အခန်း (၆၉၄-၆၉၆)
Vol. 47 Ch. 694-696
"ဟားဟား ဒီကောင်က တကယ့်ဟာသကောင်ပဲ.. ရှန့်ကွမ်းလဲ့ရဲ့ ရှေ့မှာတောင် ဟိတ်ဟန်ထုတ်ရဲသေးတယ်..ရှန့်ကွမ်းလဲ့ကို အကြောပေးရအောင် သူ့ကိုယ်သူ သတ္တမအဆင့် အဂ္ဂိရတ်သခင်လို့များ ထင်နေလားမသိဘူး "
" ........"
ကျန်းချန်၏ စကားကိုကြားလျှင် အားလုံးက လှောင်ရယ်လိုက်ကြသည်။
သူတို့အားလုံးက အဂ္ဂိရတ်သခင်များ မဟုတ်သော်လည်း ဆဋ္ဌမအဆင့် ဆေးလုံးကို သန့်စင်ရန် မလွယ်ကူမှန်း ကောင်းစွာ သိထားကြသည်။
နာမည်မရှိသည့် ဆံပင်ရှည်နှင့် ကောင်လေးက အဂ္ဂိရတ်ပါရမီရှင် ဖြစ်သည့် ရှန့်ကွမ်းလဲ့ကို သူတို့ရှေ့တွင် အကျောပေးနေခဲ့သည်။
"ဒီကောင် ဦးနှောက်ပျက်နေတာပဲ ဖြစ်ရမယ်.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အစွန်းရောက်လွန်းရင် အမှန်တကယ် ကုလို့မရဘူး "
အစိမ်းရောင်၀တ်စုံ၀တ် အဘိုးအိုသည် ကျန်းချန်ကို မထီမဲ့မြင်ပြုံး၍ ကြည့်လိုက်သည်။
ကျိလင်ရွှယ်ဆေးလုံးသည် ဆဋ္ဌမအဆင့်၊ အခြေခံဆေးလုံးဖြစ်သည်။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ပင် အနည်းဆုံးနာရီဝက်ကြာ သန့်စင်ရ၏။
တစ်နည်းအားဖြင့် ကျန်းချန်သည် ရှန့်ကွမ်းလဲ့ကို အကျောပေးခဲ့လျှင် နာရီဝက်ကျော်ပို၍ အချိန် လိုအပ်လိမ့်မည် ဖြစ်သည်။
ဤကောင်လေးက ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် အမှန်တကယ် ဖြစ်ပြီး အဂ္ဂိရတ်ပညာတွင် ရှန့်ကွမ်းလဲ့ထက် မနိိမ့်လျှင်ပင် ဤအဆင့်ကို ရောက်ရှိရန် လုံး၀ မဖြစ်နိုင်ပေ။
ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ကို မပြောနှင့် သူကိုယ်တိုင် သန့်စင်လျှင်ပင် ရှန့်ကွမ်းလဲ့ကို အကျောပေးပါက နာရီဝက် ဟူသောအချိန်ကို အပြည့်အဝ ပြန်လည် အမီလိုက်နိုင်မည် မဟုတ်ပေ။
ထို့အပြင် ဆေးလုံးကို အလျင်အမြန် သန့်စင်လျှင် ဆေးလုံး၏ အရည်အသွေးကလည်း သိသိသာသာ လျော့ကျသွားလိမ့်မည် ဖြစ်၏။
ထို့ကြောင့် အစိမ်းရောင်၀တ်စုံဝတ် အဘိုးအို၏ မျက်လုံးထဲတွင် ဤအဂ္ဂိရတ်ပြိုင်ပွဲ၌ သေချာပေါက် ရှုံးနိမ့်မည့်လူမှာ ကျန်းချန်သာ ဖြစ်သည်။
"ကျန်းချန် မင်းငါ့ရှေ့မှာ မောက်မာရဲမှတော့ မင်းမှာ မောက်မာနိုင်လောက်တဲ့ အရည်အချင်းရှိမရှိ ငါကြည့်ချင်သေးတယ်.. ငါအဂ္ဂိရတ်ပညာကို စတင်ထိတွေ့ကထဲက ရွယ်တူတွေကြားမှာ ပြိုင်ဘက်ဆိုတာ ခပ်ရှားရှားပဲ.. မင်းက ဘာကောင်မို့လို့ ငါ့ရှေ့မှာ မောက်မာရဲတာလဲ "
ရှန့်ကွမ်းလဲ့သည် သူ့ကို သောက်ဂရုမစိုက်သည့် ကျန်းချန်၏ စကားလုံးများကြောင့် လုံး၀ကို ဒေါသထွက်နေခဲ့သည်။
သူက အသက်သုံးနှစ်တွင် အဂ္ဂိရတ်ပညာရပ်ကို စတင်ထိတွေ့ခဲ့ပြီး ငါးနှစ်အရွယ်မှာပင် ပထမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာခဲ့သည်။
အသက်ဆယ့်ငါးနှစ် အရွယ်တွင် စတုတ္ထအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြှင့်ခံခဲ့ရ၏။
ယခု အသက် နှစ်ဆယ် ပြည့်ခါနီးတွင် သူသည် ဆဋ္ဌမအဆင့်အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာ၏။
ဤကဲ့သို့သော အဂ္ဂိရတ်ပါရမီသည် စန်းလန်အဖွဲ့အစည်း တစ်ခုလုံးမှာပင် မည်သူမျှမယှဥ်နိုင်သော ပါရမီဖြစ်သည်။
သို့သော်လည်း သူ၏ရှေ့မှ ကျန်းချန်က သူ့ကို အဂ္ဂိရတ်ပြိုင်ပွဲတွင် အကျောပေးနေခဲ့သည်။
မည်မျှပင် ရယ်စရာကောင်းလိုက်ပါသနည်း။
ရှန့်ကွမ်းလဲ့က သူ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး ချက်ချင်းဆိုသလို ဆေးလုံးကို သန့်စင်လိုက်သည်။
ရှန့်ကွမ်းလဲ့သည် ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန်အဖွဲ့အစည်း၏ အသက်အငယ်ဆုံး အဂ္ဂိရတ်သခင် အလကားဖြစ်လာခဲ့ခြင်း မဟုတ်ပေ။
သူက အမှန်တကယ်ပင် အဂ္ဂိရတ်နည်းစနစ်များကို အလွန်ပင်ကျွမ်းကျင်ပြီး လှုပ်ရှားမှုများသည်လည်း စီးဆင်းနေသောရေကဲ့သို့ ချောမွေ့နေခဲ့၏။
နာရီ၀က်ခန့် ကြာပြီးနောက်တွင် ရှန့်ကွမ်းလဲ့သည် ပထမဆုံး ကျိလင်ရွှယ် ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။
"ကျန်းချန် မင်းငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတုန်းဘဲလား "
ရှန့်ကွမ်းလဲ့က ဆေးမီးဖိုထဲမှ ကျိလင်ရွှယ်ဆေးလုံးကို ထုတ်ယူလိုက်သည်။
ထို့နောက် သူက ကျန်းချန်ကို ကြည့်ကာ ဝင့်ကြွားစွာ ပြောလိုက်၏။
"ငါ ရှန့်ကွမ်းလဲ့က အကြောပေးခံရတာကို သဘောမကျဘူး.. မင်းလဲ ဆေးလုံးတစ်လုံး သန့်စင်လိုက်ပါ ငါမင်းကို စောင့်ပေးမယ်.. ဒါမှပဲ ခဏနေ မင်းရှုံးတဲ့အခါ ဝန်ခံလို့ရမှာ "
"ဟားဟား.. ငါမင်းရဲ့ အဂ္ဂိရတ်ပညာရပ်ကို လုံး၀ဂရုမစိုက်ဘူးလို့ ပြောခဲ့ပြီးသားပဲ.. မင်းကို ငါက အကြောပေးခဲ့ရင်တောင် ဒီနေ့ရဲ့ အရှုံးသမားက သေချာပေါက် မင်းပဲ ဖြစ်ရမယ် "
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
ထို့နောက် သူက ချက်ချင်းဆိုသလို ဆေးမီးဖိုကို ထုတ်ယူလိုက်ပြီး အပူချိန်ကို ချိန်ညှိလိုက်သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်သည် အပူချိန်ထိန်းညှိခြင်းလုပ်ငန်းစဥ်များကို ပြီးစီးသွားခဲ့သည်။
သူက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်အောက်မှာပင် ကျိလင်ရွှယ်ဆေးလုံးအတွက် လိုအပ်သည့် ဆေးဖက်ပစ္စည်း သုံးစုံစာလုံးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်း၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားခဲ့၏။
"ဆဋ္ဌမအဆင့် ဆေးလုံးကို သန့်စင်မဲ့ ဆေးဖက်ဝင် ပစ္စည်းသုံးစုံစာလုံးကို တစ်ပြိုင်နက်ထဲ ဆေးမီးဖိုထဲကို ပစ်ထည့်လိုက်တာလား ဒါ ဒါက တကယ်ကို ရူးသွပ်တဲ့ လုပ်ရပ်ပဲ "
အခန်း(၆၉၄)ပြီး၏။
အခန်း(၆၉၅)
ကျန်းချန်၏ ရူးသွပ်သောလုပ်ရပ်က အဂ္ဂိရတ်ခန်းမထဲရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
"ဒီကောင်က တကယ်ပဲ အဂ္ဂိရတ်သခင်ရော ဟုတ်ရဲ့လား "
အဂ္ဂိရတ်ပညာရပ်ကို နားမလည်သော သာမန်လူများပင် ဆေးဖက်ဝင် ပစ္စည်းများကို တစ်ပြိုင်နက်ထဲ ထည့်၍မရမှန်းသိကြသည်။
ယေဘုယျအားဖြင့် အဂ္ဂိရတ်သခင်သည် အဆင့်မြင့်ဆေးလုံးကို ချက်လုပ်ရာတွင် တစ်ကြိမ်၌ ဆေးပစ္စည်း တစ်စုံစာသာ သန့်စင်နိုင်၏။
ထို့အပြင် အဂ္ဂိရတ် လုပ်ငန်းစဥ်ကိုလဲ ဂရုတစိုက်ရှိရမည် ဖြစ်သည်။
သို့သော်လည်း ဤကောင်လေးသည် ကျိလင်ရွှယ် ဆေးလုံး၏ လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်း သုံးစုံစာလုံးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
"ကျိလင်ရွှယ်ဆေးလုံး ဆိုတာ ဆဋ္ဌမအဆင့် ဆေးလုံးပဲ.. ဒီကမ္ဘာမှာ ဒီလိုရူးသွပ်လောက်တဲ့ အဂ္ဂိရတ်နည်းစနစ် ဘယ်လိုရှိနိုင်မှာလဲ "
"ကျန်းချန်.. ကျိလင်ရွှယ် ဆေးလုံးသုံးလုံးကို တစ်ပြိုင်နက်ထဲ သန့်စင်ချင်နေတယ် ဆိုတော့ မင်းရူးသွပ်နေပြီလို့ ငါထင်တယ်"
ရှန့်ကွမ်းလဲ့သည် ကျန်းချန်၏ ရူးသွပ်သော လုပ်ရပ်ကြောင့် ခဏမျှ မှင်တက်သွားပြီးနောက် ပြန်လည် အသိဝင်လာခဲ့သည်။
သူက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
ဆေးမီးဖိုတစ်ခုထဲတွင် ဆေးသုံးလုံးကို တစ်ပြိုင်နက်ထဲ သန့်စင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ဤကဲ့သို့ လုပ်ဆောင်လိုလျှင် အဂ္ဂိရတ်သခင် အတွက် အလွန်မြင့်မားသည့် လိုအပ်ချက်များရှိသည်။
ရှင်းလင်းစွာဆိုရလျှင် ထိုသို့လုပ်ဆောင်လိုသည့် အဂ္ဂိရတ်သခင်၏ အဂ္ဂိရတ်ဆိုင်ရာ အောင်မြင်မှုသည် သန့်စင်နေသော ဆေးလုံးထက် အဆများစွာ ပို၍ ကောင်းမွန်ဖို့ လိုအပ်၏။
ရှန့်ကွမ်းလဲ့က ထိုသို့ မသန့်စင်ဖူးခြင်း မဟုတ်ပေ။
သူက ဆဋ္ဌမအဆင့် အခြေခံအဂ္ဂိရတ်သခင်၏ အင်အားဖြင့် စတုတ္ထအဆင့် အဆင့်မြင့်ဆေးလုံးကို ဆေးမီးဖိုတစ်ခုထဲတွင် သန့်စင်ခဲ့ဖူးသည်။
သို့သော် သူ၏အစွမ်းဖြင့်ပင် စတုတ္ထအဆင့် အဆင့်မြင့်ဆေးလုံးကို ဆေးမီးဖိုတစ်ခုထဲတွင် သန့်စင်လျှင် နှစ်လုံးဟူသော ပမာဏသည် အများဆုံး ဖြစ်၏။
ယခု ဤကောင်လေးက ကျိလင်ရွှယ်ဆေးလုံးကို ဆေးမီးဖိုတစ်ခုထဲတွင် တစ်ပြိုင်နက်တည်း သန့်စင်ရန် ပြုလုပ်နေရာ ထိုကဲ့သို့ ယုံကြည်မှုမျိုး ဘယ်နေရာကရလာသလဲ ဆိုသည်ကို ရှန့်ကွမ်းလဲ့ အမှန်တကယ် မသိတော့ပေ။
ထို့အပြင် ဆေးလုံးက သုံးလုံး ဖြစ်သည်။
တိကျစွာဆိုရလျှင် ဆဋ္ဌမအဆင့်၊ အခြေခံ ဆေးလုံးသုံးလုံးကို ဆေးမီးဖိုတစ်ခုထဲတွင် သန့်စင်နေခြင်း ဖြစ်၏။
သတ္တမအဆင့်ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရတ်သခင်ပင် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။
ကျန်းချန်က ရှန့်ကွမ်းလဲ့၏ လှောင်ပြောင်မှုကို ကြားလျှင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဆေးလုံးသုံးလုံးကို တစ်ပြိုင်နက်ထဲ သန့်စင်ဖို့က ဘာလို့မဖြစ်နိုင်ရမှာလဲဟ "
"ကျိလင်ရွှယ် ဆေးလုံးသုံးလုံးရဲ့ ဆေးစွမ်းအားကို သတ္တမအဆင့်ဖြစ်တဲ့ ဘုရင်အဆင့် အဂ္ဂိရတ်သခင်တောင် ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး.. ဒီအတိုင်းဆိုရင် သုံးမိနစ်အတွင်းမှာ မင်းရဲ့ဆေးမီးဖိုက ပေါက်ကွဲသွားလိမ့်မယ်.. ဆေးမီးဖိုတစ်ခုထဲမှာ ဆေးလုံးသုံးလုံးကို သန့်စင်ဖို့က လုံးဝ မဖြစ်နိုင်ဘူး "
ရှန့်ကွမ်းလဲ့က ကျန်းချန် အရှေ့မှ ပြင်းထန်စွာ တုန်ခါနေသည့် ဆေးမီးဖိုကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်သည်။
"ဆေးမီးဖိုတစ်ခုထဲမှာ ဆဋ္ဌမအဆင့် ဆေးလုံးသုံးလုံးကို ချက်လုပ်ဖို့လား"
"ဒီကောင်က သူ့ကိုယ်သူ အဌမ အဆင့်ဖြစ်တဲ့ အင်ပါယာ အဂ္ဂိရတ်သခင်လို့များ ထင်နေလား မသိဘူး "
-------------
"ရှန့်ကွမ်းလဲ့ ဒီကမ္ဘာပေါ်မှာ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေ အမှန်တကယ်ဖြစ်လာတာ အများကြီးရှိတယ်...မင်းမဖြစ်နိုင်ဘူးလို့ထင်ရင် မင်းက အမှိုက် ဖြစ်နေလို့ပဲ.. ဒီနေ့မင်းကို တကယ့် အဂ္ဂိရတ်ပညာရပ်က ဘယ်လိုလဲဆိုတာ ငါပြသပေးမယ် "
ကျန်းချန်က မောက်မာစွာပြောဆိုပြီးနောက်တွင် ချက်ချင်းဆိုသလို ဆေးမီးဖိုကို ထိန်းချုပ်လိုက်သည်။
သူက လက်ကို ရင်ဘက်နားတွင် ကပ်ကာ လက်ဟန်များကို အဆက်မပြတ် ပြုလုပ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ရှေ့တွင် ထူးဆန်းသည့် ခရမ်းရောင် စည်းတံဆိပ် တစ်ခု စုစည်းသွားခဲ့သည်။
"ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ် သက်ရောက်စေ "
ကျန်းချန်က ကြွေးကြော်လိုက်ရာ သူ၏ လက်ထဲမှ ခရမ်းရောင် စည်းတံဆိပ်သည် ဆေးမီးဖိုကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။
အဆတစ်ရာ စနစ်ရှိသောကြောင့် ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ်တွင် တိုးတက်မှုသည် သာမန်အဂ္ဂိရတ်သခင်များနှင့် လုံး၀ ကွဲပြားခြားနားသည်။
သူက အဂ္ဂိရတ်သခင်အဖြစ် အဆင့်မြှင့်တက်လာတိုင်းတွင် သူ၏ စိတ်ထဲ၌ အဂ္ဂိရတ် နည်းစနစ် အများအပြားကို အလိုအလျောက် ရရှိခဲ့သည်။
ထိုအထဲတွင် တိမ်မြုပ် ပျောက်ဆုံးနေပြီ ဖြစ်သော ရှေးဟောင်းအဂ္ဂိရတ်နည်းစနစ် အများအပြားပင် ပါဝင်၏။
ယခု သူ အသုံးပြုခဲ့သည့် အဂ္ဂိရတ်နည်းစနစ်သည် ကျန်းချန် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြှင့်ခံရသည့်အချိန်တွင် ရရှိခဲ့သည့် ရှေးဟောင်းနည်းစနစ် ဖြစ်သည်။
ကျန်းချန်က ကျိလင်ရွှယ် ဆေးလုံးသုံးလုံးကို ဆေးမီးဖို တစ်ခုထဲတွင် တစ်ပြိုင်နက်တည်း သန့်စင်ရဲသည့် အကြောင်းအရင်းမှာ သူ့တွင် ရှေးဟောင်းနည်းစနစ်ဖြစ်သည့် ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ် ရှိနေခဲ့သောကြောင့်ပင်။
ကျန်းချန်က ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုပြီးနောက်တွင် သူ၏ရှေ့တွင် မငြိမ်မသက် ဖြစ်နေသော ဆေးမီးဖိုသည် လျင်မြန်စွာပင် ငြိမ်သက်သွားသည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။
"ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ "
ရှန့်ကွမ်းလဲ့က ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
အခန်း(၆၉၅)ပြီး၏။
အခန်း(၆၉၆)
ရှန့်ကွမ်းလဲ့က သူ့မျက်လုံးကိုသူမယုံနိုင်အောင် ဖြစ်နေသည်။
ကျိလင်ရွှယ်ဆေးလုံးကို သန့်စင်ရာတွင် ဆေးဖက်ဝင်ပစ္စည်း ဆယ့်တစ်မျိုး လိုအပ်၏။
ထိုအထဲမှ အဓိက ဆေးဖက်ဝင်ပစ္စည်း သုံးမျိုးသည် ဆဋ္ဌမအဆင့် ဖြစ်သည်။
ကျန်ရှိသည့် ပစ္စည်းများသည့် ပဥ္စမအဆင့် ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ကြသည်။
ဤကဲ့သို့ အဆင့်မြင့် ဆေးဖက်ဝင် ပစ္စည်းတစ်ခုစီတွင် ပါဝင်သည့် ဆေးစွမ်းအင်သည် အလွန်ပင် ပြင်းထန်၏။
ဆေးလုံးတစ်လုံးထဲ သန့်စင်လျှင်ပင် ထိုပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့်သာ ဂရုတစိုက် ထည့်သွင်းရသည်။
သို့မဟုတ်လျှင် အနည်းငယ်လေး ဂရုမစိုက်မိသည်နှင့် ပျက်စီးသွားလိမ့်မည် ဖြစ်၏။
သို့သော် သူ့ရှေ့မှ ကျန်းချန်က ကျိလင်ရွှယ် ဆေးလုံးသုံးလုံး၏ ပါဝင်ပစ္စည်းများကို ဆေးမီးဖိုထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်သည်မှာ အလွန်ပင် အံ့သြစရာကောင်းလှ၏။
အံ့အားသင့်စရာအကောင်းဆုံးမှာ ကျန်းချန်သည် ဆေးဖက်ဝင် ပစ္စည်းများထဲမှ ဆဋ္ဌမအဆင့် ပစ္စည်းသုံးမျိုး၏ ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်သည့် ဆေးစွမ်းအင်များကို အမှန်တကယ်ပင် ထိန်းချုပ်နိုင်ပြီး ဆေးမီးဖိုထဲမှအခြေအနေကို တည်ငြိမ်စေခြင်းပင်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ.. ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်.. ဒါက တကယ်ပဲ ဒဏ္ဍာရီလာ ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ပဲ"
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်လုံးများကရုတ်တရက် ကျုံ့သွားခဲ့သည်။
အစောပိုင်းက ကျန်းချန်ကို အလွန်ပင် မထီမဲ့မြင် ပြုခဲ့သည့် သူ၏ မျက်လုံးထဲတွင် အဆုံးသတ်၌ ကြောက်ရွံ့သောအရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။
သူ လုံးဝ အထင်မကြီးခဲ့သည့် သူ့ရှေ့မှ လူငယ်လေးက ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ဟု ခေါ်သည့် တိမ်မြုပ်သွားပြီဖြစ်သော ရှေးဟောင်းဆေးနည်းစနစ်ကို အမှန်တကယ် သိနေလိမ့်မည်ဟု အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို လုံးဝ မထင်ထားမိပေ။
"စန်းလန် အဖွဲ့စည်းမှာ ဒီလို အဂ္ဂိရတ်ပညာရှင် ရှိနေသေးတယ်လို့ ငါမထင်ထားမိဘူး.. ငါမှားသွားတယ် "
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို က စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။
"ဒီကောင်လေး.. ဒီလောက်ထိ မာနကြီးရဲတာ အံ့သြစရာမဟုတ်တော့ဘူး.. သူ့မှာ မာနကြိီးလောက်တဲ့ အစွမ်းအစ ရှိနေတာကိုး"
ဤကဲ့သို့ သန့်စင်ရန် သာမန်အဂ္ဂိရတ်သခင်များ အတွက် အလွန်တရာပင် ခက်ခဲနိုင်၏။
သို့သော်လည်း ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ကို တတ်ကျွမ်းသော အဂ္ဂိရတ်ပညာရှင် အတွက်မူ ထမင်းစား ရေသောက်သလောက်ပင် ဖြစ်သည်။
ကျန်းချန်က ဆဋ္ဌမအဆင့် ဆေးလုံးကို သန့်စင်နိုင်မလားဆိုသည်နှင့် ပတ်သက်၍ အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် စဥ်းစားစရာ မလိုတော့ပေ။
ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ် ကဲ့သို့ ရှေးဟောင်း ဆေးစနစ်ကိုပင် ကျွမ်းကျင်သူ တစ်ယောက်သည် အဂ္ဂိရတ်ပညာရပ်နှင့် ပတ်သက်လျှင် ရှန့်ကွမ်းလဲ့ကို မည်ကဲ့သို့ ရှုံးနိမ့်နိုင်ပါမည်နည်း။
တကယ်ပဲ အဖြစ်မှန်က အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို မျှော်လင့်ထားသလိုပင်။
ကျန်းချန်က ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုပြီးနောက်တွင် ဆေးဖက်ဝင်များ သန့်စင်သည့် လုပ်ငန်းစဥ် တစ်ခုလုံးသည် အလွန်တရာ ချောမွေ့သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်ကို အသုံးပြုပြီး ကျိလင်ရွှယ်ဆေးလုံးသုံးလုံး၏ ဆေးဖက်ဝင်ပစ္စည်း အားလုံးကို သန့်စင်ပြီးသွား၍ ဆေးလုံးသိပ်သည်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှန့်ကွမ်းလဲ့၏ ဆေးမီးဖိုထက် အဆပေါင်းများစွာ ပြင်းထန်သည့် ဆေးရနံ့သည် အဂ္ဂိရတ်ခန်းမကိုပြည့်နှက်သွားခဲ့သည်။
ကျန်းချန်က ဆေးမီးဖိုကို ဖွင့်လိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် ဆေးမီးဖိုကို တစ်ချက်ပုတ်လိုက်ရာ ကျိလင်ရွှယ် ဆေးလုံးသုံးလုံးသည် ချက်ချင်းဆိုသလိုပင် ဆေးမီးဖိုထဲကနေ လွှင့်ထွက်လာပြီး ကျန်းချန်၏ လက်ဝါးပေါ်တွင် တည်ငြိမ်စွာ ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ လက်ထဲမှ ကျိလင်ရွှယ် ဆေးလုံးသုံးလုံးကို ကြည့်ကာ အဂ္ဂိရတ်ခန်းမ တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် လှမ်းကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာ မှင်သက်နေခဲ့ကြ၏။
သူတို့ ဘယ်လိုမှ အထင်မကြီးခဲ့သည့် ဆံပင်ရှည်နှင့် ကောင်လေးသည် ရှန့်ကွမ်းလဲ့ကို အဂ္ဂိရတ်ပညာရပ်တွင် အပြတ်အသတ် အနိုင်ယူသွားလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။
ထို့အပြင် လူငယ်လေးသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော နည်းစနစ်များဖြင့် ရှန့်ကွမ်းလဲ့ကို လုံးဝ ချေမှုန်းပစ်လိုက်၏။
ကျန်းချန်က သူ့လက်ထဲမှ ကျိလင်ရွှယ် ဆေးလုံးသုံးလုံးကို မြှောက်ပြလိုက်ပြီး ဆန့်ကျင်ဘက်ရှိ ရှန့်ကွမ်းလဲ့ကို ကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"ရှန့်ကွမ်းလဲ့.. ငါ့မှာ ဆေးလုံးသုံးလုံး ရှိနေပြီ...မင်းအရှုံးပေးပြီလား "
"မဖြစ်နိုင်ဘူး မင်းက ဘယ်လိုလုပ်ပြီး ဆေးမီးဖိုတစ်ခုထဲမှာ ဆဋ္ဌမအဆင့် ဆေးလုံးသုံးလုံးကို သန့်စင်နိုင်မှာလဲ"
ရှန့်ကွမ်းလဲ့၏ မျက်နှာက အလွန်ပင် ဖြူဖျော့နေခဲ့သည်။
သူက ပါးစပ်မှလဲ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။
"မဖြစ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး.. ဒီကောင်လေး စောနက အသုံးပြုခဲ့တဲ့ ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်က ဆေးမီးဖိုထဲမှာ ဆေးလုံးတစ်လုံးထက် ပိုပြီး သန့်စင်နိုင်တဲ့ ရှေးဟောင်း နည်းစနစ်တစ်ခုပဲ"
အစိမ်းရောင်ဝတ်စုံဝတ် အဘိုအိုက ရှေ့ကိုတိုး၍ ပြောလိုက်သည်။
ထို့နောက် သူက ရှန့်ကွမ်းလဲ့ကို ကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်သည်။
"တူလေး ရှန့်ကွမ်း.. ဒီတစ်ကြိမ်ပြိုင်ပွဲမှာ မင်းရှုံးနိမ့်သွားပြီ"
အခန်း(၆၉၆)ပြီး၏။