← Chapters

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

အခန်း (၇၀၀-၇၀၂)

Vol. 47 Ch. 700-702

နောက်တစ်နေ့ နံနက်စောစောတွင် ကောင်းကင်က အနည်းငယ်ထိန်လင်းနေခဲ့သည်။

နေရောင်ခြည် ကျရောက်လာသည်နှင့် ကျန်းချန်သည် အိပ်ယာမှထကာ ရိုးရိုးရှင်းရှင်းပင် သန့်ရှင်းရေးလုပ်ပြီး အခန်းထဲကနေ ထွက်လာခဲ့သည်။

ထို့နောက် သူက လျှိုလင်ကျူးတို့နှင့်အတူ အင်ပါယာခန်းမဆီသို့ ဦးတည်သွားခဲ့သည်။

မကြာခင်မှာပင် သူတို့သည် စန်းလန်အဖွဲ့အစည်း၏ အလယ်ဗဟိုတွင်ရှိသည့် ခန်းမတစ်ခုသို့ ရောက်လာခဲ့၏။

ထိုခန်းမက အလွန်ပင် ကျယ်ဝန်းသောဧရိယာကို လွှမ်းခြုံထားခဲ့ပြီး ခန်းမတစ်ခုလုံးကို အနက်ရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။

ခန်းမ၏အဓိက ဝင်ပေါက်အထပ်တွင်လည်း သုံးပေရှည်လျားသည့် ဧရာမကျောက်စာတိုင် တစ်ခုက ထင်ရှားစွာ ရှိနေခဲ့သည်။

ကျောက်စာတိုင်တွင် အင်ပါယာခန်းမ ဟူသော စာလုံးသုံးလုံးကို နဂါးနှင့်ဖီးနစ်များ ကခုန်နေသကဲ့သို့ ပုံဖော်ကာ ရေးထားသည်။

ခန်းမရှေ့တွင်လည်း လူထောင်ချီဆန့်သည့်ကြီးမားသောကွင်းပြင်တစ်ခုရှိ၏။

မရေမတွက်နိုင်သော စန်းလန်အဖွဲ့အစည်းမှ တပည့်များသည် ဤနေရာကို စောစောစီးစီး ရောက်လာကြ၍ ကွင်းပြင်တစ်ခုလုံးသည် ပြည့်နှက်နေခဲ့သည်။

ဆိုရလျှင် အင်ပါယာခန်းမ ဖွင့်လှစ်သည့်နေ့သည် စန်းလန်အဖွဲ့အစည်း၏ နှစ်ပတ်လည်ပွဲတော် တစ်ခုဆိုလည်း မမှားပေ။

စန်းလန်အဖွဲ့အစည်း၏ တပည့်အားလုံးနီးပါးသည် အင်ပါယာခန်းမသို့ ဝင်ရောက်ခွင့်ရမည့် အခွင့်အရေးကို လုံးဝ လက်လွှတ်ခံမည် မဟုတ်ပေ။

သို့သော်လည်း စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုအတွက် အင်ပါယာခန်းမထဲကို ဝင်ရန်မှာမလွယ်ကူပေ။

အင်ပါယာခန်းမတွင် စီရင်ထားသော အစီအရင်သည် ခန်းမနှင့်ခြေလှမ်းတစ်ရာ အကွာအဝေးအထိ သက်ရောက်မှုရှိသည်။

မည်သူမဆို အင်ပါယာခန်းမထဲသို့ ဝင်လိုလျှင် အစီအရင်၏ ဖိနှိပ်မှုကို ခံရလိမ့်မည် ဖြစ်သည်။

ထို့အပြင် အင်ပါယာခန်းမနှင့် ပို၍နီးလာလေလေ ခံစားရသည့် ဖိနှိပ်မှုက ပို၍ အားကောင်းလာလေလေ ဖြစ်၏။

ယေဘုယျအားဖြင့် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်အောက်မှ တပည့်များသည် အင်ပါယာခန်းမကို ဝင်ရန် အရည်အချင်း မရှိသလောက်ပင်။

သူတို့တွင် ခြေလှမ်းတစ်ရာ အကွာအဝေးကို ဖြတ်ကျော်ရန်ပင်နည်းလမ်း မရှိကြပေ။

သို့သော်လည်း ထိုသို့ဖြစ်နေလျှင်ပင် စန်းလန် အဖွဲ့အစည်းမှ တပည့်များသည် အင်ပါယာခန်းမဆီသို့ အလျင်အမြန် သွားခဲ့ကြသည်။

အင်ပါယာပိုင်နက်စွမ်းအား။

ဤသည်မှာ ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ထက်ပင် ပိုမို အားကောင်းသည့် အင်အားတစ်ခု ဖြစ်သည်။

ခန်းမကိုလွှမ်းခြုံထားသည့် အစီအရင်၏ အင်အားထဲတွင် အင်ပါယာပိုင်နက် စွမ်းအား၏အင်အားလည်း ပါဝင်နေ၏။

ထို့ကြောင့် စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုအတွက် အင်ပါယာပိုင်နက် စွမ်းအားကို ခံစားရရုံဖြင့်ပင် အကျိုးများစေနိုင်မည် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ အင်ပါယာခန်းမ ဖွင့်လှစ်ခြင်းသည် စန်းလန်အဖွဲ့အစည်း၏ တပည့်များအတွက် အကဲဖြတ် စစ်ဆေးမှုတစ်ခု ဖြစ်နေခြင်းပင်။

စန်းလန်အဖွဲ့အစည်းမှ တပည့်များ၏ နှစ်စဥ် ပြန်လည်စီစဥ်သည့် အဆင့်သတ်မှတ်ချက်များသည် ဤအင်ပါယာခန်းမနှင့် သက်ဆိုင်မှု ရှိနေသည်။

ဤအဆင့် သတ်မှတ်ချက်ကို အင်ပါယာခန်းမသို့ ဝင်ရောက်မည့် တပည့်များ၏ အောင်မြင်မှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။

အင်ပါယာခန်းမထဲကို မဝင်နိုင်သောသူများကိုမူ အင်ပါယာခန်းမနှင့် အနီးဆုံးသို့ ရောက်ရှိခဲ့သည် ခြေလှမ်းအရေအတွက် အလိုက် အဆင့်သတ်မှတ်သည်။

အင်ပါယာခန်းမထဲကို ဝင်ရောက်နိုင်သည့် သူများကိုမူ ခန်းမထဲတွင် နေထိုင်ခဲ့သည့် အချိန်ကာလအလိုက် ဆုံးဖြတ်မည် ဖြစ်၏။

ထို့အပြင် ဤအဆင့်သတ်မှတ်ချက်များသည် နောက်နှစ်တွင်ရရှိမည့် ကျင့်ကြံခြင်း အရင်းအမြစ်များနှင့်လည်း သက်ဆိုင်နေသည်။

ထို့ကြောင့် စန်းလန်အဖွဲ့အစည်းမှ တပည့်အားလုံး နီးပါးသည် အင်ပါယာခန်းမကို အလွန်ပင် အလေးအနက်ထားကြသည်။

ထို့ကြောင့် အင်ပါယာပိုင်နက်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် အချိန်ကြာကြာ တောင့်ခံနိုင်​အောင် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မည် ဖြစ်သည်။

"အစ်ကိုကျန်း..ဟိုမှာ ကြည့်ပါဦး.. စန်းလန်အဖွဲ့အစည်းရဲ့ ကြယ်တစ်ရာဘုရင်ခြောက်ယောက် ရောက်လာခဲ့ပြီ"

လျှိုလင်ကျူးက ရုတ်တရက် လေထုထဲကို လက်ညှိုးထိုးပြလိုက်သည်။

ကျန်းချန်က လျှိုလင်ကျူး ညွှန်ပြရာသို့ကြည့်လိုက်ရာကွင်းပြင်အဆုံးရှိ လေထုထဲတွင် ပုံရိပ်ခြောက်ခု လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

ထိုပုံရိပ်ခြောက်ခုသည် အလွန်ရုန့်ရင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

"ဟားဟား..နောက်ဆုံးတော့ အင်ပါယာနန်းတော် ပြန်ဖွင့်ပြီဟ.. ဒီတစ်ခါ ငါ့ရဲ့အရင်စံချိန်ကို ချိုးဖျက်ပြီး ပထမနေရာကို ရယူမယ်"

ကြယ်တစ်ရာဘုရင် ခြောက်ယောက်နှင့် တစ်ချိန်တည်းမှာပင် အနီရောင် တောက်တောက် ပုံရိပ်တစ်ခုသည်လည်း ကောင်းကင်ကနေ လျှောက်လှမ်းလာခဲ့သည်။

ထိုအနီရောင်ပုံရိပ် ပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် အနက်ရောင်ပုံရိပ်တစ်ခုသည် လေထုထဲကနေ ပေါ်လာခဲ့၏။

"ဟမ့်..ကျောက်ယွိလုံ မင်းပထမနေရာလိုချင်ရင် ငါသဘောတူမတူ အရင်မေးရမယ်"

အနီရောင် နှင့် အနက်ရောင်အရိပ်များ ပေါ်လာသည်နှင့် ကွင်းပြင်ထဲရှိ လေထုသည် ချက်ချင်းပင် အေးခဲသွားခဲ့သည်။

ဤအချိန်တွင် စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် တပည့်နှစ်ယောက် အပါအဝင် ထူးချွန်သော ပါရမီရှင်ရှစ်ယောက်သည် အင်ပါယာနန်းတော်တွင် စုဝေးနေကြပြီ ဖြစ်၏။

အခန်း(၇၀၀)ပြီး၏။

အခန်း(၇၀၁)

ကြယ်နှစ်ပွင့် အင်အားစု ဖြစ်သည့် စန်းလန်အဖွဲ့အစည်း၏ မျိုးဆက်သစ် ပါရမီရှင် ရှစ်ယောက်မှာ ဘုရင်အဆင့်ပါရမီရှင်တပည့်နှစ်ယောက်နှင့် ရွှေအဆင့် ထိပ်တန်းတပည့် ဖြစ်သည့် ကြယ်တစ်ရာဘုရင် ခြောက်ယောက်တို့ ဖြစ်သည်။

ဘုရင်အဆင့်ပါရမီရှင် တပည့်နှစ်ယောက်သည် စန်းလန်အဖွဲ့အစည်းတွင် ထူးခြားသော အဆင့်အတန်းရှိပြီး အကြီးအကဲများနှင့် တန်းတူနီးပါး အဆင့်ရှိသည်။

ဆိုရလျှင် ၎င်းတို့သည် စန်းလန်အဖွဲ့အစည်း၏ အနာဂတ် အမွေဆက်ခံသူများ ဖြစ်ကြ၏။

ထိုနှစ်ယောက်အောက်ရှိ ကြယ်တစ်ရာဘုရင် ခြောက်ယောက်သည် စန်းလန်အဖွဲ့အစည်း၏ အဓိကအုတ်မြစ်များ ဖြစ်ကြသည်။

၎င်းတို့သည် အနာဂတ်တွင် အနည်းဆုံး စန်းလန်အဖွဲ့အစည်း၏ အကြီးအကဲများ ဖြစ်လာနိုင်ပေသည်။

ကျန်းချန်က လက်ရှိတွင် စန်းလန်အဖွဲ့အစည်း၏ ခုနစ်ယောက်မြောက် ကြယ်တစ်ရာဘုရင် ဖြစ်သော်လည်း စန်းလန်အဖွဲ့အစည်းကို ဝင်ရောက်လာသည့် အချိန်မှာ တိုတောင်းလွန်း၏။

လူတိုင်း၏ မျက်လုံးထဲတွင် ကျန်းချန်သည် အတွေ့အကြုံရင့် ကြယ်တစ်ရာဘုရင် ခြောက်ယောက်နှင့်ပင် မယှဥ်နိုင်ပေ။

"ခေါင်းဆောင်.. စန်းလန်အဖွဲ့အစည်းရဲ့ ကြယ်တစ်ရာဘုရင် ခြောက်ယောက်လုံးက အရမ်း အင်အားကြီးမားပြီး သူတို့အားလုံးနီးပါးက စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် အထက်မှာ ရှိကြတယ်"

"အထူးသဖြင့် ရွှေရောင်ဝတ်ရုံနဲ့ လူငယ်လေးပဲ.. သူ့နာမည်က ရှကျင်းကွမ်း.. သူက ကြယ်တစ်ရာဘုရင် ခြောက်ယောက်ထဲမှာ ပထမနေရာကလူပဲ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က စွမ်းအင်သိပ်သည်းခြင်း နဝမအဆင့်ပဲ"

"ရှကျင်းကွမ်းက စန်းလန်အဖွဲ့အစည်းရဲ့ တတိယမြောက် ဘုရင်အဆင့် ပါရမီရှင် တပည့် ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးသူလို့လည်း ဆိုကြတယ်"

ထိုအချိန်တွင် စန်းလန်အဖွဲ့အစည်း၏ ပါရမီရှင် ရှစ်ယောက် အကြောင်းကို သိသည့် ဝူယွဲ့က ကျန်းချန်ကို လေသံတိုးတိုးဖြင့် မိတ်ဆက်ပေးခဲ့သည်။

ဝူယွဲ့၏ စကားကို ကြားလျှင် ကျန်းချန်က မှင်တက်သွားမိသည်။

ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန်အဖွဲ့အစည်း၏ ထိပ်တန်း ပါရမီရှင်များသည် တကယ်ကို အားကောင်း၏။

သူ၏ လက်ရှိအင်အားဖြင့် ဝှက်ဖဲအားလုံးကို ထုတ်သုံးလျှင်ပင် ရှကျင်းကွမ်း၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အနီရောင်နှင့် အနက်ရောင် အရိပ်ကို တိုက်ရိုက် လှမ်းကြည့်လိုက်သည်။

"ဒီဘုရင်အဆင့် ပါရမီရှင် နှစ်ယောက်ရဲ့ အင်အားက သိုင်းသခင်နယ်ပယ်နဲ့ အတော်လေး နီးစပ်နေပြီ"

ကြယ်တစ်ရာဘုရင် ခြောက်ယောက်က အင်အားကြီးသော်လည်း ကျန်းချန်က ရှုံးနိမ့်လျှင်ပင် နောက်ဆုတ်၍ ပြေးနိုင်စွမ်း ရှိသေးသည်။

ထိုဘုရင်အဆင့် တပည့်နှစ်ယောက်ကမူ ကျန်းချန်ကို အလွန်အမင်း မနာလိုဖြစ်စေ၏။

သူက ထိုနှစ်ယောက်ဆီကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို ပင်ကိုသိစိတ်ဖြင့် ခံစားမိခဲ့သည်။

"အဲဒီနှစ်ယောက်ရဲ့ အင်အားက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ"

"အနီရောင်ဝတ်ထားတဲ့ ကျောက်ယွီလုံက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အင်အားနဲ့ သိုင်းပညာ နှစ်မျိုးလုံးမှာ အားကောင်းပြီး သူမတူတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိတယ်.. သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် အကွက်၃၀ထိ ခုခံနိုင်ခဲ့ဖူးတယ်"

"အနက်ရောင်ဝတ်ထားတဲ့ စန်းယာနဲ့ ပတ်သက်ပြီး ပြောရရင် စန်းယာက အရမ်း လျှို့ဝှက်တယ်...သူ လှုပ်ရှားတာကို မြင်ဖူးတဲ့သူ အရမ်းနည်းတယ်"

ဝူယွဲ့က သူ့စကားကို ဆက်ပြောလိုက်သည်။

"အင်ပါယာခန်းမကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်တဲ့အခါ စန်းယာက ကျောက်ယွိလုံကို အနိုင်ရပြီး စန်းလန်အဖွဲ့အစည်းရဲ့ နံပါတ်တစ် နေရာကို ရရှိခဲ့တယ်"

ကျန်းချန်နှင့် ဝူယွဲ့တို့ စကားပြောနေစဥ် လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် စန်းယာသည် ကွင်းပြင်ကို အနည်းငယ် မျက်လုံးဝေ့ကြည့်လိုက်ပြီး အဆုံးသတ်တွင် သူ၏ အကြည့်က ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။

"ရန်ဟောင်.. အောက်ဆင်းပြီး ကျန်းချန်လို့ခေါ်တဲ့ ကောင်လေးကို ငါ့ဆီ လာခိုင်းလိုက်"

စန်းယာ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့ပြီး သူ့ အနောက်မှ ကြယ်တစ်ရာဘုရင် ရန်ဟောင်ကို တိုက်ရိုက် ညွှန်ကြားလိုက်သည်။

ရန်ဟောင်ဟု ခေါ်သည့် ကြယ်တစ်ရာဘုရင်က အနည်းငယ် အံ့အားသင့်သွားခဲ့၏။

သူက မကြာသေးခင်ကမှ စန်းလန်အဖွဲ့အစည်း တစ်ခုလုံးတွင် နာမည်ကြီးလာသည့် ကျန်းချန်ဆိုသော နာမည်ကို သဘာဝကျကျ မစိမ်းပေ။

စန်းယာ ဘာလုပ်ချင်မှန်း သူ အတိအကျ မသိသော်လည်း စန်းယာ၏ အကြည့် ရောက်ရှိနေသည့် ဦးတည်ရာဆီသို့ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

"ကျန်းချန် ဆိုတာ ဘယ်သူလဲ"

ရန်ဟောင်က မျက်လုံးများဖြင့် အောက်ကို အနည်းငယ် ဝေ့ကြည့်လိုက်၏။

သူ၏ အသံက လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်လာသည်။

ရန်ဟောင်၏ စကားသံ ထွက်ပေါ်လာပြီးနောက်တွင် ကွင်းပြင်ရှိ မရေမတွက်နိုင်သော အကြည့်များသည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ကျန်းချန်က ရန်ဟောင်ကို မော့ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ငါက ကျန်းချန်ပဲ.. မင်း ငါ့ကို ဘာကိစ္စ ရှာနေတာလဲ"

ရန်ဟောင်က တိုက်ရိုက် အမိန့်ပေးသည့် လေသံဖြင့် ခပ်မာမာ ပြောလိုက်သည်။

"စီနီယာအစ်ကို စန်းယာက မင်းကို တွေ့ချင်နေတယ်.. မင်း ငါ့နောက်ကနေ လိုက်ခဲ့"

"ငါက ဘာလို့ မင်းနောက်ကို လိုက်ရမှာလဲ"

ကျန်းချန်က အေးစက်စွာ ပြုံး၍ ​ပြောလိုက်သည်။

"သူ ငါ့ကို တွေ့ချင်ရင် သူ့ဘာသာသူ လေထဲကနေ ဆင်းလာပြီး တွေ့ပေါ့"

အခန်း(၇၀၁) ပြီး၏

အခန်း(၇၀၂)

ကျန်းချန်၏ မောက်မာသော စကားသံကို ကြားလျှင် ကွင်းပြင်ပေါ်ရှိ မရေမတွက်နိုင်သော စန်းလန်အဖွဲ့အစည်း၏ တပည့်များသည် ချက်ချင်းပင် ဆူညံသွားကြသည်။

"ကျန်းချန်က စန်းယာ ခေါ်ခိုင်းလိုက်တာကို ငြင်းလိုက်တယ်ဟ"

"ဒီကောင်က သူ့ကိုစော်ကားရင် ဘယ်သူ့ကိုမှ ခေါင်းငုံ့နေမဲ့ကောင်မျိုး မဟုတ်ဘူး.. ဒါကြောင့်လည်း တစ်ဟုန်ထိုးကျော်ကြားလာခဲ့တာပဲ"

"............"

စန်းယာ။

စန်းလန်အဖွဲ့အစည်း၏ ဘုရင်အဆင့် တပည့်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး စန်းလန်အဖွဲ့အစည်း၏ မျိုးဆက်သစ်လူငယ်များထဲတွင် နံပါတ်တစ် နေရာကို ရထားသူ ဖြစ်သည်။

စန်းလန်အဖွဲ့အစည်း တစ်ခုလုံးမှာပင် ဘုရင်အဆင့် တပည့်ဖြစ်သည့် ကျောက်ယွိလုံ တစ်ယောက်တည်းကသာ သူ့ပြိုင်ဘက် ဖြစ်၏။

စန်းယာက ကြယ်တစ်ရာဘုရင် ရန်ဟောင်ကို ဖိတ်ခိုင်းလိုက်သော်လည်း ကျန်းချန်က ငြင်းဆိုလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

အံ့သြစရာအကောင်းဆုံးမှာ ကျန်းချန်သည် စန်းယာကို လေထဲကနေ ဆင်းလာပြီး သူ့ဆီ ကိုယ်တိုင်လာတွေ့ဟု မောက်မာစွာ ပြောဆိုခဲ့ခြင်းပင်။

ကျန်းချန်က သိုင်းပညာနှင့် အဂ္ဂိရတ်ပါရမီတွင် ထူးချွန်းပြီး စန်းလန်အဖွဲ့အစည်း၏ ကြယ်တစ်ရာဘုရင် တစ်ယောက် ဖြစ်ရုံသာမက စန်းလန်အဖွဲ့အစည်း၏ နံပါတ်တစ် အဂ္ဂိရတ်ပါရမီရှင်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ဂုဏ်ပုဒ်သည် စန်းလန်အဖွဲ့အစည်း၏ တပည့်အများစုကို ကြောက်ရွံ့စေဖို့ လုံလောက်သော်လည်း ထိုအထဲတွင် စန်းယာ မပါဝင်ပေ။

ကျန်းချန်က စန်းယာကို ဤမျှအထိ စော်ကားခြင်းသည် သေခြင်းတရားကို ရှာဖွေသည်နှင့် မခြားချေ။

"ကျန်းချန်.. မင်းမှာ အစွမ်းအစလေး နည်းနည်းပါးပါး ရှိတာနဲ့ ထင်တိုင်းကြဲလို့ရမယ် မထင်နဲ့"

"အစ်ကို စန်းယာက မင်းကို တွေ့ချင်တယ်ဆိုတာ မင်းအတွက်ဂုဏ်ယူစရာပဲ.. မလေးမခန့်မလုပ်နဲ့"

ကျန်းချန်၏ စကားကို ကြားလျှင် ရန်ဟောင်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားပြီး ကျန်းချန်ကို ပြင်းထန်စွာ အော်ငေါက်လိုက်သည်။

"ငါ နောက်တစ်ခေါက် ထပ်ပြောမယ်.. သူ ငါ့ကို တွေ့ချင်ရင် သူ့ဘာသာ ဆင်းလာပြီး လာတွေ့ခိုင်းလိုက်.. သူ့ကို သွားတွေ့ဖို့ ငါ စိတ်မဝင်စားဘူး"

ကျန်းချန်က အရိုအသေမဲ့စွာ ငြင်းဆိုခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်သည် လေထဲမှ စန်းယာ၏ ဒေါသတကြီး အကြည့်ကို ခံစားလိုက်ရသည်။

ကျန်းချန်က ဤဘုရင်အဆင့် ပါရမီရှင်ကို သူဘယ်အချိန်က စော်ကားမိလိုက်သလဲ မသိပေ။

သို့သော်လည်း ထိုကောင်လေး သူ့ကို တွေ့ချင်နေသည်မှာ ကောင်းမွန်သော ကိစ္စမဟုတ်မှန်း သိရှိခဲ့သည်။

သို့ဖြစ်ရာ ကျန်းချန်က သူ့ကို အဘယ်ကြောင့် ယဉ်ယဥ်ကျေးကျေး ဆက်ဆံရပါမည်နည်း။

"မင်း အတော်မောက်မာတဲ့ကောင်ပဲ"

ရန်ဟောင်က ချက်ချင်းပင် ဒေါသထွက်သွား၏

သူက အလျင်အမြန် ဆင်းလာပြီး ချက်ချင်းဆိုသလို ကျန်းချန်၏ ရှေ့တွင် ပေါ်လာကာ လက်ကို ဆန့်ထုတ်ပြီး ကျန်းချန်ရဲ့ ပခုံးကို ဆွဲညှစ်၍ အတင်းအကျပ်ခေါ်ရန် ပြင်ဆင်လိုက်သည်။

"ထွက်သွားစမ်း"

ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အင်အားနှင့် နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားကို အသုံးပြုကာ ရန်ဟောင်ကို တိုက်ရိုက် လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

ရန်ဟောင်၏ ပေါ့လျော့မှုကြောင့် ရန်ဟောင်က ကျန်းချန်၏ လက်သီးစာမိပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်ကာ မီတာအတော်ဝေးဝေးထိ လွင့်ထွက်သွားခဲ့သည်။

ကွင်းပြင်ပေါ်ရှိ မရေမတွက်နိုင်သော စန်းလန်အဖွဲ့အစည်း၏ တပည့်များသည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် မျက်လုံးများ ပြူးကျယ်သွားကြ၏။

"ဝိုး.. အတွေ့အကြုံရင့် ကြယ်တစ်ရာဘုရင် ရန်ဟောင်ကို ကျန်းချန်က လက်သီးတစ်ချက်တည်းနဲ့ လွင့်စင်သွားစေတယ်လား..

ငါ အမြင်မှားနေတာ မဟုတ်ပါဘူးနော်"

"အံ့သြစရာကောင်းလိုက်တာ.. ဒီကောင်လေးက စန်းလန်အဖွဲ့အစည်းကို အခုမှ ဝင်ရောက်လာတဲ့ လူသစ်ရော ဟုတ်ရဲ့လား"

".............."

ရန်ဟောင်က သူ့နားထဲကနေ ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားလျှင် ရှက်ရွံ့သွားခဲ့သည်။

သူက ပြင်းထန်စွာ ကြုံးဝါးလိုက်ပြီး စွမ်းအင်သိပ်သည်းခြင်းသတ္တမအဆင့် ခွန်အားကို အကုန်အစင် ထုတ်ဖော်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် အနီရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်ကနေ ရုတ်တရက် သူ့ရှေ့သို့ ဆင်းသက်လာခဲ့၏။

"ရန်ဟောင်...မင်းက စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အပြင် ကြယ်တစ်ရာဘုရင် တစ်ယောက် ဖြစ်ပြီး စန်းလန်အဖွဲ့အစည်းထဲ အခုမှ ဝင်လာတဲ့ လူသစ်တစ်ယောက်ကို တိုက်ခိုက်ဖို့ လုပ်နေတာ မင်း မရှက်ဘူးလား"

ဘုရင်အဆင့် ပါရမီရှင် တပည့် ကျောက်ယွိလုံ။

သူ့ရှေ့ကို ရုတ်တရက် ရောက်လာသည့် အနီရောင်ပုံရိပ်ကို မြင်လျှင် ရန်ဟောင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

ကျောက်ယွိလုံ၏ လှုပ်ရှားမှုကို မြင်လျှင် စန်းယာ၏ မျက်နှာထားက အနည်းငယ် တင်းမာသွားခဲ့၏။

သူက ချက်ချင်းပင် ကျောက်ယွီလုံရှေ့တွင် ပေါ်လာခဲ့သည်။

"ကျောက်ယွီလုံ.. မင်း ဒါဘာသဘောလဲ"

စန်းယာက ကျောက်ယွိလုံကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

သူ၏ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် ချက်ချင်း ပြည့်နှက်သွားခဲ့သည်။

အခန်း(၇၀၂) ပြီး၏

All Chapters