← Chapters

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

အခန်း (၆၉၁-၆၉၃)

Vol. 47 Ch. 691-693

"ဟားဟား..မင်းက ငါနဲ့ အဂ္ဂိရတ်ပညာရပ် ယှဥ်ပြိုင်မယ်ပေါ့.. ဟုတ်လား.. ကျန်းချန် မင်းက ငါ့ကို ဟိတ်ဟန်တွေ ထုတ်နေတာတော့ မဟုတ်ပါဘူးနော်.. ကောင်းပြီလေ.. မင်းအလောင်းအစား လုပ်ချင်တယ်ဆိုမှတော့ ငါက မင်းနဲ့အတူလိုက်ကစားပေးရမှာပေါ့"

ရှန့်ကွမ်းလဲ့က အေးစက်စက် ပြုံးလိုက်သည်။

သိုင်းပညာပါရမီအရ သူနှင့် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်းပါရမီရှင်များ ကြားတွင် အနည်းငယ် ကွာဟမှု ရှိနေနိုင်သည်။

အဂ္ဂိရတ်ပါရမီ အရဆိုလျှင်မူ စန်းလန်အဖွဲ့အစည်းတွင် မည်သူက သူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။

သူရှေ့မှကျန်းချန်သည် ထူးချွန်သော သိုင်းပညာပါရမီ ရှိသည့် ကြယ်တစ်ရာဘုရင်တစ်ယောက် ဖြစ်သည်။

ကျန်းချန်ကို အဂ္ဂိရတ်ပညာရပ်တွင် အနိုင်ရလျှင် ကြယ်တစ်ရာဘုရင်တစ်ယောက်ကို အနိုင်ရခြင်းနှင့် အတူတူပင်ဖြစ်၍ ရှန့်ကွမ်းလဲ့က ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့သည်။

"မင်းသဘောတူတယ်ဆိုရင် မီးလျှံသားရဲ နဲ့ စန်းလန်ဒင်္ဂါးကို အဂ္ဂိရတ်ခန်းမဆီ ယူလာခဲ့ပါ.. ငါအဂ္ဂိရတ်ခန်းမမှာ မင်းကိုစောင့်နေမယ်"

ကျန်းချန်က ထိုစကားကို ပြောပြီးနောက်တွင် စန်းဟိုင်အဖွဲ့ဝင်များနှင့်အတူ အဂ္ဂိရတ်ခန်းမဆီသို့ ထွက်သွားခဲ့သည်။

သူနှင့် ရှန့်ကွမ်းလဲ့တို့၏အဂ္ဂိရတ် တိုက်ပွဲတွင် အဆင့်မြင့်အဂ္ဂိရတ် ပစ္စည်းအများအပြား လိုအပ်သောကြောင့် သဘာဝကျစွာပင် အဂ္ဂိရတ်ခန်းမကိုသာ သွားရပေလိမ့်မည်။

ထို့အပြင် ရှန့်ကွမ်းလဲ့အနေဖြင့် ရှုံးနိမ့်မှုကို လက်ခံစေရန် အတွက် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲများကိုပါ သက်သေအဖြစ် ပြုလုပ်ခိုင်းရမည် မဟုတ်ပါလား။

"အစ်ကို.. ဒီကောင်စုတ်က ဘယ်လို ရှင်သန်ရမလည်းဆိုတာ မသိတဲ့ အရူးကောင်ပဲ.. ဒီကောင်စုတ်ကို တစ်ခါတည်း နှိမ်နင်းပစ်လိုက်ရမှာ.. အစ်ကိုက တကယ်ပဲ သူနဲ့ အဂ္ဂိရတ် ပညာရပ်ချင်း ယှဥ်ပြိုင်ဖို့ စဥ်းစားနေတာလား"

ထွက်ခွာသွားသည့် ကျန်းချန်၏ ကျောပြင်ကို လှမ်းကြည့်ကာ ရှန့်ကွမ်းဖုန်းက ဒေါသတကြီး ပြောလိုက်သည်။

"ဒီကောင်လေးက မောက်မာပေမဲ့ အတော်အသင့်တော့ စွမ်းရည်ရှိတယ်.. စန်းလန်အဖွဲ့အစည်းကို အခုမှ ဝင်လာတဲ့တပည့်အသစ် တစ်ယောက်မှာ ဓားချက် တစ်ချက်တည်းနှင့် ရှန့်ကွမ်းချီကို နောက်ဆုတ်စေနိုင်တဲ့ အင်အားရှိနေတယ်.. ဒါက သာမန်လူတွေ လုပ်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး.. ငါ့ကို အဂ္ဂိရတ်ပညာရပ်မှာ စိန်ခေါ်ရဲတဲ့သူ အရမ်းရှားတယ်.. သူက ငါနဲ့ယှဥ်ပြိုင်ချင်မှတော့ သူနဲ့ လိုက်ကစားပေးဖို့ အသင့်ပဲ"

ရှန့်ကွမ်းလဲ့က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သို့သော် ရှန့်ကွမ်းလဲ့သည် ကျန်းချန်၏ ခွန်အားကြောင့် အံ့အားသင့်သွားရသည်မှာတော့ အမှန်ပင်။

ဤကောင်လေး၏ အလားအလာဖြင့်ဆိုလျှင် ကြီးပြင်းလာသည်နှင့် စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင်တွေထဲတွင် မည်သူ့ထက်မှ မနိမ့်ကျမည်မှာ သေချာသလောက်ပင်

ဖြစ်၏။

နတ်ဆေးအဖွဲ့သည် စန်းလန် အဖွဲ့အစည်း၏ တပည့်အဖွဲ့များထဲတွင် အဆင့်မနိမ့်သော်လည်း အင်အားအကောင်းကြီးတော့ မဟုတ်ပေ။

ဆိုရလျှင် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ပါရမီရှင်များသည် သူ၏ ဆဋ္ဌမအဆင့်အဂ္ဂိရတ်သခင် ဟူသောဂုဏ်ပုဒ်ကြောင့်သာ သူ့ကို မျက်နှာသာပေးခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရှန့်ကွမ်းလဲ့သည် နတ်ဆေးအဖွဲ့ကို ကိုယ်စားပြုသည့် သိုင်းပါရမီရှင်တစ်ယောက်ကို ပျိုးထောင်ချင်ခဲ့သည်။

သို့ဖြစ်ရာ သူသည် ကျန်းချန်ကို သံသယဖြစ်စရာမလိုလောက်အောင်ပင် ရွေးချယ်ရန်အတွက် မျက်စိကျနေခဲ့သည်။

ထိုသို့သာ ဖြစ်လာခဲ့လျှင် ကျန်းချန် ကြီးပြင်းလာသည်နှင့်အမျှ သူ၏ စန်းလန်အဖွဲ့အစည်း တပည့်များကြားရှိ သြဇာအာဏာနှင့် ကျန်းချန်၏ သိုင်းအင်အားများကို ပေါင်းစည်းလိုက်လျှင် နတ်ဆေးအဖွဲ့သည် စန်းလန်အဖွဲ့တွင် အဆင့်မြင့်တပည့် အဖွဲ့အဖြစ် ပြောင်းလဲသွားလိမ့်မည်မှာ သေချာသည် မဟုတ်ပါလော..

"ရှန့်ကွမ်းချီ.. မီးလျှံသားရဲကိုခေါ်ပြီး အဂ္ဂိရတ်ခန်းမကို အမြန်လာခဲ့ဖို့ ကျန့်ဟူကို သွားအကြောင်းကြားလိုက်"

ရှန့်ကွမ်းလဲ့က ရှန့်ကွမ်းချီကို အမိန့်ပေးပြီးနောက်တွင် အဂ္ဂိရတ်ခန်းမ ဆီသို့ ထွက်သွားခဲ့သည်။

ရှန့်ကွမ်းလဲ့က အမှန်တကယ်ပင် အဂ္ဂိရတ်ခန်းမ ဆီသို့ သွားရောက်ပြီး ကျန်းချန်နှင့် အဂ္ဂိရတ်ပြိုင်ပွဲ ဆင်နွှဲတော့မည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အဂ္ဂိရတ်ခန်းမ ဆီသို့ ချီတက်သွားခဲ့ကြသည်။

သူတို့အားလုံးက ရှန့်ကွမ်းလဲ့ကို အားပေးရန်အတွက် ရှန့်ကွမ်းလဲ့နှင့် အတူတူ အဂ္ဂိရတ်ခန်းမ ဆီသို့ လိုက်လာခဲ့ကြသည်။

လမ်းပေါ်မှ လူအုပ်ကြီးသည် လမ်းတစ်လျှောက်ရှိ စန်းလန်အဖွဲ့အစည်းမှ တပည့်အများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်ဟု ခေါ်သည့် ကောင်လေးက ရှန့်ကွမ်းလဲနှင့် အဂ္ဂိရတ်ပညာရပ်ချင်း ယှဥ်ပြိုင်တော့မည်မှန်း သူတို့သိလိုက်ရသောအခါတွင် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

"ကျန်းချန် ဆိုတဲ့ကောင်က ရှန့်ကွမ်းလဲ့နဲ့ အဂ္ဂိရတ်ပညာရပ်ချင်းယှဥ်ပြိုင်မယ် ဟုတ်လား.. ဒီကောင် ဦးနှောက်ရော ကောင်းသေးရဲ့လား.. ဒီကျန်းချန်က ဘယ်သူလဲ.. ရှန့်ကွမ်းလဲ့ကိုတောင် စိန်ခေါ်ရဲတယ် ဆိုတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

"........"

လူအုပ်ကြီးကို တွေ့၍ မေးစမ်းပြီးနောက်တွင် သူတို့အားလုံးသည် လူအုပ်ကြီး နှင့်အတူ လိုက်ပါသွားခဲ့ကြသည်။

ဤသို့ဖြင့် ရှန့်ကွမ်းလဲ့ နောက်မှ လူအုပ်စုသည် တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး အဆုံးသတ်တွင် လူစုလူဝေးကြီး တစ်ခုပင် ဖြစ်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကျန်းချန် ဟူသောနာမည်သည် စန်းလန်အဖွဲ့အစည်းတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး စန်းလန်အဖွဲ့အစည်း တစ်ခုလုံးကိုပင် အံ့သြတုန်လှုပ်သွားစေခဲ့သည်။

အခန်း(၆၉၁)ပြီး၏။

အခန်း(၆၉၂)

စန်းလန်အဖွဲ့အစည်း၏ အဂ္ဂိရတ်ခန်းမ။

ကျန်းချန်က စန်းဟိုင်အဖွဲ့၀င်များကို ဦးဆောင်၍ အဂ္ဂိရတ်ခန်းမဆီသို့ လျှောက်ဝင်လာသောအခါ အဂ္ဂိရတ်ခန်းမထဲမှ လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။

အထူးသဖြင့် အဂ္ဂိရတ် ခန်းမကို တာဝန်ယူထားသည့် အကြီးအကဲ နှစ်ယောက်သည် ကျန်းချန်ကို မကြည်လင်သောမျက်နှာထားဖြင့် တိုက်ရိုက် အော်ငေါက်လိုက်သည်။

"ကောင်လေး ဒီလောက် လူအများကြီးကို အဂ္ဂိရတ်ခန်းမဆီ ခေါ်လာတာက ဘာအဓိပ္ပါယ်လဲ မင်းက လူစုလူဝေးကို ခေါ်လာပြီး အဂ္ဂိရတ်ခန်းမကို ဖျက်စီးမလို့လား "

အဂ္ဂိရတ်ခန်းမထဲသို့ ဆေးဖက်ဝင်ပစ္စည်းများ လဲလှယ်ရန် ရောက်နေသည့် စန်းလန်းအဖွဲ့အစည်း၏ တပည့်အချို့သည် ကျန်းချန်တို့အဖွဲ့ကို မကြည်လင်သော အကြည့်များဖြင့် လှမ်းကြည့်နေခဲ့ကြသည်။

အဂ္ဂိရတ်ခန်းမ။

ဤနေရာသည် စန်းလန်အဖွဲ့အစည်း၏ အမြင့်မြတ်ဆုံးသောနေရာများထဲမှ တစ်ခုဖြစ်သည်။

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲသည် စန်းလန်းအဖွဲ့အစည်း၏ ဂုဏ်ထူးဆောင် အကြီးအကဲသာမက သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဘုရင်အဆင့်အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်ပြီး အဌမအဆင့်ဖြစ်သည့် အင်ပါယာအဂ္ဂိရတ်သခင်အဆင့်သို့ ရောက်ရန် တစ်ဆင့်သာ လိုအပ်တော့သည်။

စန်းလန်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည့် စန်းဝူဟန်ပင် အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲကို ယဥ်ကျေးစွာ ဆက်ဆံရလိမ့်မည် ဖြစ်၏။

သူတို့ရှေ့မှ လူအုပ်စုအနေဖြင့် အဂ္ဂိရတ်ခန်းမကို ဒုက္ခပေးခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားပေ။

"အကြီးအကဲတို့ နှစ်ယောက် အထင်မှားနေပြီ.. ကျွန်တော်တို့ကဒီကို ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး "

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အံ့အားသင့်စရာ ကောင်းသောစကားကို ပြောလိုက်သည်။

"ကျွန်တော်နဲ့ ရှန့်ကွမ်းလဲ့က အဂ္ဂိရတ်ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့ ဒီမှာချိန်းဆိုထားတယ်.. ကျေးဇူးပြုပြီး အကြီးအကဲတွေက ကျွန်တော်တို့အတွက် စီစဥ်ပေးပါဦး "

"ဘာ"

"ဘယ်လို "

"ဒီကောင်လေးက ဘယ်ကလာတာလဲ.. ဦးနှောက်ရောကောင်းရဲ့လား "

"ဟားဟား.. နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်က စန်းလန်အဖွဲ့အစည်းရဲ့ အသက်အငယ်ဆုံး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်နဲ့ ယှဥ်ပြိုင်ဖို့ အိပ်မက်မက်နေတာပဲ.. ဒါက အရမ်းကို ရယ်စရာကောင်းတဲ့ ဟာသပဲ"

"........"

အားလုံးက ခေတ္တမျှ မှင်သက်သွားပြီးနောက်တွင် မထီမဲ့မြင်အမူအရာဖြင့် ကျန်းချန်ကို လှောင်ရယ်လိုက်ကြသည်။

"ကောင်လေး မင်း ငါ့ကိုနောက်နေတာလား.. ရှန့်ကွမ်းလဲ့က စန်းလန်းအဖွဲ့အစည်းရဲ့ နာမည်​ကျော် အဂ္ဂိရတ်သခင် တစ်ဦးပဲ.. သူက အသက် ၂၀အရွယ်မှာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ဖြစ်လာတယ်"

"မင်းက ဘာကောင်လဲ.. ရှန့်ကွမ်းလဲ့ နဲ့ ယှဥ်ပြိုင်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ "

အဂ္ဂိရတ်ခန်းမ အကြီးအကဲ နှစ်ယောက်က ကျန်းချန်ကို မထီတရီ ကြည့်ကာ ပြုံးလိုက်သည်။

သူတို့က ရှန့်ကွမ်းလဲ့၏ အဂ္ဂိရတ်ပညာကို သဘာဝကျစွာပင် ရှင်းရှင်းလင်းလင်း သိထားကြ၏။

စန်းလန် အဖွဲ့အစည်းမှာပင် ရှန့်ကွမ်းလဲ့နှင့် ယှဥ်ပြိုင်ရန် အရည်အချင်းရှိသူ အနည်းငယ်မျှသာ ရှိသည်။

သူတို့ကိုသတ်သွားလျှင်ပင် သူတို့ရှေ့မှ ဆံပင်ရှည်နှင့်ကောင်လေးက ရှန့်ကွမ်းလဲ့နှင့် အဂ္ဂိရတ်ပညာရပ်ခြင်း ယှဥ်ပြိုင်ရန် အရည်အချင်းရှိသည်ဟု ယုံကြည်မည် မဟုတ်ပေ။

"အကြီးအကဲတို့ သူက ကျွန်တော်နဲ့ အဂ္ဂိရတ်ပညာရပ်ခြင်း ယှဥ်ပြိုင်ဖို့ ခန်းမဆီကို လာခဲ့တာပါ.. အကြီးအကဲ နှစ်ယောက်က ကျွန်တော်တို့အတွက် ကျေးဇူးပြုပြိီး စီစဥ်ပေးဖို့ တောင်းဆိုပါတယ် "

ထိုအချိန်တွင် အဂ္ဂိရတ်ခန်းမ၏ တံခါး၀၌ တည်ကြည်လေးနက်သောအသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် လူအုပ်ကြီး ၀ိုင်းရံထားသည့် ရှန့်ကွမ်းလဲ့သည့် အဂ္ဂိရတ်ခန်းမထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့၏။

"လခွမ်း ဒီကောင်က တကယ်ပဲ ရှန့်ကွမ်းလဲ့နဲ့ အဂ္ဂိရတ်ပညာ ယှဥ်ပြိုင်ချင်နေတာပဲဟ "

ခန်းမထဲကို ဝင်လာသည့် ရှန့်ကွမ်းလဲ့ကို မြင်လျှင် ခန်းမထဲရှိ လူများသည် အံအားသင့်နေကြသည်။

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲ နှစ်ယောက်ပင် မယုံကြည်နိုင်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။

"ရှန့်ကွမ်းလဲ့ မင်းတကယ်ပဲ သူနဲ့ယှဥ်ပြိုင်မှာလား "

ရှန့်ကွမ်းလဲ့က အေးစက်သော အမူအရာဖြင့် ပြန်မေးလိုက်သည်။

"ကျွန်တော်က နောက်နေတယ်လို့ အကြီးအကဲတို့က ထင်နေလို့လား "

ရှန့်ကွမ်းလဲ့ထံမှ စကားကိုကြားလျှင် အကြီးအကဲနှစ်ယောက်သည် မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။

ထို့နောက်တွင် သူတို့၏ အထက်မှ အကြီးအကဲကို ချက်ချင်း အကြောင်းကြားလိုက်သည်။

သိပ်မကြာခင်မှာပင် ကြင်နာတတ်သော မျက်နှာထားရှိသည့် အစိမ်းရောင်၀တ်စုံဝတ် အဘိုးအို တစ်ယောက်သည် တပည့် နှစ်ယောက်နှင့် အတူ အဂ္ဂိရတ်ခန်းမ၏ ဒုတိယထပ်ကနေ ဆင်းလာခဲ့သည်််။

"ခုံးလောင်.. ကျွန်တော် ဒီနေ့ အဂ္ဂိရတ်ပြိုင်ပွဲတစ်ခု လုပ်ချင်တယ်.. ဒိုင်အဖြစ်ဆောင်ရွက်ပေးလို့ရမလား "

ရှန့်ကွမ်းလဲ့က ရှေ့သို့တိုးကာ အစိမ်းရောင်၀တ်စုံ၀တ် အဘိုးအိုကို ဦးညွှတ်၍ ပြောလိုက်သည်။

"ဒါက အသေးအဖွဲပါ တူလေးရှန့်ကွမ်း "

အစိမ်းရောင်၀တ်စုံ၀တ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။

"ဒါနဲ့ တူလေးရှန့်ကွမ်းကို စိန်ခေါ်တာ ဘယ်သူများလဲ "

"စိန်ခေါ်တယ် ဟုတ်လား "

ကျန်းချန်က အစိမ်းရောင်၀တ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် မဲ့ပြုံးပြုံးလိုက်သည်။

"အကြီးအကဲ မှားနေပြီ သူ့ကို ရှုံးနိမ့်တဲ့အရသာ ခံစားစေချင်လို့ ကျွန်တော် ဒီကို ရောက်လာတာပါ "

အခန်း(၆၉၂)ပြီး၏။

အခန်း(၆၉၃)

"လခွမ်း ဒီကောင်က ရှန့်ကွမ်းလဲ့ကို အရှုံးရဲ့အရသာ သိစေရမယ်လို့ ခြိမ်းခြောက်ရဲတယ်ဟ"

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် အဂ္ဂိရတ်ခန်းမထဲရှိ လူအားလုံးသည် စကားပင် မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားများ ဖြစ်သွားကြသည်။

"ဒီကောင် အတော် လေလုံးထွားတာပဲ"

"ရှန့်ကွမ်းလဲ့က စန်းလန်အဖွဲ့အစည်းရဲ့ အသက်အငယ်ဆုံး ဆဋ္ဌမအဆင့် အဂ္ဂိရတ်ပါရမီရှင်ပဲ.. မင်းလို နာမည်မရှိတဲ့လူငယ်လေး တစ်ယောက်က ရှန့်ကွမ်းလဲ့ကို ဘယ်လိုလုပ်ပြီး အရှုံးရဲ့ အရသာ ခံစားစေမှာလဲ

"လူငယ်တွေအနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် ဆိုတာကောင်းတဲ့အရာပဲ.. ဒါပေမယ့် ယုံကြည်မှု လွန်ကဲလွန်းရင်တော့ မကောင်းတော့ဘူး"

"တူလေး ရှန့်ကွမ်းက အဂ္ဂိရတ်ပညာရပ်မှာ အရမ်းပါရမီ ထူးချွန်တယ်.. နောင်တစ်ချိန်မှာ ငါတို့ စန်းလန် အဖွဲ့အစည်းရဲ့ အသက်အငယ်ဆုံး သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာမှာ သေချာသလောက်ပဲ"

"မင်းလို ကောင်လေးတစ်ယောက်ကများ.. တူလေးရှန့်ကွမ်းကို အဂ္ဂိရတ်ပညာရပ်မှာ အရှုံးရဲ့အရသာကို ခံစားစေမယ်တဲ့လား"

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို သည် ကျန်းချန်၏ မောက်မာသော စကားများကိုကြားလျှင် သူ၏ အိုမင်းသောမျက်ဝန်းထဲ၌ မနှစ်မြို့သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"သူ့ကို ကျွန်တော် ရှုံးနိမ့်အောင် လုပ်နိုင်ရင် အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ် အကြီးအကဲ "

ကျန်းချန်က အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို ရှင်းပြရင်း ပျင်းရိနေခဲ့သည်။

သူက ရှန့်ကွမ်းလဲ့ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ရှန့်ကွမ်းလဲ့ ငါတို့တွေ စလိုက်ကြစို့"

"မင်း ဒီလောက်တောင် စိတ်အားထက်သန်နေတော့လဲ စလိုက်ကြတာပေါ့"

ရှန့်ကွမ်းလဲ့ရဲ့ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

သူက အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို ဂါရဝပြုကာ ပြောလိုက်၏။

"အကြီးအကဲခုံး.. အကြီးအကဲက ပြိုင်ပွဲရဲ့ ဒိုင်ဆိုတော့ ပြိုင်ပွဲရဲ့ခေါင်းစဉ်ကို အကြီးအကဲပဲ သတ်မှတ်ပေးပါ "

"ကောင်းပြီ"

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက ခေါင်းညိမ့်လိုက်ပြီး မေးခွန်းနှင့် စည်းမျည်းများကို ချက်ချင်းပင် ပြောဆိုခဲ့သည်။

"ဒီနေ့ မင်းတို့နှစ်ယောက်ကို စစ်ဆေးမယ့် ခေါင်းစဉ်က ဆဋ္ဌမအဆင့်၊အခြေခံဆေးလုံး ဖြစ်တဲ့ ကျိလင်ရွှယ် ဆေးလုံးပဲ.. မင်းတို့နှစ်ယောက် ဆေးသန့်စင်ဖို့အတွက် ပစ္စည်းသုံးစုံစာစီ ငါပြင်ဆင်ပေးမယ်.. ကျိလင်ရွှယ် ဆေးလုံးကို ပိုပြီး သန့်စင်နိုင်တဲ့လူက ပြိုင်ပွဲကို အနိုင်ရလိမ့်မယ်.. အကယ်၍ ဆေးလုံးအရည်အတွက် တူနေရင်တော့ အချိန်နည်းနည်းနဲ့ သန့်စင်နိုင်တဲ့သူက အနိုင်ရလိမ့်မယ်"

ပြိုင်ပွဲ၏ မေးခွန်းကို ကြေညာပြီးနောက် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို မထီမဲ့မြင်ပြုံး၍ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး.. ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး​ မင်းဘယ်လိုသဘောရလဲ"

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲ တစ်ယောက် အနေဖြင့် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် စန်းလန်အဖွဲ့အစည်း၏ အဂ္ဂိရတ်သခင် အားလုံးကို သိသည်။

သူ့ရှေ့မှကောင်လေးသည် ရှန့်ကွမ်းလဲ့ထက်ပင် ၂နှစ်မျှငယ်ရွယ်ပုံ ရ၏။

ဤကောင်လေး၏ ပုံစံဖြင့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

သူ့အနေဖြင့် ဤမေးခွန်းကို မေးလိုက်သည်မှာ ကျန်းချန်က သူ့ကို အစောပိုင်းက မလေးမခန့်ပြုခဲ့၍ ကျန်းချန်ကို အနည်းငယ် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်စေလို၍ ဖြစ်သည်။

"သူ့ကို အရှုံးရဲ့အရသာကို ပေးသိဖို့ ကျွန်တော် ဒီကိုလာခဲ့တယ်လို့ အစောပိုင်းက ကျွန်တော်ပြောခဲ့သားပဲ.. မေးခွန်းက ဘယ်လိုပဲဖြစ်ဖြစ် သူအဆင်ပြေသရွှေ့ ကျွန်တော်အတွက် ဘာမှ ပြဿနာမရှိဘူး"

ကျန်းချန်က ရှန့်ကွမ်းလဲ့ကို ညွှန်ပြကာ​ ပေါ့ပေါ့ပါးပါးပါးပင်​ ပြောလိုက်သည်။

"ဟမ့်.. မင်းက တော်တော်လေး မောက်မာတာပဲ.. မင်းဘယ်အချိန်ထိ မောက်မာနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူက ကျန်းချန်နှင့် ရှန့်ကွမ်းလဲ့တို့ အတွက် လိုအပ်သည့် ဆေးပစ္စည်း သုံးစုံစီကို အလျင်အမြန် ပြင်ဆင်ခိုင်းလိုက်သည်။

"မင်းတို့အတွက် ကျိလင်ရွှယ်ဆေးရဲ့ လိုအပ်တဲ့ ဆေးဝါးပစ္စည်း သုံးစုံစာကို ပြင်ဆင်ပြီးပြီ.. ဘာပြဿနာမှမရှိဘူးဆိုရင် စလိုက်လို့ရပြီ"

အစိမ်းရောင် ဝတ်စုံဝတ် အဘိုး၏ စကားဆုံးသည်နှင့် ရှန့်ကွမ်းလဲ့က သိုလှောင်အိတ်ထဲကနေ သွေးနီရောင် စိတ်စွမ်းအင် ဆေးမီးဖိုကို အလျင်အမြန် ထုတ်ယူလိုက်သည်။

ကျိလင်ရွှယ်ဆေးလုံးသည် ဆဋ္ဌမအဆင့်၊ အခြေခံ ဆေးလုံးဖြစ်ပြီး သိုင်းသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများ၏ အင်အားကို မြှင့်တင်ရာတွင် အသုံးပြုသော ဆေးဝါး ဖြစ်သည်။

ရှန့်ကွမ်းလဲ့သည် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြင့်ခံရပြီးနောက်တွင် အများဆုံး သန့်စင်ခဲ့သည့် ဆဋ္ဌမအဆင့် ဆေးလုံးသည် ကျိလင်ရွှယ်ဆေးလုံး ဖြစ်သည်။

ထို့ကြောင့် သဘာဝကျစွာပင် ကျိလင်ရွှယ်ဆေးလုံး သန့်စင်သည့် အဆင့်များကို သူက အလွန်ပင် ကျွမ်းကျင်၏။

လိုအပ်သည့် ဆေးဝါးပစ္စည်းများကို စီစဥ်ပြီးနောက်တွင် ဆေးမီးဖို၏ အပူချိန်ကို စတင် ချိန်ညှိလိုက်သည်။

ထိုအခါ သူ၏ ဆန့်ကျင်ဘက်တွင် လှုပ်ရှားမှုမရှိ​ဘဲ ကျောက်ရုပ်ကြီးလို တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို မြင်လျှင် အံ့အားသင့်သော အရိပ်အယောင်များ သူ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့၏။

"ကျန်းချန်.. မင်း ဘာလို့ မစသေးတာလဲ "

"မင်းအရမ်းကြီးရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားမှာကို ငါမလိုလားလို့ပါ"

ကျန်းချန်က လက်နှစ်ဖက် နောက်ပစ်ကာ တည်ငြိမ်သော အမူအရာဖြင့်ပြောလိုပ်သည်။

"ငါ့အတွက် စိတ်မပူပါနဲ့.. မင်းကို ဆေးလုံး တစ်လုံးစာ အကျောပေးရင်တောင် မင်းငါ့ကို ဘယ်လိုမှနိုင်မှာမဟုတ်ဘူး"

အခန်း(၆၉၃) ပြီး၏။

All Chapters