အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 151 Ch. 2264
နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှာ…
ဆူဇီမိုသည် ရှေးဟောင်းနေကာသစ်ပင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေ၏။ သူ့ကို နတ်ဖီးနစ်များက ဝန်းရံထားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက တလိပ်လိပ် ထိုးတက်ကာ သူ၏ အော်ရာက အဆက်မပြတ် မြင့်တက်လာ၏။
အစကတော့ သူသည် ရက် ၁၀၀မှာ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်၏ အလတ်အလယ်အဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့၏။
သို့သော်လည်း စောစောက နေကာသစ်ပင်ဝင်္ကပါ၏ အသက်ဝင်လာမှုကြောင့် အဆုံးမဲ့သော ကောင်းကင်နှင့်မြေကြီး အမြုတေချီများက လျှို့ဝှက်ကုန်းမြေထဲသို့ တလိပ်လိပ် တိုးဝင်လာကာ အဲဒါကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက စုပ်ယူသန့်စင်နေခဲ့၏။
ကြာသာပတေးဂြိုဟ်သစ်သားနှင့် ရှေးဟောင်းနေကာသစ်ပင်၏ သိပ်သည်းပြင်းထန်သော စွမ်းအားနှင့်အတူ ဆူဇီမိုသည် သူတို့၏ အသက်ဓာတ် အဆီအနှစ်များ အားလုံးကို စုပ်ယူခဲ့၏။ အလွန်တရာ တိုတောင်းသော အချိန်တစ်ခုမှာ သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူသည် ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတော့၏။
နေကာသစ်ပင်ဝင်္ကပါ၏ မီးတောက်များဖြင့် အားဖြည့်မှုကြောင့် ဆူဇီမိုသည် ကြာသာပတေးဂြိုဟ်သစ်သားကို ကုန်စင်အောင် စုပ်ယူသန့်စင်နိုင်ခဲ့ပြီဖြစ်၏။ ၎င်း၏ အသက်ဓာတ်အား အဆီအနှစ်က လျော့ကျသွားပြီးနောက် ရှေးဟောင်းနေကာသစ်ပင်ကပင်လျှင် အနည်းငယ် ညှိုးငယ်သွားသည့်ပုံပေါက်နေလေသည်။
တကယ်တော့ ဤရှေးဟောင်းသစ်ပင်က နှစ်ပေါင်းများစွာ တည်တံ့လာခဲ့ပြီး ၎င်းပြုစုပျိုးထောင်ပေးထားသည့် အသက်ဓာတ်အားက တိုင်းတာ၍ မရနိုင်အောင်ပင်။ အဲဒါက ဤကဲ့သို့ အလွယ်တကူ ညှိုးခြောက်သွားလိမ့်မည် မဟုတ်ပေ။
ဆူဇီမို၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံက ဖြည်းဖြည်းချင်း လည်ပတ်ပြီး တစ်ခဏတိုင်းမှာ အသွင်ပြောင်းလဲ၍ တဖျတ်ဖျတ်တလက်လက် အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားက ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မည်သည့် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုမှ ဆက်လက်၍ မစုပ်ယူနိုင်တော့ပေ။
အရာရာတိုင်းက အခွင့်အလမ်းတစ်ခုက လွဲလျှင် အဆင့်သင့်ဖြစ်နေလေပြီ။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲက နေကာသစ်ပင်ဆေးလုံးကို ထုတ်ယူပြီး အဲဒါကို မျိုချလိုက်၏။
နေကာသစ်ပင်ဆေးလုံးကို များစွာသော အင်မော်တယ်ဆေးပင်များနှင့် စိတ်ဝိညာဉ်သစ်သားနှင့်အတူ နေကာသစ်ပင်၏ အရွက်များနှင့် အသီးများကို သုံးကာ သန့်စင်ပြုလုပ်ထားခြင်းဖြစ်၏။ အဲဒါက ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသည့်အခါ ကမ္ဘာမြေအင်မော်တယ်များ ကြုံတွေ့ရသည့် အဟန့်အတားများစွာကို ကြီးမားစွာ လျှော့ချပေးနိုင်၏။
ဆေးလုံးက သူ၏ အစာအိမ်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် အဲဒါက ပေါက်ကွဲသွားပြီး ပူနွေးသော စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ ခြေလက်များနှင့် အရိုးများဆီသို့ စီးဝင်လာခဲ့၏။ သိပ်သည်းများပြားသော စွမ်းအင်ပမာဏတစ်ခုက သူ၏ မျိုးဆက်သွေးများထဲသို့ တိုးဝင်လာပြီး သူ၏ အသိစိတ်ထဲရှိ စိတ်ဝိညာဉ်စံအိမ်ကို ထိခတ်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးနေ၏။
ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အဟန့်အတားက အလွန်တရာ နီးကပ်လာသော်လည်း သူက ထိုနေရာသို့ မရောက်ရှိနိုင်သေးသည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနေ၏။
ကမ္ဘာမြေအမြုတေနယ်ပယ်ကနေ ကောင်းကင်အမြုတေနယ်ပယ်သို့ ခုန်တက်ခြင်းက မည်သို့ပင်ဆိုစေ ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ဖြစ်၏။
ရက် ၁၀၀ မျှနှင့် ဆူဇီမိုသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကနေ ကောင်းကင်အမြုတေနယ်ပယ်၏ အစပ်နားထိ ချိုးဖျက်တက်လှမ်းလာနိုင်ခဲ့၏။ အဲဒါက စဉ်းစားကြည့်၍ မရနိုင်အောင်ဖြစ်ပြီး ခက်ခဲမှုအတိုင်းအတာက နှစ်ထပ်ကိန်းတစ်ခုကဲ့သို့ ဖြစ်လာပေလိမ့်မည်။
သူသည် ထိုအဟန့်အတားကို ဖြတ်ကျော်ဖို့အတွက် အနည်းငယ်သာ လိုအပ်တော့၏။
ထိုစဉ်မှာပင် သူ၏ အသိစိတ်ထဲမှာ ရတနာအချို့ကို သန့်စင်မွမ်းမံနေသည့် ငရဲဖိနှိမ်မီးဖိုက ရုတ်တရက် ညင်သာစွာ တုန်ခါလာခဲ့၏။
နောက်ဆုံးမီးဖိုနံရံကို ပြီးမြောက်စွာ ပြင်ဆင်ပြီးသွားခဲ့လေပြီ။
ရှေးကျသော အော်ရာတစ်ခုက ငရဲဖိနှိမ်မီးဖိုကနေ ဖြာထွက်လာ၏။
ငရဲဖိနှိမ်မီးဖိုပေါ်ရှိ အက်ကွဲကြောင်းများကိုလည်း အကုန်အစင် ပြင်ဆင်ပြီးသွားခဲ့လေပြီ။
ငရဲဖိနှိမ်မီးဖိုသည် အရင်ကနှင့် မတူတော့သည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနေ၏။ သို့သော်လည်း ဘယ်နေရာမှာ အတိအကျ ကွာခြားသွားသည်ကို သူက ထောက်မပြနိုင်ပေ။
ရုတ်တရက်ဆိုသလို..
စတုတ္ထမြောက် မီးဖိုနံရံပေါ်ရှိ ကျားဖြူအထွတ်အမြတ်ဝိညာဉ်က ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တို့ထက် မနိမ့်ကျသည့် အေးစက်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။
မျိုးဆက်မှတ်ဉာဏ်တစ်ခုက ဆူဇီမို၏ စိတ်ထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။
တစ်ချိန်တည်းမှာပင် ရွှေရောင် သက္ကတစာလုံးများက စတုတ္ထမြောက် မီးဖိုနံရံပေါ်မှာ ပေါ်ထွက်လာပြီး အခြားသော မီးဖိုနံရံ ၃ခုပေါ်မှ သက္ကတ စကားလုံးများနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်သွား၏။
ငရဲဖိနှိမ်မီးဖိုကို ပြန်လည်ပြင်ဆင်နိုင်ခြင်းသည် ပြီးပြည့်စုံသော ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန် ပေါ်ထွက်လာပြီဟု အဓိပ္ပာယ်ရလေသည်။
ငရဲဖိနှိမ်မီးဖို၏ နံရံလေးဘက်ပေါ်ရှိ ရွှေရောင် သက္ကတစာလုံးများက ကွာကျသွားပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်လာပုံရလေသည်။
ဆူဇီမို၏ အသိစိတ်က ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ် ဘုရားကျောင်းတစ်ခုကဲ့သို့ တောက်ပလာခဲ့၏။ သက္ကတ စကားသံများက အဆက်မပြတ် ထွက်ပေါ်လာပြီး ခပ်ဖျော့ဖျော့ ဗုဒ္ဓပုံရိပ်ယောင်များနှင့် နဂါးနှင့် ဆင်တို့၏ အော်ဟစ်သံများက ထွက်ပေါ်လာ၏။
ဗုဒ္ဓကျောင်းတော်များ၏ အဆုံးမဲ့ စွမ်းပကားက သူ၏ အသိစိတ်ထဲမှာ တလိပ်လိပ် ထိုးတက်လာ၏။
ဆူဇီမိုသည် စတုတ္ထမြောက် မီးဖိုနံရံပေါ်ရှိ သုတ္တန်ကို အချိန်တိုအတွင်းမှာ နားလည်ဆင်ခြင်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် မည်သို့ပင်ဆိုစေ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်၏။ အဲဒါကို အပြည့်အဝ ပြန်လည်ပြင်ဆင်ပြီးနောက် ရွှေရောင်အလင်းတစ်ခုက သက္ကတစာလုံးများကနေ ဖြန့်ကြက်ထွက်ပေါ်ကာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး ဖန်တီးခြင်းကြာခုံနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဖန်တီးခြင်းကြာခုံပေါ်မှာ ထိုင်ပြီး သူ၏ ဘေးပတ်လည်မှာ ဗုဒ္ဓအလင်းရောင်အလွှာတစ်ခုက လွှမ်းခြုံထား၏။ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို ကိုင်ပြီး သူက ခံ့ညားထည်ဝါသော အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို ငုံ့ထား၏။
ဝုန်း…
ဆူဇီမို၏ ခန္ဓာကိုယ်အတွင်းမှာ အချုပ်အနှောင်တစ်ခုက ပြတ်တောက်သွားသည့်အလားပင်။
သူ၏ ဘဝသက်တမ်းက နှစ်သုံးသိန်းသို့ တိုးမြင့်သွားသည်ကို သူက ရှင်းလင်းစွာ အာရုံခံမိလိုက်၏။
သူက အဆင့်ချိုးဖျက်တက်လှမ်းသွားခဲ့လေပြီ။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။ ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ အဆုံးမဲ့ စီးကြောင်းတစ်ခုက နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေကနေ သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်များဆီသို့ တလိပ်လိပ် ထိုးတက်လာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာ၏။
တဗူးဂမ္ဘီရကျင့်စဉ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စွမ်းပကားနှင့်အတူ ဆူဇီမိုသည် နောက်ဆုံးမှာ ထိုအဟန့်အတားကို ချိုးဖျက်ပြီး ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်ကာ အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် ဂါထာမန္တန်များ၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး ၎င်းကို ဖန်တီးခြင်းကြာခုံက အားဖြည့်ပေးနေ၏။ ၎င်း၏ ကျင့်ကြံမှုနယ်ပယ်ကလည်း နောက်တစ်ဖန် ချိုးဖျက်တက်လှမ်းသွားပြီး ၎င်းသည် အဆင့်-၃ ကောင်းကင်အမြုတေနယ်ပယ်သို့ ရောက်ရှိလာခဲ့၏။
ဆူဇီမို၏ အသွင်ပြောင်းလဲမှုက ပြီးဆုံးမသွားသေးပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြာသပတေးဂြိုဟ်သစ်သားနှင့် ရှေးဟောင်းနေကာသစ်ပင်၏ ကြီးမားသည့် စွမ်းအင်ပမာဏတစ်ခုကို စုပ်ယူထားခဲ့၏။ ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်နယ်ပယ်၏ ချိုးဖျက်တက်လှမ်းမှုနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကြီးမားသည့် ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်နေ၏။
သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံပေါ်ရှိ ပွင့်ချပ်များ အားလုံးက ကြွေကျသွားပြီးနောက် ပြန်လည်ကြီးထွားလာကာ မြစိမ်းရောင်အဖြစ် ပြောင်းလဲနေ၏။
၁၀ခုမြောက် ပွင့်ချပ်အလွှာအပြီး၌ ၁၁ခုမြောက် ပွင့်ချပ်အလွှာက ကြီးထွားလာပြီး တိတ်တဆိတ် ဖူးပွင့်ကာ အဆုံးမဲ့ အသက်ဓာတ်အားတစ်ခုကို ဖြာထုတ်ပေးနေသည့် ပန်းဖူးတစ်ဖူးက ထွက်ပေါ်လာ၏။ ကြာခုံက အသက်ဓာတ်အားဖြင့် ပြည့်နှက်လာခဲ့လေပြီ။
ကြာခုံပေါ်မှာ ကြာစေ့ပေါက် ၉၉ပေါက် ရှိလာခဲ့ပြီဖြစ်၏။
ဖန်တီးခြင်းကြာခုံကလည်း အသွင်ပြောင်းလဲလာခဲ့၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည်လည်း အဆင့်ချိုးဖျက်တက်လှမ်းပြီး ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်နေ၏။
အဆင့်-၁၁ ဖန်တီးခြင်း ကြာပဒုမ္မာ..
ဆူဇီမို၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ အရေပြား တစ်လက်မချင်းစီက ကျောက်စိမ်းရောင်တောက်တောက်ဖြင့် လင်းလက်လာခဲ့၏။ သူက ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုကို ဖြာထုတ်ပေးပြီး သူ၏ အသက်ဓာတ်အားက သိပ်သည်းကျစ်လျစ်လာခဲ့၏။
သူထိုင်နေသော ရှေးဟောင်းနေကာသစ်ပင်ကပင်လျှင် အကြောက်တရား အငွေ့အသက်တစ်ခုကို ထုတ်ဖော်ပြီး ဆူဇီမိုကို အနှောင့်အယှက်ပေးမိမည်စိုးသည့်အလား လှုပ်ရှားယိမ်းယိုင်ရဲခြင်း မရှိတော့ပေ။
ဤအခွင့်အလမ်းသည် ဆူဇီမိုအတွက် အရမ်းကို အရေးပါလေသည်။
ဤနှစ်တစ်သောင်း တွေ့ဆုံပွဲနှင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကြောင့်သာ မဟုတ်လျှင် သူသည် ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့ အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရပေမည်။
သို့သော် ယခုအချိန်မှာ ရက် ၁၀၀မျှနှင့် သူသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကနေ လက်ရှိ အဆင့်-၁ ကောင်းကင်အမြုတေနယ်ပယ်အထိ ခုန်တက်လာနိုင်ခဲ့ပြီဖြစ်၏။
ဤကဲ့သို့သော တိုးတက်မှု အလျင်အဟုန်ကို ယွင်ထင်ပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
တကယ်တော့ ဤကဲ့သို့သော အခွင့်အလမ်းတစ်ခုကို တုပလုပ်ယူဖို့က ခက်ခဲပြီး အဲဒါကို အကြောင်းအခွင့်များစွာ တိုက်ဆိုင်မှသာ ရရှိနိုင်လေသည်။
ဤကဲ့သို့သော သက်ရောက်မှုတစ်ခုကို အစိတ်အပိုင်းတစ်ခု လွဲချော်သွားလျှင်ပင် အောင်မြင်ရရှိနိုင်မည် မဟုတ်ပေ။
ကြာသာပတေးဂြိုဟ်သစ်သားကို သန့်စင်ပြီး ရှေးဟောင်းနေကာသစ်ပင်၏ အသက်ဓာတ်အားကို လုယူနိုင်ရန် ဆူဇီမိုကို အတင်းအကျပ် ဖိအားပေးခဲ့သည့် နေကာသစ်ပင် လျှို့ဝှက်ကုန်းမြေမှ ဤအစီအရင် ဝင်္ကပါ၏ ရုတ်တရက် အသက်ဝင်မှုကြောင့် မဟုတ်လျှင် သူသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သို့ ပြန်သွားပြီး အဆင့်မတက်မချင်း နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေရပေလိမ့်မည်။
ကောင်းကင်အမြုတေနယ်ပယ်သို့ ဆူဇီမို၏ ချိုးဖျက်တက်လှမ်းမှုသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကိုသာ မြှင့်တင်ပေးလိုက်ခြင်း မဟုတ်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကလည်း နယ်ပယ်တစ်ခု မြင့်တက်လာခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာခဲ့၏။
အဲဒါသည် ခေါင်းအစ ခြေအဆုံး ပကတိအသွင်ပြောင်းလဲမှုတစ်ရပ်ဖြစ်၏။
ယခုအချိန်မှာ ဆူဇီမိုသည် လူပုံသဏ္ဌာန် အဆင့်-၁၁ ဖန်တီးခြင်း ကြာပဒုမ္မာတစ်ခု ဖြစ်လာခဲ့၏။
ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်ထဲမှာ တစ်စုံတစ်ရာ ဖြတ်သွားလေသည်။
ပုံမှန်အခြေအနေအောက်မှာ ဖန်တီးခြင်း ကြာပဒုမ္မာသည် အဆင့်-၉ သို့ ကြီးထွားလာပြီးနောက် အဆင့်တစ်ဆင့် တိုးမြင့်တက်လှမ်းတိုင်း ကြီးမားသော အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်ကာ ရတနာတစ်ခုက မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။
ပထမ ရတနာနှစ်ခုသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး ဖြစ်၏။
ထိုရတနာနှစ်ခုလုံးက ဆူဇီမိုအတွက် အလွန်တရာ စွမ်းအားကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဤအသွင်ပြောင်းလဲမှု အပြီး၌ မည်သို့သော အပြောင်းအလဲများကို ရရှိလာမလဲ သူ မသိပေ။
ထိုစဉ်မှာပင် ဖန်တီးခြင်းကြာခုံပေါ်ရှိ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်၏ လက်ထဲမှာ တစ်စုံတစ်ရာ ပေါ်ထွက်လာသည်ကို ဆူဇီမိုက ရုတ်တရက် သတိထားမိလိုက်၏။
အဲဒါသည် ကျောက်စိမ်းရောင် လက်ကိုင်တစ်ခု ပါရှိသော မြင်းမြီးကျာပွတ်တစ်ခု ဖြစ်၏။ ၎င်းမှာ သန့်ရှင်းသပ်ရပ်သော နှင်းဖြူရောင် ချည်မျှင်များ ရှိနေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဘယ်ဘက်လက်မှာ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးနှင့် ညာဘက်လက်မှာ မြင်းမြီးကျာပွတ်ကို ကိုင်ဆွဲထား၏။ တဖျပ်ဖျပ် တလက်လက် အရောင်အဝါတစ်ခုက သူ့ကို လွှမ်းခြုံလာပြီး သူက နတ်ဘုရားတစ်ပါးကဲ့သို့ ထူးခြားဆန်းကြယ်နေ၏။