည်းသော တပည့်အချို့သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် သူတို့၏ အကန့်အသတ်ကို ရောက်ရှိသွားကြသည်။
သူတို့က ခန်းမကနေ ထွက်ပေါ်လာသည့် ကြီးမားသော ဖိအားကို မခံနိုင်တော့ဘဲ ရှက်ရွံ့စွာဖြင့် နောက်ဆုတ်သွားကြ၏။
စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုက အင်ပါယာပိုင်နက်စွမ်းအား၏ အစွန်အဖျား ဖိအားကို တောင့်ခံရန် ရုန်းကန်နေရသော အချိန်တွင် ကျန်းချန်သည် ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ အင်ပါယာခန်းမ၏ တံခါးဆီသို့ လျှောက်သွားခဲ့သည်။
အင်ပါယာခန်းမ အပြင်ဘက်ရှိ ဖိနှိပ်မှုအင်အားသည် သူ့အပေါ် သိပ်ပြီး သက်ရောက်မှု မရှိသည်မှာ ထင်ရှားနေ၏။
ထို့အပြင် သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သူ့စိတ်ထဲ၌ သာယာသော သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ အစွန်အဖျား ဖိနှိပ်မှုကို ခံယူပြီး လေဆန္ဒ အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ အစွန်အဖျား ဖိနှိပ်မှုကို ခံယူပြီး လေဆန္ဒ အတွေ့အကြုံရမှတ် ၁၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"............."
သူ့စိတ်ထဲမှ အဆက်မပြတ် မြည်နေသည့် အသံကို ကြားလျှင် ကျန်းချန်က ဝမ်းသာသွားခဲ့သည်။
အင်ပါယာခန်းမထဲမှ အင်ပါယာပိုင်နက် စွမ်းအားတွင် လေဆန္ဒတတိယအဆင့် စွမ်းအားပါဝင်နေသည်မှာ ထင်ရှား၏။
ထို့ကြောင့် သူက အင်ပါယာပိုင်နက် စွမ်းအား၏ အစွန်အဖျား ဖိအားအောက်တွင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လေဆန္ဒ ဒုတိယအဆင့်၏ အတွေ့အကြုံရမှတ်များကို ရရှိနိုင်ခဲ့သည်။
သူက ခန်းမနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ သူရရှိသည့် အတွေ့အကြုံ ရမှတ်တွေကလည်း ဆက်တိုက် တိုးတက်လာခဲ့၏။
ဤအတိုင်းသာ ဆက်ဖြစ်နေလျှင် လေဆန္ဒ တတိယအဆင့်ကို မချိုးဖြတ်နိုင်လျှင်ပင် ဒုတိယအဆင့်၏ ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိသွားနိုင်ပေသည်။
ကျန်းချန်က ပတ်ဝန်းကျင်အခြေအနေကို အာရုံစိုက်ရင်း အေးအေးဆေးဆေး လမ်းလျှောက်ကာ ရှေ့ကို ဆက်သွားနေခဲ့သည်။
အင်ပါယာခန်းမ အပြင်ဘက်ရှိဖိအားသည် ဘုရင်အဆင့် ပါရမီရှင် တပည့်နှစ်ယောက်နှင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက်တို့ အပေါ် သက်ရောက်မှု မရှိသလောက်ပင်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူတို့သည် ခန်းမအပြင်ဘက်ရှိ ခြေလှမ်းတစ်ရာ အကွာအဝေးကို ကျော်ဖြတ်ပြီး အင်ပါယာခန်းမ၏ အတွင်းထဲသို့ ဝင်ရောက်သွားကြသည်။
ထိုရှစ်ယောက်၏ နောက်မှ အင်အားကြီးမားသော ရွှေရောင်တပည့် အချို့သည်လည်း ခြေလှမ်းတစ်ရာ အကွာအဝေးကို ကျော်ဖြတ်ကာ အင်ပါယာခန်းမထဲကို ဝင်ရောက်သွားကြသည်။
အားနည်းသော တပည့်အများစုကိုမူ ခန်းမထဲမှ ပိုမို အားကောင်းသော ဖိအားသည် တဖြည်းဖြည်း ဖယ်ထုတ်သွားခဲ့သည်။
တပည့်တစ်ဦး ဖယ်ထုတ်ခံရတိုင်းတွင် ကျန်းချန်သည် အင်ပါယာခန်းမ အထက်ရှိ ကြီးမားသော ကျောက်စာတိုင်တွင် နာမည်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
သို့သော် ကျောက်စာတိုင်တွင် ပြသထားသော ရလဒ်သည် အဆင့်နိမ့် တပည့်များသာ ဖြစ်ရာ ကျန်းချန်က စိတ်မဝင်စားခဲ့ပေ။
သူက သူ၏ ကိုယ်ပိုင် စည်းချက်အတိုင်းပင် ဆက်သွားနေခဲ့ပြီး အင်ပါယာခန်းဆီ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားနေခဲ့သည်။
သူ၏ လေဆန္ဒကလည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့၏။
ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ ဖိနှိပ်မှုကို ခံယူပြီး လေဆန္ဒ အတွေ့အကြုံရမှတ် ၈၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ ဖိနှိပ်မှုကို ခံယူပြီး လေဆန္ဒ အတွေ့အကြုံရမှတ် ၈၁၀ကို အဆ၁၀၀ ရရှိပါတယ်"
"............."
"ဒင်.. သင့်ရဲ့ လေဆန္ဒက ဒုတိယအဆင့်ရဲ့ နှောင်းပိုင်း နယ်ပယ်အထိ ရောက်ရှိသွားပါပြီ"
ခြေလှမ်းရှစ်ဆယ်ကျော် ဆက်တိုက် လျှောက်လာပြီးနောက်တွင် ကျန်းချန်၏ လေဆန္ဒသည် အဆုံးသတ်တွင် ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရန် တစ်ဆင့်သာလိုတော့၏။
သူ့တွင် အဆတစ်ရာ စနစ်ရှိသောကြောင့် အင်ပါယာပိုင်နက်စွမ်းအားသည် သူ့အပေါ် အလွန် အကျိုးများစေခဲ့သည်။
ခန်းမအပြင်ဘက်မှာပင် ဤမျှလောက် ကြီးမားသည့် အတွေ့အကြုံရမှတ်ကို ရရှိနိုင်သည် ဖြစ်ရာ ခန်းမထဲကို ဝင်ပြီးသည့်နောက်တွင် သူ၏ လေဆန္ဒက မည်သည့် အတိုင်းအတာ အထိ တိုးတက်လာနိုင်မလဲ ဆိုသည်ကို သူ တကယ် မသိတော့ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အင်ပါယာခန်းမ၏ တံခါးဆီ ဆက်လက် လျှောက်သွားခဲ့သည်။
အခန်း(၇၀၄) ပြီး၏
အခန်း(၇၀၅)
အချိန်တွေက တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် နောက်ဆုံး ဆယ်လှမ်းကို ကျော်ဖြတ်သွားခဲ့ပြီး အင်ပါယာခန်းမ၏ တံခါးဝကို ရောက်လာခဲ့၏။
ထိုအချိန်တွင် အင်ပါယာခန်းမထဲကို ဝင်သွားပြီး မျက်နှာဖြူဖျော့စွာဖြင့် ခန်းမကနေ ပြန်ထွက်လာသည့် တပည့်အချို့ပင် ရှိနေခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်တွင် ရှိသည့် တပည့်အချို့ပင် အင်ပါယာခန်းမထဲကနေ မျက်စိတစ်မှိတ် အတွင်း ရှက်ရွံ့စွာဖြင့် ပြန်ထွက်လာခဲ့ရ၏။
အင်ပါယာခန်းမထဲရှိ အင်ပါယာပိုင်နက်စွမ်းအား၏ ဖိအားက အပြင်ဘက်နှင့် အဆင့်တူ မဟုတ်သည်မှာ ထင်ရှားနေသည်။
စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် တပည့်များသည် ခြေလှမ်းတစ်ရာ အကွာအဝေးကို ကျော်ဖြတ်ကာ အင်ပါယာခန်းမ ထဲကို ဝင်နိုင်ခဲ့သော်လည်း ခန်းမထဲရှိ ဖိအားကို ရင်ဆိုင်ရသောအခါတွင် သုံးစက္ကန့်ပင် မခုခံနိုင်ခဲ့ပေ။
စွမ်းအင်သိပ်သည်းခြင်း ပဥ္စမအဆင့် ဖြစ်သည့် ရွှေရောင်တပည့် ဝူယွဲ့ပင် မိနစ်အနည်းငယ်လောက်သာ နေနိုင်ခဲ့ပြီး နောက်ဆုတ်သွားခဲ့ရသည်။
ကျန်းချန်က အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး အင်ပါယာခန်းမထဲကို တိုက်ရိုက် လျှောက်ဝင်သွားခဲ့၏။
သူ အင်ပါယာခန်းမကို ခြေချလိုက်သည့် အချိန်မှာပင် အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် ထိုက်စန်းတောင်ကြီးလို ကျန်းချန်ကို ဖိနှိပ်လာခဲ့သည်။
ကျန်းချန်က ခန်းမထဲမှ ဖိအားကို ခုခံရန် ဓားဆန္ဒ ဒုတိယ အဆင့်၏ ပြီးပြည်စုံသော နယ်ပယ်ခွန်အားကို အလျင်အမြန် ထုတ်ဖော်လိုက်သည်။
"ဒင်.. သင်က အင်ပါယာပိုင်နက်စွမ်းအားရဲ့ ဖိနှိပ်မှုကြောင့် လေဆန္ဒ အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဘယ်လောက်တောင် အင်အားကြီးမားလိုက်တဲ့ ဖိအားလဲ.. အပြင်ဘက်က ဖိအားထက် အနည်းဆုံး သုံးဆလောက် ရှိတယ်ဟ"
ကျန်းချန်က အံ့အားသင့်သွားခဲ့၏။
ထိုသို့ ကျန်းချန်က အင်ပါယာခန်းမ၏ ဖိအားကြောင့် အံ့အားသင့်နေစဥ်မှာပင် ထက်မြသော အစိမ်းရောင် လေဓားတစ်ခုသည် ကျန်းချန်ရှေ့ရှိ လေထုကနေ တိုက်ရိုက် ဖောက်ထွက်လာခဲ့သည်။
အစိမ်းရောင်လေဓားနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။
သူက လေဆန္ဒကို ထုတ်ဖော်လိုက်ပြီး ချက်ချင်းပင် နေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
အစိမ်းရောင်လေဓားက ကျန်းချန်၏ ကျန်ရစ်ခဲ့သည့် ပုံရိပ်ကို ထိုးဖောက်သွားခဲ့ပြီးနောက် လေထဲမှာပင် အစအနမရှိ ပျောက်ကွယ်သွားခဲ့သည်။
ပျောက်ကွယ်သွားသည့် အပြာရောင်လေဓားကို လှမ်းကြည့်ရင်း ကျန်းချန် သက်ပြင်း မချနိုင်ခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အင်ပါယာပိုင်နက်စွမ်းအား၏ ဖိအားသည် သူ့ကို ထပ်မံ တိုက်ခိုက်လာပြန်သည်။
ကျန်းချန်က အင်ပါယာပိုင်နက် စွမ်းအား၏ ဖိအားကို အလျင်အမြန် ခုခံလိုက်၏။
သို့သော် ထိုအချိန်မှာပင် အပြာရောင် လေဓားတစ်ခုသည် ကျန်းချန်၏ အနောက်တွင် ရုတ်တရက် ပေါ်လာပြန်သည်။
ကျန်းချန်က ရှောင်တိမ်းဖို့ အချိန်မရှိတော့သောကြောင့် လေဓားကို ခုခံရန် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အသုံးပြုနိုင်တော့၏။
"ဝုန်း"
လေဓား၏ တိုက်ခိုက်မှုကို ခုခံရင်း ကျန်းချန်၏ ပုံရိပ်သည် မီတာအနည်းငယ်အကွာသို့ လွင့်စင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်၏ ရင်းနှီးသော အသံက ကျန်းချန်၏ စိတ်ထဲတွင် ပေါ်လာခဲ့၏။
"ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ ဖိနှိပ်မှုကနေ လေဆန္ဒ အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က အင်ပါယာပိုင်နက် စွမ်းအားရဲ့ အပြာရောင်လေဓား ဖိနှိပ်မှုကနေ မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် အတွေ့အကြုံရမှတ် ၃၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ကျန်းချန် မြေပြင်ကနေ ထရပ်လိုက်သည်။
သူ့မျက်လုံးထဲတွင် အလွန် တောက်ပသော အရိပ်အယောင်တစ်ခု လင်းလက်လာ၏။
ဤအင်ပါယာပိုင်နက် စွမ်းအားသည် လေဆန္ဒကို တိုးတက်စေရုံသာမက သူ၏ မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကိုပါ တိုးတက်စေခဲ့သည်။
အပြာရောင်လေဓားက မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်နည်းစနစ်ကို တိုးတက်စေနိုင်သောကြောင့် ကျန်းချန်က ရိုးရိုးရှင်းရှင်းပင် ဒူးထောက်ထိုင်လိုက်ပြီး မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို လေ့ကျင့်ရင်း အပြာရောင်လေဓားကို တိုက်ခိုက်ခွင့်ပေးလိုက်သည်။
သို့သော် ကျန်းချန်သည် သူ၏ အတွေးအများစုကို အင်ပါယာ ပိုင်နက်စွမ်းအား၏ ဖိအားကို ခုခံရန် အာရုံစိုက်ထား၏။
အင်ပါယာပိုင်နက်စွမ်းအား၏ ဖိအားနှင့် အပြာရောင်လေဓားများက အလှည့်ကျ တိုက်ခိုက်လာသည်နှင့် အမျှ ကျန်းချန်၏ လေဆန္ဒနှင့် မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်၏ အတွေ့အကြုံရမှတ်များသည် မြင့်တက်လာခဲ့သည်။
အချိန်မည်မျှကြာသွားသည် မသိပေ။
ကျန်းချန်၏ စိတ်ထဲတွင် နောက်ဆုံး၌ စနစ်၏ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင့်ရဲ့ လေဆန္ဒက ဒုတိယအဆင့် ပြီးပြည့်စုံသောနယ်ပယ်ကို ရောက်ရှိသွားပါပြီ"
အခန်း(၇၀၅) ပြီး၏