အခန်း (၆၉၇-၆၉၉)
Vol. 47 Ch. 697-699
"လခွမ်း.. ရှန့်ကွမ်းလဲ့ ရှုံးနိမ့်သွားမယ်လို့ တကယ်ပဲ ထင်မထားမိဘူး ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပါရမီက တကယ်ကိုကြောက်ဖို့ကောင်းတာပဲ"
"ဒီနေ့ကစပြီး စန်းလန်အဖွဲ့အစည်းရဲ့ နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ဆိုတဲ့ဘွဲ့က လက်လွှဲသွားခဲ့ပြီ"
"........"
အစိမ်းအရောင်ဝတ်စုံဝတ် အဘိုးအိုက ပြိုင်ပွဲ၏ရလဒ်ကိုကြေညာပြီးနောက်တွင် မှင်တက်နေကြသော သူများသည် ပြန်လည် အသိဝင်လာကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ကြောက်ရွံ့သော အရိပ်အယောင်များ မကြုံစဖူး ဖော်ပြနေခဲ့ကြသည်။
ဤအချိန်တွင် သူတို့သည် အဆုံးသတ်၌ နားလည်သွားကြ၏။
ပြိုင်ပွဲ မစတင်မီတွင် သူတို့သည် နာမည်မရှိသည့် ကျန်းချန်ကို ရှန့်ကွမ်းလဲ့၏ ဖိနပ်သယ်ဖို့ပင် မထိုက်တန်ဟု ထင်ခဲ့ကြသည်။
ရှန့်ကွမ်းလဲ့ကို စိန်ခေါ်သည်မှာ ကိုယ့်အရှက်ကို ကိုယ်တိုင်ခွဲနေသည့် လုပ်ရပ်ဟု ထင်ခဲ့ကြသည်။
သို့သော် ကျန်းချန်က ရှန့်ကွမ်းလဲ့ကို အကျောပေးခဲ့သည်အပြင် ဆေးလုံးသုံးလုံးကို ဆေးမီးဖိုတစ်ခုထဲတွင် သန့်စင်နိုင်သည်အထိ ကောင်းကင်ကို ဆန့်ကျင်နိုင်သော စွမ်းရည်များကို အသုံးပြုကာ အပြတ်အသတ် အနိုင်ယူပြခဲ့သည်။
ဤလုပ်ဆောင်ချက်သည် သူတို့၏ ခွေးမျက်လုံးများကို အမှန်တကယ်ပင် အမြင်ကျယ်စေခဲ့၏။
"လျှိုယင်.. ငါ.. ငါတို့အနိုင်ရပြီ.. အစ်ကိုကျန်းကို တကယ်ပဲ ရှန့်ကွမ်းလဲ့ ရှုံးနိမ့်သွားရပြီ"
လျှိုလင်ကျူး၏ ချောမောလှပသော မျက်နှာလေးထက်တွင် စိတ်လှုပ်ရှားသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
လျှိုလင်ကျူးသည် လျှိုမိသားစုတွင် ကျန်းချန် ရှိနေစဥ်ကတည်းကပင် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက် ဖြစ်နေသည်ဟု သိထားသော်လည်း ဤမျှလောက်ထိ မမျှော်လင့်ထားပေ။
ကျန်းချန်၏ အဂ္ဂိရတ်ပါရမီသည် အလွန်ပင် အားကောင်းပြီး စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ရှန့်ကွမ်းလဲ့ကိုပင် စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူခဲ့သည်။
လျှိုလင်ကျူးတို့ နှစ်ယောက်အပြင် စန်းဟိုင်အဖွဲ့သို့ ပြောင်းလာသည့် ဝမ်ယွမ်အဖွဲ့မှ ဒုခေါင်းဆောင်ဖြစ်သည့် ရွှေရောင်အဆင့် တပည့်နှစ်ယောက်ကလည်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
ဒီနေ့အဂ္ဂိရတ်ပြိုင်ပွဲပြီးလျှင် ကျန်းချန်၏ နာမည်သည် စန်းလန်အဖွဲ့အစည်းတွင် ကျော်ကြားလာမည်မှာ သေချာသလောက်ပင်။
ကျန်းချန် ရှိနေသည့် သူတို့ စန်းဟိုင်အဖွဲ့ကလည်း စန်းလန်အဖွဲ့အစည်းတွင် ခြေကုပ်ယူရန် အရင်းအနှီး ရှိလာလိမ့်မည် မဟုတ်ပါလား။
နတ်ဆေးအဖွဲ့ထက်ပင် ပိုမိုအားကောင်းသော အဖွဲ့တစ်ဖွဲ့ ဖြစ်မလာနိုင်ဟုပင် မပြောနိုင်ပေ။
"ခေါင်းဆောင်..ကျန်းချန်..သူက တကယ်ပဲ ရှန့်ကွမ်းလဲ့ကို အနိုင်ရသွားပြီ"
ကျန်းချန်တို့နှင့် ဆယ်မီတာအကွာရှိ ဟန်တုံသည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား လှမ်းကြည့်နေပြီး စကားများပင် ထစ်ငေါ့နေခဲ့သည်။
"ဘယ်က ခေါင်းဆောင်လဲ.. မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ.. အခုကစပြီး စန်းဟိုင်အဖွဲ့မှာ ခေါင်းဆောင် တစ်ယောက်ပဲရှိမယ်.. အဲဒါက ကျန်းချန်ပဲ"
ဝူယွဲ့က ဟန်တုံ၏ ခေါင်းကို ရုတ်တရက် ရိုက်လိုက်ကာ ပြောလိုက်သည်။
"မင်းသေချာမှတ်ထား.. နောက်တစ်ခါ ငါ့ကို ခေါင်းဆောင်လို့ ခေါ်ရဲရင် မင်းကို ငါသတ်ပစ်မယ်"
ဝူယွဲ့ထံတွင် ဝမ်ယွမ်အဖွဲ့ကို ပြန်လည် ထူထောင်ရန် စိတ်ကူးမရှိတော့ပေ။
ကျန်းချန်သည် သိုင်းပါရမီတွင် ကြယ်တစ်ရာဘုရင် တစ်ယောက်ဖြစ်ပြီး အဂ္ဂိရတ်ပါရမီတွင်လည်း ရှန့်ကွမ်းလဲ့ကိုပင် အပြတ်အသတ် အနိုင်ယူပြခဲ့သည့် ဆန်းကြယ်သော မွန်းစတား တစ်ကောင် ဖြစ်သည်။
သူက သတ္တိ အရမ်းကောင်းနေလျှင်ပင် ကျန်းချန်နှင့် ရန်သူဖြစ်ရန် စိတ်ကူးမရှိတော့ပေ။
ယခု သူက ကျန်းချန်တို့၏ အနောက်သို့ လိုက်လာခဲ့သည်ကိုပင် အနည်းငယ် ဝမ်းသာနေခဲ့သည်။
မဟုတ်လျှင် ဤတစ်ခေါက်၌ သူဘယ်လို သေသွားမလဲပင် သိလိမ့်မည် မဟုတ်ပေ။
ပတ်ဝန်းကျင်မှလူများ အံ့သြ တုန်လှုပ်နေသော အချိန်တွင် ကျန်းချန်၏ အမူအရာသည် မပြောင်းလဲဘဲ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။
သူက ရှန့်ကွမ်းလဲ့ကို မထီတရီ ကြည့်ကာ ပြောလိုက်၏။
"ရှန့်ကွမ်းလဲ့..ငါနိုင်ပြီဆိုတော့ လောင်းကြေးကို ပေးသင့်ပြီလို့ထင်တယ်"
"ကျန်းချန်.. မင်းက ခရမ်းရောင်ဆေးလုံးခွဲ နည်းစနစ်လို ရှေးဟောင်းနည်းစနစ်ကို ကျွမ်းကျင်နေမယ်လို့ ငါမထင်ထားဘူး.. ငါ့တွက်ကိန်း မှားသွားခဲ့တယ်.. ဒါပေမဲ့ အရမ်းပျော်မနေနဲ့ဦး.. သိပ်မကြာခင်မှာ ငါဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်အရယူမယ်"
ရှန့်ကွမ်းလဲ့၏ မျက်နှာက မသာမယာ ဖြစ်နေခဲ့သည်။
သူက ကျန်းချန်ကို မီးလျှံသားရဲနှင့် စန်းလန်ဒင်္ဂါး တစ်သောင်းပေးပြီးနောက်တွင် နတ်ဆေးအဖွဲ့ဝင်များနှင့်အတူ အဂ္ဂိရတ်ခန်းမကနေ ထွက်ခွာသွားခဲ့သည်။
ရှန့်ကွမ်းလဲ့ ထွက်ခွာသွားသည်နှင့် လူတိုင်း၏ မျက်လုံးများသည် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အခုအချိန်ကစပြီး ရှန့်ကွမ်းလဲ့ရဲ့ ဂုဏ်ပုဒ်ကို ဤလူငယ်ကအစားထိုးသွားလိမ့်မည်ဟု သူတို့အားလုံး အလွန်ပင်ရှင်းရှင်းလင်းလင်း သိထားကြ၏။
ထိုဂုဏ်ပုဒ်မှာ စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ဟူသော ဂုဏ်ပုဒ်ပင် ဖြစ်၏။
အခန်း(၆၉၇)ပြီး၏။
အခန်း(၆၉၈)
"မိတ်ဆွေလေးကျန်းချန်.. ငါတကယ်ပဲ ရှက်မိပါတယ်"
ရှန့်ကွမ်းလဲ့ ထွက်သွားပြီးနောက်တွင် အစိမ်းရောင်ဝတ်စုံဝတ်အဘိုးအိုသည် ခါးသီးသောအပြုံးဖြင့် ရှေ့ကိုတိုးကာ လျှောက်လာခဲ့သည်။
သူက ကျန်းချန်ကို တောင်းပန်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်၏။
"ငါ့ရဲ့ သောက်သုံးမကျတဲ့ အမြင်ကြောင့် မိတ်ဆွေလေး စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်"
ဤကောင်လေးသည် ရှန့်ကွမ်းလဲ့ထက် အဂ္ဂိရတ်ပါရမီတွင် အဆများစွာ ပိုကောင်းရုံသာမက ခရမ်းရောင်ဆေးလုံးခွဲနည်းစနစ်လို တိမ်မြုပ်နေသော ရှေးဟောင်းအဂ္ဂိရတ် နည်းစနစ်ကိုပင် ကျွမ်းကျင်နေသည်။
ဆိုရလျှင် ဤကောင်လေး၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။
အစောပိုင်းက ကျန်းချန်ကို သူ မည်ကဲ့သို့ မထီမဲ့မြင် ပြုခဲ့သလဲ ဆိုသည်ကို စဥ်းစားမိသည်နှင့် အစိမ်းရောင် ဝတ်စုံဝတ်အဘိုးအို၏ မျက်နှာသည် ရှက်ရွံ့စွာဖြင့် နီရဲသွားခဲ့သည်။
ဤတစ်ခေါက်တွင် သူ လုံးဝ မှားယွင်းသွားခဲ့ချေပြီ။
"အကြီးအကဲက အားနာလွန်းနေပါပြီ"
ကျန်းချန်က မောက်မာမှုမရှိဘဲ ယဥ်ကျေးစွာ ပြန်ဖြေခဲ့သည်။
သူ့ရှေ့မှ အဘိုးကြီးသည် သတ္တမအဆင့်ဖြစ်သည့် ဘုရင်အဆင့် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်သောကြောင့် ကျန်းချန်သည် အလွယ်တကူ စော်ကားလိမ့်မည် မဟုတ်ပေ။
သူက အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် စကားအနည်းငယ် ပြောပြီးနောက်တွင် အဘိုးအိုကို နှုတ်ဆက်ကာ အဂ္ဂိရတ်ခန်းမကနေ ထွက်သွားရန် ပြင်လိုက်သည်။
"မိတ်ဆွေလေးကျန်းချန် ခဏစောင့်ပါဦး"
ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို ရုတ်တရက် ဟန့်တားလိုက်သည်။
ကျန်းချန်က အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို နောက်ပြန် လှည့်ကြည့်လိုက်ပြီး အံ့သြသော အကြည့်ဖြင့် မေးလိုက်သည်။
"အကြီးအကဲ ဘာကိစ္စရှိသေးလို့လဲ.."
"မိတ်ဆွေလေး ကျန်းချန်.. မင်းအဂ္ဂိရတ်ခန်းမကို ဝင်ဖို့ စိတ်ဝင်စားမှုရှိလား ငါသိချင်တယ်"
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
"မင်းရဲ့ အင်အားနဲ့ဆိုရင် ငါတို့အဂ္ဂိရတ်ခန်းမရဲ့ ပညာရှင်တစ်ယောက်ဖြစ်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီပါတယ်"
"အကြီးအကဲကို စိတ်ပျက်စေမှာ စိုးရိမ်မိတယ်.. ကျွန်တော့်အနေနဲ့ အဂ္ဂိရတ်ခန်းမကို ဝင်ဖို့ အစီအစဥ်မရှိပါဘူး"
ကျန်းချန်က စဥ်းစားမနေဘဲ ခေါင်းခါရမ်းကာ ငြင်းဆိုလိုက်သည်။
စန်းလန်အဖွဲ့အစည်းသည် ကျုံးကျိုးကုန်းမြေတိုက်ကို သွားမည့် သူ၏ ပထမဆုံးခြေလှမ်းသာ ဖြစ်သည်။
သူ့အနေဖြင့် အာကာသစွမ်းအင် ကျောက်တုံးနှစ်တုံးကို ရသည်နှင့် စန်းလန်အဖွဲ့အစည်းကနေ ထွက်ခွာပြီး သူ့ဆရာရှောင်တုလီကို ရှာရန် ယန်ဒီမြို့ကို သွားရလိမ့်မည် မဟုတ်ပါလော။
"မိတ်ဆွေလေး ကျန်းချန်.. အလောတကြီး မငြင်းလိုက်ပါနဲ့ အဂ္ဂိရတ်ခန်းမကို ဝင်တာက မင်းကို ဘာမှထိခိုက်စေမှာ မဟုတ်ပါဘူး.. အဂ္ဂိရတ်ခန်းမက မင်းအပေါ်မှာ ဘာကန့်သတ်ချက်မှလည်း ထားမှာမဟုတ်ဘူး.. မင်းအချိန်ရရင် အဂ္ဂိရတ်ခန်းမကို လာပြီး ဆေးလုံးသန့်စင်ရုံပါပဲ.. အချိန်မရရင်လည်း အဂ္ဂိရတ်ခန်းမက မင်းကို အတင်းအကြပ် ခိုင်းစေမှာ မဟုတ်ဘူး.. ခန်းမအတွက် အဂ္ဂိရတ် သန့်စင်ပေးရင် ဆေးလုံးတစ်လုံးစာအတွက် စန်းလန်ဒင်္ဂါး အတော်များများလည်း ရရှိမှာပါ...ဒါ့အပြင် အဂ္ဂိရတ်ခန်းမဆီမှာ လဲလှယ်တဲ့ ဘယ်လိုပစ္စည်းကိုမဆို နှစ်ဆယ် ရာခိုင်နှုန်း လျှော့စျေးကိုလည်း ခံစားနိုင်ပါတယ်"
အစိမ်းရောင်ဝတ်စုံဝတ်အဘိုးအိုက ပြုံး၍ ရှင်းပြလိုက်သည်။
မည်သည့် ကန့်သတ်ချက်မှမရှိသည့်အပြင် ဆေးလုံးကို သန့်စင်လျှင် စန်းလန်ဒင်္ဂါးများလည်း ရရှိနိုင်ပြီး မိမိလဲလှယ်သော ပစ္စည်းများအတွက် နှစ်ဆယ် ရာခိုင်နှုန်းကိုလည်း ရရှိနိုင်သည်။
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏ အဂ္ဂိရတ်ပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည်။
ကျန်းချန် အဂ္ဂိရတ်ခန်းမတွင် ပညာရှင်အဖြစ်မှတ်ပုံတင်ပြီးနောက်တွင် သူကရှန့်ကွမ်းလဲ့ကိုအနိုင်ယူပြီးစန်းလန်အဖွဲ့အစည်း၏နံပါတစ်အဂ္ဂိရတ်ပါရမီရှင်ဖြစ်လာသော သတင်းသည် စန်းလန်အဖွဲ့အစည်းတစ်ခုလုံးကိုလျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းက အကြီးအကဲရှန်းရွှယ်ကျီဆီသို့ လျင်မြန်စွာပင်ရောက်ရှိသွားခဲ့သည်။
"ဒီကျန်းချန်က ဘယ်နေရာကနေလာတဲ့မွန်းစတားလဲ စန်းဟိုင်ကျွန်းမှာ ဘယ်လိုလုပ်ပြီးဒီလိုမွန်းစတားပေါ်လာနိုင်တာလဲ"
ရှန်းရွှယ်ကျီက အလွန်အမင်း အံ့သြနေခဲ့သည်။
ကြယ်တစ်ရာဘုရင်၏သိုင်းပါရမီနှင့်ရှန့်ကွမ်းလဲ့ကိုအနိုင်ယူနိုင်သည့်အဂ္ဂိရတ်ပါရမီဖြင့်ဤကောင်လေးကိုအချိန်အလုံအလောက်ပေးခဲ့ပါကစန်းလန်အဖွဲ့အစည်း၏တတိယမြောက် ဘုရင်အဆင့်တပည့် အမှန်တကယ် ဖြစ်လာနိုင်၏။
ထိုအတိုင်းသာအမှန်တကယ်ဖြစ်လာလျှင်ကျန်းချန်ကိုစုဆောင်းနိုင်ခဲ့သည့်စန်းချင်းဟိုင်သည်ကြီးမားသောအကျိုးအမြတ်ကိုရရှိနိုင်ပြီးစန်လန်းအဖွဲ့အစည်းတွင် အဆင်မြင့်ဂုဏ်ထူးဆောင်အကြီးအကဲပင် ဖြစ်လာနိုင်သည်မဟုတ်ပါလော..
အချိန်တန်လျှင် စန်းချင်းဟိုင်သည် သူမ၏ခေါင်းပေါ်သို့ရောက်လာပြီး ဖိအားပေးလိမ့်မည်မှာ သေချာသလောက်ပင်။
"ဒီကောင်လေးကို ဆက်လက်ကြီးထွားခွင့်လုံးဝပေးလို့မဖြစ်ဘူး"
ရှန်းရွှယ်ကျီ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းရောင်တစ်ခုလင်းလက်သွားခဲ့သည်။
ထိုအခါ ကျန်းချန်သည် စန်းလန်အဖွဲ့အစည်းတွင်နေရာရလာခဲ့ပြီဖြစ်၏။
ရွှေရောင်အဆင့်တပည့်များကြားမှာပင် သူ့ကိုအလွယ်တကူစော်ကားရဲသည့်သူမရှိတော့ပေ။
ဤအတိုင်းသာဆက်ဖြစ်နေလျှင် သိပ်မကြာခင်အချိန်အတွင်းကျန်းချန်ကိုမည်သူမျှမကိုင်တွယ်နိုင်တော့မည်ကို သူမစိုးရိမ်မိသည်။
လက်ရှိအချိန်တွင် ရှန်းရွှယ်ကျီသည် သူမနှင့်အဆက်အသွယ်ရှိသည့်ဘုရင်အဆင့်တပည့်ကိုသာရှာရန် တတ်နိုင်တော့၏။
မည်မျှပင်ဆုံးရှုံးရပါစေ ကျန်းချန်ကို စန်းလန်အဖွဲ့အစည်းကနေပျောက်ကွယ်သွားအောင် သူမအနေဖြင့်လုပ်ရလိမ့်မည်မဟုတ်ပါလော။
အခန်း(၆၉၈)ပြီး၏။
အခန်း(၆၉၉)
ရှန့်ကွမ်းလဲ့က ကျန်းချန်ကိုရှုံးနိမ့်၍ ပြင်ပကမ္ဘာတွင် ဆူညံနေသောအချိန်တွင် အဓိက ပါဝင်ပတ်သက်သူ ဖြစ်သည့် ကျန်းချန်သည် အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။
ဤရက်ပိုင်းတွင် ကျန်းချန်သည် အဂ္ဂိရတ်ခန်းမဆီသို့ သွားကာ စန်းလန်ဒင်္ဂါး ရှာဖွေသည်က လွဲလျှင် သူ၏ အချိန်အများစုကို ဝိညာဥ်စုစည်းခြင်းခန်းမ၏ တတိယထပ်တွင် လေ့ကျင့်၍သာ ကုန်ဆုံးစေခဲ့၏။
ရက်အနည်းငယ်အကြာတွင် ကျန်းချန်၏ အဂ္ဂိရတ်သခင်အဆင့်သည် ဆဋ္ဌမအဆင့်၏ အလယ်အလတ်အဆင့်ကိုကျော်ဖြတ်ခဲ့ရုံသာမက ကျင့်ကြံခြင်းတွင်လည်း စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိပြီး စတုတ္ထအဆင့်ကို ရောက်ရန် အနည်းငယ်မျှသာ လိုတော့၏။
ယနေ့တွင်လည်း ကျန်းချန်သည် အဂ္ဂိရတ်ခန်းမတွင် အချိန်အတော်ကြာဆေးလုံးကို သန့်စင်နေခဲ့သည်။
ဆေးလုံးသန့်စင်ပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်စုစည်းခြင်းခန်းမ၏ တတိယထပ်သို့ သွားပြီး စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်ကို တစ်ခါတည်း ချိုးဖျက်ရန် ကြိုးစားနေခဲ့၏။
သို့သော် လျှိုလင်ကျူးသည် ထိုအချိန်မှာပင် ရုတ်တရက် သူ့ကို စန်းဟိုင်အဖွဲ့၏ နေရာသို့လာရန် သတင်းပို့လိုက်သည်။
ကျန်းချန်က စန်းဟိုင်အဖွဲ့ နောက်ထပ်တစ်ကြိမ် ဒုက္ခရောက်နေပြီဟု ထင်မှတ်ကာ စန်းဟိုင်အဖွဲ့၏ နေရာသို့ အလျင်အမြန်သွားရောက်ခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် စန်းဟိုင်အဖွဲ့၏ အစည်းအဝေးခန်းမသို့ ရောက်ရှိလာခဲ့၏။
ခန်းမထဲတွင် လျှိုလင်ကျူး၊ ဝူယွဲ့နှင့် ဒုခေါင်းဆောင်များအပြင် စန်းဟိုင်အဖွဲ့၏ ထိပ်တန်းအဖွဲ့ဝင် အားလုံးသည် တစ်စုံတစ်ရာကို ဆွေးနွေးရန် စုဝေးနေကြသည်။
"လင်ကျူး ဘာဖြစ်လို့လဲ..စန်းဟိုင်အဖွဲ့ကို တစ်ယောက်ယောက်က ဒုက္ခပေးနေလို့လား"
ကျန်းချန်က ခန်းမထဲရှိ အခြေအနေကို လှမ်းကြည့်ကာ တိုက်ရိုက် မေးလိုက်သည်။
"အစ်ကိုကျန်း ဘာမှစိတ်မပူပါနဲ့.. စန်းဟိုင်အဖွဲ့က အဆင်ပြေနေပါပြီ.. အစ်ကိုကျန်းက အခုအချိန်မှာ စန်းလန်အဖွဲ့စည်းရဲ့နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင် ဆိုတော့ အစ်ကိုကျန်းရဲ့ ဂုဏ်ပုဒ်က ရှန့်ကွမ်းလဲ့ထက် ပိုမြင့်သွားခဲ့ပြီ.. ဒါကြောင့် ဘယ်သူက ကျွန်မတို့ စန်းဟိုင်အဖွဲ့ကို မထီမဲ့မြင် လုပ်ရဲတော့မှာလဲ"
လျှိုလင်ကျူးက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒီတစ်ခေါက် အစ်ကိုကျန်းကို ခေါ်လိုက်တာက စန်းဟိုင်အဖွဲ့ ကိစ္စကြောင့် မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးနောက် ပြန်လည်မေးခွန်းထုတ်လိုက်သည်။
"ဒါဆို ဘာအတွက်လဲ"
"အင်ပါယာခန်းမအကြောင်းပါ"
လျှိုလင်ကျူးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"မနက်ဖြန်က အင်ပါယာခန်းမ ဖွင့်လှစ်မဲ့နေ့ပဲ"
"အင်ပါယာခန်းမ ဖွင့်တော့မယ် ဟုတ်လား.."
လျှိုလင်ကျူးက ထိုအကြောင်းကို ပြောလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အမူအရာများ ပေါ်ပေါက်လာသည်။
အင်ပါယာခန်းမသည် စန်းလန် အဖွဲ့အစည်းတွင် အလွန်ထူးခြားသည့် ခန်းမတစ်ခု ဖြစ်သည်။
ထိုခန်းမကို စန်းလန် အဖွဲ့အစည်း မတိုင်မီ စန်းလန်ဂိုဏ်း ခေတ်ကတည်းကပင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
စန်းလန်ဂိုဏ်း၏ တည်ထောင်သူသည် ကမ္ဘာကို လှည့်လည်သွားလာရင်း ဤနေရာတွင် နတ်သန္ဓေအင်ပါယာ နှစ်ဦး တိုက်ခိုက်နေသည်ကို တိုက်ဆိုင်စွာ တွေ့ခဲ့ရသည်။
ထိုအထဲမှ နတ်သန္ဓေအင်ပါယာတစ်ပါး အသုံးပြုခဲ့သည့် အင်ပါယာပိုင်နက် စွမ်းအားသည် ဤနေရာတွင် အချိန်အတော်ကြာ တည်တံ့ခဲ့သည်။
စန်းလန်ဂိုဏ်း၏ တည်ထောင်သူက အစီအရင် တစ်ခုကိုဖွဲ့စည်းပြီး ထိုအင်ပါယာပိုင်နက် စွမ်းအားကို ချိတ်ပိတ်ကာ ဤနေရာတွင် စန်းလန်ဂိုဏ်းကို တည်ထောင်ခဲ့၏။
ဤသို့ဖြင့် အင်ပါယာပိုင်နက် စွမ်းအားကို ချိတ်ပိတ်ထားသည့် အင်ပါယာခန်းမသည် စန်းလန်ဂိုဏ်း၏ အဖိုးတန်ဆုံး အရင်းအမြစ် တစ်ခု ဖြစ်လာခဲ့၏။
နောက်ပိုင်းတွင် စန်းလန်ဂိုဏ်းကို ဆက်ခံသော ဂိုဏ်းချုပ် စန်းဝူဟန်သည် ကြယ်နှစ်ပွင့် အင်အားစုဖြစ်သည့် စန်းလန်အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။
သူက စန်းလန်ဂိုဏ်း၏ အင်ပါယာခန်းမကို အဖွဲ့အစည်း၏ အထွတ်အထိပ် နယ်မြေတစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းခဲ့သည်။
အင်ပါယာပိုင်နက်စွမ်းအားကို ထိန်းသိမ်းရန်အတွက် အင်ပါယာခန်းမကို စန်းဝူဟန်သည် နှစ်နှစ်တွင်တစ်ကြိမ်သာ ဖွင့်လှစ်ပေးခဲ့သည်။
အင်ပါယာခန်းမ ဖွင့်လှစ်သည်နှင့် စန်းလန် အဖွဲ့အစည်းမှတပည့်များသည် အင်အား အလုံအလောက် ရှိသ၍ အင်ပါယာခန်းမထဲကိုဝင်ပြီး အင်ပါယာပိုင်နက်စွမ်းအာ၏ အင်အားကို ခံစားနိုင်မည် ဖြစ်၏။
"အင်ပါယာပိုင်နက်စွမ်းအား.."
ဤသည်မှာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကိုပင် ကျော်လွန်နေသည့် အင်အားတစ်ခု ဖြစ်သည်။
ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို တတိယအဆင့်အထိ အပြည့်အဝ နားလည်ပြီးမှသာလျှင် အင်ပါယာစွမ်းအားကိုနားလည်ဖို့ အရည်အချင်း ပြည့်မီသည်ဟု ဆိုကြသည်။
ဤအဆင့်ကို နားလည်ရန် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူပင် ခက်ခဲသည်။
ယေဘုယျအားဖြင့် နတ်သန္ဓေ အင်ပါယာအဆင့်သာ အင်ပါယာပိုင်နက် စွမ်းအားကို နားလည်နိုင်မည် ဖြစ်သည်။
ထို့ကြောင့်လည်း ထိုစွမ်းအားကို အင်ပါယာပိုင်နက်စွမ်းအားဟု ခေါ်ဆိုကြခြင်း ဆိုလည်းမမှားပေ။
စန်းလန်အဖွဲ့အစည်း၏ အင်ပါယာခန်းမက၂နှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်သောကြောင့် ကျန်းချန်သည် သူ့အနေဖြင့်အင်ပါယာခန်းမထဲကိုဝင်ရန် အခွင့်အရေး မရလောက်သေးဟု အစက ထင်ခဲ့သည်။
သို့သော် မနက်ဖြန်တွင် အင်ပါယာခန်းမ ဖွင့်လှစ်တော့မည်ဟု မည်သူက ကြိုတင်သိနိုင်ပါမည်နည်း။
ဤအတိုင်းသာ ဆိုလျှင် ကျန်းချန်အနေဖြင့် အင်ပါယာခန်းမကို သွားပြီး အင်ပါယာပိုင်နက် စွမ်းအား၏ အင်အားကိုလေ့လာရလိမ့်မည် မဟုတ်ပါလော။
အခန်း(၆၉၉)ပြီး၏။