နဂါးကိုးကောင် ဝန်းရံခြင်း
Vol. 151 Ch. 2255
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံသည် ၎င်း၏ အထွတ်အထိပ်မှာ အကောင်းတိုင်းရှိနေမည်ဆိုလျှင် အဲ့ဒါသည် ပို၍များပြားသော ပြောင်းလဲမှုများကို ထုတ်ဖော်ပေးနိုင်၏။
တကယ်တော့... လက်ရှိအပြောင်းအလဲများကပင် အခြေအနေကို သက်ရောက်စေဖို့ လုံလောက်နေပြီဖြစ်၏။
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံသည် ၆ခုကွဲထွက်ပြီး လေထဲမှာကခုန်ကာ အလွန်တရာမြန်ဆန်သော အလျင်အဟုန်ဖြင့် မတူညီသောဦးတည်ဘက်များကနေ ဆူဇီမိုထံသို့ ဝင်ရောက်လာ၏။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးက လျှို့ဝှက်ဆန်းကြယ်သော စွမ်းပကားနှင့် နတ်ဘုရားလက်နက်များမှ အမြုတေချီကို ပျက်ပြယ်စေနိုင်သည့် သုံးရောင်ခြယ်အရောင်အဝါကို ပိုင်ဆိုင်ထားသော်လည်း ၎င်းအနေဖြင့် အနက်ရောင်အလင်း ၆ခုစလုံးကို တစ်ချိန်တည်းမှာ ဖယ်ရှားရှင်းလင်းဖို့က မလွယ်ကူပေ။
တစ်ချိန်တည်းမှာပင် ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ဖုန်းယင်၏ နှာရောင်ပေါ်မှာ စုစည်းလာပြီး ချောက်ချားစရာကောင်းသော စွမ်းအင်အတက်အကျတစ်ခုကို ပေါ်ထွက်လာစေ၏။
“အဲ့ဒါတော့... ဆိုးပြီ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲကျုံးက မျက်မှောင်ကြုတ်ပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
“သူက သူ့ရဲ့အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်သုံးတော့မှာပဲ”
တက္ကသိုလ်မှ အခြားသော တပည့်ဂိုဏ်းသားများကလည်း တုန်လှုပ်သွားကြ၏။
ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာမှာ အင်မော်တယ်ထိုက်ဟွာနှင့် အခြားသောကမ္ဘာမြေအင်မော်တယ်များနှင့် ရင်ဆိုင်ရာမှာ အမြုတေစိတ်ဝိညာဥ်လျို့ဝှက်အတတ်သုံးခု ထုတ်ဖော်ခဲ့သည်ကို သူတို့က မြင်တွေ့ခဲ့ရ၏။
အဲ့ဒါက ဆူဇီမို၏ အကန့်အသတ်ဖြစ်နေလေပြီ။
ဒါ့အပြင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားသည် ဖုန်းယင်နှင့်တိုက်ခိုက်ခဲ့ရသောတိုက်ပွဲမှာ အဆက်မပြတ်ကုန်ဆုံးလာခဲ့၏။ ယခုအချိန်တွင် သူ့မှာ အမြုတေစိတ်ဝိညာဥ်စွမ်းအား ၂၀ ရာခိုင်နှုန်းသာလျှင် ကျန်ရစ်တော့၏။
အခြားသော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို သူကသိရှိထားသည်ဆိုလျှင်တောင် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် နောက်ထပ်အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ဖို့ မလုံလောက်နိုင်တော့ပေ။
ဖုန်းယင်က ဆက်လက်၍ ထိန်ချန်မထားတော့ဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
ဇီ...
အေးစက်နေသော အလင်းတစ်ခုက ဖုန်းယင်၏ နှာရောင်ကနေ အလွန်တရာကြောက်စရာကောင်းသောအလျင်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ တကယ်ဆို အဲ့ဒါသည် အနက်ရောက်အလင်း ၆ခုထက်ပင် ပိုမိုမြန်ဆန်ပြီး ဆူဇီမိုရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
အေးစက်အလင်းသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး ဖုန်းယင်၏ ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်ကနေ စုဖွဲ့ထားသောလေဓားတစ်စင်းဖြစ်ပြီး အစိုင်အခဲအဖြစ် ဖွဲ့တည်နေပြီဖြစ်၏။
ဆူဇီမိုက လှုပ်ရှားခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ သူသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်၏ လွှမ်းခြုံမှုကို ရှောင်လွှဲနိုင်မည်လည်း မဟုတ်ပေ။
လေဓားက ဆူဇီမို၏ နှာရောင်ကို ထိုးဖောက်ပြီး သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။
“ပြီးသွားပြီ”
ရှဲ့ချင်းချန်၏ အမူအရာက သနားဂရုဏာသက်မှုနှင့်အတူ မှေးမှိန်သွား၏။
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ကလည်း ကျေနပ်နှစ်ခြိုက်သွားပြီး စိတ်လှုပ်ရှားတက်ကြွလာခဲ့၏။
“ဟားဟားဟားဟား...”
မင်းသားယွမ်ကျောက ဟားတိုက်ရယ်မောလိုက်၏။
“အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုက သူ့ရဲ့ အသိစိတ်ထဲကို ဝင်ရောက်သွားပြီ... ဆူဇီမိုကတော့ ဒီတစ်ခါ သေချာပေါက်သေပြီပဲ”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို နောက်တစ်ဖန်ဖွင့်ပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“ဒီကောင်လေးမှာ ခုခံရေးဓမ္မရတနာတစ်ခုခုရှိမယ်ဆိုရင်တောင် ထိတွေ့ရိုက်ခတ်မှုရဲ့ တုန်ခါလှိုင်းက သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကို ကြီးကြီးမားမားသေချာပေါက် ပျက်စီးထိခိုက်စေလိမ့်မယ်”
“နောက်ပြီး... ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကလည်း ရှိသေးတယ်”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ထိုသည်ကိုတွေ့မြင်သောအခါ နောက်ဆုံးမှာစိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဤတိုက်ပွဲမှာ အလှည့်အပြောင်းတချို့ရှိခဲ့သော်လည်း သူတို့ကနောက်ဆုံးမှာ အနိုင်ရတော့မည်ဖြစ်၏။
ဤကောင်းကင်အင်မော်တယ်ပညာရှင်များက ထက်ရှပြီး အခြေအနေကို မှန်ကန်စွာ ခန့်မှန်းနိုင်ကြ၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားက ကုန်ခန်းလုနီးပါးဖြစ်နေသည်မှာ တကယ်ပင်ဖြစ်ပြီး သူက မည်သည့်အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကိုမှ ဆက်လက်၍ မထုတ်ဖော်နိုင်တော့ပေ။
သို့သော်လည်း သူ့မှာ အမြုတေစိတ်ဝိညာဥ်အပေါ် တိုက်ခိုက်မှုများကိုခုခံရာမှာ အထူးပြုသည့် ဓမ္မရတနာတစ်ခုရှိလေသည်။
ဖုန်းယင်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဖြစ်ပေါ်လာသည့်ခဏမှာပင် ဆူဇီမို၏ အသိစိတ်ထဲမှာ အစိမ်းရောင်ကြာစေ့ ၉၀ က စုစည်းသွားပြီဖြစ်ပြီး ထက်ရှသော အစိမ်းရောင်ကြာပန်း ဓားတစ်လက်ကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း ဆူဇီမိုမှာ သူ၏ ငဲ့ကွက်ထိန်ချန်မှုများရှိလေသည်။
အစိမ်းရောင်ကြာစေ့များသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးနှင့် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကဲ့သို့ ဓမ္မရတနာများနှင့် ကွဲပြားခြားနားလေသည်။ အခြားသူများအနေဖြင့် ကြာစေ့များ၏ မူလဇာစ်မြစ်ကို ခန့်မှန်းမိဖို့ လွယ်ကူပြီး အဲ့ဒါကို ဖန်တီးခြင်းကြာပဒုမ္မာနှင့် ချိတ်ဆက်မိသွားနိုင်၏။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းဓားကို မထုတ်လွှတ်ခဲ့ခြင်းဖြစ်၏။ ထိုအစား သူက အမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှု၏ စစ်တလင်းကို သူ၏ အသိစိတ်ထဲမှာ ဖြစ်ပေါ်စေလိုက်၏။
လေဓားက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာပြီး အစိမ်းရောင်ကြာပန်းဓားနှင့် ထိတွေ့ရိုက်ခတ်မိသွား၏။
အစိမ်းရောင်ကြာပန်းဓားက ပျက်ပြယ်သွားပြီး အစိမ်းရောင်ကြာစေ့ ၉၀ အဖြစ် နောက်တစ်ဖန်ပြောင်းလဲကာ ဖန်တီးခြင်းကြာခုံအတွင်းသို့ ပြန်လည်ရောက်ရှိသွား၏။
လေဓားကလည်း ပျက်ပြယ်သွားလေသည်။ လေဓားသည် အစိမ်းရောင်ကြာပန်းဓားနှင့် ထိတွေ့ရိုက်ခတ်ပြီး စိတ်ဝိညာဥ်အသိစိတ် အတက်အကျတစ်ခုကို ဖြစ်ပေါ်စေကာ ဆူဇီမို၏ အသိစိတ်တစ်ခုလုံးကို တိုက်ခတ်သွားလေသည်။ သို့သော်လည်း အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်က ဖန်တီးခြင်းကြာခုံပေါ်မှာ ထိုင်နေ၏။
ကြာခုံက အလင်းရောင်ခြည်များကို လျှံထွက်လာစေပြီး ဘေးပတ်လည်ကို လွှမ်းခြုံကာ မည်သည့်ပျက်စီးထိခိုက်မှုမှမရှိစေဘဲ စိတ်ဝိညာဥ်အသိစိတ်အတက်အကျများကို ပိတ်ဆို့တားဆီးပေးလိုက်၏။
ဖုန်းယင်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ဆူဇီမိုက တိတ်တဆိတ်ချေဖျက်လိုက်၏။
သူ၏ နှာရောင်ပေါ်တွင် သွေးဒဏ်ချက်တစ်ခုသာလျှင် ဖြစ်ပေါ်လာပြီး သူ၏ အသိစိတ်က အနည်းငယ်သာ ထိခိုက်သွား၏။ သူ၏ တိုက်ခိုက်ရည်ခွန်းအားအပေါ်သက်ရောက်မှုက လျစ်လျူရှုလို့ရနိုင်သလောက်နီးပါးပင်။
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၏ ရယ်မောသံက မပြီးဆုံးသေးခင်မှာပင် အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းမှာ ရုတ်တရက်အပြောင်းအလဲတစ်ခု ထွက်ပေါ်လာ၏။
ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၏ ရိုက်ခတ်ခြင်းခံရပြီးနောက် လုံးဝသက်ရောက်ခြင်းမခံရပေ။ ထိုအစား သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ရုတ်တရက် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို အဖျားကနေကိုင်ကာ လှည့်လိုက်လေသည်။
အဆုံးမဲ့ အမြုတေချီစီးကြောင်းတစ်ခုက သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးထဲသို့ တလိပ်လိပ် တိုးဝင်လာခဲ့၏။
“ဂါး...”
ရုတ်တရက်ဆိုသလို... လှပသိမ်မွေ့သောကျောက်စိမ်းလက်နက်သည် ကျယ်လောင်၍ မနှိုင်းယှဥ်သာအောင် ခံ့ညားထည်ဝါသော နဂါးဟိန်းသံကို ထွက်ပေါ်လာစေပြီး မိုးကောင်းကင်ကိုးလွှာမှာ ပဲ့တင်ထပ်သွားစေ၏။ ကြီးမားသော ယန်ယန်းနန်းတော်ကပင်လျှင် အနည်းငယ်တုန်ခါသွား၏။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ အစွန်းမှာ လက်ကိုင်ရှိသောနေရာတွင် မတူညီသောပုံသဏ္ဌာန်များနှင့် ဦးချိုများပါရှိသည့် လက်သည်းငါးဖက် ရွှေနဂါးကိုးကောင်ကို ခတ်နှိပ်ထား၏။ ထိုအခိုက်အတန့်မှာ အနန္တပုလဲသုံးလုံးမှ အရောင်အဝါက ကျောက်စိမ်းတောင်ဝှေးလက်ကိုင်ထဲသို့ ရူးသွပ်စွာ တလိပ်လိပ်တိုးဝင်လာ၏။
လက်သည်းငါးဖက် ရွှေနဂါးကိုးကောင်က အသက်ဝင်လာခဲ့ပြီး သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကနေ ထွက်ခွာလာခဲ့၏။
သူတို့က နတ်ဘုရားညှို့ငင်ဓာတ်များ၊ ထက်ရှသောခြေသည်းများနှင့် သွားစွယ်များနှင့်အတူ လေထဲသို့ပျံတက်သွားပြီး အဆုံးမဲ့စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြ၏။
လူအုပ်ကြီးက အုန်းအုန်းကျက်ကျက်ဖြစ်သွားကြ၏။
အဲ့ဒါက အလွန်တရာတုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်၏။
အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းပေါ်မှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ကျောက်စိမ်းလက်နက်တစ်ခုကိုကိုင်ဆွဲပြီး သူ၏ ဘေးပတ်လည်မှာ လက်သည်းငါးဖက် ရွှေနဂါးကိုးကောင်က လှည့်ပတ်နေ၏။ နဂါးများ၏ မုတ်ဆိတ်များက တဖျပ်ဖျပ်လွင့်နေပြီး သူတို့၏ မျက်လုံးများက အမျက်ဒေါသဖြင့်ပြူးကျယ်ကာ အဆက်မပြတ် ဟိန်းဟောက်နေကြ၏။
နဂါးကိုးကောင်၏ ဝန်းရံမှုအောက်မှာ အစိမ်းရောင်ဝတ်ကျင့်ကြံသူထံမှ တားဆီး၍မရနိုင်သော အထွတ်အထိပ်ကြီးစိုးမှုအော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ကောင်းကင်ဘုံအမှောင်အလင်းလွန်းပျံကနေဆင့်ခေါ်ထားသော အနက်ရောင်အလင်း ၆ခုသည် ချဥ်းကပ်လာသည့်ခဏမှာပင် လက်သည်းငါးဖက်ရွှေနဂါး ၉ကောင်ထဲမှ ၆ကောင်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
သူတို့က လေထဲမှာအဆက်မပြတ်တိုက်ခိုက်ပြီး ဘယ်ဘက်က ပိုမိုသန်မာသည်ကို တစ်ခဏအတွင်း ပြောဖို့ခက်လေသည်။
သို့သော်လည်း လေထဲမှာ လက်သားငါးဖက်ရွှေနဂါးသုံးကောင်က ကျန်ရှိနေဆဲဖြစ်၏။ ဆူဇီမို၏ ဘေးမှာ သူတို့က ရန်လိုခက်ထန်သော အော်ရာများနှင့်အတူ မလှမ်းမကမ်းမှာရှိသော ဖုန်းယင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။ စေးကပ်နေသော နဂါးတံတွေးရည်များက သူတို့၏ ပါးစပ်ပေါက်များကနေစီးကျနေပြီး သူတို့က နဂါးထွက်သက်များကို မှုတ်ထုတ်ကာ အချိန်မရွေးခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေ၏။
“သူက သေမသွားဘူးလား... ဆူဇီမိုက ဖုန်းယင်ရဲ့ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နဲ့ ထိခတ်ခံရပြီးတာတောင် မသေသေးဘူးလား”
“ဘာတွေဖြစ်ကုန်တာလဲ... အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“အဲ့ဒီ လက်သည်းငါးဖက်ရွှေနဂါးကိုးကောင်က ဘယ်ကရောက်လာတာလဲ... သူတို့တွေက တကယ့်အစစ်အမှန်အတိုင်းပဲ... အဲ့ဒီနတ်နဂါးတွေကို တွေ့တဲ့အချိန်မှာ ငါကဘာလို့ထိန်းချုပ်မရတဲ့ ရင်တလှပ်လှပ်ခံစားချက်ကို ရနေတာလဲ”
လူအုပ်ကြားထဲမှာ ဆူညံပွက်လောရိုက်နေသော အသံများက ဆက်တိုက်ထွက်ပေါ်လာပြီး အာမေဋိတ်သံများ၊ တုန်လှုပ်မှုများနှင့် သံသယသံများက ရောထွေးနေ၏။
တိုက်ပွဲကွင်းပေါ်မှာ နဂါးဟိန်းသံများထွက်ပေါ်လာသည်ကို မည်သူကမှ စဥ်းစားကြည့်၍ မရနိုင်ပေ။
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်၏ အပြုံးများက သူတို့၏ မျက်နှာများပေါ်မှာ အေးခဲတောင့်တင်းသွား၏။
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်း၏ အမူအရာကလည်း တဖြည်းဖြည်း ညိုမည်းလာခဲ့၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများက စိတ်သက်သာစွာ သက်ပြင်းချ၍ အော်ဟစ်အားပေးလိုက်ကြ၏။
“ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့ဓမ္မရတနာလဲ”
ပကတိအင်မော်တယ်ရှဲ့လင်က ဆူဇီမို၏ လက်ထဲရှိကျောက်စိမ်းလက်နက်ကိုကြည့်ပြီး တိတ်တဆိတ်အံ့အားသင့်မှင်တက်သွား၏။
ဤသေးငယ်သော ကျောက်စိမ်းလက်နက်သည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်၏ အသိစိတ်ရှိဓမ္မရတနာကို ခုခံနိုင်လေသည်။ အဲ့ဒါသည် ဤကဲ့သို့ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ရပ်ကိုပင် ဆင်းသက်လာစေပြီး အခြားသူများ၏ လက်နက်များနှင့် ဓမ္မရတနာများကို ဖယ်ရှားရှင်းလင်းပစ်နိုင်၏။
ပကတိအင်မော်တယ်တစ်ယောက်အနေဖြင့် သူ၏ အတွေ့အကြုံနှင့်ပင် သူသည် ထိုကျောက်စိမ်းလက်နက်၏ ဇာစ်မြစ်ကို မမှတ်မိပေ။
ယုတ္တိကျကျ ပြောရလျှင် ဤကဲ့သို့ စွမ်းအားကြီးမားပြီး အသွင်ပြောင်းလဲမှု အမျိုးမျိုးကို ထုတ်ဖော်နိုင်သည့် ဓမ္မရတနာတစ်ခုသည် မထင်မရှားပစ္စည်းတစ်ခု မဖြစ်သင့်ပေ။
သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးမှာ မည်သည့်ထက်ရှမှု သို့မဟုတ် မည်သည့်ကြမ်းကြုတ်ခက်ထန်မှုစွမ်းအားမှ မရှိသော်လည်း ၎င်း၏ အားသာချက်သည် ထူးခြားအံ့မခန်းဖြစ်ခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်မှုဖြစ်၏။
ဆူဇီမိုသည် လက်သည်းငါးဖက်ရွှေနဂါး ၉ကောင်ကို ပထမဆုံးအကြိမ်ထုတ်ဖော်မိခြင်းဖြစ်လေသည်။ အဲ့ဒါက ဤမျှအထိကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုတော့...။