သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ စွမ်းပကား
Vol. 151 Ch. 2254
ဖောက်.. ဖောက်.. ဖောက်..
သွေးရောင် အလင်းတန်းတချို့က ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာ၏။
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံက အရမ်းကို မြန်ဆန်လွန်း၏။
သူ၏ အာရုံခံသတိစိတ်ပေါ်မှာ မှီခိုရင်း ဆူဇီမိုသည် သေကွင်းသေကွက် ပျက်စီးထိခိုက်မှုများကို ရှောင်လွှဲနိုင်၏။ သို့သော်လည်း သူသည် ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကြောင့် ထိခိုက်ဒဏ်ရာများ ရရှိလာဖို့က မလွဲမသွေပင်။ သူ၏ လက်၊ ပခုံးနှင့် ပေါင်ပေါ်မှာ ဒဏ်ရာအချို့ ပေါ်ထွက်လာပြီး သွေးများက တစ်စက်စက် စီးကျလာ၏။
ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက အလွန်တရာ စိုးရိမ်ပူပန်လာခဲ့၏။
“အကြီးအကဲကျုံး.. အရှုံးကို ဝန်ခံလိုက်ရင် ကောင်းမလား”
မင်းသမီး သက်တံနီမှာ စိုးရိမ်ပူပန်နေသော အမူအရာတစ်ခု ရှိနေ၏။
“ဖုန်းယင်က သူ့အရင်ဘဝက လက်နက်အပေါ် မှီခိုနေတာပဲ.. ဒီနေရာမှာဆိုရင် ဂျူနီယာမောင်ဆူက အရမ်းကို နိမ့်ကျနေတယ်.. သူက ဘယ်လိုမှ မတိုက်ခိုက်နိုင်ဘူး”
အကြီးအကဲကျုံးနှင့် အခြားသူများက အကြည့်ချင်း ဖလှယ်ပြီး တွေဝေတုံ့ဆိုင်းနေကြ၏။
ဆူဇီမိုသည် အရေးနိမ့်၍ ဖုန်းယင်၏ အပြတ်အသတ် ဖိနှိမ်ခြင်း ခံနေရသည်မှာ တကယ်ပင်ဖြစ်၏။ သို့သော်လည်း သူသည် ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ရှိမနေသည့်အလား သူ၏ အမူအရာက တည်ငြိမ်၍ ဣန္ဒြေရနေဆဲဖြစ်၏။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ပေါ်ထွက်လာသော်လည်း သူတို့က သိပ်မကြာခင် သွေးတိတ်သွားပြီး ပြန်လည်ကုသနေသည့် လက္ခဏာများ ပြသလာ၏။
ထိုအရာများက အသေးအဖွဲ့ ဒဏ်ရာများသာဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် ဘာမှမဟုတ်ပေ။
“စောင့်ကြည့်လိုက်ပါဦး”
အကြီးအကဲဟဲက တိုက်ပွဲနယ်မြေကို မမှိတ်မသုန် စိုက်ကြည့်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။ သူက အချိန်မရွေး ဝင်ရောက်တားဆီးဖို့တော့ ပြင်ဆင်ထား၏။
အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းပေါ်မှာ..
ဆူဇီမိုကလည်း တန်ပြန်တိုက်ခိုက်ရမည့် နည်းလမ်းများကို စဉ်းစားတွေးတောနေ၏။
သူသည် ဤအခြေအနေကနေ ရုန်းထွက်လိုသည်ဆိုလျှင် သူသည် ဖုန်းယင်၏ ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို ရှင်းထုတ်ပစ်ရပေမည်။
ငရဲဖိနှိမ်မီးဖိုသည် လက်ရှိမှာ မိုးကောင်းကင်ကိုးလွှာမှ ရရှိလာသော ရတနာတချို့ကို ဝါးမျိုသန့်စင်နေပြီး ထိုဖြစ်စဉ်ကို အနှောင့်အယှက်ပေးလို့ မဖြစ်ပေ။
အထွတ်အမြတ်ဝိညာဉ်တချို့က နိုးထလာပြီဖြစ်သော်လည်း သူတို့၏ ခွန်အားအပြည့်အဝကို ပြန်လည်မရရှိသေးပေ။
ဒါ့အပြင် အဲဒါက ဆူဇီမို၏ အသန်မာဆုံး ဝှက်ဖဲဖြစ်ပြီး သူသည် အဆင့်တူများအကြား တိုက်ပွဲတစ်ခုမှာ သူတို့ကို ကြိုတင်ထုတ်ဖော်လိုခြင်း မရှိပေ။
ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက မလှမ်းမကမ်း လေထဲမှာ တရုန်းရုန်း ထကြွနေဆဲဖြစ်၏။
ဆူဇီမိုက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ပြန်ခေါ်မည်ပြုစဉ်မှာပင် အထဲမှာ ရှိသော သန့်စင်လေ အင်မော်တယ်အပ် ၁၀၈ချောင်းက ထွက်ပြေးလွတ်မြောက်၍ ဖုန်းယင်၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိချင်နေ၏။
သူသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ထိလို့ မရပေ။ မဟုတ်ပါက ဖုန်းယင်သည် သန့်စင်လေ အင်မော်တယ်အပ်များကို ပြန်လည်ထိန်းချုပ်နိုင်သွားမည်ဆိုလျှင် ဒုက္ခပိုများလာပေလိမ့်မည်။
ရွှစ်..
ထိုစဉ်မှာပင် အနက်ရောင် အလင်းက နောက်တစ်ဖန် ပေါ်ထွက်လာပြီး ဆူဇီမို၏ နှာရောင်ဆီသို့ ပစ်ဝင်လာခဲ့၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုက မရှောင်တိမ်းတော့ပေ။
အတွေးတစ်ချက်နှင့်အတူ သူ၏ လက်ထဲမှာ အစိမ်းရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။
အဲဒါက အလွန်တရာ လက်ရာမြောက်သော ကျောက်စိမ်းလက်နက်တစ်ခု ဖြစ်၏။ ၎င်း၏ ဦးခေါင်းက မင်္ဂလာတိမ်စိုင်တစ်ခု၏ ပုံစံရှိပြီး ၎င်းပေါ်မှာ နှစ်မြုပ်ထားသော ပုလဲသုံးလုံးက ထူးခြားစွာ တောက်ပနေ၏။
ဤကျောက်စိမ်းလက်နက်သည် အဆင့် ၁၀ ဖန်တီးခြင်းကြာပဒုမ္မာသို့ ဆူဇီမို ချိုးဖျက်တက်လှမ်းခဲ့စဉ်က မွေးဖွားပေါ်ထွက်လာခဲ့သော သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးဖြစ်၏။
အစကတော့ ပုလဲလုံး သုံးလုံးက အရောင်မှေးမှိန်နေခဲ့၏။
ယခုအချိန်မှာ ဆူဇီမိုသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်သုတ္တန်ကို အဆက်မပြတ် ကျင့်ကြံထားခဲ့၏။ ဤသုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကလည်း နေ၊ လနှင့် ကြယ်တို့ထံမှ အလင်းပမာဏများစွာကို စုပ်ယူထားခဲ့၏။
ပုလဲလုံး သုံးလုံးသည် သူတို့၏ အရောင်အဝါကို တဖြည်းဖြည်း ပြန်လည်ရရှိလာပြီး တဖျတ်ဖျတ်တလက်လက် ဖြစ်လာခဲ့၏။
တကယ်တော့ ထိုပုလဲလုံး သုံးလုံးကို ကစဉ့်ကလျား ခေတ်ကာလမှာ နေ၊ လနှင့် ကြယ်တို့၏ အမြုတေကနေ စုဖွဲ့ထားခြင်းဖြစ်ပြီး ကောင်းကင်၊ မြေကြီးနှင့် လူသားတို့ကို ကိုယ်စားပြုလေသည်။
ဆူဇီမိုသည် အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်သုတ္တန်ကို ကျင့်ကြံကာ ကြယ်များကို သန့်စင်စုပ်ယူခဲ့၏။ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ကိုင်ဆွဲပြီး ကြီးမားသည့် အားအင်ဖြည့်တင်းမှုကိုလည်း လက်ခံရရှိခဲ့၏။
သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ ပုလဲလုံး သုံးလုံးကတော့ သူတို့သည် ပို၍ပင် သိပ်သည်းကျစ်လျစ်သော သုံးရောင်စပ် ကြယ်အလင်းတစ်ခုကို ထုတ်ဖော်ကာ အဆင့်မြင့် ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်သုတ္တန်ကို ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်ရန် ဆူဇီမိုကို ကူညီပေးခဲ့၏။
မဟုတ်ပါက နှစ်တစ်ထောင်မျှနှင့် သူသည် ထိုကျင့်ကြံရေး နည်းစနစ်ကို အဆင့် ၃ အထိ ကျင့်ကြံပြီး တတိယမြောက် ကြယ်နယ်မြေကို ဖွင့်လှစ်နိုင်စရာ အကြောင်းမရှိပေ။
ဆူဇီမိုသည် သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ပထမဆုံး ရရှိခဲ့စဉ်က အချိန်သည် အပူတပြင်းနိုင်နေခဲ့ပြီး သူက အဲဒါကို လေ့လာဖို့ အချိန်များစွာ မရရှိခဲ့ပေ။
သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ အသုံးဝင်မှုများထဲမှ တစ်ခုသည် လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲပေးနိုင်ခြင်းဖြစ်၏။
ပြီးခဲ့သည့် နှစ်တစ်ထောင်အတွင်း ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ တံခါးပိတ်ကျင့်ကြံနေခဲ့သည့်အပြင် ဆူဇီမိုသည် တချို့သော အချိန်များမှာ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ အသုံးဝင်မှုများကိုလည်း လေ့လာခဲ့လေသည်။
ဤနှစ်များမှာ သူသည် အသိအမြင်တချို့ကို ရရှိခဲ့သော်လည်း သူတို့ကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေး မရခဲ့ပေ။
ယခု ဖုန်းယင်က ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို ဆင့်ခေါ်ထားပြီး ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောကာ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ထုတ်ယူလိုက်၏။
ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်နှင့်အတူ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ကိုင်မြှောက်ပြီး ဝင်ရောက်လာသော ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို ရိုက်ချလိုက်၏။
“မင်းက အုတ်နံရံကို ကြက်ဥနဲ့ ပေါက်နေတာပဲ”
ဖုန်းယင်က ဆူဇီမို၏ အပြုအမူကို တွေ့မြင်သောအခါ ဟားတိုက်ရယ်မောလိုက်၏။
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံနှင့် ယှဉ်လျှင် ဤကျောက်စိမ်းတောင်ဝှေးသည် ရိုက်ချက်တစ်ချက်ဖြင့် ကြေမွသွားနိုင်သည့်အလား အလွန်တရာ နုနယ်သည့်ပုံပေါ်နေ၏။
ချွင်…
သို့သော်လည်း ဓမ္မရတနာနှစ်ခု ထိတွေ့ရိုက်ခတ်ပြီးနောက် ကျောက်စိမ်းချင်း ထိခတ်သံက ထွက်ပေါ်လာခဲ့၏။ ဖုန်းယင်၏ ပုံရိပ်က ပေါ်ထွက်လာပြီး သူက ဆတ်ခနဲ တုန်ယင်သွား၏။ သူ့မှာ တုန်လှုပ်နေသော အမူအရာတစ်ခု ရှိပြီး ဟန်ချက်ပျက်ကာ လေထဲကနေ လဲကျလုမတတ် ဖြစ်သွား၏။
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံက ၎င်း၏ ပုံသဏ္ဌာန်ကို ထွက်ပေါ်လာစေပြီး အနည်းငယ် ယိမ်းနွဲ့နေ၏။ ၎င်းသည် ကြီးမားသော ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရသည့်အလား လေထဲကနေ ကျဆင်းလာနေ၏။
လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
“အဲဒီ ကျောက်စိမ်းလက်နက်က ဘာလဲ.. အဲဒါက ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို တကယ်ပဲ ရိုက်ချနိုင်တာလား”
“ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံက ပျက်စီးထိခိုက်ထားတယ် ဆိုပေမဲ့ အဲဒါက ဘာပဲပြောပြော ကပ်ဘးကိုးခု သန့်စင်ယန် စိတ်ဝိညာဉ်ရတနာပဲ.. အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်လာကြ၏။
ပကတိအင်မော်တယ် ရှဲ့လင်၊ ကောင်းကင်ချောက်နက်နှင့် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ အကြီးအကဲ သုံးယောက်ပင်လျှင် ကြက်သေသေနေကြ၏။
အစိမ်းရောင်ကြာပန်း တိုက်ပွဲကွင်းပေါ်မှာ ရှိသော ဖုန်းယင်က ပို၍ပင် ထိတ်ထိတ်ပျာပျာဖြစ်ကာ တွေဝေရှုပ်ထွေးနေ၏။
ဆူဇီမိုသည် လှပသိမ်မွေ့သော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို တိုက်ခိုက်လိုက်သည်ကို သူတွေ့မြင်သောအခါ သူက အဲဒါကို အတည်အတံ့ လုံးဝ မမှတ်ယူခဲ့ပေ။
ကျောက်စိမ်းတောင်ဝှေးမှာ စွမ်းအားများစွာ မပါရှိသည့်ပုံပင်။
သို့သော်လည်း ကျောက်စိမ်းလက်နက်က ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံနှင့် ထိခတ်မိသောအခါ ၎င်းနှင့် ချိတ်ဆက်ထားသော အမြုတေချီက ပျက်ပြယ်သွားလေသည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီကတော့ ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကနေတစ်ဆင့် သွယ်ဝိုက်ကာ ဖရိုဖရဲ ဖြစ်လာ၏။
ဖုန်းယင်က အငိုက်မိသွားပြီး လေထဲကနေ လဲကျလုနီးပါး ဖြစ်သွား၏။
ဖုန်းယင်သည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အလောတကြီး လှည့်ပတ်ပြီး ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို နောက်တစ်ဖန် ထိန်းချုပ်ဖို့ ကြိုးစားလိုက်၏။ သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီး သူက ဆူဇီမို၏ လက်ထဲရှိ ကျောက်စိမ်းလက်နက်ကို စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုဖြင့် ကြည့်လိုက်၏။
ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ ကျေနပ်သဘောကျသွား၏။ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးပေါ်ရှိ ပုလဲလုံး သုံးလုံးသည် နေ၊ လနှင့် ကြယ်တို့၏ အမြုတေများကို ပိုပို၍ စုပ်ယူပြီး သုံးရောင်စပ် အရောင်အဝါတစ်ခုကို တဖြည်းဖြည်းပေါ်ထွက်လာစေ၏။
ထိုသုံးရောင်စပ် အရောင်အဝါသည် အမြုတေချီအပေါ် ထူးခြားသော သက်ရောက်မှုတစ်ခု ရှိသည်ကို ဆူဇီမိုက နားလည်သဘောပေါက်ခဲ့၏။
ယခု အဲဒါက တိုက်ပွဲမှာ ထွက်ပေါ်လာပြီး တကယ့်ကို ထူးခြားဆန်းကြယ်နေ၏။
ဘာပဲပြောပြော တစ်ဖက်မှာ ရှိသော ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံသည် တစ်ခါတုန်းက ကပ်ဘေးကိုးခု သန့်စင်ယန် စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်ခဲ့ပြီး ၎င်းမှာ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ရှိလေသည်။
အဲဒါက သာမန် ဓမ္မရတနာတစ်ခုသာဆိုလျှင် သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးဖြင့် ထိခတ်ခြင်းခံရပြီးနောက် အဲဒါက ပျက်စီးထိခိုက်သွားခြင်း မရှိလျှင်တောင် အဲဒါကို အချိန်တိုအတွင်းမှာ ပြန်လည်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးက ဘယ်လောက်တောင် စွမ်းအားကြီးမားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက စိတ်အားမာန်တက်ကြွသွား၏။ သူက ရှေ့သို့ တက်လှမ်းပြီး သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ကိုင်ဆွဲကာ ဖုန်းယင်ကို ပစ်ရိုက်ချလိုက်၏။
ရွှစ်…
ဖုန်းယင်က ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကို နောက်တစ်ဖန် လှည့်ပတ်ပြီး ဆူဇီမိုနှင့် လူချင်းခွာလိုလေသည်။
သို့သော်လည်း ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံက ကျောက်စိမ်းလက်နက်ဖြင့် ထိခတ်ခံရပြီးနောက် ကြီးမားစွာ သက်ရောက်ခံလိုက်ရသည်မှာ သိသာလေသည်။ ၎င်း၏ အလျင်အဟုန်က နှေးကွေးသွားပြီး ဆူဇီမိုကို ဆက်လက်၍ ခါမချနိုင်တော့ပေ။
အခြေအနေက နောက်တစ်ဖန် ပြောင်းလဲသွား၏။
“ဟမ်”
ဖုန်းယင်က အကြိမ်ရေ အနည်းငယ် ဆက်တိုက်ရှောင်တိမ်းလိုက်သော်လည်း ဆူဇီမို၏ လိုက်လံတိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်သေးပေ။ သူ၏ အမူအရာက အေးစက်လာပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။
“ငါ့ရဲ့ လက်နက်က ဒီလောက်ပဲ လုပ်နိုင်တာလို့ မင်းထင်လို့လား”
“သွား”
ဖုန်းယင်က လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံထဲသို့ အမြုတေချီတစ်ခုကို ပို့လွှတ်လိုက်ပြီး ဆူဇီမိုကို ထိုးညွှန်လိုက်၏။
ရွှစ်..
အနက်ရောင် အလင်းတစ်ခုက ဖျတ်ခနဲ လက်သွားပြီး ဆူဇီမို ရှိရာဘက်သို့ ပြေးဝင်လာခဲ့၏။
လေထဲမှာ ရှိနေစဉ်မှာ အနက်ရောင် အလင်းက ရုတ်တရက် ပြိုကွဲသွားပြီး အနက်ရောင် အလင်း ၆ခုအဖြစ် ပြောင်းလဲကာ လေထုကို ဆုတ်ဖြဲလာခဲ့၏။