← Chapters

နေကာသစ်ပင်ဝင်္ကပါ

Vol. 151 Ch. 2262

နေကာသစ်ပင်ဝင်္ကပါ

Vol. 151 Ch. 2262

အချိန်ကြာလာသည်နှင့်အမျှ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ကျင့်ကြံနေသော ကျင့်ကြံသူအရေအတွက်က လျော့ကျလာခဲ့၏။

ရက်တစ်ရာမြောက်နေ့မှာ ဆူဇီမိုတစ်ယောက်တည်းကသာလျှင် နေကာသစ်ပင်၏ လျှို့ဝှက်ကုန်းမြေမှာကျန်ရစ်ခဲ့ပြီး သူက နေကာသစ်ပင် သစ်ရွက်တစ်ရွက်ပေါ်မှာထိုင်နေ၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းသည် လိုဏ်ဂူနှင့် မလှမ်းမကမ်းမှာ တိတ်တဆိတ်စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး ဆူဇီမိုပြန်ထွက်လာသည်နှင့် အတူပြန်ဖို့ ပြင်ဆင်ထားကြ၏။

ထူးဆန်းသောအရာမှာ ဖုန်းယင်က ချက်ချင်းထွက်ခွာမသွားပေ။ ထိုအစားသူက မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး မလှမ်းမကမ်းမှာထိုင်ကာ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေပုံရ၏။

ထိုစဥ်မှာပင် ဘရိုကိတ်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က အဝေးကနေဖြည်းဖြည်းချင်းလျှောက်လှမ်းလာပြီး သိပ်မကြာခင် လိုဏ်ဂူရှေ့သို့ ရောက်ရှိလာခဲ့၏။

“ရှဲ့ထျန်ဟုန်”

မင်းသမီးသက်တံနီက ထိုသူကိုတွေ့မြင်သောအခါ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။

‘သူက စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ကို စောင့်ကြည့်နေရမှာ မဟုတ်ဘူးလား... သူက နန်းတော်ကို ဘာလို့ရုတ်တရက်ပြန်ရောက်လာတာလဲ’

“မင်္ဂလာပါအရှင်မင်းသား ထျန်ဟုန်”

ဝင်ပေါက်ဝမှာရှိသော အစောင့်တပ်သားနှစ်ယောက်က ဘရိုကိတ်ဝတ်ရုံနှင့်လူငယ်ကို ဦးညွှတ်လိုက်ကြ၏။

အမူအရာကင်းမဲ့စွာဖြင့် ရှဲ့ထျန်ဟုန်က အစောင့်တပ်သားနှစ်ယောက်ထံ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“နေကာသစ်ပင်ဝင်္ကပါကို အသက်သွင်းလိုက်”

“နေကာသစ်ပင်ဝင်္ကပါလား…”

အစောင့်တပ်သားနှစ်ယောက်က အနည်းငယ်မှင်တက်သွား၏။

အဲ့ဒါသည် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ အလွန်တရာကြောက်စရာကောင်းသော ဝင်္ကပါတစ်ခုဖြစ်၏။

နေကာသစ်ပင်ကို အခြေခံအုတ်မြစ်အဖြစ်ထားပြီး ဝင်္ကပါသည် နေကာသစ်ပင်ကိုအားဖြည့်ဖို့အတွက် နေမင်းအမြုတေမီး၊ အဆုံးစွန်ယင်အမြုတေမီးနှင့် ကမ္ဘာမြေဗဟိုချက်မီးတို့ကို အသက်သွင်းပေလိမ့်မည်။ တကယ်ဆို.... နတ်ဖီးနစ်များကပင် ပေါ်ထွက်လာပေမည်။

အစကတော့... ဝင်္ကပါ၏ ရည်ရွယ်ချက်သည် ရှေးဟောင်းနေကာသစ်ပင်ကို ပြုစုပျိုးထောင်ဖို့ဖြစ်၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ရှေးဟောင်းနေကာသစ်ပင်သည် နေကာသစ်ပင်လောကမှာသာ ရှင်သန်ပေါက်ရောက်ဖို့ သင့်လျော်လေသည်။ ထိုနေရာမှာရှိသော ပတ်ဝန်းကျင်က သက်ရှိအများစုအတွက် အလွန်တရာကြမ်းတမ်းခက်ထန်ပြီး သူတို့က လုံးဝရှင်သန်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အဲ့ဒါက ​နေကာသစ်ပင်များ ရှင်သန်ကြီးထွားဖို့အတွက် အသင့်လျော်ဆုံးဖြစ်၏။

ရှေးဟောင်းနေကာသစ်ပင်အတွက် ရှင်သန်ဖို့သင့်တော်သည့် လျှို့ဝှက်ကုန်းမြေတစ်ခုကို ဖန်တီးဖို့အတွက်က မလွယ်ကူပေ။ ထို့ကြောင့်ပင်လျှင် ဝင်္ကပါက တည်ရှိနေခြင်းဖြစ်၏။

နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေတစ်ခုလုံးကို နေကာသစ်ပင် လောကငယ်တစ်ခုအဖြစ် ပြောင်းလဲပေးပေလိမ့်မည်။

ထိုအချိန်ကျလျှင် နတ်ဖီးနစ်များမှလွဲ၍ ရှေးဟောင်းနေကာသစ်ပင်၏ ဘေးပတ်လည်မှာရှိသော သက်ရှိများအားလုံးသည် လျှို့ဝှက်ကုန်းမြေ၏ စွမ်းအားဖြင့် ဖယ်ရှားရှင်းလင်းခံရပေလိမ့်မည်။

အစောင့်တပ်သားတစ်ယောက်က အကျပ်တွေ့နေသည့်ပုံပေါ်ပြီး သူကအလိုလိုပြောလိုက်၏။

“အရှင်မင်းသား... အဲ့ဒီမှာလူတစ်ယောက်ကျန်သေးတယ်... အဲ့ဒါက နောက်ထပ်....”

သူ့စကားမဆုံးသေးခင်မှာပင် သူသည် ရှဲ့ထျန်ဟုန်၏ သရော်ပြုံးနှင့် ထိုသူ၏ သူငယ်အိမ်နှစ်ဖက်က ထူးဆန်းသောအနက်ရောင်အလင်းဖြင့် တောက်ပလာသည်ကို သတိထားမိသွား၏။

သူတို့သည် အနက်ရောင်အလင်းကို သတိထားမိသွားစဥ် အစောင့်တပ်သားများ၏ မျက်လုံးများက တဖြည်းဖြည်းနက်မှောင်လာခဲ့၏။

“နေကာသစ်ပင်ဝင်္ကပါကို အခုပဲအသက်သွင်းလိုက်”

ရှဲ့ထျန်ဟုန်၏ ညှို့ငင်ခြင်းအသံက အစောင့်တပ်သားနှစ်ယောက်၏ စိတ်ထဲမှာ နောက်တစ်ဖန်ထွက်ပေါ်လာ၏။

ထိုအသံသည် နက်ရှိုင်းစွာအမြစ်တွယ်ပြီး သူတို့က အဲ့ဒါကို လုံးဝမငြင်းပယ်နိုင်သည့်အလားပင်။

“အစ်ကိုထျန်ဟုန်... ဒီကိုဘာလာလုပ်တာလဲ”

မင်းသမီးသက်တံနီက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး ရှေ့သို့လျှောက်လှမ်းလာကာ မျက်မှောင်ကြုတ်၍မေးလိုက်၏။

ရှဲ့ထျန်ဟုန်က မလှမ်းမကမ်းမှာရှိသော မင်းသမီးသက်တံနီကို လှည့်ကြည့်လိုက်၏။ သူကပြုံး၍ပြောလိုက်၏။

“နင်က ကမ္ဘာမြေအင်မော်တယ်အဆင့်သတ်မှတ်ချက်မှာ ကောင်းကောင်းလုပ်ဆောင်ခဲ့တယ်လို့ ငါကြားလို့ ငါနင့်ကိုတစ်ချက်လာကြည်တာ”

ရှဲ့ထျန်ဟုန်က တစ်နှစ်ပတ်လုံး စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ကို စောင့်ကြပ်နေရပြီး နန်းတော်သို့ ပြန်ရောက်လာလေ့မရှိပေ။ ထိုသို့ဖြင့် မင်းသမီးသက်တံနီသည် သူနှင့် နက်ရှိုင်းသောပတ်သက်ဆက်နွယ်မှုမရှိပေ။

သူတို့နှစ်ယောက်သည် အဖေတူသော်လည်း သူတို့၏ အမေများက မတူဘဲ တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံမှု သိပ်မရှိပေ။ ထို့ကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ခံစားချက်က သိပ်ပြီးနက်ရှိုင်းမှုမရှိကြပေ။

မင်းသမီးသက်တံနီသည် ရှဲ့ထျန်ဟုန်ပြောသည့်စကားကို ယုံကြည်မှုမရှိပေ။

ထိုစဥ်မှာပင် မလှမ်းမကမ်းမှာရှိသော အစောင့်တပ်သားနှစ်ယောက်က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ရူးသွပ်စွာလှည့်ပတ်ပြီး လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားကာ အမြုတေချီများကို လိုဏ်ဂူ၏ ရေပြင်အကာအရံအလွှာထဲသို့ ပို့လွှတ်လိုက်၏။

“အသက်ဝင်စမ်း”

အစောင့်တပ်သားနှစ်ယောက်က တစ်ဆက်တည်းမှာပင် အော်ဟစ်လိုက်ကြ၏။ ပြင်းထန်ကြမ်းတမ်းသော ပေါက်ကွဲသံတစ်သံက လိုဏ်ဂူထဲကနေ ထွက်ပေါ်လာပြီး အတွင်းမှာကြီးမားသောတစ်စုံတစ်ရာဖြစ်ပေါ်လာသည့်အလား တောင်ထွတ်တစ်ခုလုံးက အနည်းငယ်လှုပ်ခါသွား၏။

ရှဲ့ထျန်ဟုန်က သရော်ပြုံးလိုက်၏။

နေကာသစ်ပင်ဝင်္ကပါက အသက်ဝင်လာသောအခါ အဆုံးမဲ့အတောမသတ်နိုင်သောနေမင်းအမြုတေမီး၊ အဆုံးစွန်ယင်အမြုတေမီးနှင့် ကမ္ဘာမြေဗဟိုချက်မီးတို့က လျှို့ဝှက်ကုန်းမြေနှင့်ပေါင်းစည်းလာခဲ့၏။

ကမ္ဘာမြေအင်မော်တယ်များက အဲ့ဒါကို လုံးဝခံနိုင်ရည်ရှိမည် မဟုတ်ပေ။

နတ်ဖီးနစ်များပေါ်ထွက်လာလျှင် အဆင့်-၉ ကောင်းကင်အင်မော်တယ်များပင်လျှင် လျှို့ဝှက်ကုန်းမြေထဲမှာ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

ရှေးဟောင်းနေကာသစ်ပင်၏ ဘေးပတ်လည်မှာရှိသော ပြင်ပသက်ရှိများအားလုံးသည် နတ်ဖီးနစ်များ၏ ကြမ်းကြုတ်ခက်ထန်သောတိုက်ခိုက်မှုများကို ကြိတ်မှိတ်ခံစားရလိမ့်မည်ဖြစ်ပြီး မည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။

နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမိုသည် ကျင့်ကြံခြင်းကို အာရုံစိုက်နေစဥ် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ လျှို့ဝှက်ကုန်းမြေမှာရှိသောလောကက ကြီးမားသောပြောင်းလဲမှုတစ်ရပ်နှင့် ကြုံတွေ့ပြီး နိမိတ်ဖြစ်စဥ်များပေါ်ထွက်လာသည်ကို သူက တွေ့မြင်လိုက်ရ၏။ လျှို့ဝှက်ကုန်းမြေ၏ မြေပြင်က နီရဲနေသော အက်ကွဲကြောင်းများနှင့်အတူ အဆက်မပြတ်အက်ကွဲလာခဲ့၏။

အက်ကွဲကြောင်းများက ကြုံရာကျပန်းဖြစ်သည့်ပုံပေါ်သော်လည်း သူတို့က ချိတ်ဆက်မိသွားသောအခါ သူတို့သည် လျှို့ဝှက်ဆန်းကြယ်သောအော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး ချစ်ချစ်တောက်ပူလောင်သောချော်ရည်များက အတွင်းမှာ အဆက်မပြတ်တလိပ်လိပ်ထိုးတက်လာ၏။

တစ်ချိန်တည်းမှာပင် မီးမိုးတစ်ခုက ကောင်းကင်ထက်ကနေ ကျဆင်းလာခဲ့၏။

နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ မီးတောက်များက ဒေါသတကြီးလောင်ကျွမ်းနေပြီး နေရာအနှံ့ပျံ့နှံ့နေ၏။ ဤနေရာမှာရှိသော အပူချိန်က လျင်မြန်စွာမြင့်တက်လာပြီး သိပ်မကြာခင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အကန့်အသတ်ကို ကျော်လွန်လာခဲ့၏။

ဝှစ်...

ဆူဇီမို၏ ခါးပေါ်မှာရှိသော တံဆိပ်ပြားက လျင်မြန်စွာလောင်ကျွမ်းသွားပြီး သိပ်မကြာခင် ပြာကျသွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရေပြားကလည်း အဲ့ဒါကို ခံနိုင်ရည်မရှိဘဲ လောင်ကျွမ်းကာ အက်ကွဲလာခဲ့၏။ သွေးများက စီးထွက်မလာခင်မှာပင် အဲ့ဒါက အငွေ့ပျံသွား၏။

“အစီအရင်ဝင်္ကပါလား”

ဆူဇီမိုက မြေပြင်ပေါ်ရှိအက်ကွဲကြောင်းများကို တစ်ချက်ဝေ့ကြည့်ပြီး ဖြစ်ပျက်နေသည့်အရာကို ချက်ချင်းပင် ခန့်မှန်းမိလိုက်၏။

တစ်ယောက်ယောက်က သူ့ကိုသတ်ဖြတ်လိုပြီး နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေ၏ အပြင်ဘက်ကနေ ဝင်္ကပါကို အသက်သွင်းလိုက်ခြင်းဖြစ်၏။

“ဂီး... ဂီး...”

ထိုစဥ်မှာပင် ရှင်းလင်းကျယ်လောင်သော ဖီးနစ်အော်သံနှစ်သံက ထွက်ပေါ်လာ၏။

ထို့နောက်တစ်ဆက်တည်းမှာပင် အဆုံးမဲ့ချော်ရည်များက စုစည်းလာပြီး လေထဲမှာ နတ်ဖီးနစ်အထီးနှင့်အမ စုံတွဲတစ်တွဲအဖြစ် အသွင်ပြောင်းလဲသွား၏။ သူတို့က မနှိုင်းယှဥ်သာအောင် ချစ်ချစ်တောက်ပူလောင်သော အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပျံသန်းလာ၏။

နေကာသစ်ပင်ပေါ်မှာနားနေသော နတ်ဖီးနစ်များနှင့်ရင်ဆိုင်ရချိန်တွင် သက်ရှိအားလုံးက နောက်သို့ဆုတ်သွားရပေမည်။

ထိုအတွေးက ဆူဇီမို၏ စိတ်ထဲသို့ ဖျတ်ခနဲဝင်ရောက်လာပြီး နတ်ဖီးနစ်နှစ်ကောင်၏ သတ်ဖြတ်လိုစိတ်ရှိရာကို ဆူဇီမိုက ချက်ချင်းပင်နားလည်သဘောပေါက်သွား၏။

ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့နေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ နတ်ဖီးနစ်များထက်ကျော်လွန်သော ရှေးဟောင်းခေတ်ကနေ ရောက်ရှိလာပုံရသည့် အသက်ဓာတ်အားအော်ရာတစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ နတ်ဖီးနစ်များပင် ဦးညွှတ်သွားရ၏။

အဲ့ဒါသည် တဗူးနဂါးဖီးနစ်၏ အော်ရာဖြစ်၏။

နတ်ဖီးနစ်များရောက်ရှိလာသည့်အချိန်မှာပင် သူတို့က သူတို့၏လှုပ်ရှားမှုကို ရပ်တန့်ပြီး တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား တွေဝေတုံ့ဆိုင်းနေကြ၏။

သူတို့က ဆူဇီမိုကို လှည့်ပတ်ပြီး အပေါ်အောက်လှည့်ပတ်ကခုန်နေကြ၏။

နေကာသစ်ပင်ဝင်္ကပါကနေ ဆင့်ခေါ်ထားသော နတ်ဖီးနစ်များပင်လျှင် သူတို့၏ ဝိညာဥ်အနက်ပိုင်းထဲမှာ အစစ်အမှန်နတ်ဖီးနစ်များ၏ အမှတ်သညာများရှိနေ၏။

သူတို့၏ မှတ်ဉာဏ်များထဲမှာ ဤကဲ့သို့သောအော်ရာတစ်ခုကို ထုတ်ဖော်နိုင်သည့် သက်ရှိသည် သူတို့ထက်သာလွန်ပြီး အထွတ်အထိပ်မှာရပ်တည်နေသော တည်ရှိမှုဖြစ်၏။

နတ်ဖီးနစ်များက အနည်းငယ်သတိထား၍ တွေဝေတုံ့ဆိုင်းနေပြီး အကဲစမ်းလိုသည့်သဘောဖြင့် ဆူဇီမိုကိုလှည့်ပတ်နေ၏။

နတ်ဖီးနစ်များသည် မည်သည့်လှုပ်ရှားမှုကိုမှ ထပ်မံမပြုလုပ်တော့သော်လည်း နေကာသစ်ပင်ဝင်္ကပါက လုံးလုံးလျားလျားအသက်ဝင်လာသည်နှင့် နေမင်းအမြုတေမီး၊ အဆုံးစွန်ယင်အမြုတေမီးနှင့် ကမ္ဘာမြေဗဟိုချက်မီးတို့က လျှို့ဝှက်ကုန်းမြေသို့ အဆက်မပြတ်တိုးဝင်လာပြီး ဘေးပတ်ဝန်းကျင်မှာရှိသော အပူချိန်က အဆက်မပြတ် မြင့်တက်လာပေလိမ့်မည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဲ့ဒါကို ဆက်လက်၍ခံနိုင်ရည်မရှိတော့ပေ။ နတ်ဖီးနစ်များက ထပ်မံ၍ မတိုက်ခိုက်လျှင်တောင် သူက ဤနေရာမှာ သေရတော့မည်ဖြစ်၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် နေမင်းအမြုတေမီး၊ အဆုံးစွန်ယင်အမြုတေမီးနှင့် ကမ္ဘာမြေဗဟိုချက်မီးတို့က ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ စဥ်းစားကြည့်၍ပင်မရနိုင်သော ပမာဏတစ်ခုကို သယ်ဆောင်လာခဲ့၏။

အမြုတေချီများအားလုံးက ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပေါက်ကွဲထွက်တော့မည်ဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းက သန်မာသော်လည်း သူက ဤကဲ့သို့သော သိပ်သည်းပြင်းထန်သည့် စွမ်းအားတစ်ခုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။ ရုတ်တရက် သူက မိုးကောင်းကင်ကိုးလွှာမှာ သူရရှိထားခဲ့သည့် ကြာသပတေးဂြိုဟ်သစ်သားအပိုင်းကိုထုတ်ယူပြီး အဲ့ဒါကို ရူးသွပ်စွာစုပ်ယူလိုက်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအနေဖြင့် ကြယသပတေးဂြိုဟ်သစ်သားပိုင်းကို စုပ်ယူသန့်စင်ဖို့ အနည်းဆုံး ဆယ်စုနှစ်တချို့ အချိန်ယူရပေလိမ့်မည်။

သို့သော်ယခုအခါ ပြင်ပအားများ၏ နှိုးဆွမှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဆက်လက်၍ ​တောင့်ခံလိုသည်ဆိုလျှင် သူသည် လျှို့ဝှက်ကုန်းမြေ၏ မြင့်မားသောအပူချိန်ကို ခုခံရန် သူ့ခန္ဓာကိုယ်၏ စွမ်းအင်သုံးစွဲမှုကို အရှိန်မြှင့်တင်ဖို့အတွက် ကြာသပတေးဂြိုဟ်သစ်သား၏ စွမ်းအားကို ရူးသွပ်စွာစုပ်ယူရပေလိမ့်မည်။

ကြာသပတေးဂြိုဟ်သစ်သားထဲမှာရှိသော အသက်ဓာတ်အားက မြင်နိုင်သော နှုန်းထားဖြင့်လျော့ကျလာနေ၏။ တကယ်ဆို အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ စုပ်ယူခြင်းဖြစ်စဥ်က အနည်းငယ်ပြင်းထန်ကြမ်းတမ်း၍ ကြောက်စရာကောင်းလာခဲ့ပြီဖြစ်၏။

သူသည် ကြာသပတေးဂြိုဟ်သစ်သားကို စုပ်ယူရုံသာမက သူသည် နေကာသစ်ပင်၏ အသက်ဓာတ်အားကိုပင် စုပ်ယူနေလေသည်။

All Chapters