← Chapters

နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေ

Vol. 151 Ch. 2260

နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေ

Vol. 151 Ch. 2260

ယန်ယန်းအင်မော်တယ်နိုင်ငံ.. အင်ပါယာလေဘုရားကျောင်းအတွက် နေရာချပေးထားသော နန်းတော်ဂေဟာတွင်…

၃ရက်ကြာပြီးနောက် ဖုံးယင်၏ အသားအရေက သိသိသာသာ ပြောင်းလဲသွား၏။ သူ၏ မျက်နှာက အနီရောင်သန်းလာပြီး သူ၏ ရင်ဘတ်မှာ ရှိသော အပေါက်ကလည်း သက်သာပျောက်ကင်းသွားပြီဖြစ်၏။ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းလေသည်။

မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သော လူတစ်ယောက်၏ ကိုယ်ကာယနှင့် သွေးချီကို လျှော့တွက်လို့ မရပေ။

သူသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ကြုံတွေ့ခဲ့ရသောကြောင့်သာ ဖုန်းယင်သည် ဆိုးဆိုးဝါးဝါး ဖိနှိမ်ခံခဲ့ရပြီး သူပြန်လည်ဝင်စားလာပြီးကတည်းက အကြီးမားဆုံး အရေးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်၏။

ထိုစဉ်မှာပင် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက အပြင်ဘက်ကနေ လျှောက်လှမ်းလာ၏။ သူက ဖုန်းယင်၏ နီမြန်းနေသော မျက်နှာကို တွေ့မြင်သောအခါ ခေါင်းညိတ်လိုက်၏။

“စီနီယာအစ်ကို ဖုန်းယင်.. မင်း အခု တော်တော်ကောင်းလာတဲ့ပုံပဲ”

ဖုန်းယင်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် သူ၏ ရှုံးနိမ့်မှုကနေ ရုန်းမထွက်နိုင်သေးသည့်အလား သူ့မျက်လုံး၏ အနက်ပိုင်းက ညိုမှိုင်းနေလေသည်။

ပြန်ဝင်စား ပကတိအင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရှေ့မှာ ရှုံးနိမ့်ခဲ့ရ၏။ အဲဒါက သူ့အတွက် လက်ခံ၍ မရနိုင်သော အရှက်ကွဲမှု ဖြစ်လေသည်။

“မပူပါနဲ့ စီနီယာအစ်ကို”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြောလိုက်၏။

“ငါ သိရသလောက်ဆိုရင် ဆူဇီမိုက ဒုက္ခရောက်တော့မှာ.. သူက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်ကို အသက်ရှင်လျက် ပြန်သွားနိုင်မှာတောင် မဟုတ်လောက်တော့ဘူး”

“အို..”

ဖုန်းယင်၏ မျက်လုံးက ဝင်းလက်သွားပြီး မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြောလိုက်၏။

“ဆူဇီမိုက လူတိုင်းရဲ့ ရှေ့မှာ ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တယ်.. ဒုံမင်းမင်မော်တယ်က သူ့ကို အဖော်ပြုပေးဖို့တောင် သူက ပြောခဲ့သေးတယ်.. အဲဒါက သက်သက်သေချင်နေတာနဲ့ အတူတူပဲမလား”

“ဒုံမင်းအင်မော်တယ်က ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အရမ်းကို ကျော်ကြားနေပြီ.. သူ့မှာ မရေမတွက်နိုင်တဲ့ နောက်လိုက်တွေနဲ့ ပိုးပန်းသူတွေ ရှိတယ်.. သူက ကိုယ်တိုင်ပေါ်ထွက်မလာရင်တောင် သူ စိတ်ကျေနပ်ဖို့အတွက် ဆူဇီမိုကို ရှင်းလင်းပစ်ချင်တဲ့သူတွေက ရှိနေပြီ”

ခဏမျှ ရပ်တန့်ပြီးနောက် ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြောလိုက်၏။

“ငါ သိရသလောက်ဆိုရင် ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ မင်းသားတစ်ပါးကလည်း ဒုံမင်းအင်မော်တယ်ကို ပိုးပန်းနေတာ အတော်ကြာခဲ့ပြီ”

“သူက ဘယ်ကျင့်ကြံမှုနယ်ပယ်မှာလဲ”

ဖုန်းယင်က မေးလိုက်၏။

“အဆင့် ၉ ကောင်းကင်အင်မော်တယ်”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြန်ဖြေလိုက်၏။

“အဆင့် ၉ ကောင်းကင်အင်မော်တယ် မင်းသားတစ်ပါးက ဘာများလုပ်နိုင်မှာလဲ”

ဖုန်းယင်က အနည်းငယ် စိတ်ပျက်သွား၏။

“ဒီတစ်ခေါက် ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က စေလွှတ်လိုက်တဲ့ အကြီးအကဲတွေ အားလုံးက အဆင့် ၉ ကောင်းကင်အင်မော်တယ်တွေပဲ.. သူက ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က အကြီးအကဲတွေ အားလုံးကို​ ဖြတ်ကျော်ပြီး ဆူဇီမိုကို တိုက်ရိုက်သတ်ဖြတ်နိုင်မှာလား”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ပြုံးလိုက်၏။

“ဒီမင်းသားက သိပ်ပြီး မရိုးရှင်းဘူး.. သူက ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ စိတ်ဝိညာဉ်တိမ်စိုင်တိုင်းပြည်ကို အုပ်ချုပ်တယ်.. သူ့ရဲ့ လက်အောက်မှာ မြို့တော်ပေါင်း ရာနဲ့ချီ ရှိတယ်… သူက အရမ်းကို စွမ်းအားကြီးမားပြီးတော့ ယန်ယန်းအင်မော်တယ်နိုင်ငံက မင်းသားတွေ အများကြီးကြားမှာလည်း လွှမ်းမိုးနိုင်စွမ်း အတော်လေး ရှိတယ်”

“ဆူဇီမိုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့.. စီနီယာအစ်ကို.. ဒီနေရာက ယန်ယန်းအင်မော်တယ်နိုင်ငံဖြစ်တယ်ဆိုတာကို မမေ့လိုက်နဲ့.. ဒါက သူ့ပိုင်နက်ပဲ”

ထိုစကားကို ကြားသောအခါ ဖုန်းယင်၏ မျက်လုံးများက ဝင်းလက်သွားပြီး သူ၏ နှုတ်ခမ်းများက မျှော်လင့်စောင့်စားမှုဖြင့် ကွေးညွှတ်သွားလေသည်။

. . . .

ဤနေ့မှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ကမ္ဘာမြေအင်မော်တယ် ၁၀၀ က ရင်ပြင်ပေါ်မှာ နောက်တစ်ဖန် စုဝေးလာကြ၏။

၃ရက်ကြာ အနားယူပြီးနောက် ကမ္ဘာမြေအင်မော်တယ် အများစုသည် သူတို့၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်၏။

ရှဲ့လင်က အမြင့်ဆုံးနေရာမှာ မတ်တတ်ရပ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီတစ်ခေါက် လူတိုင်းက ယန်ယန်းနန်းတော်ရဲ့ လျှို့ဝှက်ကုန်းမြေကို သွားရလိမ့်မယ်.. တော်ဝင်မိသားစုက လူတွေတောင်မှ အဲဒီနေရာမှာ ကျင့်ကြံချင်တိုင်း ကျင့်ကြံလို့ မရဘူး”

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မင်းသမီးသက်တံနီကနေတစ်ဆင့် ဆူဇီမိုသည် ဤလျှို့ဝှက်ကုန်းမြေအကြောင်း အတော်အတန် သိရှိထားခဲ့ပြီဖြစ်၏။

ဤလျှို့ဝှက်ကုန်းမြေကို ယန်ယန်းအင်မော်တယ်ဘုရင်ကိုယ်တိုင် ခင်းကျင်းတည်ဆောက်ထားခဲ့၏။ လျှို့ဝှက်ကုန်းမြေ၏ ပင်မအူတိုင်က ယန်ယန်းအင်မော်တယ်ဘုရင်ထက်ပင် အသက်ပိုကြီးသည်ဟု ဆိုသော ရှေးဟောင်းနေကာသစ်ပင်တစ်ပင် ဖြစ်၏။

အထက်ဘုံလောကမှာ နေကာသစ်ပင်လောကဟု ခေါ်သော စွမ်းအားကြီးမားသည့် ကမ္ဘာတစ်ခု ရှိလေသည်။

ထိုလောကမှာ တွေ့မြင်ရလေ့ရှိသော အပင်အများစုက နေကာသစ်ပင်များ ဖြစ်၏။

ထိုလောကကို အုပ်စိုးသော သက်ရှိများက နတ်ဖီးနစ်များ ဖြစ်လေသည်။

ထို့ကြောင့် ဖီးနစ်များသည် နေကာသစ်ပင်များမှာသာ မှီတင်းနေထိုင်သည် ဟူသော ကောလာဟလများက အထက်ဘုံလောကမှာ ရှိလာခဲ့၏။

နေကာသစ်ပင်သည် အပင်များ၏ တော်ဝင်မျိုးနွယ်ဖြစ်၏။ မည်သည့်ငှက် သို့မဟုတ် မည်သည့်သက်ရှိကမှ ထိုနေရာသို့ မဝင်ရောက်ရဲပေ။ ကောင်းကင်ဘုံကမ္ဘာမှာ ယန်ယန်းအင်မော်တယ်နိုင်ငံတွင်သာ ထိုအပင်တစ်ပင်ရှိလေသည်။

လျှို့ဝှက်ကုန်းမြေက နေရာများစွာ မကျယ်ဝန်းပေ။ ရှေးဟောင်း နေကာသစ်ပင်၏ တည်ရှိမှုနှင့်အတူ လျှို့ဝှက်ကုန်းမြေမှာ ရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီက နှစ်ပေါင်းများစွာ စုဆောင်းပြီးနောက် အလွန်တရာ ကြွယ်ဝနေ၏။

ထို့ကြောင့် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ တစ်နှစ်ကျင့်ကြံရခြင်းက နှစ်တစ်ထောင်နှင့် ညီမျှသည်ဟူသော ဒဏ္ဍာရီတစ်ခု ရှိလာခဲ့၏။

တကယ်တော့ ရှဲ့လင် ပြောသည့်အတိုင်းပင်။ ယန်ယန်းအင်မော်တယ်နိုင်ငံမှာ တော်ဝင်မိသားစုပင်လျှင် ထိုနေရာမှာ အလွယ်တကူ မကျင့်ကြံနိုင်ပေ။

နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေကို နှစ်တစ်သောင်းလောက် ကြာအောင် ချိပ်ပိတ်ထားပြီးနောက် ထိုနေရာမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ကျင့်ကြံသူများ ကျင့်ကြံဖို့အတွက် တိကျသော အတိုင်းအတာတစ်ခုအထိ စုဆောင်းမိလာပေလိမ့်မည်။

ကျင့်ကြံသူများအတွက်ကတော့ ထိုနေရာမှာ အချိန်အတိုင်းအတာ တစ်ခုကြာအောင် ကျင့်ကြံပြီးနောက် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ ရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီက တဖြည်းဖြည်း ပါးလွှာလာပြီး အပြင်လောကနှင့် ကွာခြားတော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် ထိုလျှို့ဝှက်ကုန်းမြေအတွင်းမှာ ကျင့်ကြံခြင်းက သက်ရောက်မှုများစွာ ရှိတော့မည် မဟုတ်ပေ။

ထိုအခါ နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေကို နောက်တစ်ဖန် ချိပ်ပိတ်ထားရပေလိမ့်မည်။

ရှဲ့လင်က သူ၏ အသံကို မြှင့်ကာ ပြောလိုက်၏။

“အားလုံးပဲ.. ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က မင်းတို့ရဲ့ အဆင့်ရပ်တည်မှုတွေအလိုက် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ မင်းတို့ ကျင့်ကြံနိုင်တဲ့ အချိန်ကာလကလည်း မတူကြဘူး”

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသူက နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ ရက် ၁၀၀ တိတိ ကျင့်ကြံနိုင်မယ်.. ဒုတိယလူကတော့ အထဲမှာ ၉၉ရက် ကြာအောင် ကျင့်ကြံနိုင်မယ်.. ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နောက်ဆုံးလူကတော့ အထဲမှာ ၁ရက်ပဲ ကျင့်ကြံနိုင်မယ်”

ထိုသို့ဆိုလျှင်တောင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အောက်ဆုံးမှာ ရပ်တည်နေသော ကျင့်ကြံသူက ကျေနပ်သဘောကျနေ၏။

သူက ၁ရက်သာ ကျင့်ကြံနိုင်မည် ဖြစ်သော်လည်း ထို ၁ရက်က သုံးလေးနှစ်စာ ကျင့်ကြံမှုနှင့် တူညီလေသည်။

“အရှင်မင်းသား.. နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ အန္တရာယ်တစ်ခုခု ရှိနိုင်လား”

ထိုစဉ်မှာပင် ကလေးဆန်ဆန် အသံတစ်သံက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။

လူတိုင်းက လှမ်းကြည့်ပြီး အစိမ်းရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည့် ၉နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ သူ၏ မျက်နှာက နီမြန်းနေပြီး သူ၏ ခေါင်းပေါ်မှ ကျစ်ဆီမြီးငယ်များက အနည်းငယ် ယိမ်းနွဲ့နေ၏။ အဲဒါသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ လျှိုဖျင်ဖြစ်၏။

ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ တတိယ…

“ဘာမှ မပူနဲ့.. နင့်ရဲ့ စီနီယာအစ်မက ဒီနေရာမှာ နင့်ကို ကာကွယ်ပေးမယ်”

မင်းသမီး သက်တံနီက သူမ၏ လက်ကို ဝှေ့ယမ်းပြီး ကလေးငယ်တစ်ယောက်ကို ချော့မြှူနေသည့်အလား လျှိုဖျင်၏ ဦးခေါင်းကို ပွတ်သပ်လိုက်၏။

လူတိုင်းက ရယ်မောလိုက်ကြ၏။

ရှဲ့လင်ကလည်း အသံထွက်၍ ရယ်မောပြီး သူ၏ ခေါင်းကို ခါပြလိုက်၏။

“အားလုံးပဲ.. အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်နေစရာ မလိုဘူး.. နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေက ကျင့်ကြံရေး လျှို့ဝှက်ကုန်းမြေတစ်ခုပဲ.. အဲဒီမှာ ဘာအန္တရာယ်မှ မရှိဘူး”

“ဒါပေမဲ့ ရှေးဟောင်း နေကာသစ်ပင် ပိုင်ဆိုင်ထားတဲ့ စွမ်းအားက အရမ်းကို သိပ်သည်းပြင်းထန်တယ်.. ရှေးဟောင်းသစ်ပင်နဲ့ ပိုပြီးတော့ နီးကပ်လေလေ ကောင်းကင်နဲ့မြေကြီး အမြုတေချီက ပိုပြီး ကြွယ်ဝလာလေလေပဲ.. ဒါပေမဲ့ ပိုပြီးတော့ နီးကပ်လေလေ.. အမြုတေချီက ပိုပြီးတော့ ပြင်းထန်ကြမ်းတမ်းပြီး စုပ်ယူသန့်စင်ဖို့ ခက်ခဲလာမယ်ဆိုတာကိုလည်း သိထားရမယ်.. အားလုံးပဲ.. ကိုယ်တတ်နိုင်တာကိုယ် အကောင်းဆုံးလုပ်ကြ”

လူတိုင်းက သဘောတူစွာ ခေါင်းညိတ်ပြလိုက်ကြ၏။

“အားလုံးပဲ.. ဒီတံဆိပ်ပြားကို မင်းတို့ရဲ့ ခါးပေါ်မှာ ချိတ်ဆွဲထားကြ”

ရှဲ့လင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး တံဆိပ်ပြား ၁၀၀ က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများ၏ ရှေ့သို့ တိကျစွာဖြင့် ဆင်းသက်လာခဲ့၏။ တံဆိပ်ပြားတစ်ခုချင်းဆီမှာ နံပါတ်တစ်ခုစီ ရေးထိုးထားပြီး အဲဒါသည် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ ကျင့်ကြံသူ တစ်ဦးချင်းအလိုက် ကျင့်ကြံနိုင်မည့် အချိန်ကို ကိုယ်စားပြုလေသည်။

ရှဲ့လင်က ပြောလိုက်၏။

“အချိန်စေ့တာနဲ့ ဒီတံဆိပ်ပြားက မင်းတို့တွေကို နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေကနေ ပြန်ခေါ်ထုတ်ပေးလာလိမ့်မယ်”

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ အကြီးအကဲကျုံးက ဆူဇီမိုနှင့် အခြားသူများကို ကြည့်ပြီး ပြုံးလိုက်၏။

“သွားကြ.. ငါတို့တွေက ရက် ၁၀၀ ကြာပြီးရင် ပြန်ဆုံကြမယ်.. အဲဒီအချိန်ကျရင် မင်းတို့တွေ အားလုံး အဆင့်ချိုးဖျက်တက်လှမ်းနိုင်နေဖို့ ငါမျှော်လင့်တယ်”

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ဆုလာဘ်များကို လူတိုင်းအား ခွဲဝေပေးထားခဲ့ပြီဖြစ်၏။

မင်းသမီး သက်တံနီနှင့် လျှိုဖျင်ကဲ့သို့ လူများသည် အဆင့် ၉ ကမ္ဘာမြေအင်မော်တယ်၏ အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူတို့က နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ ရက် ၉၀ကျော် ကြာအောင် ကျင့်ကြံနိုင်မည်ဖြစ်၏။ သူတို့သည် နေကာသစ်ပင် ဆေးလုံးကို စားသုံးထားသည်နှင့် သူတို့သည် ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်အင်မော်တယ်များ ဖြစ်လာဖို့ အခွင့်များလေသည်။

အကြီးအကဲဟဲက ပြောလိုက်၏။

“ဆူဇီမို.. မင်း ဘာမှ ဖိအားဝင်နေစရာ မလိုဘူး.. မင်းက အဆင့် ၉ ကမ္ဘာမြေအင်မော်တယ်အဖြစ် ချိုးဖျက်တက်လှမ်းနိုင်တာနဲ့ အဆင်ပြေတယ်”

ဆူဇီမို၏ အခြေအနေက ကွဲပြားခြားနားလေသည်။

မည်သို့ပင်ဆိုစေ သူက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာ ဖြစ်၏။ သူသည် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ ကျင့်ကြံမည်ဆိုလျှင် သူ့အနေဖြင့် ရက် ၁၀၀ အကြာမှာ အဆင့်-၉ သို့ ချိုးဖျက်တက်လှမ်းနိုင်ဖို့က ပြဿနာ မရှိပေ။

သို့သော်လည်း သူ့အနေဖြင့် ထပ်မံ၍ အဆင့်ချိုးဖျက်တက်လှမ်းဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။ မည်သို့ပင်ဆိုစေ အချိန်ကာလက တိုတောင်းလွန်း၏။

လူတိုင်းသည် ရှဲ့လင်၏ ဦးဆောင်မှုဖြင့် ယန်ယန်းနန်းတော်၏ တောင်ဘက်စွန်းအပိုင်းသို့ ရောက်ရှိလာပြီး တောင်တစ်လုံး၏ ခြေရင်းမှာ ရပ်တန့်လိုက်ကြ၏။

တောင်ခြေရင်းမှာ ပိန်းပိတ်အောင် နက်မှောင်နေသော ဧရာမ လိုဏ်ဂူတစ်ခု ရှိနေ၏။

လိုဏ်ဂူ၏ တစ်ဖက်တစ်ချက်စီမှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကောင်းကင်အင်မော်တယ် ပညာရှင်နှစ်ဦးက စောင့်ကြပ်နေကြ၏။

ဤနေရာကို​ ရောက်ရှိလာပြီးနောက် ရှဲ့လင်က သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ သူ၏ လက်ချောင်းကို ညင်သာစွာ တောက်ပြီး စိတ်ဝိညာဉ်အလင်းတချို့ကို မလှမ်းမကမ်းမှာ ရှိသော လိုဏ်ဂူထဲသို့ ပို့လွှတ်လိုက်၏။

ထို့နောက် တစ်ဆက်တည်းမှာပင် လိုဏ်ဂူ၏ အပေါက်ဝမှာ မြေပြင်အကာအရံအလွှာတစ်ခုကဲ့သို့ ခန်းစီးတစ်ခု ပေါ်ထွက်လာ၏။

“အားလုံးပဲ.. အထဲကို ဝင်ကြ”

ရှဲ့လင်က ပြောလိုက်၏။

“မင်းတို့ရဲ့ ကျင့်ကြံမှုက ပြီးဆုံးသွားတဲ့အခါ နန်းတော်အစောင့်တွေက မင်းတို့တွေကို ပြန်ခေါ်ထုတ်ပေးလာလိမ့်မယ်.. ငါတို့ ဒီနေရာမှာ နှုတ်ဆက်ကြတောပေါ့”

ထိုသို့ပြောရင်း ရှဲ့လင်က သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းရင်း ရိပ်ခနဲ ထွက်ခွာသွားပြီး လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။

All Chapters